← Chapters

မြစ်၏ အောက်ခင်းစီးကြောင်း

Vol. 13 Ch. 181

မြစ်၏ အောက်ခင်းစီးကြောင်း

Vol. 13 Ch. 181

အခန်း ၁၈၁ - မြစ်၏ အောက်ခင်းစီးကြောင်း

Translator – Than Toe Aung

မြေပြင်က တသိမ့်သိမ့်တုန်နေပြီး ကျောက်သားခေါင်းတလားကလည်း ပြင်းထန်စွာ တုန်ခါလာ၏။ တဖြည်းဖြည်းနှင့် ၎င်းသည် ရွေ့စောင်းလာပြီး နောက်ဆုံး ပိန်းပိတ်အောင် မှောင်နေသော အက်ကွဲကြောင်းထဲသို့ ထိုးကျသွားလေ၏။

အနည်းငယ်ကြာပြီးနောက် ကျောက်သားခေါင်းတလားသည် ရေတောထဲသို့ ဝုန်းကနဲ ပစ်ကျသွားကာ စုန်းစုန်းမြုပ်သွားလေသည်။

. . .

ကျောက်တုံးကျောက်ခဲကြီးများက တစ်ဝုန်းဝုန်း ပြိုကျနေပြီး ဖုန်မှုန့်များက အဘက်ဘက်သို့ လုံးကနဲ အလိပ်လိုက် အလိပ်လိုက် ထလာ၏။

ကောင်းကင်က ပြိုကျနေ၏။

အချိန်အတန်ကြာပြီးနောက် တဝုန်းဝုန်းဖြင့် ပြိုလဲကျနေမှုများက နောက်ဆုံး ငြိမ်သက်သွား၏။ မူလက သူတို့ရှိခဲ့ကြသောနေရာသည် မည်သည့်သက်ရှိတစ်ကောင်တစ်မြီးမှ မကျန်ရှိတော့သည့် အပျက်အဆီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားပေပြီ။

အပျက်အဆီးများ၏ အလယ်တွင်.. ကြီးမားသည့် တွင်းကြီးတစ်တွင်းရှိ၏။ ၎င်းသည် ပိန်းပိတ်အောင် မှောင်နေပြီး ဘယ်ဆီကို ဦးတည်နေသလဲဆိုတာ မည်သူမျှ မသိရှိ‌ကြပေ။

မှောင်မိုက်သောညတွင် သိမ်မွေ့သည့် လေပြေလေညင်းလေးများက တိုက်ခတ်လာပြီး အပျက်အဆီးများကြားရှိ ဖုန်မှုန့်များကို သယ်ဆောင်ယူသွား၏။

မလှမ်းမကမ်းတွင် ပုံရိပ်လေးခုက မတ်တပ်ရပ်နေကြ၏။

အတိအကျပြောရလျှင် ပုံရိပ်က ငါးခုဖြစ်၏။

ထိုပုံရိပ်များထဲမှ တစ်ခုက လုံးဝ ဝေဝေဝါးဝါးဖြစ်နေပြီး ညအမှောင်ထုနှင့် ခွဲခြား၍ မရအောင် တသားတည်း ဖြစ်နေ၏။ ထိုသူကာ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူဖြစ်၏။

မိစ္ဆာအမွေဆက်ခံသူငါးယောက်သည် မလှမ်းမကမ်းရှိ အပျက်အဆီးပုံကြီးကို ကြည့်ပြီး သူတို့၏ အကြည့်များထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများက ထင်ဟပ်နေ၏။

လေပြေလေညင်းများမှ အေးမြမှုကို ခံစားမိသောအခါမှသာလျှင် သူတို့၏ အဝတ်များသည် ချွေးများဖြင့် ရွှဲနေပြီဖြစ်ကြောင်း သူတို့ငါးယောက်စလုံး သတိထားမိလိုက်ကြ၏။

ဤနေရာသို့ မိစ္ဆာအမွေဆက်ခံသူများနှင့်အတူ မိစ္ဆာဂိုဏ်းသားများ ရာနှင့်ချီ၍ ပါလာခဲ့ကြ၏။ ဤစုဝေးမှုသည် မိစ္ဆာဂိုဏ်းများ၏ ဂျူနီယာများအကြားတွင် ကြုံတောင့်ကြုံခဲ မဟာစုဝေးမှုဖြစ်ရပ်ဟု ဆိုနိုင်၏။

သို့သော်လည်း ဤခရီးစဉ်တွင် သူတို့ ရည်မှန်းတွေးဆထားသည်ထက် အများကြီး ကျော်လွန်သော ကိစ္စရပ်များ ဖြစ်လာခဲ့လိမ့်မည်ဟု သူတို့ထဲက မည်သူမျှ မတွေးထင်ခဲ့ကြပေ။ သူတို့သည် အမွေအနှစ်ပစ္စည်းဆိုတာကို ရရှိဖို့ နေနေသာ.. သူတို့အားလုံးပင် မျိုးပြုတ်အောင် အသတ်ခံရလုနီးပါး ဖြစ်ပျက်ခဲ့၏။

မိစ္ဆာဂိုဏ်းသားများ ရာချီထဲတွင် နောက်ဆုံး အသက်ရှင်ကျန်ရစ်ခဲ့သူများမှာ သူတို့ငါးယောက်သာ ရှိလေသည်။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ မိစ္ဆာအမွေဆက်ခံသူက ဘယ်သူမှန်းမသိရသော အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ နတ်ဆိုးမကျိကလည်း အချိန်မီအပြင်ဘက်သို့ ရအောင်မထွက်နိုင်ဘဲ အပျက်အဆီးပုံအောက်တွင် ပိတ်မိကာ မြှုပ်နှံခံလိုက်ရ၏။

နောက်ပိုင်းတွင် ဤနေရာ၌ ရုတ်တရတ် ပြောင်းလဲမှုဖြစ်ပေါ်လာပြီး ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်က ပျက်ပြယ်သွားခြင်းကြောင့်သာ မဟုတ်လျှင်.. သူတို့ငါးယောက်သည်လည်းပဲ အပြင်ဘက်သို့ ရအောင် ပြေးထွက်နိုင်ကြလိမ့်မည် မဟုတ်ပေ။

ရှုပ်ထွေးရောယှက်နေသော အမူအယာများနှင့် မည်သူမျှ စကားမဟကြပေ။.

ဤအပျက်အဆီးပုံကြီးက ထိုကြောက်မက်ဖွယ်ကောင်းလှသည့် အရိုးစုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ဘာကြောင့်ရယ် မပြောတတ်ပါဘဲ.. ဤည၌ သူတို့၏ စိတ်ကိုလွှမ်းမိုးဖမ်းစား၍ အထင်အမြင်ကြီးမှုကို ရယူသွားသူမှာ ဘယ်သူမှန်းမသိရသော အစိမ်းရောင်ဝတ်ကျင့်ကြံသူ ဖြစ်လေသည်။

ပြောရမည်ဆိုလျှင် နောက်ဆုံးအခိုက်အတန့်၌ ထိုလူသာ အရိုးစု၏ နုလုံးကို ကွဲကြေပျက်ဆီးအောင် လုပ်ဆောင်ခြင်း မရှိခဲ့လျှင်.. သူတို့အားလုံး၏ အသွေးအသားအဆီအနှစ်သည် အရိုးစု၏ စုပ်ယူစားသုံးခြင်းကို ခံရပေလိမ့်မည်။

“အဲ့လူက ဘယ်သူပါလိမ့်”

အချိန်အတန်ကြာပြီးနောက် ဖန်းယွဲ့က ရုတ်တရတ် ကောက်မေးလိုက်၏။

ရှန့်ကွမ့်ယုက ခေါင်းခါလိုက်၏။

“သူက အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းက တစ်ယောက်ယောက်ပဲ နေမှာပေါ့.. အနီးကပ်တိုက်ခိုက်ရည်မှာ တစ်ကယ် ပြောက်မြောက်တဲ့ အင်မော်တယ်ဂိုဏ်းက သိပ်မရှိပါဘူး.. သူ့မျိုးဆက်သွေးက မိုးကြိုးလိုအစွမ်းရှိတယ်ဆိုတော့ ငါထင်တာတော့ သူက လေပြေမိုးကြိုးဂိုဏ်းက အမွေခံတပည့်တစ်ယောက်ပဲ ဖြစ်လိမ့်မယ်ထင်တယ်”

“နှမြောဖို့ ကောင်းလိုက်တာ”

ဖန်းယွဲ့၏ မျက်လုံးထဲတွင် နှမြောတမ်းတသည့်ပုံရိပ်က ဖြတ်သွားပြီး သူ့နှုတ်ခမ်းကို သပ်လိုက်၏။

သူသည် ဆူဇီမိုကို ရှုံးနိမ့်ခဲ့သော်လည်း သတ္တိကြောင် မသွားခဲ့ပေ။ ထို့အစား သူ၏ တိုက်ခိုက်လိုစိတ်က ပိုလိုပင် လောင်မြိုက်ပြင်းထန်လာခဲ့၏။

သူ့ခွန်အားက ဆူဇီမိုထက် အပြတ်အသတ် သာလွန်၏။

ဆူဇီမို၏ ဆက်တိုက်သတ်ဖြတ်ကွက်များက ဖန်းယွဲ့၏ အရွတ်၊ အရိုးနှ့င် အဆီအနှစ်ချီတို့ကို တစ်ကယ်ဒဏ်ရာရအောင် မလုပ်နိုင်တာကို ကြည့်ခြင်းအားဖြင့် သူ၏ ကိုယ်ကာယသန်မာကြံ့ခိုင်မှုက မည်မျှအထိ ကြောက်စရာကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။

ဖန်းယွဲ့ရှုံးနိမ့်ခဲ့ရခြင်း၏ တစ်ကယ့်အကြောင်းရင်းမှာ.. သူသည် ပြိုင်ဘက်ကို လျှော့တွက်မိသောကြောင့် ဖြစ်လေသည်။ သူသည် ဆူဇီမိုကို တစ်ကြိမ်အသာစီးရယူခွင့် ပေးလိုက်မိပြီး.. ထိုမှစ၍ ထိုငနဲက သူ့ကို တစ်ကျော့ပြန်လာနိုင်ခြင်း မရှိရအောင် ဆက်တိုက်တွဲလုံးများနှင့် မရပ်မနား လဲကျသည့်အထိ ဖိနှိမ်ခဲ့၏။

သူတို့နှစ်ယောက် နောက်တစ်ခေါက် ပြန်တိုက်ကြလျှင် သူသည် သေချာပေါက် ရှုံးနိမ့်တော့မည် မဟုတ်ကြောင်း ဖန်းယွဲ့က ယုံကြည်မှု ရှိလေသည်။

ယခု ဆူဇီမိုက ကျရှုံး(သေဆုံး)သွားပြီး ဖြစ်သောကြောင့်.. ဖန်းယွဲ့သည် သူ့ကို ပြန်လည်အနိုင်ယူနိုင်ဖို့ အခွင့်အရေး မရှိတော့ပေ။ သူသည် နောင်တရယူကျုံးမရစိတ်ဖြင့် သက်ပြင်းချလိုက်မိ၏။

တစ်ကယ်တော့ ဖန်းယွဲ့တစ်ယောက်တည်းသာ မဟုတ်၊ အခြားသော မိစ္ဆာအမွေခံသူလေး‌ယောက်သည်လည်း ဆင်တူသော စိတ်ကူး ရှိကြလေသည်။

ဘယ်လိုဖြစ်ဖြစ် အဲ့ဒီနေရာတွင် ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်က ရှိနေခဲ့ပြီး.. သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများသည် ပိတ်ဆို့ခြင်း ခံထားခဲ့ရ၏။ ထို့ကြောင့် သူတို့၏ အစစ်အမှန် ခွန်အားစွမ်းပကားကို မထုတ်ဖော်နိုင်ခဲ့ကြပေ။

သူတို့အတွက်တော့.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှအမွေဆက်ခံသူသည် မမျှတသော တိုက်ပွဲဖြင့် သေဆုံးခဲ့ရခြင်းဖြစ်၏။

“အဲ့လူက သေသွားတာ နှမြောစရာပဲ.. မဟုတ်ရင် နောက်ပိုင်း.. ရှေးဦးတိုက်ပွဲမြေကို ‌ရောက်တဲ့အခါ ငါတို့ သူနဲ့ သေချာပေါက် ပြန်ဆုံရမှာ.. အဲ့အချိန်ကျမှ တိမ်လွှာမိုးစက်ဂိုဏ်းရဲ့ တစ်ကယ့်စွမ်းအား ဘာလဲဆိုတာ သူ့ကို ငါပြမလို့ စဉ်းစားထားတာ” ရှန့်ကွမ်ယုက မကျေမနပ် ငေါက်ငမ်းလိုက်၏။

“အခု အဲ့ဒါတွေ လျှောက်ပြောနေလို့ရော ဘာထူးမှာမလို့လဲ”

ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ အမွေဆက်ခံသူက အေးစက်စွာ ပြန်ပြောရင်း သူ့အင်္ကျီလက်ကို ဆွဲခါကာ လှည့်ထွက်သွား၏။

မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည်လည်း လျှစ်ကနဲဆို.. ပြေးထွက်ပျောက်ကွယ်သွား၏။

နောက်တစ်ခဏအတွင်း.. မိစ္ဆာအမွေဆက်ခံသူငါးယောက်သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီး.. အပျက်အဆီးနေရာသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

သိပ်မကြာမီ.. ကိုယ်လုံးကိုယ်ပေါက်အတော်လှ၍ ကျက်သရေရှိတင့်တယ်သော အမျိုးသမီးတစ်ယောက်သည် အပျက်အဆီးနေရာသို့ ရောက်ရှိလာခဲ့လေသည်။ သူမသည် ခမ်းနားလွှမ်းမိုးနိုင်စွမ်းရှိသောအော်ရာကို ပိုင်ဆိုင်ထားပြီး တစ်စုံတစ်ယောက်၏ နုလုံးသားအနက်ပိုင်းထဲသို့ ကိုင်လှုပ်နိုင်စွမ်းရှိ၏။

သူမကား ရတနာ့ကောင်းကင်လေလံအိမ်တော်၏ ဘဏ္ဍာစိုးခေါင်းဆောင်ဂူရှီပင် ဖြစ်လေသည်။

“ဘာတွေ ဖြစ်ပျက်ခဲ့တာပါလိမ့်” ဂူရှီသည် သုန်မှုန်နေသော အမူအယာနှင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ရွှစ်..”

ဂူရှီသည် အပျက်အဆီးနေရာ၏ အထက်လေထဲတွင် ရပ်နေပြီး သူမ၏ နဖူးဆီမှ ကြောက်စရာကောင်းလှသော အားတစ်မျိုးက ထွက်ပေါ်လာ၏။ သူမသည် မနောအသိစိတ်ကို ထုတ်လွှတ်လိုက်ပြီး အပျက်အဆီးနေရာတစ်ဝိုက်ကို စေ့စေ့စပ်စပ် ရှာဖွေလိုက်၏။ တစ်စုံတစ်ရာ မတော်တဆ ကျန်ခဲ့မည်ကိုပင် စိုးရိမ်နေပုံရ၏။

“ဘာမှ မရှိဘူးလား”

ဂူရှီသည် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အောက်ဘက်ရှိ အဆုံးမရှိဟုထင်ရသော မှောင်မိုက်နေသည့် အက်ကွဲကြောင်းကြီးထဲကို ကြည့်လိုက်၏။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူမသည် ထိုအောက်ထဲသို့ ဆင်းသက်လိုက်၏။

သိပ်မကြာမီ ဂူရှီသည် မြစ်တစ်ခုအထက်သို့ ‌ရောက်ရှိလာခဲ့၏။

သူမသည် မြစ်နှင့် မြစ်၏ အနီးအနားတဝိုက်ကို ထပ်မံရှာဖွေကြည့်လိုက်၏။ အချည်းနှီးပင် ဖြစ်လေသည်။

သူမ၏ မနောအသိစိတ်ကို အသုံးပြုလိုက်ပြီး ဂူရှီသည် မြစ်၏ အနက်ပိုင်းထဲသို့ဖြတ်၍ ရှာဖွေကြည့်လိုက်၏။

ခဏကြာပြီးနောက် သူမ၏ အမူအယာသည် ပြောင်းလဲသွားပြီး သူမ၏ မနေအသိစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။

ဤမြစ်၏ အောက်ခင်းကြမ်းပြင်နှင့် အကွာအဝေးတစ်နေရာတွင် အနက်ရောင်စီးကြောင်းတစ်ခု စီးဆင်းနေတာကို သူမ တွေ့လိုက်ရ၏။

သူမထင်တာ မမှားဘူးဆိုလျှင် ထိုအရာသည် မြစ်၏ အောက်ခင်းစီးကြောင်းဖြစ်၏။

အောက်ခင်းစီးကြောင်းက အလွန်တရာ ရုန့်ရင်းကြမ်းတမ်းပြီး ဝရုန်းသုန်းကားဆန်လွန်း၏။ ထိုထဲသို့ ရောက်ရှိသွားသော မည်သည့်ပစ္စည်းကိုမဆို.. အဝေးသို့ ယူဆောင်သွားပေလိမ့်မည်။

အောက်ခင်းစီးကြောင်း၏ အဆုံးသတ်ကို ရောက်ရှိမှသာလျှင် ရပ်တန့်သွားပေလိမ့်မည်။

“ယန်အာရေ.. နင်ဘယ်ကို ရောက်နေပြီလဲ”

သူမသည် ညင်သာစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ထွက်ခွာသွားလေတော့၏။

ဂူရှီထွက်သွားပြီး မကြာမီ.. မြစ်ဘေးရှိ အပျက်အဆီးပုံတစ်ခု ကြားထဲတွင် ပိန်းပိတ်အောင် မည်းနက်နေသော မျက်တွင်းပေါက်တစ်စုံနှင့် အရိုးစုတစ်ခု ရှိနေပြီး.. ၎င်းမျက်တွင်းပေါက်အထဲမှ မကောင်းဆိုးဝါးဆန်ဆန် ကြက်သွေးနီရောင်အလင်းများက ဖြာထွက်လာ၏။

. . .

ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့သည် ကျောက်သားခေါင်းတလားထဲတွင် ပုန်းခိုနေကြသော်လည်း မြစ်ထဲသို့ ထိုးကျသွားသည့်အခိုက်အတန့်၌ သူတို့နှစ်ယောက်စလုံး အတော်လေး ထိခိုက်ခံစားလိုက်ရ၏။

“အ”

“အား”

ဆူဇီမိုက ညင်သာစွာ တစ်ချက်ညည်းလိုက်ပြီး နတ်ဆိုးမကျိကတော့ နာကျင်စွာ အော်ဟစ်လိုက်၏။

ကျောက်သားခေါင်းတလားထဲမှ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသော ထိုအသံနှစ်သံက တစ်နည်းတစ်ဖုံ ဆန်းပြားနေ၏။

ဆူဇီမိုသည် သူ့ရင်ဘတ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ ထိုရုတ်တရတ် ဖြစ်ပေါ်လာသော တုန်ခါမှုက သူ၏ အရွတ်များ အရိုးများကို လှုပ်ခါထိခတ်သွားစေပြီး.. သူ၏ အရိုးများသည် ပြုတ်ကျကုန်ပြီဟု ခံစားလိုက်ရ၏။

ရှန့်ကွမ်ယုလက်ချက်ဖြင့် နတ်ဆိုးမကျိ၏ လက်မောင်းတစ်ဖက်သည် ထိခိုက်ဒဏ်ရာ ရရှိခဲ့၏။ ၎င်းသည် ဒဏ်ရာအသေးစားတစ်ခုသာဖြစ်ပြီး.. ပတ်တီးစည်းထားပြီးနောက် သွေးထွက်ခြင်း မရှိတော့ပေ။

သို့သော်လည်း ယခု ရုတ်တရတ် ဆောင့်ခါမှုက ထိုဒဏ်ရာကို တစ်ဖန် စုတ်ပြဲသွားစေပြီး.. နတ်ဆိုးမကျိသည် မျက်မှောင်ကြုတ်၍ အော်ဟစ်လိုက်မိ၏။

သူတို့နှစ်ယောက်စလုံးသည် ကျောက်သားခေါင်းတလားထဲတွင် ရှိနေကြသော်လည်း အပြင်ဘက်မှ မြစ်၏ ရေစီးဆင်းမှုကို နတ်ဆိုးမကျိသည် ခံစားမိနိုင်၏။

သူမသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ်.. သူတို့သည် ထိုနေရာကနေတော့ ရုန်းထွက်နိုင်ခဲ့ကြပေပြီ။ ကျောက်သားခေါင်းတလားက မြစ်အောက်ခြေသို့ ကျရောက်သွားသည်နှင့် သူတို့သည် အထဲကနေ ၎င်းကိုဖောက်၍ ထွက်သွားလို့ ရပေပြီ။

ရုတ်တရတ်ဆိုသလို..

ကျောက်သားခေါင်းတလားက အောက်သို့ ဆက်လက်နစ်မြုပ်ခြင်း မရှိတော့ပေ။ ပြင်ပအားတစ်ခုက ဆွဲငင်ယူဆောင်သွားသလို.. ၎င်းက ရှေ့သို့ ဆက်လက်လိမ့်သွား၏။

ဤကဲ့သို့ အရှိန်အဟုန် ရုတ်တရတ် ပြောင်းလဲခြင်းက သူတို့နှစ်ယောက်စလုံးကို အငိုက်မိသွားစေပြီး သူတို့နှစ်ယောက်သည် တစ်ယောက်အပေါ်တစ်‌ယောက် ပွတ်တိုက်ထပ်မိကုန်ကြ၏။

သူတို့နှစ်ယောက်စလုံးသည် ရင်ထဲတလျှပ်လျှပ် ခုန်သွားကြပြီး.. အလိုအလျောက် နောက်ဆုတ်လိုက်ကြ၏။ သို့သော်လည်း ကျောက်သားခေါင်းတလားက ကျဉ်းကြုတ်နေပြီး နေရာများစွာ မရှိပေ။

ထို့နောက် ကျောက်သားခေါင်းတလားထဲရှိလေထုသည်.. ချက်ချင်းပင် တစ်မျိုးတစ်မည် ထူးခြားလာ၏။ အပူချိန်များက တရိပ်ရိပ်ဖြင့် မြင့်တက်လာနေသည်ဟု ထင်ရ၏။

အမှောင်ထုထဲတွင် သူတို့နှစ်ယောက်စလုံးသည် အနည်းငယ် မောပန်းနေဟန်ရပြီး တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ထားကြ၏။ သူတို့သည် အကြည့်ချင်းဆုံသွားကြ၏။ သို့သော် စကားတော့ မပြောဖြစ်ကြပေ။

ဆူဇီမိုသည် သူ့ခေါင်းကို လှည့်လိုက်ပြီး ကိုယ်ကို အနည်းငယ် ကျုံ့ဖို့ ကြိုးစားလိုက်၏။

သူသည် ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးအဆီအနှစ်များကို အခုထိ ကုန်စင်အောင် မစုပ်ယူရသေးသောကြောင့် သူ့ခန္ဓာကိုယ်က အနည်းငယ် ရောင်ကိုင်းနေဆဲဖြစ်၏။ သူသည် ဒီအတိုင်းနေတုန်းက အကောင်းသားဖြစ်၏။ ယခု လှုပ်ရှားမှု ပြုလုပ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်သည် မရည်ရွယ်ပါဘဲနှင့် နတ်ဆိုးမကျိ၏ ခန္ဓာကိုယ်နှင့် ထပ်မံပွတ်တိုက်သွားပြန်၏။

ဆူဇီမိုသည် သူ၏ လှုပ်ရှားနေမှုကို ချက်ချင်းရပ်တန့်လိုက်ပြီး မလှုပ်မယှက် ငြိမ်သက်နေတော့၏။

All Chapters