မြွေလေး၊ နှစ်ပေါင်းများစွာ ကြာနေပြီ။ ကျွန်ုပ်အား ကိုက်ခဲ့တာကို သင် နောင်တရပြီလော
Vol. 26 Ch. 390
သူတော်စင်ကြယ်၏ ခန္ဓာကိုယ်ထဲမှ သက်စောင့်မီးလုံးငါးလုံး တဟုန်းဟုန်း တောက်လောင်နေပြီ ကောင်းကင်နှင့်မြေပြင်မှာ တုန်ခါနေတော့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာကောင်းကင်ကြီးက မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည့်ပမာပင်။
သူ့ဘေးတွင် တိမ်လွှာဓားဂိုဏ်း၏ ယွမ်ယင်အဆင့်ကျင့်ကြံသူရှစ်ယောက်က မျက်လုံးများကို မှိတ်၍ တရားထိုင်နေသည်။
ထိုအတောအတွင်း သူတော်စင်ကြယ်အား အဆိပ်ကို ချိုးနှိမ်နိုင်စေရန် သူတို့ အင်အားများစွာ စိုက်ထုတ်ခဲ့ရသည်။
ထိုအဆိပ်က အလွန် ပြင်းထန်သည်ဖြစ်၍ သူတို့ စိုးရိမ်ပူပန်ခဲ့ကြရသည်။
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများသည်ပင် မောပန်းနွမ်းနယ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ မဟာမိတ်ခေါင်းဆောင်၏ ရွှေကျီးကန်းအား သူ့မြေး၏ ခန္ဓာကိုယ်ထဲ စိုက်နိုင်စေရန်အလို့ငှာ သူ တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ခဲ့ရသည်။ ယခု သူ့မြေး ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်၍ သူ စိတ်သက်သာရာရသွားသည်။
“ ယွင်အာ၊ မြေး ဘာဆက်လုပ်မှာလဲ။ ရွှေအမြုတေအဆင့်ကို တက်မှာလား ”
“ အဘိုး၊ ရွှီချင်းကို ကျနော် စိန်ခေါ်ချင်တယ်။ ကျနော် ရှုံးခဲ့တာကို ကျနော့်လက်နှစ်ဖက်နဲ့ ပြန်ယူချင်တယ် ”
သူတော်စင်ကြယ်သည် လေထဲတွင် ရပ်နေရင်း မျက်လုံးများကို မှိတ်ထားသည်။ အချိန်အတော်ကြာပြီးနောက် မျက်လုံးများကို ဖွင့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ မဟာမိတ်ခေါင်းဆောင်ရဲ့ ရွှေကျီးကန်းနဲ့ဆိုရင် ရွှီချင်းရဲ့အဆိပ်ကို ကျနော် မကြောက်ဘူး။ ပြီးတော့ မဟာမိတ်ခေါင်းဆောင်ရဲ့ ရွှေကျီးကန်းက ကြောက်စရာကောင်းတဲ့သက်စောင့်အားတွေပေးလို့ ကျနော့်တိုက်ရည်ခိုက်ရည်က အရင်ကထက်တောင် ပိုပြီး အစွမ်းထက်လာတယ်။ မဟာမိတ်ခေါင်းဆောင်က ကျနော့်ကို ဒီလိုမျိုး သေခိုင်းမှာလဲ မဟုတ်လောက်ဘူး ”
“ ယွင်အာ၊ အဘိုးတို့မှာ ရွေးချယ်စရာ မရှိခဲ့ပါဘူးကွယ် ”
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည် အတန်ငယ် ငြိမ်သက်နေပြီးနောက် သက်ပြင်းချ၍ ပြောလိုက်သည်။
“ သူက ကျနော့်ဒီခန္ဓာကိုယ်ကိုပဲ သဘောကျတာပါ။ အဲဒါ ကိစ္စမရှိပါဘူး။ အဘိုး၊ ကျနော့်ခန္ဓာကိုယ်ထဲ တံဆိပ်တော်တစ်ခုထည့်ပြီး ကျနော့်ခန္ဓာကိုယ်ထဲက ဓမ္မတံခါးတွေကို ငြိမ်းသက်မသွားအောင် ဒါမှမဟုတ် ဖုံးအုပ်လို့မရအောင် ပိတ်လှောင်ပေးပါလား ”
“ အဲဒီရွံစရာနည်းလမ်းနှစ်ခုမရှိရင် သက်စောင့်မီးအိမ်နှစ်လုံး ရှိနေရင်တောင် ရွှီချင်းကို ကျနော် သတ်နိုင်မယ်လို့ ယုံတယ် ”
“ ကျနော် ခံစားခဲ့ရတာထက် အဆပေါင်းများစွာ နာကျင်ခံစားရအောင် ကျနော် လုပ်ချင်တယ် ”
မကြာခင် တိမ်လွှာဓားဂိုဏ်းမှ စိန်ခေါ်စာတစ်စောင်ကို ချီရွှဲ့ထုံဂိုဏ်းသို့ ပို့လွှတ်လိုက်သည်။
သူတော်စင်ကြယ်က ရွှီချင်းအား အသက်ချင်းလောင်းကြေးထပ်၍ တိုက်ခိုက်ချင်သည်
ထိုစိန်ခေါ်စာ ရောက်သွားသည်နှင့် ချီရွှဲ့ထုံဂိုဏ်း တုန်လှုပ်သွားသည်။ ရှစ်ဂိုဏ်းမဟာမိတ်သည်လည်း ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ရွှမ်ယုံဂိုဏ်း၏ ကံကြမ္မာနယ်မြေထဲတွင် ရှိနေသော ရွှီချင်းသည် အပြင်လောကတွင် ဖြစ်ပျက်နေသမျှကို မသိပေ။ ထိုအချိန်၌ သူသည် လေထဲရှိ ဝူကျန်းဝူကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။ ဝူကျန်းဝူ ကဗျာရွတ်ဖတ်ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။
ရွှီချင်း၏စိတ်ထဲ ဝုန်းဒိုင်းကျဲသွားသည်။ ခေါင်းဆောင်သည်လည်း တအံ့တသြ ဖြစ်သွားသည်။ သူ အောင်မြင်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ရှေးဟောင်းမြွေကြီး၏ ဝိညာဉ်တစ်ပိုင်းတစ နိုးထလာခဲ့သည်။ ယင်းသည် တစ်ပိုင်းတစသာ ဖြစ်ပါသော်ငြား ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားပြီး တိမ်နှင့်လေပြင်းများ တရွှီရွှီ တိုက်ခတ်လာသည်။ အဆပေါင်းများစွာသာလွန်သော အဆုံးအစမဲ့ ဝိညာဉ်စွမ်းအားများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။
ဘေးပတ်လည်ရှိ ကျင့်ကြံသူများ သိသိသာသာ မျက်နှာပျက်သွားကြသည်။ သူတို့၏ မျက်လုံးများ ပွင့်လာပြီး ကြောက်လန့်တကြားဖြင့် ကြည့်လိုက်ကြသည်။ လေထဲရှိ မောက်မာဝင့်ကြွားသောအမူအရာနှင့် ဝူကျန်းဝူကို သူတို့လည်း မြင်သွားပြီး ဝိညာဉ်စွမ်းအားများ တိုးပွားလာသည်ကိုလည်း အာရုံခံမိလိုက်ကြသည်။
ထိုဖြစ်ရပ်ကြောင့် သူတို့ရင်ထဲ တုန်ရီသွားသည်။ သို့သော်လည်း သူတို့ ရပ်တန့်၍ ရမည်မဟုတ်ကြောင်း သိသာသည်။ ထို့ကြောင့် သူတို့၏အသက်ရှူပညာရပ်များကိုသာ တရှိုက်မတ်မတ် ကျင့်ကြံလိုက်ကြသည်။
ရွှီချင်းသည်လည်း အတူတူပင်။ အတွင်းပိုင်းသို့ သူ ချက်ချင်း မသွားဝံ့ပေ။ သူ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဝိညာဉ်စွမ်းအားများကို အစွမ်းကုန် စုပ်ယူလိုက်သည်။ ခေါင်းဆောင်မှာမူ ညွှန်ကြားရေးအခန်းကဏ္ဍတွင် နစ်မြှုပ်နေဟန်တူပြီး စူးရှတောက်ပသောအကြည့်ဖြင့် အော်ပြောလိုက်သည်။
“ အရှင်က တန်ခိုးကြီးတယ်။ အရှင်က အရှိန်အဝါကြီးမားတယ် ”
လေထဲရှိ ဝူကျန်းဝူသည် သူ၏ဇာတ်ရုပ်အပေါ် လုံးလုံးလျားလျား နစ်မြှုပ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ထိုစကားကို ကြားသောအခါ ပို၍ပင် မောက်မာဝင့်ကြွားလာသည်။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ရင်ဘတ်က ဖောင်းချည်၊ ပိန်ချည်ဖြစ်လာသည်။ ထို့နောက် သံတိုင်ကြီးပေါ်ရှိ မြွေမိစ္ဆာအရိုးခွံကြီးကို အထင်သေးဟန်ဖြင့် ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ကောင်းကင်နဲ့ မြေပြင်ကြားမှာ ကျွနု်ပ် လျှောက်တယ်။ အသင်မြွေကလေး၊ အသင်က တကယ့်ကို အားနည်းတာပဲ ”
ဝူကျန်းဝူ၏အသံ ဟိန်းထွက်သွားသည်နှင့် ပို၍ပင် တုန်လုှပ်ချောက်ချားစရာကောင်းသော ဟိန်းသံကြီး လောကတစ်ခွင် ပျံ့လွင်သွားသည်။
ဘေးပတ်လည်ရှိ တောင်တန်းကြီးသည်ပင် စတင်တုန်ခါလာသည်။
“ သင့်ကို ကျွန်ုပ် နှစ်တစ်သိန်း ချုပ်နှောင်ခဲ့တယ်။ သင့်ခန္ဓာကိုယ် ဆုံးရှုံးသွားတာကို ကျွန်ုပ် မသနားဘူးဟေ့ ”
ဝူကျန်းဝူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပို၍ ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏အရှိန်အဝါက သူ့ဘဝတစ်လျှောက် အထွတ်အထိပ်သို့ မြင့်တက်သွားဟန်တူသည်။
တိုင်ပေါ်ရှိ မြွေခေါင်းကြီးသည်ပင် အနည်းငယ် တုန်ရီနေသည်။ ယခင်ထက် အဆဆယ့်နှစ်ဆခန့် ပို၍ ထူထပ်သိပ်သည်းသော ဝိညာဉ်စွမ်းအားများ ချက်ချင်း ပေါ်ထွက်လာသည်။
ထိုသည်ကို မြင်၍ မြွေမိစ္ဆာကြီး၏ ဝိညာဉ် အမှန်တကယ် နိုးထလာပြီး ဝူကျန်းဝူအား တစ်ချီတည်းဖြင့် ဝါးမျိုသွားမည်ကို ရွှီချင်း အနည်းငယ် စိတ်ပူလာသည်။
ခေါင်းဆောင်သည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ့စိတ်ထဲတွင် အကျိုးနှင့်အပြစ်ကို အလျင်အမြန် တွက်ဆကြည့်လိုက်သည်။ မြွေမိစ္ဆာကြီးသာ နိုးထလာခဲ့ပါက ဝူကျန်းဝူ သေချာပေါက် ကိစ္စချောတော့မည်ကို သူ သိသည်။ ယခုတိုင်အောင် သူ အစွယ်အား မနှုတ်ယူရသေးသည်ဖြစ်၍ ကတိုက်ကရိုက် ပြောလိုက်သည်။
“ ကျန်းကျန်းလေး၊ တော်လောက်ပြီ။ နောက်ထပ် ဟစ်ကြွေးဖို့ မလိုတော့ဘူး ”
လေထဲရှိ ဝူကျန်းဝူ မျက်မှောင်ကြုတ်သွားပြီး ခေါင်းဆောင်ကို အေးတိအေးစက်ဖြင့် ငုံ့ကြည့်လိုက်သည်။
“ အတင့်ရဲလှချည်လား။ မင်းကိုယ်မင်း ငါအရှင်နဲ့ နှိုင်းယှဉ်ရအောင် ဘာမှတ်နေလဲဟေ့ ”
ထိုအချိန်၌ ဝူကျန်းဝူ၏အကြည့်တွင် သုံးဆယ်ရာခိုင်နှုန်း အထင်သေးခြင်း၊ ငါးဆယ်ရာခိုင်နှုန်း မောက်မာဝင့်ကြွားခြင်းနှင့် နှစ်ဆယ်ရာခိုင်နှုန်း အထက်စီးဆန်ခြင်းတို့ ရှိနေပေသည်။ သူက ရှေးဘုရင်ရွှမ်ယုံ၏ဇာတ်ကောင်တွေ လုံးလုံးလျားလျား နစ်မျောသွားသည့်အလားပင်။
ယင်းသည် သူ့ဘဝအိပ်မက်ဖြစ်ပြီး သူ ရူးသွပ်နေခဲ့သည့်် ရည်မှန်းချက်လည်း မဟုတ်ပါလား။ သူ ပြောလိုက်စဉ် ကံကြမ္မာနယ်မြေတစ်ခုလုံး ပို၍ အရှိန်ပြင်းစွာ တုန်ခါလာသည်။ ဝူကျန်းဝူ၏ စကားပြောသည့်လေသံက နှစ်ခြိုက်စွာ အိပ်မောကျနေသော မြွေမိစ္ဆာကြီးအား ပြင်းပြင်းထန်ထန် လှုပ်နှိုးလိုက်သည့်ပမာပင်။
ခေါင်းဆောင်သည် သူ၏အခန်းကဏ္ဍအား ပိုင်နိုင်စွာ သရုပ်ဆောင်နေသော ဝူကျန်းဝူကို မြင်လိုက်ရသည်။ သူ သက်ပြင်းချလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ချင်းလေး၊ မင်း ကိုင်တွယ်မှ ရတော့မယ်။ ဒီအရူး သူ့ကိုယ်သူ သတ်သေသလို ဖြစ်သွားမှာကို ငါ စိတ်ပူတယ် ”
ရွှီချင်းသည် ခေါင်းမော့၍ ဝူကျန်းဝူကို အေးတိအေးစက်ကြည့်လိုက်သည်။ ဝူကျန်းဝူက သူ၏ဇာတ်ကောင်နေရာတွင် ထိုမျှ နစ်မျောနေခဲ့မည်ဟု သူ ထင်မထားခဲ့ပေ။ ဝူကျန်းဝူ တမင်သက်သက် လုပ်နေသည်လည်း ဖြစ်တန်ရာသည်။ သူ လှမ်းကြည့်လိုက်သောအခါ ဝူကျန်းဝူ ဆတ်ခနဲ ရပ်သွားသည်။ ဝူကျန်းဝူက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ရွှီချင်းက ဖြစ်ရပ်များအား မှတ်တမ်းတင်ထားခဲ့သော ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။
ထိုကျောက်စိမ်းပေလွှာကို ဝူကျန်းဝူ မြင်သွားသည်နှင့် ဆတ်ခနဲ တွန့်သွားပြီး ကပ်ဖားရပ်ဖားလုပ်သည့်အမူအရာများ ချက်ချင်း ပေါ်လာသည်။ စောစောက သူ၏အရှိန်အဝါနှင့် အကြည့်တို့ အစအန ရှာမရအောင် ပျောက်သွားပြီး သူ့ခန္ဓာကိုယ် ဆင်းသက်လာသည်။
“ အစ်ကိုရွှီ၊ ကျုပ်တို့ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ဟဲ ဟဲ စိတ်အေးအေးထားပါဗျာ ”
ရွှီချင်းက ကျောက်စိမ်းပေလွှာအား သိမ်းလိုက်သည်ကို သူ မြင်၍ စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချလိုက်သည်။ ထိုကျောက်စိမ်းပေလွှာထဲတွင် မည်သည့်အရာများ ရှိနေသည်ကို သူ မှန်းဆကြည့်ရန် မလိုအပ်ပေ။ ဂူထဲတွင် ဝက်ဝံကြီး၏ ဗိုက်အား သူ ပွတ်သပ်နေသော ပုံရိပ်များ ပါနိုင်ချေ များသည်။ ထိုအချိန်၌ သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ခြင်းအပြင် စောစောက အဖြစ်အပျက်များကြောင့် သူ စိတ်လှုပ်ရှားလာပြီး မနေနိုင်တော့ဘဲ ဆိုလိုက်သည်။
“ ဘယ်လောက်တောင် အားရကျေနပ်စရာကောင်းလိုက်လဲ ”
ဝူကျန်းဝူက ရှေးဘုရင်ရွှမ်ယုံအား မတုပတော့သည်ဖြစ်၍ နိုးထလာသည့်လက္ခဏာများ ပြသနေခဲ့သော မြေမိစ္ဆာကြီး၏ဝိညာဉ်မှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သို့သော်လည်း အစောပိုင်းက မြွေမိစ္ဆာကြီး နိုးထလာတော့မည့်ဟန်တူစဉ်က ထုတ်လွှတ်ခဲ့သော ဝိညာဉ်စွမ်းအားများ ဤနေရာတွင် ထူထပ်သိပ်သည်းစွာ ရှိနေသည်။ ထို့ကြောင့် ရွှီချင်းသည် ဝူကျန်းဝူကို အာရုံမစိုက်တော့ဘဲ မျက်လုံးများကို မှိတ်၍ ကျင့်ကြံလိုက်သည်။
ဝိညာဉ်စွမ်းအားအများအပြား သူ့ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်သည်ဖြစ်၍ ဓမ္မတံခါးမှာ ပွင့်တော့မည့်လက္ခဏာများ ပြသလာသည်။ များမကြာမီ သူ့ခန္ဓာကိုယ်တစ်ခုလုံး တဝုန်းဝုန်းမြည်ဟည်းကာ တစ်ရာတစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါး ပွင့်သွားသည်။
ရွှီချင်း စိတ်တက်ကြွသွားသည်။ သူ မတ်တတ်ရပ်၍ နတ်မိမယ်ကျစ်ရွှမ်ပေးခဲ့သည့် ဂိုဏ်းတံဆိပ်ပြားကို အသုံးချကာ ကံကြမ္မာနယ်မြေ၏ အတွင်းပိုင်းသို့ ဦးတည်သွားလိုက်သည်။ အတွင်းစက်ဝန်းရှိ သွေးရေကန်အနီးသို့ သူ ရောက်လာသောအခါ ပို၍ပင် သိပ်သည်းထူထပ်သော ဝိညာဉ်စွမ်းအားများကို အာရုံခံမိလိုက်သည်။
သူ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး အလျင်အမြန် စုပ်ယူလိုက်သည်။
ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ ရွှီချင်းသည် ဓမ္မတံခါးများ ဖွင့်ရာတွင် အာရုံစိုက်နေသည်ဖြစ်၍ သူ၏ကျင့်ကြံခြင်းအဆင့်က ရပ်တန့်မနေပေ။ ခေါင်းဆောင်မှာမူ အတွင်းပိုင်းသို့ ချဉ်းကပ်ရန် အခွင့်အာဏာမရှိပါသော်ငြား မြွေမိစ္ဆာကြီး၏ ပါးစပ်ထဲရှိ ရွှေရောင်သွေးစီးကြောင်းရှိသော အစွယ်ကို မခွာတမ်း စိုက်ကြည့်နေသည်။
“ ပစ္စည်းကောင်းလေးပဲ။ ဒါမှ တကယ့်ပစ္စည်းကောင်းလေး ”
ခေါင်းဆောင် ဂလုဂနဲ တံတွေးကို မျိုချလိုက်သည်။ သူ ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်ရင်း ထိုအစွယ်ကို ဆက်ကြည့်နေ၏။
“ ဒီအစွယ်ကို ချိုးဖို့ ငါ နည်းလမ်းရှာရမယ်။ ဒါက ငါနဲ့ ရေစက်ရှိနေတာ။ အဲဒါသာ ရရင် နောက်ကျ ဘယ်ပစ္စည်းမဆို ငါ ဖျက်ဆီးနိုင်မှာပဲ ”
ခေါင်းဆောင်သည် စူးစူးရဲရဲကြည့်ကာ တွေးတောနေစဉ် ရွှီချင်း၏ခန္ဓာကိုယ်ထဲတွင် တစ်ရာတစ်ဆယ့်လေးခုမြောက်ဓမ္မတံခါးအထိ ပွင့်သွားသည်။
သူ ဆက်လက်ကျင့်ကြံနေ၏။
တစ်ရာတစ်ဆယ့်ခြောက်ခုမြောက် ဓမ္မတံခါးအထိ ဖွင့်ပြီးသောအခါမှသာ ဤနေရာရှိ ဝိညာဉ်စွမ်းအားများ လျော့ပါးသွားသည်။ ထို့ကြောင့် ရွှီချင်းက မျက်လုံးများဖွင့်၍ မနီးမဝေးရှိ ဝူကျန်းဝူကို ကြည့်လိုက်သည်။
ဝူကျန်းဝူသည် ထိုအခွင့်အရေးကို စောင့်နေသည်မှာ ကြာပြီဖြစ်သည်။ သူသည် စကားတစ်ခွန်းမဆိုဘဲ လေထဲသို့ ပျံတက်သွားသည်။ သူက အရိုးခြောက်မြွေမိစ္ဆာကြီးကို အထင်သေးဟန်ဖြင့် ကြည့်ကာ လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ငြိမ်စွာ ဆိုလိုက်သည်။
“ မြွေလေး၊ နှစ်ပေါင်းများစွာ ကြာနေပြီ။ ကျွန်ုပ်အား ကိုက်ခဲ့တာကို သင် နောင်တရပြီလော ”
“ အသင် စားသောက်ပြီး ဒီနေရာမှာ စွန့်ပစ်ခဲ့တယ်။ အသင့်အရိုးအားလုံး ချီးတွေ ဖြစ်နေပြီ ”
ဝူကျန်းဝူ၏စကားဆုံးသည်နှင့် ငြိမ်သက်သွားခဲ့ပြီဖြစ်သော မြွေမိစ္ဆာကြီး၏ဝိညာဉ်က ဟိန်းဟောက်လိုက်ပြန်သည်။ ယခုတစ်ခေါက်တွင် ယခင်အကြိမ်များထက် အဆပေါင်းမရေမတွက်နိုင်လောက်အောင် ကျယ်လောင်သည်။ သွားကြားထဲမှ ထွက်သည့်လေသံဖြင့် ဟိန်းဟောက်လိုက်ဟန်တူပြီး အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။
“ ရွှမ်ယုံ ”
မြွေကြီး၏ ခန္ဓာကိုယ်မှ ဖြစ်လာသော တောင်တန်း၏ အပြင်ဘက်အရစ်ရှိ ကျောက်စိုင်ကျောက်သားများ လွတ်ထွက်သွားသည်။ ထိုကျောက်ခဲများ ဆက်လက်တုန်ခါနေကာ လေထဲသို့ ပျံတက်တော့မည့်ဟန်တူသည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။
“ တော်တော့ ”
ဝူကျန်းဝူူသည် အလျင်အမြန် အရှိန်သပ်လိုက်ပြီး မရပ်ချင်သေးသည့်အမူအရာဖြင့် အောက်သို့ ဆင်းသက်လိုက်သည်။ အမှန်စင်စစ် သူသည်လည်း ထိုဖြစ်ရပ်ကြောင့် အံ့သြတုန်လှုပ်သွားရသည်။ သို့သော်လည်း သူ့ရင်ထဲရှိ စိတ်လှုပ်ရှားခြင်းနှင့် ကျေနပ်အားရခြင်းတို့ကြောင့် ထိုသရုပ်ဆောင်ခြင်းကို သူ အလွန် စွဲလမ်းသွားရသည်။
သူ့ကိုယ်သူ ရှေးဘုရင်ရွှမ်ယုံအား ဝင်စားသည်ဟူ၍ပင် သူ သံသယဝင်လာခဲ့သည်။ ထိုသို့မဟုတ်လျှင် မည်သည့်အတွက်ကြောင့် ယခုလို ထိရောက်နေရပါသနည်း။
ခေါင်းဆောင်သည်လည်း ဝူကျန်းဝူကို နတ်တစ်ပါးအလား ကြည့်လိုက်သည်။ သူနှင့် ရွှီချင်းတို့က ဤနည်းလမ်းကို စမ်းသပ်ကြည့်ရန်သာ တွေးတောခဲ့ကြပြီး အမှန်တကယ် အလုပ်ဖြစ်၊ မဖြစ် မသိခဲ့ကြပေ။
သို့သော်လည်း ယင်းနည်းလမ်းက အလုပ်ဖြစ်သွားခဲ့သည်သာမက မယှဉ်သာအောင် အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ဝူကျန်းဝူသာ ကဗျာများ ဆက်လက်ရွတ်ဆိုနေခဲ့လျှင် ထိုမြွေမိစ္ဆာကြိး သေချာပေါက် နိုးထလာမည်ဟူ၍ပင် သူ ထင်နေမိသည်။
‘ တကယ်အသုံးဝင်တာပဲ။ နောက်တစ်ခေါက်ကျ ငါလည်း ကြိုးစားကြည့်ရမယ် ’
ဝိညာဉ်စွမ်းအားများ တဟုန်ထိုး ပျံ့လွင့်လာသည်ဖြစ်၍ ရွှီချင်းက ချက်ချင်း စုပ်ယူလိုက်သည်။ ထိုအချိန်၌ သူ့နေရာတွင် ဝိညာဉ်စွမ်းအားများ အလွန် ထူထပ်သိပ်သည်းစွာ ရှိနေပြီ ဖြစ်သည်။ သူ မစုပ်ယူလျှင်ပင် သူ့ခန္ဓာကိုယ်ထဲ ဝင်သွားကြမည်သာ ဖြစ်သည်။
ထိုသို့ဖြင့် တစ်နာရီကြာပြီးနောက် တစ်ရာတစ်ဆယ့်ခုနစ်ခုမြောက် ဓမ္မတံခါး ပွင့်သွားသည်။
ရွှီချင်း၏မျက်လုံးများ မျှော်လင့်ချက်များဖြင့် ဝင်းလက်သွားသည်။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအားများ တဝုန်းဝုန်း စုစည်းလာသည်။ ထို့နောက် ထိုဝိညာဉ်စွမ်းအားများကို အားလှိုင်းကြီးတစ်လှိုင်းအဖြစ် သူ ပြောင်းလဲကာ တစ်ရာတစ်ဆယ့်ရှစ်ခုမြောက်ဓမ္မတံခါးဆီသို့ တွန်းပို့လိုက်သည်။
တခဏလေးအတွင်း တစ်ရာတစ်ဆယ့်ရှစ်ခုမြောက်ဓမ္မတံခါး ပွင့်သွားသည်။
“ နောက်ထပ်နှစ်ခု ”
ရွှီချင်း ဆက်လက်စုပ်ယူလိုက်သည်။
အချိန်များ ကုန်လွန်သွားသည်။ နှစ်နာရီကြာပြီးနောက် သူ့ကိုယ်ထဲတွင် ဂျိမ်းခနဲ မြည်ဟည်းသွားပြီးနောက် တစ်ရာတစ်ဆယ့်ကိုးခုမြောက် ဓမ္မတံခါး ပွင့်သွားသည်။
“ နောက်ဆုံးတစ်ခု ”
ရွှီချင်းမှာ စိတ်လှုပ်ရှားခြင်းများ၊ မျှော်လင့်ချက်များဖြင့် ရင်တဒိန်းဒိန်းခုန်သွားသည်။ သို့သော် နောက်ဆုံးဓမ္မတံခါးကို ဖွင့်ရန် ဝိညာဉ်စွမ်းအား အမြောက်အမြား လိုအပ်သည်။ ထို့ကြောင့် မိစ္ဆာမီးတောက်များကို သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ ဖြန့်ကျက်လိုက်သည်။
မီးတောက်နက်များက တရွှီရွှီအော်မြည်ကာ ဧရာမမီးလေပွေကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဤနေရာရှိ ဝိညာဉ်စွမ်းအား အားလုံးကို အတင်းအကြပ် စုပ်ယူလိုက်သည်။
ဤနေရာတွင် ဝိညာဉ်စွမ်းအားများ အလွန် ထူထပ်သိပ်သည်းစွာ ရှိနေသည့်တိုင်အောင် ရွှီချင်း၏ စုပ်ယူခြင်းအောက်တွင် တခြားလူများမှာ မစုပ်ယူနိုင်ကြတော့ပေ။ ဝိညာဉ်စွမ်းအားများအား ရွှီချင်းက အရူးအမူး စုပ်ယူနေသည်ကိုသာ သူတို့ အထိတ်တလန့်ဖြင့် ကြည့်နေနိုင်ကြသည်။
နောက်ဆုံးတွင် ဝိညာဉ်စွမ်းအားများကို အဆုံးစွန်ထိ စုစည်းပြီးနောက် ရွှီချင်းသည် ပါးစပ်ကို ဟ၍ တရကြမ်း ဝါးမျိုလိုက်သည်။ ရုတ်တရက် အဆုံးအစမဲ့ ဝိညာဉ်စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲ စုစည်းသွားပြီး မြွေနဂါးအရိပ်ကြီးအဖြစ် ပြောင်းလဲသွားကာ တစ်ရာ့နှစ်ဆယ်မြောက်ဓမ္မတံခါးဆီသို့ တရကြမ်း ဝင်ရောက်သွားသည်။
ထို့နောက် ရွှီချင်း၏စိတ်ထဲ တဖျစ်ဖျစ်အက်ကွဲသံ ပဲ့တင်ထပ်သွားသည်။ တစ်ရာ့နှစ်ဆယ်မြောက် ဓမ္မတံခါးကို သူ အောင်မြင်စွာ ဖွင့်နိုင်ခဲ့လေပြီ။
သို့သော်လည်း ရွှီချင်းက တစ်ရာ့နှစ်ဆယ်မြောက်ဓမ္မတံခါးအား ဖွင့်နေသည်ကို တစ်ယောက်မှ မမြင်ကြပေ။
ထိုဓမ္မတံခါး ပွင့်သွားသည်နှင့် ရွှီချင်းသည် အပြင်လူများ အသေးစိတ် မမြင်နိုင်စေရန် သူ၏ဓမ္မတံခါးကို အရိပ်ဖြင့် ဖုံးကွယ်လိုက်သည်။
ဤနေရာတွင် သူ၏အစွမ်းကို ထုတ်ဖော်မပြသချင်ပေ။
ထိုနည်းအားဖြင့် သူ၏စတုတ္ထမြောက်သက်စောင့်မီးလုံးကို အရိပ်လေးက ဖုံးကွယ်လိုက်ပြီး စူးစမ်းသည့်အကြည့်များအား တားဆီးလိုက်သည်။
အရိပ်လေးမှ ဖြစ်ပေါ်လာသော ကန့်လန်ကာအောက်ရှိ စတုတ္ထမြောက်သက်စောင့်မီးလုံးက အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေသည်ကို ရွှီချင်းတစ်ယောက်တည်းသာ အာရုံခံနိုင်သည်။
စတုတ္ထမြောက်သက်စောင့်မီးလုံးအောက်၌ ရွှီချင်းသည် သူ့ကိုယ်ထဲရှိ အရှိန်တညီးညီး တောက်လောင်နေသော လောကကြီးကို အာရုံခံမိလိုက်သည်။ မီးတောက်များ ဖြာထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်ဖြစ်၍ ကွန်ခြာနှစ်ခု သူ့ခေါင်းအထက်တွင် ပေါ်လာသည်။
အနက်ရောင်ကွန်ခြာသည် ထူးဆန်းပြီး ကြောက်စရာကောင်းသည်။ မီးတောက်များက တွဲလောင်းကျနေသော ကန့်လန့်ကာတစ်ခုအလား စီးဆင်းနေသည်။
သက်တန့်ကွန်ခြာသည် အရှိန်တညီးညီး တောက်ပနေသည်။ ယင်းက အလင်းပင်လယ်ကြီးအသွင်ဖြင့် မြေပြင်ကို အလင်းပေးနေသည်။
သူ့နောက်ကျောရှိ ရွှေကျီးကန်းကြီးသည် လောကကြီးကို သန့်စင်ချင်နေသည့်အလား ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် အတောင်ပံနှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ရွှေကျီးကန်းကြီး၏ အမြီးမီးတောက်များက ရွှီချင်း၏ခန္ဓာကိုယ်တစ်ခုလုံးပေါ် စီးဆင်းသွားပြီး ဧကရာဇ်ဝတ်ရုံ ဖြစ်သွားသည်။ သူသည် ရှေးဘုရင်ငယ်လေးတစ်ပါးအလား မြင်ရသူတိုင်းကို ချောက်ချားသွားစေသည်။
ထို့နောက် ထိုအခြင်းအရာအားလုံး ပျောက်ကွယ်သွားသည်။ ယင်းနောက် ရွှီချင်း၏မျက်နှာပေါ်တွင် နောင်တရနေသည့် အမူအရာတစ်ခု ပေါ်လာသည်။
“ နည်းနည်း လိုနေသေးတယ် ”
ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထိုအသံသည် ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး သူ့ကို စောင့်ကြည့်နေကြသည့် မဟာမိတ်ဂိုဏ်းသားများ ကြားလိုက်ကြရပြီး သူ အဆင့်တက်ရန် ကြိုးစားရာတွင် ကျရှုံးသွားခဲ့သည်ဟု သူတို့ ထင်သွားသည်။
ဝူကျန်းဝူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ရွှီချင်း၏ စတုတ္ထမြောက်သက်စောင့်မီးလုံး ပေါ်လာသည်ကို သူ မျက်မြင်ကြုံခဲ့ရပါက သူ၏စိတ်အခြေအနေ ပိုဆိုးသွားနိုင်ကြောင်း ခံစားမိသည်။
ခေါင်းဆောင်သည်သာ မြွေမိစ္ဆာကြီး၏အစွယ်ကို ကြည့်နေရာမှ ရုတ်သိမ်းလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
“ တစ်ခုခု မူမမှန်ဘူး။ ဒီကလေး ဖုံးကွယ်ထားတာ ဖြစ်လောက်တယ် ”
ထိုသို့ ခေါင်းဆောင် တွေးမိသောအခါ နောက်ထပ်အချုပ်အနှောင်ကို ဖွင့်သင့်ကြောင်း သူ ရုတ်ခြည်း ခံစားလိုက်ရသည်။
“ ဒီလိုဆရာတူညီလေးတစ်ယောက်ရှိတာကို ငါ ဘာလို့ ဒီလောက်ဖိအားတွေ ခံစားနေရတာတုံး ”