မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်
Vol. 13 Ch. 182
အခန်း ၁၈၂: မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်
ကျောက်သားခေါင်းတလားသည် မြစ်၏ အောက်ခင်းကြမ်းပြင်ထိ နစ်မြုပ်သွားရမည့်အစား.. ပြင်ပအားတစ်စုံတစ်ရာ၏ ဆွဲယူခေါ်ဆောင်ခြင်းနောက်သို့ လိုက်ပါမျောသွား၏။ ထိုသည်မှာ ဖြစ်နိုင်ခြေက တစ်ခုသာရှိ၏။ သူတို့သည် မြစ်၏ အောက်ခင်းစီးကြောင်းထဲသို့ ရောက်ရှိသွားခြင်းပင်။
မြစ်၏ အောက်ခင်စီးကြောင်းထဲတွင် ရှိနေသမျှ သူတို့မှာ ရွေးချယ်စရာ မရှိပေ။
သူတို့ အခုနေ ကျောက်သားခေါင်းတလားထဲကနေ ဖွင့်ပြီးထွက်မည်ဆိုလျှင်ပင်.. သူတို့သည် အောက်ခင်းစီးကြောင်းထဲကနေ ရုန်းထွက်နိုင်ကြမည် မဟုတ်ပေ။ ထို့အပြင် သူတို့နှစ်ယောက်စလုံး ဒဏ်ရာများကလည်း ရရှိထားသေး၏။
အခုချိန် သူတို့လုပ်နိုင်သည်မှာ ကံကြမ္မာအပေါ်သာ ယုံမှတ်ပုံအပ်၍ ကျောက်သားခေါင်းတလားကို အောက်ခင်းကြမ်းပြင်ထဲက ထွက်ခွာနိုင်ပါစေဟု ဆုတောင်းရုံသာ ရှိတော့လေသည်။
လောလောဆယ် အန္တရာယ်မရှိနိုင်တော့တာကို သိလိုက်ပြီး.. နတ်ဆိုးမကျိသည် အနည်းငယ် ရွှင်ပျလာ၏။ သူမသည် ဘေးတွင်လှဲနေသော ဆူဇီမိုကို တစ်ချက်လှမ်းကြည့်၍ စနောက်ချင်စိတ် ဖြစ်ပေါ်လာပြီး နှုတ်ခမ်းကို တွန့်ကွေးကာ မျက်လုံးကို လှည့်ပတ်လိုက်၏။
"ဟေ့ဟေ့.. ရှင် စောစောက အဲ့ဒါက တမင်သက်သက်လုပ်တာ ဟုတ်တယ်မလား"
နတ်ဆိုးမကျိက ကောက်ကာငင်ကာ မေးလိုက်၏။
ဆူဇီမိုသည် မျက်လုံးကို မှိတ်ထားပြီး ဘာမျှ ပြန်မဖြေပေ။ သူ့စိတ်ထဲမှာ မလုံမလဲတော့ ခံစားနေရ၏။
မည်သို့ပင်ဆိုစေ.. သူတို့နှစ်ယောက်စလုံးသည် ပြွတ်သိပ်ထည့်ခံထားရသလို ဖြစ်နေပြီး အသားချင်း ထိတွေ့မှုကို ရှောင်ရှားဖို့ရာ မဖြစ်နိုင်ပေ။
"ရှင့်ပုံစံလေးကြည့်ရတော့ သနားကမား ရိုးသားဖြောင့်မတ်သလိုလိုနဲ့ မထင်ရဘူးနော်.. ရှင်လဲ ဘာထူးလဲ ဖောက်ပြန်တတ်တာပဲ.. ဒါနဲ့များ သူ့ကိုယ်သူ အထက်လမ်းဂိုဏ်းက ရိုးသားဖြောင့်မတ်တဲ့လူတစ်ယောက်ပါလို့ ပြောရဲသေးတယ်.. အရှက်မရှိလိုက်တာ”
သူတို့နှစ်ယောက်စလုံးသည် အလွန်တရာ နီးကပ်နေကြပြီး နတ်ဆိုးမကျိ၏ ခန္ဓာကိုယ်မှ သူမအသက်ရှူလိုက်တိုင်း ရမက်ကိုလှုံ့ဆော်နေသော မွှေးရနံ့တစ်မျိုးက ထွက်ပေါ်လာနေ၏။
ဆူဇီမိုသည် နတ်ဆိုးမကျိ၏ ပြစ်တင်ဝေဖန်သံကို နားထောင်နေ၏။ သူ၏ နားရွက်သည် နွေးထွေးစိုစွတ်လာသလို ခံစားလာရပြီး ရင်ထဲတွင် ထကြွလှုပ်ရှားလာကာ သူ့ကိုယ်သူ ထိန်းချုပ်မရ ဖြစ်လာ၏။
ရုတ်တရတ်ဆိုသလို..
သူ၏ နုလုံးသည် တစ်ချက်ခုန်သွားပြီး.. သူသည် လျှာကိုကိုက်ကာ.. စိတ်ကို ပြန်လည်ကြည်လင်လာဖို့ ကြိုးစားလိုက်၏။
ဝူရှန့်မင်.. ယန်ဖေး.. နှင့် အခြားသူများ ဘာလို ဖြစ်ပျက်ခဲ့သည်ကိုကြည့်ပြီး.. စင်ကြယ်အပျိုစင်ဂိုဏ်းက မည်သည့်နေရာ၌ ထူးချွန်ပြောင်မြောက်သည်ကို ဆူဇီမိုသည် အကြမ်းဖျင်းတော့ ခန့်မှန်းသိရှိထား၏။
“ဒါ့ကြောင့်လဲ မိစ္ဆာဂိုဏ်းက အဲ့လူတွေက သူမကို နတ်ဆိုးမကျိလို့ ခေါ်တာကိုး”
ဆူဇီမိုသည် စိတ်ထဲကနေ ကျိတ်ပြီး ချီးကျူးလိုက်၏။
သူသည် စိတ်ကို ကြိုတင်ပြင်ဆင်ထားခဲ့တာတောင် သူမ၏ လှည့်စားဖျားယောင်းမှုအောက် ကျရောက်လုနီးပါး ဖြစ်ခဲ့ရ၏။
သူမ၏ မျက်မှောင်ကြုတ်တစ်ချက်၊ အပြုံးတစ်ချက်၊ ပြုမူမှုနှင့် မျက်နှာအမူအယာ တစ်ခုဆီတိုင်းက တစ်စုံတစ်ယောက်ကို သတိလက်လွတ်ဖြစ်သွားသည့်အထိ ဖမ်းစားနိုင်စွမ်းရှိ၏။ သူတို့သည် နမော်နမဲ့နှင့် သတိလက်လွတ်ဖြစ်သွားခဲ့လျှင်.. သူမ၏ ညှို့ငင်ဖျားယောင်းမှုအောက်၌ နစ်မြောသွားပြီး သူတို့ကိုယ်သူတို့ပင် မေ့လျော့သွားပေလိမ့်မည်။
ဆူဇီမိုသည် မည်သို့မျှ ပြန်မဖြေဘဲ မျက်လုံးမှိတ်ထားတာကို ကြည့်၍ နတ်ဆိုးမကျိသည် သွားဖြီးလိုက်ပြီး ညင်သာစွာ မေးလိုက်၏။
“ဟေး ဒါနဲ့ ရှင့်ကို မေးပါဦးမယ်.. စောစောတုန်းက ရှင်ဘာလို့ အထဲကို အရင်မဝင်ဘဲ.. ကျမကို အရင်ဝင်ခိုင်းရတာလဲ”
ဆူဇီမိုသည် ရုတ်တရတ် သူ့မျက်လုံးကို ဖွင့်လိုက်ပြီး အေးစက်စွာ ပြန်ပြောလိုက်၏။
“နင်က တုံးအလွန်းလို့လေ.. နဝေတိမ်တောင်နဲ့ အပြင်မှာကျန်ခဲ့ပြီး မြေမြှုပ်ပြီးသား ဖြစ်သွားမှာစိုးလို့”
“အမ်..”
နတ်ဆိုးမကျိသည် ဆူဇီမို၏ အဖြေစကားကြောင့် တံတွေးသီးလုမတတ်ဖြစ်သွားပြီး.. သူမသည် အလိုအလျောက် အံကြိတ်လိုက်မိ၏။
သို့သော်လည်း သေချာတွေးကြည့်မည်ဆိုလျှင် အဲ့ဒီအချိန်တုန်းက အခြေအနေက တစ်ကယ့်ကို သေရေးရှင်ရေး ဖြစ်နေ၏။ သူမသာ နောက်မှာကျန်ခဲ့လျှင် သူမသည် ဆူဇီမိုလို ဆုံးဖြတ်ချက်ပြတ်သားနိုင် လျှင်မြန်မည် မဟုတ်ပေ။
ဆူဇီမို စောစောက ပြောသလိုပင် သူမသည် ကျောက်တုံးများပိ၍ သေရဖို့က အလားအလာများလေသည်။
ထိုသို့ဆိုသော်လည်း.. သူမသည် ဒေါသအနည်းငယ်တော့ ထွက်နေဆဲဖြစ်၏။
သူမသည် စိတ်ထဲမှာ မချင့်မရဲ ဖြစ်နေ၏။
နတ်ဆိုးမကျိသည် သူမ၏ နီရဲနေသော နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး ဆူဇီမိုကို ရုတ်တရတ် ဆွဲဆိတ်ကာ ကလူ၏သို့ မြူ၏သို့ အသံဖြင့် ပြောလိုက်၏။
“သွားသွား.. ကျမနဲ့ ဝေးဝေးသွားနေ သွား”
သူမက ထိုသို့ မပြောလျှင်တောင် ဆူဇီမိုသည် သူမနှင့် တတ်နိုင်သမျှ ဝေးဝေးခွာနေလိုပြီးသားဖြစ်၏။
သို့သော်လည်း ကျောက်သားခေါင်းတလားက ကျဉ်းကြုတ်နေပြီး နေရာလွတ်များစွာ မရှိပေ။
အခုချိန်တွင် သူ့အတွက် အကောင်းဆုံးဖြေရှင်းသည်မှာ.. သူ့ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးများကို သန့်စင်ပြီး သူ့ခန္ဓာကိုယ်ကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဖို့ပင်။ ထိုသို့ဖြင့် နေရာလွတ်အနည်းငယ် ထွက်လာပေမည်။
မမျှော်လင့်ထားသောအရာ တစ်စုံတစ်ရာသာ ဖြစ်မလာခဲ့လျှင်.. ဆူဇီမိုသည် မျိုးဆက်သွေးအဆီအနှစ်များကို ကုန်စင်အောင် စုပ်ယူပြီးနောက် သူသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် သာလွန်အောင်မြင်မှုကို ရရှိလာပေလိမ့်မည်။
အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် သူသည် ကျား-ကျားသစ်-မိုးကြိုးအသံ၏ မနောကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို လှည့်ပတ်လိုက်ပြီး.. ကျောက်သားခေါင်းတလားထဲတွင် ဝင်လေထွက်လေရှူရှိုက်ခြင်းကို စတင်လိုက်၏။
“ဟမ်... ဟုံ.. ဟုံ.. ဘန်း.. ဘုန်း..ဘုန်း.. ဝုန်း”
ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့်အသံများက ရုတ်တရတ် ထွက်ပေါ်လာ၏။ ၎င်းအသံများသည် ကျား၊ ကျားသစ်၊ မိုးကြိုးတို့၏ အသံများကဲ့သို့ ကျယ်လောင်ရှင်းလင်းနေ၏။
အသံ၏ အနိမ့်အမြင့်အလိုက် ဆူဇီမို၏ မျိုးဆက်သွေးသည် စတင်ရုန်းကြွလှုပ်ရှားလာ၏။
အကန့်အသတ်မဲ့ မျိုးဆက်သွေးအဆီအနှစ်များသည် သန့်စင်ချက်လုပ်ခံရပြီးနောက် ဆူဇီမို၏ ကိုယ်ပိုင်သွေးများထဲသို့ ရောနှောဝင်ရောက်သွား၏။
နတ်ဆိုးမကျိသည် ဘေးကနေ တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး သူမသည် မည်သည်မျှ မပြောတော့ပေ။
ဆူဇီမိုသည် အလွန်တရာသန်မာအားကောင်းသော သွေးဖလှယ်ခြင်း နည်းစနစ်တစ်ခုကို လှည့်ပတ်နေခြင်း ဖြစ်ကြောင်း သူမ ခန့်မှန်းမိပြီးသားဖြစ်၏။
ဤနုနယ်ပုံရသောအမျိုးသားက ဤမျှအထိ ကြောက်စရာကောင်းလှသော စွမ်းအားများကို ပိုင်ဆိုင်နေရခြင်းမှာလည်း ထိုနည်းစနစ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။
သူမသည် ဘေးကနေ အာရုံစူးစိုက်နားထောင်လိုက်ပြီး ထိုလျှို့ဝှက်နည်းစနစ်၏ သဘောတရားကို နားလည်သဘောပေါက်နိုင်ဖို့ ကြိုးစားလိုက်၏။
သို့သော်လည်း သူမသည် လုပ်ရပ်သည် ကလေးဆန်လွန်းနေ၏။
ဆူဇီမို၏ သွေးဖလှယ်ခြင်း နည်းစနစ်သည် တစ်ကယ့်ထိပ်တန်းအဆင့်ရှိ ခြင်ဆီသန့်စင်ခြင်း နည်းစနစ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ထိုအရာသည် ထျန်ဟွမ်ကမ္ဘာတွင် သည့်အရင်က တစ်ခါမျှ မရှိခဲ့ဖူးသေးသည့် တစ်ခုတည်းသော ကျား-ကျားသစ်-မိုးကြိုးအသံဖြစ်၏။
ကျား-ကျားသစ်-မိုးကြိုးအသံကို အသာထား.. ကျားနှင့်ကျားသစ်တို့၏ အသံများကို နားလည်သဘောပေါက်ဖို့အတွက်ပင် ဆူဇီမိုသည် ကြိမ်ဖန်များစွာ အချိန်များစွာပေး၍ လေ့ကျင့်ခဲ့ရ၏။
ဆူဇီမို၏ လျှို့ဝှက်ပညာရပ်ကို ဘေးကနေ နားထောင်ရုံမျှနှင့် နားလည်သဘောပေါက်ချင်သည်ဆိုလျှင် သူမသည် စိတ်ကူးယဉ်ဆန်လွန်းနေပေပြီ။
တစ်နေ့နှင့်တစ်ည ကုန်ဆုံးသွားသော်လည်း နတ်ဆိုးမကျိသည် မည်သို့မျှ အစကောက်၍ မရဘဲ အချည်းနှီးသာဖြစ်ကာ သူမ၏ ကြိုးစားမှုကို လက်လျှော့လိုက်၏။
သူမသည် နှုတ်ခမ်းစူ၍ သုန်မှုန်စူအောင့်သွား၏။
ကျား-ကျားသစ်-မိုးကြိုးအသံက အမှန်တစ်ကယ်ကိုပင် စွမ်းအားကြီးလှ၏။ တစ်နေ့နှင့်တစ်ညပြီးနောက်.. ဆူဇီမို၏ ခန္ဓာကိုယ်သည် သိသိသာသာ ကျုံ့သွားကာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ သိပ်မလိုတော့ပေ။
နတ်ဆိုးမကျိကို တအံ့တသြဖြစ်စေသည်မှာ ဆူဇီမို၏ ရင်အုပ်ရှိ ဒဏ်ရာသည် အနာလုံးဝကျက်သွားပြီး အနားဖေးတစ်ခုပင် ဖြစ်ပေါ်လာနေပေပြီ။
“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းလဲ”
သူမသည် အတော်လေးကို ကျိတ်၍ တုန်လှုပ်သွား၏။
ထိုဒဏ်ရာက ဆူဇီမို၏ ရင်အုပ်ကို ထုတ်ချင်းဖောက်ထားခဲ့၏။
ခန္ဓာမီးဆေးကျင့်ကြံသူဆိုလျှင်ပင်.. အနည်းဆုံး လဝက်လောက် မကြာဘဲနှင့် အပြည့်အဝ ပြန်လည်ကောင်းမွန်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုကတော့ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများအားလုံး သက်သာပျောက်ကင်းဖို့ တစ်နေ့တစ်ညသာ အချိန်ယူခဲ့ရလေသည်။
ထိုအချိန်၌ နတ်ဆိုးမကျိ၏ လက်မောင်းပေါ်ရှိ ဒဏ်ရာသည် သွေးတိတ်ရပ်၍ သက်သာလာကာစသာဖြစ်ပြီး.. အနာဖေးတစ်ခု ဖြစ်ပေါ်လာဖို့ဆိုလျှင် နောက်ထပ် ရက်အနည်းငယ် စောင့်ရပေဦးမည်။
“ဒီလူက ဘယ်လို မွန်းစတားပါလိမ့်”
နတ်ဆိုးမကျိသည် ဆူဇီမိုကို ဘေးကနေကြည့်ပြီး အတွေးထဲနစ်မြောသွား၏။
သွေးဖလှယ်ပြီးနောက် ဆူဇီမို၏ အသားအရေသည် ပို၍ ဖြူဖွေးဝင်းလက်လာ၏။ ၎င်းသည် ယခုမှ မွေးလာသော ကလေးငယ်တစ်ယောက်ကဲ့သို့ နူးညံညင်သာနေပြီး ကျောက်စိမ်းကဲ့သို့ ချောမွေကြည်လင်နေ၏။
“အစ်မက သူ့ကို မေ့မရတာ မဆန်းတော့ဘူးပဲ.. ငါတောင် အထင်ကြီးမိလာပြီ.. သူက အတော်လေးတော့ အစွမ်းအစရှိသားပဲ”
ခဏမျှ ရပ်တန့်ပြီးနောက် နတ်ဆိုးမကျိက တစ်ဖန် ထပ်တွေးလိုက်၏။
“ဟမ့်.. တဇောက်ကန်းဖန်းကို ကောင်းကောင်းဆုံးမလိုက်နိုင်တဲ့သူ့ရဲ့ အစွမ်းအစက ဘယ်သေးနိုင်ပါ့မလဲ”
အချိန်အတော်ကြာသည့်အထိ တောင့်ခံပြီးနောက် နတ်ဆိုးမကျိသည်လည်း ပင်းပန်းနွမ်းနယ်နေပေပြီ။
ဆူဇီမိုကျင့်ကြံနေသည်ကို စောင့်ကြည့်ပြီးနောက်.. သူမ၏ မျက်ခွံများသည် လေးလံလာပြီး.. အိပ်မောကျသွားလေတော့၏။
အချိန်အတော်ကြာပြီးနောက် သူမသည် အိပ်မက်မက်နေရာမှ လန့်နိုးလာ၏။ သူမသည် ရုတ်တရတ် ကျုံး၍ထထိုင်လိုက်သောအခါ ခေါင်းတလားအဖုံးနှင့် ပြင်းထန်စွာ ဝုန်းကနဲ ဆောင့်မိသွား၏။
“အု...”
နတ်ဆိုးမကျိသည် သူမ၏ ခေါင်းကို ပွတ်သပ်၍ နာကျင်စွာ အော်ဟစ်ညည်းတွားလိုက်၏။
ထိုအခါမှသာ သူမသည် အမှန်တစ်ကယ် နိုးကြားလာပြီး ဘယ်နေရာမှာ သူမရောက်ရှိနေသည်ကို ပြန်လည်အမှတ်ရသွား၏။
သူမသည် အလိုအလျောက် ဘေးဘက်သို့ ကြည့်လိုက်၏။ ဆူဇီမို၏ ခန္ဓာကိုယ်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး သူသည် ခေါင်းကို အနောက်သို့လှန်ကာ ခေါင်းတလားအဖုံးကို စူးစိုက်ကြည့်နေ၏။
နတ်ဆိုးမကျိသည် သူမ၏ ခန္ဓာကိုယ်ကို လျှင်မြန်စွာ စစ်ဆေးကြည့်လိုက်ပြီး ဘာမျှ ဖြစ်ပျက်ထားခြင်း မရှိသည်ကို သိလိုက်ရပြီးမှ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်တစ်ယောက်အနေနှင့် အမျိုးသားတစ်ယောက်၏ ဘေးမှာ အိပ်စက်ခြင်းမှာ မည်သည့်နည်းနှင့်မျှ မလုပ်သင့်သောလုပ်ရပ်ဖြစ်၏။
ဆူဇီမိုနေရာမှာ တိမ်လွှာမိုးစက်ဂိုဏ်းမှ ရှန့်ကွမ်ယုသာဆိုပါက နောက်ဆက်တွဲအကျိုးရလဒ်မှာ မတွေးရဲစရာပင် ဖြစ်လေသည်။
“အရမ်းနီးကပ်လွန်းနေတာပဲ”
နတ်ဆိုးမကျိသည် သူမ၏လျှာကို အသာကိုက်လိုက်ပြီး ဆူဇီမိုကို အလိုအလျောက် ဖျတ်ကနဲ တစ်ချက်ကြည့်လိုက်၏။
“အဲ့”
သည်တစ်ကြိမ်တွင်တော့ သူမသည် ဆူဇီမို၏ တမူထူးခြားနေမှုကို သတိထားမိသွား၏။
အစတုန်းကတော့ သူ့မျက်လုံးများသည် ငေးငိုင်ကြည့်နေသည်ဟု သူမထင်မိခဲ့၏။
ယခု သူမသည် အနီးကပ်သေချာ ကြည့်လိုက်သောအခါမှ.. သူသည် တစ်စုံတစ်ရာကို တည်တံ့သောပုံစံနှင့် သေချာဂရုတစိုက် လေ့လာအကဲခတ်သင်ယူနေပုံရ၏။
နတ်ဆိုးမကျိသည် သူ့အကြည့်အတိုင်း.. ကျောက်သားခေါင်းတလားအဖုံးကို လိုက်ပါကြည့်ရှုလိုက်၏။
“အို့”
ထူးဆန်းမှုတစ်စုံတစ်ရာကို တွေ့ရှိလိုက်ရပြီး သူမ၏ မျက်လုံးများသည်လည်း ပြူးကျယ်သွား၏။
ကျောက်သားခေါင်းတလား၏ အဖုံးတွင် စာလုံးများကို ရေးထိုးထား၏။
လက်ရေးက ချွန်ထက်သော တစ်စုံတစ်ရာနှင့် ရေးခြစ်ထားသလို အနည်းငယ် ရှုပ်ထွေးနေ၏။
သည့်အရင်တုန်းက ကျောက်သားခေါင်းတလားအတွင်းရှိ လေထုသည် အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်နေခဲ့၏။ အထဲတွင် အလင်းရောင်ကလည်း မရဘဲ လုံးဝမှောင်မိုက်နေခဲ့သောကြောင့် သူတို့နှစ်ယောက်စလုံးသည် ခေါင်းတလား၏ အဖုံးကို သတိထားမကြည့်နိုင်ခဲ့ကြပေ။
ယခု သူတို့ အာရုံစူးစိုက်ကြည့်လိုက်သောအခါ.. ခေါင်းတလားအဖုံးပေါ်ရှိ စာလုံးများကို ဝိုးတဝါး မြင်လာရ၏။
ပထမဆုံးစာတန်းတွင် ရေးထိုးထားသည်မှာ.. သွေးသန့်စင်ထုတ်မိစ္ဆာသုတ္တန်!