← Chapters

ကျန်းဝူ၏ စိတ်ဝင်စားစရာအချက်များ ( ၂ )

Vol. 26 Ch. 389

ကျန်းဝူ၏ စိတ်ဝင်စားစရာအချက်များ ( ၂ )

Vol. 26 Ch. 389

ထိုမြွေကြီးသည် မယှဉ်သာအောင် ကြီးမားပြီး ကြောက်စရာကောင်းသည်။

မြွေခေါင်းသည် ဧရာမကျောက်တိုင်ကြီးပေါ်တွင်ရှိပြီး ထိုမြွေကြီးကို ကြည့်ရသည်မှာ တစ်ဖက်တည်းမှနေ၍ တောင်တန်းတစ်ခု သွယ်တန်းသွားသည့်အလား ထင်မှတ်ရသည်။

ကြောက်မက်ဖွယ်မြွေခေါင်းကြီး၌ အသားများမရှိဘဲ မည်းနက်တောက်ပြောင်သောအရိုးများသာ ကျန်တော့သည်။ ထိုမြွေကြီးက မသေဆုံးခင် မလိုလားသောအမူအရာများဖြင့် ပြည့်နှက်နေဟန်တူသည်။ ပါးစပ်ကြီးကို ဖြဲကာ စူးရှချွန်ထက်သောအစွယ်များကို ထုတ်ဖော်ထားသည်။

ထိုအစွယ်ပေါ်တွင် ခြောက်ကပ်ကပ်ရွှေရောင်သွေးစီးကြောင်းတစ်ခု ရှိသည်။

ထိုရွှေရောင်သွေးစီးကြောင်းမှ ကောင်းကင်ဘုံကိုးထပ်ကို လှုပ်ခါပစ်နိုင်ဟန်တူသော အရှိန်အဝါတစ်မျိုး ထွက်ပေါ်နေသည်။

ထိုအရှိန်အဝါသည် ကြီးစိုးခြယ်လှယ်နေဟန်ရှိပါသော်ငြား မြင့်မြတ်သည်။ မြင်ရသူတိုင်း၏စိတ်ကို ထိန်းချုပ်မရအောင် တုန်ရီသွားစေနိုင်သည်။

အရာအားလုံးက ပန်းချီထဲကနှင့် တစ်ထပ်တည်းပင်။ ကွာခြားသွားသည်မှာ ပန်းချီကို ကြည့်ရသည့်ခံစားချက်နှင့် ကိုယ်တွေ့ကြုံရသည့်ခံစားချက်ပင် ဖြစ်သည်။

ထိုသံကြီး၏ ကြောက်ခမန်းလိလိအရှိန်အဝါနှင့် သေပြီးသွားသည့်တိုင်အောင် မြွေကြီးထံမှ ထွက်ပေါ်နေသော ဖိအားတို့က ရွှီချင်းနှင့် တခြားနှစ်ယောက်၏အမူအရာများကို ပြောင်းလဲသွားစေသည်။

ခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မြွေခေါင်းကြီးထဲရှိ ခြောက်ကပ်ကပ် ရွှေရောင်သွေးစက်စီးကြောင်း စွန်းထင်းနေသည့် အစွယ်ကို စူးစိုက်ကြည့်လိုက်သည်။

“ ငါ အတော်မိုက်မဲတာပဲ။ မဟာမိတ်ထဲမှာ ဒီလိုရတနာရှိနေတာကိုတောင် အပြင်က ရတနာတွေအကြောင်း စဉ်းစားနေတယ်။ အဲဒါ ရှေးဘုရင်ရွှမ်ယုံရဲ့သွေးများ ဖြစ်နေမလား ”

ရွှီချင်းက အစွယ်ကို မကြည့်ပေ။ ဘေးပတ်ဝန်းကျင်ကို သူ လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် သိပ်သည်းထူထပ်သော ဝိညာဉ်စွမ်းအားများကို အာရုံခံမိလိုက်သည်။

ထိုဝိညာဉ်စွမ်းအားများသည် ထူထပ်သိပ်သည်းလွန်း၍ ဝိညာဉ်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားဟန်တူပြီး မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို အလိုလို လည်ပတ်သွားစေသည်။

“ ဒါ ဓမ္မတံခါးဖွင့်တဲ့သူတွေအတွက် ကံကြမ္မာနယ်မြေပဲ ”

ရွှီချင်း စိတ်လှုပ်ရှားသွားပါသော်လည်း အလျဉ်စလို မလုပ်ပေ။ ထိုအစား လေထဲကို ကြည့်လိုက်ပြီး ဆက်ကြည့်လိုက်သည်။

သူက တခြားကျင့်ကြံသူများကို အဓိက ကြည့်လိုက်ခြင်း ဖြစ်သည်။ ဤနေရာတွင် သူတို့သာ ရှိနေသည် မဟုတ်ပေ။ ချီရွှဲ့ထုံဂိုဏ်းသားများဖြစ်စေ၊ တခြားဂိုဏ်းသားများဖြစ်စေ ဝင်ကြေးပေး၍ ဤနေရာသို့ ရောက်လာနိုင်သည်။

အထူးသဖြင့် ရွှမ်ယုံဂိုဏ်းပင်။ ရွှမ်ယုံဂိုဏ်းသားများက အပြင်လူများကဲ့သို့ တူညီသောဝင်ကြေးကို ပေးရမည် မဟုတ်ပေ။ ဝင်ကြေးပေးရန် တခြားနည်းလမ်းများ သေချာပေါက် ရှိပေမည်။ ရွှီချင်းက ဘေးပတ်လည်ရှိ လူဒါဇင်ခန့်ကို ကြည့်ကာ ရွှမ်ယုံဂိုဏ်းသားများက အများဆုံးဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထိုဂိုဏ်းသားများအားလုံး တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေကြသည်။ ယင်းအပြင် ဂိုဏ်းသားအများစုက အရိုးမြွေကြီးမှ ဖြစ်လာသော အပြင်ဘက်ဆုံး စက်ဝန်းရှိ တောင်များပေါ်တွင် ရှိနေကြသည်။ အတွင်းပိုင်း၌ ရှိနေသော ဂိုဏ်းသားများ အလွန့်အလွန် နည်းပါးသည်။

ယင်းကြောင့် နတ်မိမယ်ကျစ်ရွှမ်ပေးခဲ့သည့် ဂိုဏ်းတံဆိပ်ပြားကို ရွှီချင်း တွေးမိသွားသည်။

အတွင်းပိုင်းနှင့် နီးကပ်လေလေ ဝိညာဉ်စွမ်းအားများ သိပ်သည်းထူထပ်လေလေပင်။

သို့သော်လည်း ရွှီချင်းက အကောင်းအဆိုးကို ချင့်ချိန်ကြည့်လိုက်သည်။ သူ အတွင်းပိုင်းသို့ သွားသည့်တိုင်အောင် သုံးရက်တည်းဖြင့် ဓမ္မတံခါးဆယ်ချပ်ကို ဖွင့်ရန် လုံလောက်မည် မဟုတ်ပေ။ ဓမ္မတံခါးဆယ်ခုကို ဖွင့်ချင်ပါက အနိမ့်ဆုံး တစ်လခန့် နေရမည် ဖြစ်သည်။

ယင်းအပြင် နောက်ထပ်ဓမ္မတံခါးအနည်းငယ်ကို ဖွင့်ရန် ဝိညာဉ်စွမ်းအားများ ပို၍ လိုအပ်လာသည်ဖြစ်ရာ တစ်လဖြင့် လုံလောက်ချင်မှ လုံလောက်ပေမည်။

“ အဲဒီလောက်ဝိညာဉ်ကျောက်တုံးတွေအများကြီး ငါ့မှာ မရှိဘူး ”

ရွှီချင်းသည် ဝူကျန်းဝူကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်၌ ခေါင်းဆောင်သည်လည်း သက်ပြင်းရှည်ကြီးချ၍ ဝူကျန်းဝူကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက်၏ ရည်မှန်းချက် အောင်မြင်နိုင်ရန်မှာ ထိုမြွေမိစ္ဆာကြီးအား ဝူကျန်းဝူ၏ နှိုးဆွနိုင်စွမ်းအပေါ် မူတည်ပေသည်။

ထိုအချိန်၌ ဝူကျန်းဝူမှာ တုန်ရီနေသည်။

လေပွေကြီးထဲမှ အပြင်ဘက်ထွက်လာသည့်အချိန်အထိ သူ စိတ်လှုပ်ခြင်းကြောင့် တုန်ရီနေခဲ့သည်။ သူ၏မျက်လုံးများထဲတွင် တစ်ခါမှမကြုံဖူးသောအလင်းများ ပေါ်လာပြီး ဧရာမကောင်းကင်သံကျောက်တိုင်ကြီးကို စူးစိုက်ကြည့်လိုက်သည်။

ကျောက်တိုင်ကြီးပေါ်တွင် ကဗျာတစ်ပုဒ်ကို ရွေးထွင်းထားသည်။

ယင်းမှာ ပန်းချီထဲကနှင့် အနည်းငယ် ကွဲပြားနေသည်ကို ရွှီချင်း သတိထားမိပါသော်လည်း သူ ဂရုမစိုက်ပေ။ သူ လိုချင်သည်မှာ ဝူကျန်းဝူ၏ မျက်လုံးများထဲရှိ ဆာလောင်စိတ်ပင် ဖြစ်သည်။

ခေါင်းဆောင်နှင့် ရွှီချင်းတို့အနေဖြင့် သူ့ကို လော်ဆောနေရန် မလိုပေ။ သူသည် တုန်တုန်ရီရီဖြင့် လေထဲသို့ တဖြည်းဖြည်း ပျံတက်သွားပြီး အဝေးရှိ ကဗျာကို ကြည့်ကာ ရွတ်လိုက်သည်။

“ ကောင်းကင်သံက မိစ္ဆာမြွေကို ချုပ်နှောင်တယ်၊ ပညာရပ်အားလုံးဖြင့် စကြဝဋ္ဌာကြီးကို ပြုပြင်မယ် ”

ရွှီချင်းနှင့် ခေါင်းဆောင်တို့က ပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်သည်။ သို့သော် သူတို့ပတ်ဝန်းကျင် ပြောင်းလဲသွားခြင်းမရှိပေ။ အရာအားလုံး ပုံမှန်အတိုင်းသာ ဖြစ်သည်။

“ သက်ရောက်မှုမရှိတာလား ”

ရွှီချင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ယခင်က သူနှင့်ခေါင်းဆောင်တို့ ခပ်ပေါ့ပေါ့ တွေးခဲ့သည်ဟု သူ ခံစားလိုက်ရသည်။ ဝူကျန်းဝူက မြွေဝိညာဉ်၏ အာရုံစိုက်ခံရအောင် မည်သို့ လုပ်နိုင်ပါမည်နည်း။ ထိုမြွေဝိညာဉ်က နှစ်ပေါင်းမရေမတွက်နိုင်အောင် အိပ်စက်နေခဲ့သည့်တိုင်အောင် အလွယ်တကူ ရန်စနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ခေါင်းဆောင်မှာ လက်မလျော့ချင်ပေ။ လေထဲရှိ ရှေးဘုရင်ရွှမ်ယုံ၏ ကဗျာအား တုန်တုန်ရီရီဖြင့် ရွတ်ဆိုနေသော ဝူကျန်းဝူကို သူ စူးစိုက်ကြည့်လိုက်သည်။

“ ကျန်းကျန်းလေး၊ မင်းစိတ်ထဲ မြင်ယောင်ကြည့်လိုက်၊ ရှေးဘုရင်ရွှမ်ယုံက ဧကရာဇ်ဝတ်ရုံကြီးကို ဝတ်ပြီး သရဖူကို ဆောင်းထားတယ်။ သူ့ခေါင်းပေါ်က ကွန်ခြာကိုးခုက အလင်းတွေဖြာထွက်နေတယ်။ သူက အဆုံးမဲ့ပင်လယ်ကြီးထဲကနေ လျှောက်လာတယ်။ ခြေတစ်လှမ်းနဲ့ ပင်လယ်ပြင်ပေါ် သူ ရောက်သွားတယ်။ ခြေနှစ်လှမ်းမြောက်မှာ ပင်လယ်ရေက လူပုံသဏ္ဍာန်ဖြစ်လာပြီး သူ့ကို ဒူးထောက်အရိုအသေပေးတယ် ”

ခေါင်းဆောင်၏စကားဆုံးသည်နှင့် ဝူကျန်းဝူမှာ တဆတ်ဆတ်တုန်ရီလာတော့သည်။

“ တတိယမြောက်ခြေလှမ်းမှာ ဝမ်ကူးဒေသကြီးကို သူ ရောက်လာတယ်။ အဲဒီအချိန်တုန်းက ဒီနေရာကို ယင်ဟွမ်ပြည်နယ်လို့ မခေါ်ဘူး။ မြွေမိစ္ဆာတစ်ကောင်က ဒီနေရာကို အုပ်ချုပ်နေတာ။ မရေမတွက်နိုင်တဲ့လူသားတိုင်းပြည်တွေက မြွေကြီးရဲ့အစာ ဖြစ်လာတယ် ”

“ ရှေးဘုရင် အကြီးအကျယ်ဒေါသထွက်သွားတယ်။ ပိုဆိုးသွားတာက အဲဒီပင်လယ်မြွေလေးက သူ့ခြေထောက်ကို ကိုက်လိုက်တာပဲ ”

ခေါင်းဆောင်က ထိုသို့ ပြောလိုက်သောအခါ ဝူကျန်းဝူ၏ အသက်ရှူသံများ မြန်ဆန်လာသည်။ ထိုဖြစ်ရပ်က သူ့စိတ်ထဲ ပေါ်လာပြိ ဖြစ်သည်။

“ ရှေးဘုရင်ရွှမ်ယုံက အထင်သေးတဲ့အကြည့်နဲ့ ငုံ့ကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်တယ်။ အဲဒီအခါ ဓာတ်ကြီးငါးပါးက ကောင်းကင်သံချောင်းတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး မြွေမိစ္ဆာကြီးကို ချုပ်နှောင်တယ်။ သူ ထွက်မသွားခင် သူက ကဗျာတစ်ပုဒ် ချန်ထားခဲ့တယ် ”

“ ဝူကျန်းဝူ၊ အဲဒီဖြစ်ရပ်ကို မင်း မြင်လား ”

ဝူကျန်းဝူ၏ အသက်ရှူသံများ တစ်ခါမှ မကြုံဖူးလောက်အောင် မြန်ဆန်လာပြီး သူ၏ခန္ဓာကိုယ် ပို၍ တုန်ရီလာတော့သည်။ သူ့စိတ်ထဲတွင် ပင်လယ်ပြင်မှ လျှောက်လာသော ရှေးဘုရင်၏ပုံပန်းသွင်ပြင်က တဖြည်းဖြည်း သူနှင့် တူလာသည်။

ထိုအချိန်၌ သူ့ကိုယ်ထဲရှိ အရှိန်အဝါက သူ သတိမထားမိဘဲ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဝူကျန်းဝူသည် ရှေးဘုရင်ရွှမ်ယုံအား တုပရသည်ကို သဘောအကျဆုံးဖြစ်သည်။ ရှေးဘုရင်ရွှမ်ယုံပုံစံကို သူ နှစ်ပေါင်းများစွာ တုပလာခဲ့ပြီး ကျွမ်းကျင်ပိုင်နိုင်နေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်၌ ခေါင်းဆောင်၏ ဖော်ပြချက်နှင့်အတူ သူ အလိုလို တုပလိုက်သည်။ သူ၏အမူအရာက လေးနက်တည်ကြည်လာပြီး သူ့မျက်လုံးများထဲ အထင်သေးဟန်များ ထင်ဟပ်လာသည်။ သူသည် လေထဲတွင်ရပ်ပြီး မြေပြင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏အင်္ကျီလက်ကို ခါယမ်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဒီအရှင်ကို ကိုက်ဝံ့တဲ့မြွေဆိုးလေး၊ အသင့်ရဲ့သွားတွေ ကျိုးပဲ့ပြီး အူတွေပေါက်ထွက်မှာကို သတိထားလော့ ”

သူ့စကားဆုံးသည်နှင့် နေရာတစ်ခုလုံး တဝုန်းဝုန်းမြည်ဟည်းလာသည်။ နှစ်ပေါင်းမရေမတွက်နိုင်သော ကာလများဆီမှ ရောက်လာဟန်တူသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုဟိန်းသံက မုန်းတီးခြင်းများ၊ ရက်စက်ကြမ်းကြုတ်ခြင်းများ၊ ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေပြီး အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားသည်။

တချိန်တည်းမှာပင် ရှစ်ဂိုဏ်းမဟာမိတ်ထဲရှိ တိမ်လွှာဓားဂိုဏ်း၏ တားမြစ်နယ်မြေထဲမှလည်း ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ထိုအသံတွင် ကြောက်ခမန်းလိလိ မုန်းတီးခြင်းများဖြင့် ပြည့်နှက်နေသည်။

“ ရွှီချင်း၊ ငါ မင်းကို ကျေးဇူးတင်တယ်။ မင်း ငါ့ကို ဒီလိုမျိုး မသေမရှင်ဖြစ်အောင် မလုပ်ခဲ့ရင် သူတော်စင်ကြယ်ဆိုတဲ့ငါ တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ဒီလောက်မြန်မြန် ဖွင့်နိုင်ခဲ့မှာ မဟုတ်ဘူး ”

ထိုအသံ ဟိန်းထွက်လာသည်နှင့် အရိုးစုကဲ့သို့ သူတော်စင်ကြယ်သည် သွေးရေကန်ထဲမှ လေထဲသို့ ပျံထွက်လာသည်။

သူ့ကိုယ်ပေါ်ရှိ သွေးများစွာ အောက်သို့ စီးကျသွားပြီး နီစွေးသောဆံပင်ရှည်များအောက်တွင် ပြိုင်စံရှားမျက်နှာနှင့် တောင့်တင်းသောခန္ဓာကိုယ် ပေါ်လာသည်။ သို့သော်လည်း သူ့ညာဘက်မျက်လုံးသည် မည်းနက်သွားခဲ့ပြီဖြစ်ပြီး မျက်လုံးအတွင်းပိုင်းတွင် အပြင်လူများ မသိနိုင်သော ရွှေကျီးကန်းတစ်ကောင်ဖြင့် အစားထိုးမြှုပ်နှံထားသည်။

ထိုရွှေကျီးကန်းသည် သူ့ကိုယ်ထဲရှိ အဆိပ်ကို ချေဖျက်ရန် ကြောက်ခမန်းလိလိ သက်စောင့်အားများကို ထောက်ပံ့ပေးနေသည်။

သက်စောင့်အားနှင့် အဆိပ် မျှချေဖြစ်နေသောအချိန်တွင် သူတော်စင်ကြယ်သည် သေလုမျောပါးအခြေအနေ၌ တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ဖွင့်နိုင်သွားခဲ့ပြီး ပဉ္စမမြောက်သက်စောင့်မီးလုံး ပေါ်ပေါက်လာတော့သည်။

All Chapters