← Chapters

ဗုဒ္ဓပုတီးစေ့.. လက်ဟန်ချိတ်စည်း

Vol. 13 Ch. 183

ဗုဒ္ဓပုတီးစေ့.. လက်ဟန်ချိတ်စည်း

Vol. 13 Ch. 183

အခန်း ၁၈၃ - ဗုဒ္ဓပုတီးစေ့.. လက်ဟန်ချိတ်စည်း

ထိုစကားလုံးများကို မြင်ရပြီးနောက် နတ်ဆိုးမကျိ၏ နုလုံးသည် တလျှပ်လျှပ်ခုန်သွားပြီး အလောတကြီး ဆက်ဖတ်ကြည့်လိုက်၏။

တဖြည်းဖြည်းနှင့် သူမ၏ မျက်လုံးများသည် ပြူးကျယ်လာပြီး စျာန်ဝင်နစ်မြောသွား၏။

ကျောက်သား‌ခေါင်းတလားအတွင်းတွင် ပိန်းပိတ်အောင် မှောင်နေသော်လည်း.. အန္တိမသားရဲနတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ပြီးနောက် ဆူဇီမို၏ အမြင်အာရုံသည် အလွန်တရာ အားကောင်းနေပြီဖြစ်၏။ ဘယ်နေရာကိုကြည့်ကြည့် သူသည် နေ့ခင်းဘက်ကဲ့သို့ ရှင်းလင်းစွာ မြင်နိုင်၏။

ဤအရာသည် တစ်စုံတစ်ယောက်၏ မျိုးဆက်သွေးနှင့် ကျင့်ကြံလေ့ကျင့်ရသော နည်းစနစ်တစ်ခုဖြစ်ပြီး.. ၎င်းအထဲတွင် များစွာသော ထူးဆန်းလှသည့် စိတ်ဝိညာဉ်ပညာရပ်များကို အသေးစိတ်ဖော်ပြထား၏။ မျိုးဆက်သွေး၏ ထူးခြားလေးနက်သော လျှို့ဝှက်ချက်များကို သရုပ်ဖော်ပြထားပြီး.. မျိုးဆက်သွေးကို မည်သို့နှိုးဆွထုတ်ဖော်၍ မျိုးဆက်သွေး၏ စွမ်းအားကို မည်သို့အသုံးချရမည်တို့ကို ဖော်ပြထား၏။ ဤအရာများသည် သူတစ်ခါမျှ မကြားခဲ့ဖူးသော အကြောင်းအရာများဖြစ်၏။

ယခင်က များစွာသော မိစ္ဆာဂိုဏ်းသားများကို ဝါးမျိုးစုပ်ယူခဲ့ရာတွင် အရိုးစုသုံးခဲ့သော စိတ်ဝိညာဉ်ပညာရပ်ကို သွေးဝါးမျိုးခြင်းနည်းစနစ်ဟု ခေါ်လေသည်။ ၎င်းသည် သွေးသန့်စင်ထုတ်မိစ္ဆာသုတ္တန်တွင် ဖော်ပြထားသည့် များစွာ‌သော နည်းစနစ်များထဲမှ တစ်ခုဖြစ်၏။

ဤမိစ္ဆာသုတ္တန်တွင်ဖော်ပြထားသည့် များစွာသော စိတ်ဝိညာဉ်ပညာရပ်များမှာ ဆိုးယုတ်၍ မကောင်းဆိုးဝါးဆန်နေသော်လည်း ထိုအထဲမှ အချို့သည် ဆူဇီမို၏စိတ်ကို ဖမ်းစားနိုင်ခဲ့၏။ သူသည် ထိုအရာတို့ကို တိတ်တဆိတ် မှတ်သားလိုက်ပြီး နားလည်ဆင်ခြင်လိုက်၏။

နတ်ဆိုးမကျိခေါ်ဆောင်ခဲ့သော ဤခရီးစဉ်သည် အံ့အားသင့်စရာများစွာ၊ ဘေးအန္တရာယ်များစွာတို့နှင့် ပြည့်နှက်နေခဲ့‌သော်လည်း.. အဆိုးထဲမှ အကောင်းများလည်း ပါရှိခဲ့၏။

ယခုအခါ ဆူဇီမိုသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် သာလွန်အောင်မြင်မှုကို ရရှိနိုင်ခဲ့ပြီဖြစ်၏။ သူ့မျိုးဆက်သွေးများသည် သူ့ကိုယ်ထဲတွင် တိတ်တဆိတ်လှည့်ပတ်နေပြီး သိပ်သည်းအားကောင်းသောစွမ်းအားကို ထုတ်ပေးနေ၏။ သူ၏ သွေးကြောများသည် ထွင်းဖောက်လုမတတ် ကြည်လင်နေပြီး.. သလင်းကျောက်လို တလက်လက်တောက်ပနေ၏။

ယခုအချိန်မှစ၍ ဆူဇီမိုသည် အင်္ဂါသန့်စင်ခြင်းအပိုင်းကို စတင်လေ့ကျင့်နိုင်ပေပြီ။

သို့သော် ၎င်းသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းထက် များစွာပို၍ ခက်ခဲလာ၏။

ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် ကျားနှင့်ကျားသစ်တို့၏ အသံကို ဖော်ပြထားသေး၏။

သို့သော်လည်း.. အင်္ဂါသန့်စင်ခြင်းအပိုင်းတွင်တော့ ရှုပ်ထွေးနက်နဲသည့် ကျမ်းစာများသာ ပါရှိပြီး မည်သည့်သဲလွန်စမျှ ဖော်ပြမထားပေ။

ဆူဇီမိုသည် အင်္ဂါသန့်စင်ခြင်းအပိုင်းနှင့် ပတ်သတ်၍ မည်သည့်သဲလွန်စကိုမျှ အစဖော်နိုင်ခြင်း မရှိသေးပေ။

အချိန်အတန်ကြာပြီးနောက် ကျောက်သားခေါင်းတလားသည် ပြင်းထန်စွာ တုန်ခါသွား၏။

ပြင်ပအားတစ်ခုက ၎င်းကို တွန်းထုတ်လိုက်ပြီးနောက်.. တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားကာ.. အောက်သို့ နစ်မြုပ်လာ၏။

ဆူဇီမို၏ ရင်သည် တလျှပ်လျှပ် ဖြစ်လာ၏။ ကျောက်သားခေါင်းတလားက မြစ်အောက်ခင်းစီးကြောင်းထဲကနေ လွတ်ထွက်သွားပြီဖြစ်ကြောင်း သူနားလည်လိုက်၏။

ဘေးဘက်တွင် နတ်ဆိုးမကျိသည် သူမသည်းခံနိုင်မှု၏ အဆုံးစွန်ကို ‌ရောက်ရှိနေပြီးပြီဖြစ်လေသည်။ သူမ၏ မျက်နှာဖုံးကို ပြန်လည်တပ်လိုက်ပြီး.. စိတ်ဝိညာဉ်စွမ်းအင်းကို စုယူကာ.. ခေါင်းတလား၏ အဖုံးကို သူမ၏ လက်ဖဝါးဖြင့် ပြင်းထန်စွာ တွန်းဖွင့်လိုက်၏။

ဝုန်းကနဲမြည်သံနှင့်အတူ အဖုံးက ပွင့်ထွက်သွားပြီး.. မြစ်ရေများသည် ကျောက်သားခေါင်းတလားအထဲသို့ ဝေါကနဲ ဝင်ချလာ၏။

ချက်ချင်းဆိုသလိုပင် ဆူဇီမိုသည် ရွှဲရွှဲနစ်သွား၏။

နတ်ဆိုးမကျိက ထိုအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပြီး.. သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ကြည်လင်သောအကာအရံတစ်ခုက ပေါ်လာပြီး ရေများကို တွန်းကန်ပေးထား၏။

ဆူဇီမို၏ အကျိုးနည်းအဖြစ်ကို ကြည့်ရင်း.. သူမသည် သဘောကျသွားကာ ရယ်လိုက်၏။

မြစ်ထဲတွင် ဆူဇီမိုသည် လွင့်မျောနေ၏။ သူ့အကြည့်များက ငေးငေးငိုင်ငိုင်ဖြစ်နေပြီး.. သတိလက်လွတ်ဖြစ်နေပုံရ၏။

တစ်ကယ်တော့ ဆူဇီမို၏ တုံ့ပြန်နိုင်စွမ်းက နှေးကွေးသောကြောင့် မဟုတ်ပေ။

ဖြစ်ပုံမှာ ကျောက်သားခေါင်းတလားထဲသို့ ရေများ လုံးကနဲ ဝင်ရောက်လာပြီးနောက် ဆူဇီမို၏ မြင်ကွင်းထဲသို့ တောကြက်မောက်သီးအရွယ်ခန့်ရှိသော ဗုဒ္ဓပုတီးစေ့တစ်လုံးသည် ဝင်ရောက်လာ၏။

ဗုဒ္ဓပုတီးစေ့က အလွန်တရာ ဟောင်းနွမ်းနေပြီဖြစ်ပုံရ၏။ ထိုအရာကို သစ်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ဆွေးမြည့်သည့်ပုံစံမျိုး ရှိမနေပေ။

ထိုဗုဒ္ဓပုတီးစေ့ပေါ်တွင် လက်ဝါးပုံစံတစ်ခုကို ပုံဖော်ထားပြီး ထိုတွင်.. လက်ခလယ်နှင့် လက်မတို့ကို ထိထားကာ လက်ဟန်ချိတ်စည်းပုံစံတစ်ခုကို ပြသထား၏။ လက်ဝါးပေါ်တွင် အရေးအကြောင်းလေးများ တစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး တလက်လက် တောက်ပနေ၏။

ဆူဇီမိုသည် ဗုဒ္ဓပုတီးစေ့ကို တစ်ချက်မျှ ကြည့်လိုက်စဉ်မှာပင်.. သူ့အမြင်အာရုံများသည် ဝေဝေဝါးဝါး ဖြစ်သွားပြီးနောက်.. လွန်စွာ တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းတစ်ခုက ပေါ်လာလေ၏။

ထိုအရာသည် အနိဋ္ဌာရုံ ငရဲအလား တိုက်ပွဲမြေတစ်ခု ဖြစ်၏။ အလောင်းများက တောင်လိုပုံထပ်နေပြီး သွေးများက မြစ်များကဲ့သို့ နေရာတိုင်းမှာ စီးဆင်းနေ၏။ လေထုတခွင်က သွေးရနံ့များဖြင့် ပြည့်နှက်နေပြီး တိမ်ညိုတိမ်မဲတိမ်ပုပ်များက အုံ့ဆိုင်းနေကာ အသက်ရှူဖို့ပင် မွန်းကျပ်ခက်ခဲနေ၏။

လေအေးများက တိုက်ခတ်လိုက်တိုင်း.. ကျောရိုးတစ်လျှောက် ချမ်းတုန်သွားရ၏။

တစ်ကိုယ်လုံးသွေးများ ရွှဲနစ်နေသော လူတစ်ယောက်က တောင်လိုပုံနေသော အလောင်းပုံကြီး၏ အပေါ်တွင် မတ်တပ်ရပ်နေ၏။ သူသည် ဆူဇီမိုကို ကျောပေးထားပြီး ပြိုင်ဘက်ကင်းမိစ္ဆာတစ်ကောင်လို ဦးခေါင်းကို အနည်းငယ်ငုံ့ကာ ရယ်မောနေ၏။

ရယ်သံကြီးက သွေးပျက်ချောက်ချားဖွယ်ရာကောင်းကာ အနိဋ္ဌာရုံဆန်နေ၏။ ထိုအသံက ဆူဇီမို၏ နားအနားတွင် ကပ်အော်နေသလို ထင်ရပြီး.. လွန်စွာ နေရခက်လှ၏။

ထိုအချိန်တွင် တိမ်မည်းတိမ်ပုပ်များကြားမှ ရွှေရောင်အလင်းတန်းလေးတစ်ခုက ထိုးထွက်လာပြီး တိုက်ပွဲမြေပေါ်သို့ နွေးထွေးစွာ ကျဆင်းလာ၏။

အချိန်ကြာလာသည်နှင့်အမျှ ရွှေရောင်အလင်းတန်းသည် ပို၍ပို၍ တောက်ပအားကောင်းလာပြီး တိမ်မည်တိမ်ပုပ်များကို အဝေးသို့ တွန်းထုတ်ပစ်လိုက်၏။

ရုတ်တရတ်ဆိုသလို..

ရွှေရောင်အလင်းထောက်တိုင်ကြီးက ကောင်းကင်ထက်မှ ကျဆင်းလာပြီး.. မိစ္ဆာလူ၏ အပေါ်သို့ မီးမောင်းထိုးပြထားသလို လွှမ်းခြုံသွား၏။

“ဂါး..”

မိစ္ဆာလူက ဒေါသထွက်သွားပြီး ခေါင်းကိုမော့ကာ ကောင်းကင်ထက်သို့ အမျက်ဒေါသဖြင့် အော်ဟစ်လိုက်၏။ သူသည် လည်ပင်းကြောကြီးများ ထောင်တက်လာပြီး.. သွေးကြောများက ကြောက်စရာကောင်းလောက်အောင် ဖောင်းပွရုန်းကြွလာကာ.. သူသည် ယခုမှ ငရဲက တက်လာသော ငရဲထိန်းတစ္ဆေတစ်ကောင်နှင့် တူနေ၏။

ဘုန်း..!

မိစ္ဆာလူ၏ ဂါးကနဲ အော်ဟစ်သံပြီးနောက်.. ကောင်းကင်ထက်မှ ရွှေရောင်တဖျတ်ဖျတ်လက်နေသော လက်ဝါးကြီးက ကျဆင်းလာ၏။ ထိုလက်ဝါးသည် လက်ခလယ်နှင့် လက်မကို ချိတ်စည်းသဏ္ဌာန်ထိတွေ့ ပုံဖော်လိုက်ပြီး.. ဘုန်းကနဲ ရိုက်ချလိုက်၏။

“မိစ္ဆာနှိမ်နင်းခြင်းချိတ်စည်း!”

နက်ရှိုင်းလေးနက်သည့် အသံက ထွက်ပေါ်လာ၏။

ရွှေ‌ရောင်လက်ဟန်ချိတ်စည်းက မိစ္ဆာလူ၏ ဦးခေါင်းထက်သို့ မကျရောက်သေးခင်မှာပင် .. သူ၏ ခန္ဓာကိုယ်က ဖိအားဒဏ်ကို ခံနိုင်ရည်ရှိတော့ဟန် မရဘဲ.. ရုတ်တရတ် ပေါက်ကွဲထွက်သွားပြီး.. သွေးများက နေရာတဝိုက် ကြောက်စရာကောင်းလောက်အောင် ပြန့်ကျဲသွား၏။

ပြန့်ကျဲထွက်လာသော သွေးစက်များကို မြင်ရပြီးနောက် ဆူဇီမို၏ မျက်လုံးများသည် စပ်ဖျဉ်းဖျဉ်း ကျိန်းစပ်လာပြီး သူသည် ပုံရိပ်ယောင်ထဲမှ နိုးထလာ၏။

တစ်ကယ်တမ်းတော့ ဖြစ်စဉ်တစ်ခုလုံးက တခဏလေးအတွင်းမှာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။ ၎င်းသည် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့၏။

ရေအောက်သို့ နစ်မြုပ်တော့မည် ဗုဒ္ဓပုတီးစေ့ကိုကြည့်ပြီး ဆူဇီမိုသည် ချောက်ချားစွာ တုန်ယင်သွား၏။

သူ့မျက်လုံးထဲတွင် အနည်းငယ် လွန်ဆွဲနေ၏။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူသည် ပုတီးစေ့နောက်သို့ လိုက်လံကူးခတ်သွားကာ.. ပုတီးစေ့ကို လက်ခုပ်ဖြင့် ဖမ်းယူလိုက်၏။

သူသည် ၎င်းကို လှမ်းယူပြီ‌သော်လည်း.. ထူးခြားမှုတစ်စုံတစ်ရာက ဖြစ်မလာတော့ပေ။

ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ကြည့်ရတာတော့ ၎င်းသည် ပုတီးစေ့ပေါ်ရှိ အပြောက်အမွမ်းများကို သေချာစေ့စပ်စွာ မကြည့်သမျှ ထိုသူသည် ပုံရိပ်ယောင်ထဲသို့ ကျဆင်းလိမ့်မည် မဟုတ်ပေ။

“မိစ္ဆာနှိမ်နင်းခြင်းချိတ်စည်းတဲ့လား”

ဆူဇီမို၏ စိတ်အာရုံထဲတွင် ထိုစကားလုံးများက ပေါ်လာ၏။

ထိုအရာက အလွန်အမင်း စွမ်းအားကြီး‌သော လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်မည်ဆိုသည်မှာ ပြောနေစရာပင် မလိုချေ။

ပုံရိပ်ယောင်အဖြစ်အပျက်များက တခဏလေးသာ ကြာမြင့်ခဲ့သော်လည်း.. ထိုရွှေရောင်လက်ဟန်ချိတ်စည်းက ဆူဇီမို၏ စိတ်အာရုံထဲတွင် စွဲမြဲစွာ ထင်ကျန်ရစ်နေခဲ့ပြီး သူသည် ထိုအရာကို မေ့နိုင်တော့မည် မဟုတ်ပေ။

သူ့ခြေထောက်များကို ကန်ကျောက်လိုက်ပြီး ဆူဇီမိုသည် မြစ်ရေပြင်ထက်သို့ ကူးခတ်တက်ကာ သိပ်မကြာမီ ကမ်းသို့ ရောက်လာခဲ့၏။

နတ်ဆိုးမကျိက သူမနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဆူဇီမို၏ အောက်ပိုင်းကို လှမ်းကြည့်လိုက်၏။ သူမက သူ့ကို ကျီစယ်မလို့ ဟန်ပြင်နေစဉ်မှာပင်.. ဆူဇီမို၏ ချမ်းတုန်လာပြီး သူ၏ မျိုးဆက်သွေးကို လှည့်ပတ်လိုက်၏။

သွေးစွမ်းအားဖြင့်.. ဆူဇီမို၏ ခန္ဓာကိုယ်မှ အဖြူရောင်မြူခိုးများက ရုတ်တရတ် ထွက်ပေါ်လာ၏။

ရေစက်လေးများက အငွေ့ပြန်ကုန်၏။

မျက်နှာဖုံးအောက်တွင် နတ်ဆိုးမကျိ၏ နှုတ်ခမ်းက တွန့်ကွေးသွား၏။

ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲမှ အစိမ်းရောင်ဝတ်စုံတစ်စုံကို ဆွဲထုတ်လိုက်ပြီး ဝတ်ဆင်လိုက်၏။ သူသည် ဗုဒ္ဓပုတီးစေ့ကိုလည်း သိုလှောင်အိတ်ထဲသို့ ဒီအတိုင်း ပစ်ထည့်လိုက်၏။

နတ်ဆိုးမကျိ၏ အကြည့်က ရွေ့လျားသွား၏။ မြစ်အောက်ရေထဲတွင် တွေ့ခဲ့ရသော ဆူဇီမို၏ တမူထူးခြားနေပုံကို ပြန်လည်အမှတ်ရလိုက်ပြီး သူမသည် သူ့အနားသို့ ချဉ်းကပ်သွားကာ မေးလိုက်၏။

“အဲ့မှာ ရှင်ဘာကို တွေ့ခဲ့တာလဲ”

“ဘာမှ မဟုတ်ပါဘူး”

ဆူဇီမိုသည် ဗုဒ္ဓပုတီးစေ့အကြောင်းကို နတ်ဆိုးမကျိအား ပြန်‌ပြောပြစရာ အကြောင်းမရှိပေ။ သူသည် ဒီအတိုင်းသာ စကားစဖြတ်လိုက်၏။

“ဒါလေးပြောရမှာကို ဟမ့်”

သူမက နှာခေါင်းရှုံ့လိုက်၏။

ဓါးပျံတစ်လက်ကို ထုတ်ယူ၍ ၎င်းအပေါ်သို့ ခုန်တက်လိုက်ကာ ဆူဇီမိုသည် လေထဲသို့ ပျံတက်လိုက်ပြီး သူတို့ရောက်နေသောနေရာကို အကဲခတ်ကြည့်လိုက်၏။

မြစ်အောက်ခင်းစီးကြောင်းက သူတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်လာခဲ့သလဲ မပြောတတ်ပေ။

နတ်ဆိုးမကျိသည်လည်း လေထဲသို့ ရောက်လာပြီး ငုံ့ကြည့်လိုက်၏။

ဆူဇီမိုသည် ခဏမျှ ချင့်ချိန်ပြီးနောက် သူ့အနောက်ရှိ မြစ်ပြင်ကို လှည့်ကြည့်လိုက်၏။ သူတို့ရောက်နေတာ ဘယ်နေရာဆိုတာကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပြီး သူနုလုံးသားက လှုပ်ရှားသွား၏။

ဤမြစ်သည် မဟာကျိုးအင်ပါယာမှ မြစ်ဖျားခံလာသည့် ကျီရွှေမြစ်၏ မြစ်လက်တက်ခွဲဖြစ်သော ယုံရှင်းမြစ်ဖြစ်ကာ ယန်တိုင်းပြည်ကို ဖြတ်စီးလေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့သည် ယန်တိုင်းပြည်၏ နယ်မြေအတွင်းသို့ ရောက်ရှိနေကြခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် ယန်တိုင်းပြည်၏ မြို့‌တော်ကို လွမ်းဆွတ်တမ်းတစွာ ကြည့်လိုက်၏။

“ငါ အိမ်က ထွက်လာခဲ့တာ နှစ်နှစ်တောင် ရှိသွားပြီးပဲ.. အစ်ကိုကြီးတစ်ယောက် ဘာတွေများ လုပ်နေမလဲ ငါသိချင်လိုက်တာ”

လွန်ခဲ့သောနှစ်နှစ်.. ပင်ယန်းမြို့မှ သူထွက်ခွာလာခဲ့သောမြင်ကွင်းသည် မနေ့တစ်နေ့ကလို သူ့စိတ်အာရုံထဲ ပြန်ပေါ်လာလေသည်။

ဆူဇီမိုမှာ ဆွေမျိုးများစွာ မရှိပေ။ ဆူမိသားစုမှာ မျိုးနွယ်ဆင်းသက်သူများအဖြစ် သူ့အပြင်.. ဆူဟုန်နှင် ဆူရှောင်းနင်တို့သာ ရှိလေသည်။

ဆူရှောင်းနင်က အဇူရာနှင်းမြူလွှာဂိုဏ်းမှာဖြစ်ပြီး ပိုလို့တောင် ဝေးကွာကာ သူမကို တွေ့ရဖို့က မလွယ်ကူပေ။ ဆူဇီမိုသည် ယန်တိုင်းပြည်ကိုရောက်တုန်း သူ့အစ်ကိုကြီးဆီ သွားလည်ရပေမည်။

All Chapters