ဥပါဒါန်
Vol. 13 Ch. 184
အခန်း ၁၈၄ - ဥပါဒါန်
အကြမ်းဖျင်း တွက်ချက်ပြီးနောက် ဆူဇီမိုသည် ဓါးပျံကိုစီးနင်းကာ ယန်တိုင်းပြည်၏ မြို့တော်ရှိရာဘက်သို့ ဦးတည်လိုက်၏။
ဆူဇီမိုသည် သူမကို လျစ်လျူရှုပြီး ထွက်သွားသည်ကို မြင်သောအခါ နတ်ဆိုးမကျိသည် မချင့်မရဲနှင့် စိတ်တိုသွား၏။ သူမသည် ခြေဆောင့်လိုက်ပြီး သူမ၏ဓါးပျံကို ထုတ်စီးကာ သူ့နောက်သို့ အမီလိုက်လိုက်၏။
မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်တစ်ယောက်အနေနှင့် သူမ၏ အဆင့်အတန်းက မမျှော်မှန်းနိုင်လောက်အောင် မြင့်မားလေသည်။ ထိုအရာသည် ဆူဇီမိုလိုမျိုး ဆန်းကြယ်တောင်ထွတ်မှ တပည့်တစ်ယောက်က တုပနိုင်သော အရာမျိုး မဟုတ်ပေ။
ထို့အပြင် သူမသည် မွေးရာပါ ညှို့ငင်ဓါတ်နှင့် မွေးဖွားလာသူဖြစ်၏။ အထွတ်အထိပ်အံ့မခန်းဆန်းကြယ်ပညာရပ်ဖြစ်သော စင်ကြယ်အပျိုစင်သုတ္တန်ကို ကျင့်ကြံလေ့ကျင့်ပြီးနောက် သူမ၏ မျက်မှောင်တစ်ချက်၊ အပြုံးတစ်ပွင့်တိုင်းကပင် သက်ရှိအားလုံးအား ညှို့ငင်ဖမ်းစားနိုင်စွမ်းကို ပိုင်ဆိုင်လာ၏။
သူမထက် ကျင့်ကြံမှုအဆင့်မြင့်မားသောသူများပင်လျှင်.. သတိတစ်ချက်လွတ်သွားတာနှင့် သူမ၏ လက်ခုပ်တွင်း ကျဆင်းသွားပေလိမ့်မည်။
ကျင့်ကြံသူတစ်ယောက်သည် နုလုံးသားထဲ၌ မကောင်းသည့်အတွေးအကြံများ အနည်းငယ်မျှ ရှိနေလျှင်တောင်.. ထိုသူသည် နတ်ဆိုးမကျိနှင့် ရင်ဆိုင်ရသည့်အခါ.. စင်ကြယ်အပျိုစင်သုတ္တန်၏ ညှို့ငင်ဖမ်းစားမှုအောက် ကျရောက်သွားပေလိမ့်မည်။
ညှို့ငင်ဖမ်းစားမှု ဖြစ်စဉ်တစ်ခုလုံးက လုံးဝ ညင်သာသိမ်မွေ့နေပြီး.. ထောက်လှမ်းသိရှိနိုင်ဖို့ ခက်ခဲလေသည်။ မသိလိုက်မသိဖာသာနှင့်ပင် ထိုသူသည် ပို၍ပို၍ နက်ရှိုင်းစွာ နစ်မြောသွားပေလိမ့်မည်။
ထိုသည်ကား စင်ကြယ်အပျိုစင်သုတ္တန်၏ တစ်ကယ့် ကြောက်စရာကောင်းသည့်အချက် ဖြစ်၏။
အတွေးတစ်ချက်ကပင် အလုပ်ဖြစ်သွားနိုင်၏။
ထိုအခါ သူတို့ကို မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်က ထိန်းချုပ်သွားပေလိမ့်မည်။
သူတို့စတင်တွေ့ရှိချိန်မှ ယခုအချိန်ထိ ဆူဇီမိုသည် သူမအပေါ် စိတ်ဝင်စားမှုမရှိသောကြောင့် နတ်ဆိုးမကျိသည် စိတ်ထဲမှာ မကျေမနပ် ဖြစ်နေခဲ့၏။ ထို့အပြင် သူက သူမကို စိုးရိမ်သင်္ကာမကင်းပင် ဖြစ်နေသေး၏။
ထိုပုံစံက သူသည် သူမ၏ သရုပ်မှန်ကို သိရှိသွားသည့်အခါ ပို၍ ဆိုးလာ၏။ သူသည် သူမနှင့် တတ်နိုင်သမျှ ဝေးဝေးသာ ခွာနေလိုပြီး ဘယ်တော့မှ ထပ်မတွေ့ချင်တော့ပုံ ရလေသည်။
ထိုသည်က နတ်ဆိုးမကျိကို သူမ၏ ညှို့ငင်စွမ်းအပေါ် သံသယဝင်လာစေ၏။ သို့မဟုတ် စင်ကြယ်အပျိုစင်သုတ္တန်မှာများ ပြဿနာရှိနေတာလား။
သူတို့နှစ်ယောက်သည် လေထဲတွင် ရှေ့ဆင့်နောက်ဆင့် သွားလာနေကြ၏။ ထိုသို့ဖြင့် နေ့တစ်ဝက်က ကျိုးလာ၏။
ဆူဇီမိုက သွားနေလက်စကို ရပ်တန့်လိုက်ပြီး သူ့နောက်တွင် လိုက်ပါလာသော နတ်ဆိုးမိကျိကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။
သူမသည်လည်း ရပ်တန့်၍ သူ့အကြည့်ကို လျစ်လျူရှုနေလိုက်၏။ သူမသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဘာမှမသိသလို ဟန်ဆောင်ကာ အောက်ဘက်ရှိ ရှုခင်းများကို စိတ်အေးလက်အေးပုံစံနှင့် ကြည့်ရှုနေလိုက်၏။
ဆူဇီမိုသည် ပြန်လှည့်၍ ထွက်ခွာသွားသောအခါ နတ်ဆိုးမကျိကလည်း သူ့နောက်ကနေ လိုက်ပါလာပြန်၏။
သူသည် ဦးတည်ရာဘက်နှင့် လမ်းကြောင်းများကို အမျိုးမျိုး ပြောင်းလဲလိုက်သော်လည်း.. သူမက လိုက်ပါလာဆဲဖြစ်၏။
ဆူဇီမိုသည် သွားနေလက်စကို ရပ်တန့်လိုက်ပြီး မေးလိုက်၏။
“ခင်ဗျား ဘာလို့ ကျုပ်နောက်ကို လိုက်နေရတာလဲ”
“ကျွတ်”
နတ်ဆိုးကကျိက မျက်လုံးကို လှန်ကြည့်လိုက်ပြီး နှုတ်ခမ်းစူလိုက်၏။
“ဟာသပဲနော်.. ရှင်လဲ ရှင်လမ်းရှင် သွားနေသလို ကျမလဲ ကျမလမ်းကျမသွားနေတာပဲလေ.. ဘယ်သူက ရှင့်နောက်ကို လိုက်နေလို့လဲ.. ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အထင်ကြီးမနေပါနဲ့ရှင်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ.. အခု ခင်ဗျား ဘယ်သွားမှာလဲ ပြော”
“ကျမ..”
နတ်ဆိုးမကျိသည် ပြောစရာစကားမဲ့သွားရ၏။ သူမသည် မျက်လုံးလှန်ကြည့်လိုက်ပြီး ငေါက်ငမ်းလိုက်၏။
“ကျမဘာသာ ဘယ်သွားသွားပေါ့.. ရှင့်အပူပါလို့လား.. ကမ္ဘာကြီးက အကျယ်ကြီးပဲကို.. ကျမသွားချင်တဲ့နေရာ သွားမှာပေါ့”
ဤအမျိုးသမီးသည် ကျိယောင်ရွှယ်၏ ညီမလေး ဖြစ်နေသောကြောင့် ဆူဇီမိုသည် သူမကို ဘာမျှ ထိခိုက်အောင် မလုပ်နိုင်ပေ။
ထို့အပြင် အမွေအနှစ်ကုန်းမြေမှာတုန်းက နတ်ဆိုးမကျိသည် ထွက်ပြေးဖို့ အခွင့်အရေးရခဲ့သော်လည်း သူမသည် သူ့ကို လျစ်လျူရှုမသွားခဲ့ပေ။ ထို့ကြောင့် သူမသည် မိစ္ဆာဂိုဏ်းများထဲမှ တစ်ယောက်ဖြစ်သော်လည်း စိတ်နေစရိုက်ကတော့ ဆိုးပုံမရပေ။
ဆူဇီမိုသည် လှည့်ထွက်လိုက်သောအခါ သူမကလည်း အလောတကြီး ပြေးလိုက်လိုက်၏။
ခဏကြာပြီးနောက် နတ်ဆိုးမကျိက ရုတ်တရတ် မေးလိုက်၏။
“ဟေ့.. ရှင်ကြည့်ရတာ ကျမကို အရမ်းမုန်းနေသလိုပဲနော်”
“မိစ္ဆာဂိုဏ်းကလူတွေအပေါ်တော့ ဘယ်လိုမှ ငါအကောင်းမမြင်ပေးနိုင်ဘူး” ဆူဇီမိုက ပြန်ဖြေလိုက်၏။
“ခိခိ..”
နတ်ဆိုးမကျိက ရယ်ပြုံးလိုက်ပြီး သူမ၏မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က ဖျတ်ပြေးသွား၏။ သူမသည် ခေါင်းကိုခါလိုက်၏။
“ရှင့်ကို အခြားသူတွေနဲ့ မတူဘူးလို့ ကျမထင်ထားခဲ့တာ.. ဘာထူးလဲ.. ရှင်လဲ အဲ့အရူးတွေထဲကတစ်ယောက်ပဲ”
“အို့”
ဆူဇီမိုက မျက်ခုံးပင့်လိုက်ပြီး ပြန်ပြောလိုက်၏။
“မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းမှားရောက်သွားခဲ့တာပဲ.. ဘာလို့များ အမှားနဲ့အမှန်ကို ခွဲခြားတတ်သလိုပုံစံနဲ့ ပြောနေရတာလဲ.. မင်းအခုလိုဖြစ်နေတာ မင်းအစ်မရော သိလား”
“လမ်းမှားရောက်နေတယ်ဆိုတာ ရှင်ဘာကို ပြောချင်တာလဲ”
နတ်ဆိုးမကျိသည် ရုတ်တရတ် စိတ်ထဲမခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်သွားပုံရပြီး.. ဆူဇီမိုအရှေ့ ပိတ်ရပ်ကာ သူ့မျက်လုံးများကို စိုက်ကြည့်လိုက်၏။
“ရှင်က မိစ္ဆာဂိုဏ်းကလူတွေကို အမြင်မကြည်တာနဲ့ပဲ.. မိစ္ဆာလမ်းကြောင်းက လမ်းမှားလို့ ယူဆလိုက်တယ်ပေါ့လေ.. အဲ့ဒါဆို ရှင်ပြောပါဦး.. မိစ္ဆာတွေဆိုတာ ဘာလဲရော ရှင်သိလား.. မိစ္ဆာဂိုဏ်းတွေနဲ့ ပတ်သတ်ပြီးရော ရှင်ဘယ်လောက်သိလဲ ပြောကြည့်လေ”
ဆူဇီမိုက မှင်တက်ငေးငိုင်သွား၏။ သူသည် ပြန်ဖြေချင်၏။ သို့သော်လည်း ဘယ်လို ပြန်ပြောရမလဲ သူ မသိပေ။
တစ်ကယ်တမ်း.. မိစ္ဆာများ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုဖို့က သူ့အတွက် ခက်ခဲလေသည်။ မိစ္ဆာဂိုဏ်းများနှင့် ပတ်သတ်၍လည်း များစွာ သူ မသိရှိပေ။ တစ်ကယ်တော့ နတ်ဆိုးမကျိနှင့် မတွေ့ဆုံခင်က မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းဆိုတာကိုပင် သူ မကြားဖူးခဲ့ပေ။
ခဏကြာပြီးနောက် ဆူဇီမိုက ပြန်ဖြေလိုက်၏။
“အမှန်တော့.. မိစ္ဆာဆိုတာ ဘာတွေလဲ ကျုပ်မသိပါဘူး.. ဒါပေမယ့်လဲ ကျုပ်သိတာကတော့.. ဝူရှန့်မင်၊ ယန်ဖေးနဲ့.. တခြားသူတွေက စိတ်ရင်းနဲ့ မင်းကို ကာကွယ်ပေးချင်ခဲ့တာ.. ဒါပေမယ့်လဲ နောက်ဆုံးဘာဖြစ်လဲ.. သူတို့အသတ်ခံလိုက်ရတာပဲမှတ်လား”
နတ်ဆိုးမကျိက အေးစက်စက် လှောင်ရယ်လိုက်၏။
“အဲ့ဒါတော့ ရှင်မှားသွားပြီ.. ယန်ဖေးက တိမ်လွှာမိုးစက်ဂိုဏ်းက.. ပြီးတော့ သူက ကျမနောက်ကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လိုက်လာတာ မဟုတ်ဘူး.. ဝူရှန့်မင်နဲ့ ကျန်တဲ့သူတွေရော ဘာထူးလဲ.. သူတို့လဲ ကျမအပေါ် တဏှာရာဂငမ်းငမ်းတက်ပြီး လိုက်လာကြတာလေ.. အဲ့လိုလူမျိုးတွေက မသေသင့်ဘူးလား”
“ကျမမှာသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့နည်းလမ်းတွေ မရှိဘူးဆိုရင်.. သူတို့ ကျမကို ဘယ်လိုပြုမူကြမယ်လို့ ရှင်ထင်လဲ”
ဆူဇီမိုက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထပ်ပြောလိုက်၏။
“ဟိုး အရင်တစ်ခါတုန်းက.. ပျော်ရွှင်ဖွယ်ကလန်လို့ခေါ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ ငါကြုံခဲ့ရဖူးတယ်.. အဲ့ဂိုဏ်းက တပည့်တွေက အကုန်မကောင်းတဲ့စိတ်ထားတွေ ရှိကြပြီးတော့.. အမျိုးသမီးတွေဆို အနိုင်အထက်ပြုကျင့်စော်ကားကြတယ်.. အဲ့အမျိုးသမီးတွေရဲ့ ယင်ဓါတ်ကို သုံးပြီး သူတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့အတွက်ပေါ့.. အခုတိမ်လွှာမိုးစက်ဂိုဏ်းကလဲ အဲ့ပျော်ရွှင်ဖွယ်ကလန်လိုပဲမလား.. ဘာထူးလို့လဲ”
“အဲ့ဒါဆိုရင်တော့ ရှင်ထပ်မှားပြန်ပြီ”
နတ်ဆိုးမကျိက အထင်သေးဟန်ကို ထုတ်ပြလိုက်ပြီး ခေါင်းခါလိုက်၏။
“ပျော်ရွှင်ဖွယ်ကလန်ဆိုတာကို ငါ တစ်ခါမှတောင် မကြားဖူးခဲ့ဘူး.. ငါက တိမ်လွှာမိုးစက်ဂိုဏ်းက မဟုတ်ပါဘူး.. ဒါပေမယ့် ငါသိသလောက်ပြောရရင် ပျော်ရွှင်ဖွယ်ကလန်က တိမ်လွှာမိုးစက်ဂိုဏ်းရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် အဆင့်မရှိဘူး”
သူမသည် ခဏရပ်နားလိုက်ပြီးနောက် ထပ်မေးလိုက်၏။
“ပြီးတော့.. တိမ်လွှာမိုးစက်ဂိုဏ်းအကြောင်း ရှင်ဘယ်လောက်သိလို့လဲ.. ပျော်ရွှင်ဖွယ်ကလန်နဲ့ တိမ်လွှာမိုးစက်ဂိုဏ်းက ဘာမှမထူး အတူတူပဲလို့ ဘာလို့ ရှင်ပြောရတာလဲ.. ဘယ်အချက်အပေါ်မှာ အခြေခံပြီး ပြောရတာလဲ”
“သူတို့ရဲ့ ကျင့်ကြံရေးနည်းစနစ်တွေက....”
“ရှင်က ပျော်ရွှင်ဖွယ်ကလန်က ကျင့်ကြံခြင်းနည်းစနစ်ကို မြင်ဖူးရုံနဲ့.. တိမ်လွှာမိုးစက်ဂိုဏ်းက ကျင့်ကြံခြင်းနည်းစနစ်တွေကိုပါ နားလည်နေပြီလို့ ထင်နေတာလား”
ဆူဇီမိုသည် အသံတိတ် နေလိုက်၏။
နတ်ဆိုးမကျိက ဆက်ပြောလိုက်၏။
“ကျမ ရှင်သိအောင် ပြောပြမယ်.. တိမ်လွှာမိုးစက်ဂိုဏ်းက လူတွေက အမြဲတမ်း ပေါ့ပျက်ပျက် နေတတ်ပြီး.. အမျိုးသမီးတွေနဲ့ ကိုယ်လက်နှီးနှောနေတတ်တယ် ဆိုပေမယ့်လဲ.. သူတို့က ဘယ်အမျိုးသမီးကိုမျှ အတင်းအကျပ် မလုပ်ဘူး.. လုပ်မိရင်လဲ.. တိမ်လွှာမိုးစက်ဂိုဏ်းက သူတို့ကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးလိမ့်မယ်.. သေဒဏ်တောင် ကျနိုင်တယ်”
“ပြီးတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားက ကိုယ်လက်နှီးနှောတယ်ဆိုတာကလဲ.. ယင်ယန်ကို ပေါင်းစပ်လိုက်တဲ့ ကမ္ဘာဦးတာအိုတစ်ခုပဲလေ.. အဲ့ဒါက ဘာမှားနေလို့လဲ.. အဲ့ဒါကသာ ဆိုးယုတ်ပြီးမိစ္ဆာဆန်တယ်ဆိုရင်.. ကမ္ဘာပေါ်မှာရှိတဲ့ လက်ထပ်ပြီးသား ဇနီးမောင်နှံတွေအကုန်လုံးကရော မိစ္ဆာတွေပဲလား”
ဤသည်ကို ကြားရသောအခါ ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
ဒီလိုသာဆိုလျှင် တိမ်လွှာမိုးစက်ဂိုဏ်းနဲ့ ပျော်ရွှင်ဖွယ်ကလန်က များစွာ ခြားနားလေသည်။
တိမ်လွှာမိုးစက်ဂိုဏ်းမှလူများက အခြားသူများကို ဖိအားမပေးပေ။ အမျိုးသမီးများကိုယ်တိုင်က စိတ်ဆန္ဒရှိသည်ဆိုလျှင်တော့ သူတို့ကလည်း ရှောင်ရှားနေမည် မဟုတ်ပေ။
“ပြီးတော့ တစ်ကယ့် မိစ္ဆာဂိုဏ်းက ငါတို့ဂိုဏ်းခုနှစ်ဂိုဏ်းပဲရှိတယ်.. တိတိကျကျပြောရရင်တော့ ခြောက်ဂိုဏ်းပေါ့.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတောင်မှ တစ်ကယ့်မိစ္ဆာဂိုဏ်းလို့ သတ်မှတ်လို့ မရသေးဘူး.. ပျော်ရွှင်ဖွယ်ကလန်လို ကမြောက်ကခြောက်ဂိုဏ်းလေးကတော့ ထည့်ပြောမနေနဲ့တော့.. သူတို့အကုန်လုံးကို မိစ္ဆာတွေလို့ ခေါလို့ ရတယ်များ ရှင်ထင်နေတာလား”
နတ်ဆိုးမကျိက ဆက်ပြောလိုက်၏။
“မိစ္ဆာတွေဆိုတာ ဘာကိုခေါ်တာလဲ ရှင်မသိမှတော့ ကျမက ပြောပြရသေးတာပေါ့”
“ခေတ်အဆက်ဆက်ပြောင်းလဲခဲ့ပေမယ့်.. မိစ္ဆာတာအိုက အင်မော်တယ်တာအို၊ ဗုဒ္ဓတာအိုတွေနဲ့ ရင်ဘောင်တန်းနေနိုင်တာ အကြောင်းရှိတယ်.. မိစ္ဆာတာအိုဆိုတာ.. စွဲလမ်းမှု ဥပါဒါန်တာအိုပဲ.. အစွန်းရောက်တာအိုပေါ့”
“ဥပါဒါန်တာအို.. အစွန်းရောက်တာအို...”
ဆူဇီမိုသည် မျက်မှောင်ကြုတ်ရေရွတ်၍ အတွေးနက်နေမိ၏။
နတ်ဆိုးမကျိပြောသောအရာတွေက ဆူဇီမိုကို မိစ္ဆာဆိုသော ဝေါဟာရအပေါ် နားလည်မှုအသစ်များ ရရှိလာစေ၏။
နတ်ဆိုးမကျိပြောပြသော မိစ္ဆာဆိုတာက ယခင်က ဆူဇီမိုသိခဲ့သောမိစ္ဆာနှင့် လုံးလုံးလျားလျား ကွဲလွဲနေ၏။
ဒါ့အပြင်.. လူတိုင်း၏ နုလုံးသားထဲတွင် တစ်ခုခုအပေါ် ကြိုက်နှစ်သက်မှုစိတ္တဇက အနည်းနှင့်အများဆိုသလို ရှိနေတတ်၏။ သူတို့သာ ထိုကြိုက်နှစ်သက်မှုအပေါ်တွင် နောက်တစ်ဆင့်တက်၍ စွဲလမ်းမှုအဆင့်သို့ ရောက်ရှိသွားပါက ထိုသူသည် မိစ္ဆာအဖြစ်သို့ ကူးပြောင်းသွားနိုင်ပေသည်။
စွဲလမ်းမှုဥပါဒါန်က လူတစ်ယောက်ကို မိစ္ဆာဖြစ်သွားစေနိုင်၏။
ဆူဇီမိုက မေးလိုက်၏။
“အဲ့ဒါက ဥပါဒါန်နဲ့ အစွန်းရောက်မှုတို့ရဲ့ တာအိုဆိုတော့.. တိမ်လွှာမိုးစက်ဂိုဏ်းကရော ဘာကို ကျင့်ကြံကြတာလဲ”
“စည်းစိမ်ယစ်တာအို”
နတ်ဆိုးမကျိက ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။
“တိမ်လွှာမိုးစက်မနောသုတ္တန်မှာဆိုရင်.. စည်စိမ်ယစ်မူးခြင်းက အခြေခံပဲ.. ဒါပေမယ့်လည်း အဓိက တားမြစ်ချက်နှစ်ခုတော့ရှိတယ်.. တစ်ခုက တခြားလူတွေကို ဖိအား၊ တွန်းအားမပေးရဘူး.. နောက်တစ်ခုကတော့ တခြားသူတွေကို စိတ်ခံစားချက်ထွေပြားအောင် မလုပ်ရဘူး”
“ယန်ဖေး ကျမလက်ထဲမှာ သေခဲ့ရတယ်ဆိုတာကလဲ.. သူက တိမ်လွှာမိုးစက်ဂိုဏ်းရဲ့ အဲ့ဒီတားမြစ်ချက်နှစ်ခုကို ဖောက်ဖျက်ခဲ့လို့ပဲ.. အဲ့ဒါကြောင့်လဲ သူ့စိတ်က ခိုင်မာမှုမရှိဘဲ အားနည်းချက်က ပေါ်လာတာပဲ.. သူသေရတာက ဘာမှ အံ့သြနေစရာမရှိဘူး”
တဏှာရာဂနဲ့ စည်းစိမ်ယစ်မူးချင်သည်ဆိုရင်.. အဲ့လူက နုလုံးသားမဲ့နေဖို့လိုလေသည်။
မိစ္ဆာဂိုဏ်းတွေရဲ့ ဥပါဒါန်နဲ့ အစွန်းရောက်မှုဆိုတာ ထိုသို့ပင် ဖြစ်လေသည်။
မိစ္ဆာဆိုသည်မှာ မပြီးပြည့်စုံမှုနှင့် စွဲလမ်းမှုစိတ္တဇတို့၏ ပြရုပ်ပင် ဖြစ်လေသည်။
ဆူဇီမို၏ နုလုံးသားက တုန်ခါသွား၏။ ခဏမျှ ရပ်နားပြီးနောက် သူက မေးလိုက်၏။
“စင်ကြယ်အပျိုစင်ဂိုဏ်းကရော ဘာကို ကျင့်ကြံတာလဲ”
“ရှင့်ကိုလား.. မပြောပါဘူး”
နတ်ဆိုးမကျိက ဒီလောက်တော့ နပ်ပါသည်ဆိုသော အထာမျိုးနှင့် မချိုမချင် ပြုံးလိုက်၏။