လေးနှစ်ကြာပြီးသော်
Vol. 13 Ch. 185
အခန်း ၁၈၅ - လေးနှစ်ကြာပြီးသော်
နတ်ဆိုမကျိ၏ စကားများကို နားထောင်ပြီးနောက် ဆူဇီမိုသည် မိစ္ဆာဂိုဏ်းများနှင့် သူမအပေါ်တွင် နားလည်မှုနှင့် ထင်မြင်မှုအသစ်တို့ ရရှိလာလေသည်။
အင်မော်တယ်နှင့် ဗုဒ္ဓဝါဒတို့လိုပင်.. မိစ္ဆာများမှာလည်း သူတို့၏ ကိုယ်ပိုင်တာအို ရှိလေသည်။
ခဏမျှ ချင့်ချိန်စဉ်းစားနေပြီးနောက် ဆူဇီမိုသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး မေးလိုက်၏။
“ပြီးခဲ့တဲ့လအနည်းငယ်လောက်တုန်းက.. စိတ်ဝိညာဉ်သတ္တုကြောတစ်ခုမှာ ရက်စက်ယုတ်မာတဲ့နည်းလမ်းတွေနဲ့ ကျင့်ကြံသူတစ်ယောက်ကို ကျုပ်တွေ့ခဲ့ရသေးတယ်.. သူက တစ်မြို့လုံးကလူတွေကို သတ်ဖြတ်ပစ်ခဲ့တာလေ.. သူသုံးခဲ့တဲ့နည်းလမ်းက အရမ်းကို ဆိုးယုတ်တာ.. အသက်ရှင်လျှက်လူတစ်ယောက်ကို ခြောက်သွေ့သွားတဲ့အလောင်းကောင်ဖြစ်တဲ့အထိ စုပ်ယူပစ်လိုက်တာ.. သူကရော မိစ္ဆာဂိုဏ်းတွေထဲက တစ်ယောက်ပဲ မဟုတ်ဘူးလား”
“ကျမသိသလောက် ပြောရရင်တော့.. မိစ္ဆာဂိုဏ်းတွေထဲမှာ အဲ့လိုကျင့်ကြံခြင်းနည်းစနစ်မျိုး မရှိပါဘူး” နတ်ဆိုးမကျိက ခေါင်းခါလိုက်၏။
သူမသည် ခဏမျှ ရပ်နားပြီးနောက် ဆက်ပြောလိုက်၏။
“ကျင့်ကြံရေးလောကမှာ မိစ္ဆာဂိုဏ်းတွေ နာမည်ဆိုးထွက်ရတာကလဲ.. ရှင်တို့လို အထက်လမ်းဂိုဏ်းက လူတွေကြောင့်ပဲ.. လူသားမဆန်၊ ဆိုးယုတ်တဲ့တစ်စုံတစ်ရာ တွေ့တာနဲ့ အဲ့ဒါမိစ္ဆာဂိုဏ်းတွေရဲ့လက်ချက်ဆိုပြီး ရှင်တို့က ပုံချလိုက်ကြတာပဲ.. အဲ့လိုစွပ်စွဲတာက တစ်ကယ့် ရွံ့စရာပဲ”
“အဲ့ဒါက မိစ္ဆာဂိုဏ်းက လုပ်တာမဟုတ်ဘူးဆိုရင်လဲ.. ခင်ဗျားတို့လူတွေက ရှေ့ထွက်လာပြီး တရားဝင်ရှင်းပြကြပါလား ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
“ခိခိ”
နတ်ဆိုးမကျိက အေးစက်စက် လှောင်ရယ်မောလိုက်၏။
“မိစ္ဆာဂိုဏ်းတွေက အဲ့လို လုပ်ပေးစရာ လိုလို့လား.. နတ်ဆိုးတွေမှာလဲ သူတို့သိက္ခာနဲ့သူတို့ ရှိပါတယ်”
သူမက ခဏမျှ တွေးတောပြီးနောက် ပြောလိုက်၏။
“မိစ္ဆာဂိုဏ်းတွေထဲက စီနီယာတစ်ယောက်က.. အင်မော်တယ်တွေနဲ့ နတ်ဆိုးတွေကြားက ကွာခြားချက်ကို ဥပမာတစ်ခုပေးပြီး ပြောခဲ့ဖူးတယ်”
“တူညီတဲ့ရတနာတစ်ခုအတွက်.. မိစ္ဆာဂိုဏ်းက ကျင့်ကြံသူတွေဆိုရင် အဲ့ဒါကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လုယူကြလိမ့်မယ်တဲ့.. ဒါပေမယ့် အင်မော်တယ်ဂိုဏ်းက ကျင့်ကြံသူတွေဆိုရင်တော့.. သူတို့က တိတ်တိတ်လေး ကျိတ်ကြံ၊ အကောက်ကြံကြပြီးတော့.. နောက်ဆုံးမှာ မိစ္ဆာဂိုဏ်းကလူတွေလက်ချက်ပါဆိုပြီး နာမည်တပ်ကြလိမ့်မယ်တဲ့”
“အဲ့ဒါတော့ နဲနဲများသွားပြီ”
ဆူဇီမိုက ခေါင်းခါလိုက်၏။
“ကျုပ် ခင်ဗျားနဲ့ ထပ်ပြီးပြိုင်မငြင်းချင်တော့ဘူး”
ထိုသို့ပြောပြီး ဆူဇီမိုက လှည့်ထွက်လိုက်၏။
နတ်ဆိုးမကျိက နောက်ကနေ လိုက်လာပြန်၏။ သို့သော် သည်တစ်ကြိမ်တွင်တော့ ဆူဇီမိုက သူမကို နှင်မထုတ်တော့ပေ။
“ရှင်အခု ဘယ်ကိုသွားနေတာလဲ” သူမက မေးလိုက်၏။
ဆူဇီမိုက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြန်ဖြေလိုက်၏။
“အိမ်ကို တစ်ချက်လောက် ပြန်ကြည့်မလို့”
. . .
ယန်တိုင်းပြည်၏ မြို့တော်သို့ ဆူဇီမိုတို့ ခရီးနှင်နေချိန်တွင်.. ယန်တိုင်းပြည်၏ နယ်နမိတ်စည်းမျဉ်းပေါ်ရှိ နယ်မြို့လေးတစ်မြို့သို့ ကျင့်ကြံသူဆယ်လောက်ကျော်သည် ရောက်ရှိလာကြ၏။
သူတို့ကို ဦးဆောင်လာခဲ့သူက အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်၏။
အမျိုးသားက တလက်လက် တောက်ပနေသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ပုံစံသည် ချောမောလှပကြော့ရှင်း၍ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထား၏။
အမျိုးသမီးကတော့ မြစိမ်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ သူမ၏ နက်မှောင်နေသော ဆံကေသာများသည် လေထဲတွင် မျောလွင့်နေပြီး သူမက လှပသောရုပ်ရည်သွင်ပြင်လေးက တည်ငြိမ်အေးချမ်း၍ နူးညံ့သိမ်မွေ့နေ၏။
သူတို့နှစ်ယောက်စလုံးသည် ဓါးပျံများကို စီးနင်းလာကြပြီး သူတို့၏ အဝတ်စများက လေထဲတွင် တဖျတ်ဖျတ်လှုပ်ခါနေ၏။ သူတို့နှစ်ယောက်သည် နတ်ဖက်ပေးတဲ့စုံတွဲကဲ့သို့ လျစ်လျူရှုလို့မရအောင် ထင်းနေ၏။
သည့်ထက်ပိုပြောစရာရှိသည်က.. သူတို့နှစ်ယောက်စလုံးသည် ပကတိအခြေတည်အဆင့်များ ဖြစ်ကြလေသည်။
သူတို့နောက်က လိုက်ပါလာသော ကျင့်ကြံသူဆယ်ယောက်ကျော်ကျော်မှာလည်း အကုန်လုံး အခြေတည်အဆင့်များ ဖြစ်ကြပြီး.. အစောပိုင်းအဆင့်ကနေ နောက်ပိုင်းအဆင့်ထိ အမျိုးမျိုး ရှိကြလေသည်။
သူတို့၏ ခါးများတွင် ရောင်ဝါလင်းလက်တိမ်နန်းတော်ဆိုသည့် စာလုံးရေးထိုးထားသော ဂိုဏ်းတံဆိပ်ပြားကို ချိတ်ဆွဲထားကြ၏။
ထိုအချိန်သည် နေ့ဘက်ဖြစ်ပြီး လမ်းထဲတွင် သွားလာနေကြသော မြို့သူမြို့သားများ ရှိကြ၏။ သူတို့၏အထက်တွင် အခြေတည်အဆင့်ကျင့်ကြံသူများစွာ ပေါ်လာသည်ကို တွေ့ကြရသောအခါ သူတို့၏ အမူအယာက တစ်မုဟုတ်ချင်း ပြောင်းလဲကုန်ကြ၏။
မြို့သားများက မြေပေါ်တွင် အလောတကြီး ဒူးထောက်လိုက်ကြပြီး အော်ဟစ်လိုက်ကြ၏။
“အင်မော်တယ်အရှင်တို့ကို ကြိုဆိုပါတယ်ခင်ဗျာ!”
လူအုပ်ကြီးထဲမှ မျက်စိအာရုံစူးရှသောတစ်ယောက်က နူးညံ့သိမ့်မွေ့လှသော အမျိုးသမီးကို မှတ်မိသွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“အဲ့မိန်းကလေးက ရှန်မိသားစုက တစ်ယောက်မဟုတ်လား”
“ဟုတ်တယ်ဟ သူပဲ.. မင်းသာမပြောရင် ငါသတိထားမိမှာတောင် မဟုတ်ဘူး.. လေးနှစ်အတွင်း သူက အများကြီး ပြောင်းလဲသွားခဲ့တာပဲ.. အခုကြည့်စမ်း နတ်သမီးလေးကျနေတာပဲ”
“ရှူး.. တိတ်တိတ်နေဟ.. သူ့ကို ကြည့်မနေနဲ့.. သူက အခုအင်မော်တယ် ဖြစ်နေပြီ.. သူစိတ်မကြည်ရင် မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်လိမ့်မယ်”
မြစိမ်းရောင်ဝတ်စုံနှင့် လှပကြော့ရှင်းနေသော အမျိုးသမီးက အခြားသူမဟုတ်ပေ။ လွန်ခဲ့သည့်လေးနှစ်က ပကတိကန်းလန်နှင့်အတူ ရောင်ဝါလင်းလက်တိမ်နန်းတော်သို့ လိုက်ပါသွားခဲ့သော ရှန်မန်းကီပင် ဖြစ်လေသည်။
သူမ၏ ဘေးက အဖြူရောင်ဝတ်စုံနှင့်လူကတော့ သူမ၏ စီနီယာအစ်ကိုဖြစ်သော ရှုယွီဖြစ်လေသည်။
“ဒါက မင်းရဲ့ ဇာတိမြို့ပေါ့လေ.. ဟုတ်လား ဂျူနီယာညီမလေး” ရှုယွီက ဘေးဘက်ရှိ ရှန်မန်းကီကို သိမ်မွေ့စွာကြည့်ရင်း နူးညံ့ညင်သာစွာ မေးလိုက်၏။
“အမ်း..”
သူမသည် အတွေးလွန်နေရင်း စိတ်အာရုံပျက်ယွင်းသွားသလို ပြန်ဖြေလိုက်၏။ သူမ၏ အောက်ဘက်ရှိ မြို့ငယ်လေးကို ကြည့်ရင်း.. ငေးငိုင်နေသောပုံစံနှင့် သက်ပြင်းချလိုက်၏။ သူမ၏ အမူအယာက တစ်မြုံ့မြုံ့ပြန်နေခြင်းမှ နိုးထလာပုံရ၏။
မသိလိုက်မသိဖာသာနှင့်ပင် လေးနှစ်တာက ကုန်ဆုံးခဲ့ပေပြီ။
လွန်ခဲ့သည့် လေးနှစ်ကဆိုလျှင် သူမသည် ပင်ယန်းမြို့၏ အထက်လေထဲတွင် ပကတိကန်းလန်နှင့်အတူ အခုလိုပဲ မတ်တပ်ရပ်နေခဲ့၏။
သို့သော်လည်း ထိုနေ့လည်ခင်းတုန်းက ခေါင်းမာသော လူငယ်လေးတစ်ယောက်သည် ခေါင်းမော့ရင်ကော့၍ ဤလမ်းမထက်မှာပင် မတ်တပ်ရပ်နေခဲ့၏။ သူသည် အခြားသူများလို ကြောက်ရွံ့မှုဖြင့် ဒူးထောက်မနေခဲ့ပေ။
ထိုလူငယ်လေးအကြောင်း တွေးမိချိန်တွင် ရှန်မန်းကီ၏ မျက်နှာထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက ပေါ်လာခဲ့၏။
ထို့နောက် သူမသည် ညင်သာစွာ သက်ပြင်းချ၍ ခေါင်းခါလိုက်၏။
မည်သို့ပင်ဖြစ်စေ.. အင်မော်တယ်နှင့် မော်တယ်တို့က ပေါင်းစပ်၍ မရပေ။ ယခုအခါ သူမသည် ထိုလူငယ်လေးနှင့် တူညီသော အဆင့်မှာ ဟုတ်မနေတော့ပေ။
နောက်ဆယ်စုနှစ် အနည်းငယ်ကြာခဲ့လျှင်.. သူမသည် ယခုအတိုင်း နုပျိုနေဦးမည်ဖြစ်ပြီး သူမ၏ အကောင်းဆုံးအရွယ်မှာပင် ရှိနေပေဦးမည်။ သို့သော်လည်း ထိုလူငယ်လေးကတော့ ထိုအချိန်တွင် သူ့ဘဝ၏ နောက်ဆုံးနေရက်များကို ဖြတ်သန်းနေရမည်ဖြစ်ပြီး အိုမင်း၍ သေဆုံးဖို့ကို စောင့်ဆိုင်းနေရပေတော့မည်။
သူတို့နှစ်ယောက်တွင် မမေ့ဖျောက်နိုင်သော အမှတ်တရများစွာ ရှိခဲ့သော်လည်း.. ထိုအရာကို အချိန်ကာလက တိုက်စားပြီး တဖြည်းဖြည်းမှိန်ဖျော့ ပျောက်ကွယ်သွားရပေတော့မည်။
“ဂျူနီယာညီမလေး.. ဂျူနီယာညီမလေး”
ရှုယွီ၏ အသံက ရှန်မန်းကီကို အတိတ်ကာလ မှတ်ဉာဏ်များထဲမှ ပြန်ဆွဲထုတ်လိုက်၏။
“အာ တောင်းပန်ပါတယ်” သူမက တောင်းပန်သည့်အနေဖြင့် ပြန်ဖြေလိုက်ပြီး သူမ၏ အသံက မရင်းနှီးလွန်း၊ သူစိမ်းမဆန်လွန်းသည့်ပုံစံဖြစ်၏။
ရှုယွီသည် ရောင်ဝါလင်းလက်တိမ်နန်းတော်၏ အတွင်းစည်းတပည့်များထဲတွင် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ဖြစ်၏။ သူသည် သူမကို ပိုးပန်းနေခဲ့သည်မှာ အတော်ကြာခဲ့ပေပြီ။ သို့သော်လည်း သူမက ဘယ်တုန်းကမှ လက်မခံခဲ့သေးပေ။
သူမသည် ဇာတိမြို့သို့ သိုသိုသိပ်သိပ်ဖြင့် တစ်ခေါက်အလည်ပြန်လာဖို့ ဆုံးဖြတ်ခဲ့၏။ သို့သော်လည်း ရှုယွီက သိရှိသွားပြီး စိတ်ပါလက်ပါ တက်ကြွစွာဖြင့် ဂျူနီယာဆယ်ယောက်ကို ခေါ်ဆောင်ကာ သူမနောက်သို့ အဖော်ပြုလိုက်ပါလာခဲ့၏။
သိပ်မကြမီ ရှန်မန်းကီနှင့် အခြားသူများသည် ရှန်မိသားစုအိမ်တော်သို့ ဆင်းသက်ရောက်ရှိလာခဲ့ကြ၏။
သူမမှာ ဆွေမျိုးက တစ်ဦးတည်းသာရှိ၏။ သူမ၏ အစ်ကိုကြီး.. ရှန်းနန်ပင် ဖြစ်လေသည်။
ရှန်မိသားစုက လုံးဝ ပြောင်းလဲသွားခဲ့၏။ ဇောင်မိသားစုနှင့် လီမိသားစုသည် နှိမ်နင်းခံရပြီး ပင်ယန်းမြို့မှ ဖယ်ထုတ်ခံလိုက်ရသော်လည်း ရှန်နန်ကတော့ အတိတ်ကာလတုန်းက ထိုမိသားစုနှစ်ခုနောက်သို့ လိုက်ရင်း အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့၏။ ထိုသို့ဖြင့် သူသည် သူ၏ ဇိမ်ခံအိမ်တော်ကြီးကို တိုးချဲ့ဆောက်လုပ်ထားခဲ့သည်မှာ ကြာခဲ့ပေပြီ။
ဆူရှောင်းနင်ကို ဓါးစာခံအဖြစ် လုပ်ခဲ့တုန်းက ဆူဇီမိုသည် မဲမဲမြင်ရာ အကုန်သတ်ဖြတ်ပစ်ခဲ့ပြီး ရှန်နန်တစ်ယောက်ကိုသာ ချန်ခဲ့၏။
ထိုသို့ဆိုလျှင်တောင် ရှန်နန်သည် နမော်နမဲ့ မလုပ်ရဲပေ။
ဘာပဲပြောပြော ဆူဟုန်သည် ပင်ယန်းမြို့မှာ ရှိစဉ်မှာပင် ဘုရင်အဖြစ် အပ်နှင်းခြင်းခံခဲ့ရ၏။ အပြင်ပိုင်းရလဒ်ကို အားလုံးမျက်မြင်ကိုယ်တွေ့ခဲ့ကြသော်လည်း.. နောက်ကွယ်တွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ မသိရှိခဲ့ကြပေ။
“မန်းကီလား”
ရှန်နန်သည် ရှန်မန်းကီကို မြင်တွေ့သွားပြီး မယုံကြည်နိုင်စွာဖြင့် အမြစ်တွယ်ရပ်နေမိ၏။
“အစ်ကိုကြီး.. ဟုတ်ပါတယ်.. ကျမပါ” ရှန်မန်းကီက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
“ညီမလေး ပြန်လာပြီပေါ့.. ဝမ်းသာလိုက်တာကွာ”
ရောင်ဝါလင်းလက်တိမ်နန်းတော်မှ အခြေတည်အဆင့်ကျင့်ကြံသူဆယ်ယောက်ကျော်ကို မြင်တွေ့ရသောအခါ ရှန်နန်၏ နုလုံးက ကြောက်ရွံ့တုန်လှုပ်စွာ ခုန်လာ၏။ သူ့စိတ်သည် သက်တောင့်သက်သာ မရှိတော့ဘဲ.. အပြုံးတစ်ခုကို လုပ်ယူထားရ၏။
ရှန်မန်းကီထံမှ ရင်းနှီးနေကျမဟုတ်သောအော်ရာကို ရှန်နန်သည် ခံစားနေရ၏။
သူမသည် အင်မော်တယ်လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသွားပြီးနောက် သူတို့၏ သွေးသားတော်စပ်မှုက မှိန်ဖျော့သွားသည်ဟု ထင်လာရ၏။
“မိသားစုက အများကြီး ပြောင်းလဲသွားပြီပဲ”
ရှန်မန်းကီသည် ပြုံး၍ ရှန်အိမ်တော်အတွင်း ဒီအတိုင်း လျှောက်သွားလိုက်၏။ ရှန်နန်သည် ရှေ့မှ မလျှောက်ရဲဘဲ.. သူမအနောက်ကနေသာ လိုက်လာခဲ့၏။
ပတ်ပတ်လည် လျှောက်သွားပြီးနောက် ရှန်မန်းကီက သာမန်ကာလျှံကာ အမူအယာနှင့်ပင် မေးလိုက်၏။
“ရှန်နန်.. ပင်ယန်းမြို့က မိသားစုကြီးလေးစုရော ရှိကြသေးလား.. ဆူမိသားစုရော”
“အာ”
ရှန်နန်သည် ခဏမျှ ငေးငိုင်သွားပြီးနောက် ထူးဆန်းသောအမူအယာဖြင့် ခေါင်းခါလိုက်၏။
“မရှိ.. မရှိကြတော့ဘူးလေ”
“ဆူမိသားစုရော မရှိတော့ဘူးလား”
ရှန်မန်းကီသည် လှမ်းလက်စခြေလှမ်းကို ရပ်တန့်လိုက်ကာ မျက်မှောင်ကြုတ်၍ ရုတ်တရတ် လှည့်မေးလိုက်၏။
“ဟုတ်.. ဟုတ်တယ်.. သူတို့အကုန် မရှိကြတော့ဘူး”
ရှန်နန်က ခေါင်းညိတ်လိုက်ပြီး.. လွန်ခဲ့သည့်လေးနှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်းပြောပြလိုက်၏။
ရှန်မန်းကီက စိတ်ပါဝင်စားစွာ နားထောင်နေခဲ့၏။
“အဲ့ဆူဇီမိုက သိုင်းလောကက ပညာရှင်ဆရာတစ်ယောက်ဆီမှာ တပည့်ခံခဲ့ပုံပဲ.. သူ့ရဲ့ အစွမ်းအစ ခွန်အားတွေက တစ်ဟုန်ထိုး ထိုးတက်လာပြီးတော့.. သူက ဇောင်မိသားစုနဲ့ လီမိသားစုကိုတောင် တစ်ယောက်ထဲလိုလိုနဲ့ အကုန်ချေမှုန်းဖျက်ဆီးပစ်ခဲ့တာ”
ရှန်နန်က ရှန်မန်းကီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။
“ဒါပေမယ့်လို့.. သူက ငါ့ကိုတော့ မသတ်ခဲ့ဘူး.. ကြည့်ရတာတော့ သူက မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထောက်ထားခဲ့ပုံပဲ”
“ဂျူနီယာညီမလေး.. အဲ့ဆူဇီမိုဆိုတာက ဘယ်သူလဲ.. အခု သူက ဘယ်မှာလဲ”
ဆူဇီမိုဆိုသူသည် ရှန်းမန်းကီနှင့် အတိတ်ကာလတုန်းက ထူးခြားတဲ့ ပတ်သတ်ဆက်နွှယ်မှု ရှိခဲ့ပုံကို ဘေးမှရပ်နေသော ရှုယွီက ခန့်မှန်းမိလိုက်၏။ ထို့ကြောင့်ပင် သူသည် မချင့်မရဲ ဖြစ်လာပြီး မကျေမနပ်နှင့် မေးမြန်းလိုက်၏။