← Chapters

မိတ်ဟောင်းဆွေဟောင်း သူငယ်ချင်းဟောင်းများ

Vol. 13 Ch. 186

မိတ်ဟောင်းဆွေဟောင်း သူငယ်ချင်းဟောင်းများ

Vol. 13 Ch. 186

အခန်း ၁၈၆ - မိတ်ဟောင်းဆွေဟောင်း သူငယ်ချင်းဟောင်းများ

Translator – Than Toe Aung

ရှုယွီ၏ လေသံမှ မကျေမချမ်ဖြစ်နေမှုကို သတိထားမိလိုက်ပြီး ရှန်မန်းကီက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။

“သူက ကျမကလေးဘဝတုန်းက ကစားဖော်ကစားဖက် သူငယ်ချင်းဟောင်းတစ်ယောက်ပဲ.. သူ့မှာ စိတ်ဝိညာဉ်ရင်းမြစ်မပါလို့ ကျမတို့လိုတောင် ကျင့်ကြံလို့ရတာ မဟုတ်ဘူး.. ရှင် သူ့ကို အရေးလုပ်မနေပါနဲ့”

“သြော်.. သာမန်အရပ်သားတစ်ယောက်လား.. ငါ့မှာတော့ သူက ဘယ်လိုပုဂ္ဂိုလ်ပါလိမ့်ဆိုပြီး တွေးလိုက်ရတာ”

ရှုယွီက မျက်ခုံးပင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“ညီမက ရောင်ဝါလင်းလက်တိမ်နန်းတော်ကို ဝင်ရောက်ခဲ့တယ်ဆိုတာ.. အဲ့ဆူဇီမိုက သေချာသိမှာပဲ.. ဒါတောင်မှ သူက ညီမအစ်ကိုကို အနိုင်ကျင့်ရဲတယ်ပေ့ါ”ူ

ရှန်မန်းကီက ခေါင်းခါလိုက်၏။

“ထားလိုက်ပါတော့.. အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီပဲ.. နောက်ပြီး အဲ့ဒါက သူ့အမှားလဲ ဟုတ်ချင်မှဟုတ်မှာ”

ရှန်နန်က သူ့ကိုယ်သူ ရိုးသားသယောင်နှင့် ဆူဇီမိုက အခြားသူများကို မည်သို့အနိုင်ကျင့်ခဲ့ကြောင်း ဇာတ်ကြောင်းပြန်ပြောင်း ပြောပြခဲ့သော်လည်း ရှန်မန်းကီက သူ့အစ်ကို၏ အကျင့်စရိုက်အကြောင်း ကောင်းစွာ သိထားလေသည်။

ထို့အပြင် ရှန်နန်က သူမ၏ အကြည့်များကို ‌ရင်မဆိုင်ရဲဘဲ ရှောင်ရှောင်ထွက်သွားခြင်းက အဲ့ဒီမှာ အခြားအကြောင်းရင်းများ ရှိနေသေးသည်ဆိုသော သူမ၏ အတွေးကို ပို၍ ခိုင်မာလာစေ၏။

“ဘယ်လိုလုပ် အဲ့လိုထားလို့ ရပါ့မလဲ”

ရှုယွီက လေးနက်စွာ ပြောလိုက်၏။

“အဲ့ဆူဇီမိုက သူ့နေရာသူ မသိတဲ့ကောင်ပဲ.. သူက သာမန်အရပ်သားတစ်ယောက်ပဲ ရှိသေးတာတောင် မောက်မောက်မာမာပြုရဲတယ်ပေါ့လေ.. ငါသာ သူနဲ့တွေ့ဖြစ်ရင် မှတ်လောက်သားလောက်အောင် သင်ခန်းစာကောင်းကောင်း ပေးလိုက်ဦးမယ်”

အစတုန်းကတော့.. ရှုယွီသည် ဤကိစ္စတွင် ဝင်ပါလိုခြင်း မရှိပေ။ သို့သော်လည်း ရှန်မန်းကီက ဆူဇီမိုဘက်ကနေ ကာကွယ်ပေးလိုနေကြောင်း အရိပ်အမြွက် သူခန့်မှန်းမိလိုက်၏။

သူမက ထိုသို့ ကာကွယ်ပေးလေလေ.. သူက ဤကိစ္စတွင် ဝင်ပါ၍ ထိုလူကို ကြည့်ချင်မြင်ချင်လာလေလေဖြစ်၏။

သူသည် ရှန်နန်ကို ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်၏။

“သခင်လေးရှန်.. အခု အဲ့လူက ဘယ်မှာလဲ”

ရှန်နန်က အစတုန်းကတော့ ဘာမျှ လုပ်ဖို့ စိတ်ကူး မရှိပေ။ သို့သော် သူသည် ရှုယွီ၏ စကားများကို ကြားသောအခါ သူ့စိတ်သည် တက်ကြွလာပြီး စွမ်းအင်များ ပြည့်ဝလာ၏။

အထစ်ထစ်အငေ့ါငေါ့နှင့် သူသည် ပြန်ပြောလိုက်၏။

“သူ.. သူက ပင်ယန်းမြို့ကနေ ထွက်.. ထွက်သွားတာ နှစ်နှစ်လောက်တောင် ရှိသွားပါပြီ.. အခု သူဘယ်ရောက်နေလဲ ကျတော်လဲ မသိပါဘူး”

ရှုယွီက မျက်မှောင်ကြုတ်လိုက်၏။

မဟာကျိုးအင်ပါယာက ကျယ်ပြောလှပြီး တိုင်းပြည်ခွဲများက များစွာရှိ၏။ ထိုအထဲတွင် လူတစ်ယောက်ကို ရှာဖွေရခြင်းက ကောက်ရိုးပုံထဲကျပျောက်သွား‌သော အပ်တစ်ချောင်းကို ရှာဖွေနေသလိုပင် ဖြစ်တော့မည်။

ရှန်နန်က ညင်သာစွာ ချောင်းဟန့်လိုက်၏။

“ဒါပေမယ့်လို့.. သူ့မှာ ဆူဟုန်လို့ခေါ်တဲ့ အစ်ကိုတစ်ယောက်တော့ရှိတယ်.. သူက လက်ရှိ ယန်ဘုရင်ပဲ.. သူ့ရဲ့ မြင့်မားတဲ့ အဆင့်အတန်းကြောင့် ကျုပ်တို့ရဲ့ ဘာမှမတတ်နိုင်..”

“ဟမ့်!”

ရှုယွီက ငေါက်ငမ်းလိုက်၏။

“မော်တယ်ဘုရင်ဆိုတာလဲ.. မော်တယ်တစ်ယောက်ပဲလေ.. သူက ဂိုဏ်းလေးတွေက ချီစုဖွဲ့စစ်သည်တော်အဆင့်လောက်ပဲရှိတာ.. ငါ့လို ရောင်ဝါလင်းလက်တိမ်နန်းတော်က အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အရှေ့မှာဆို.. ယန်ဘုရင်ဆိုလဲ ဒူးထောက်ရမှာပဲ”

ရှန်နန်သည် နားထောင်နေရင်း သူ့မျက်လုံးများက တောက်ပလာပြီး သွေးများက ဆူပွက်လာ၏။

သူသည် ယန်ဘုရင်ကို အထက်စီးကနေကြည့်ပြီး.. ခေါင်းတောင်မဖော်ဝံ့အောင် ဒူးထောက်ခိုင်းထားနိုင်ပုံကို စိတ်ကူးပုံဖော်ကြည့်နေမိ၏။ ဘယ်လောက်ဝင့်ကြွားဖွယ် ကောင်းလိုက်မလဲ။

ရှုယွီက ဂုဏ်ယူဝင့်ကြွားစွာ ကြေငြာလိုက်၏။

“အဲ့ဒါ အတော်ပဲပေါ့ ဂျူနီယာညီမလေးရဲ့.. အဲ့ဆူဇီမိုက ညီမရဲ့ အစ်ကို အနိုင်ကျင့်ခဲ့တာဆိုတော့.. ငါတို့ကလဲ ယန်တိုင်းပြည်ကို သွားပြီးတော့ သူ့အစ်ကိုကို သွားဆုံးမကြတာပေါ့.. ခိခိ.. ပါးကိုက်နားကိုက်ပေါ့ မဟုတ်ဘူးလား”

ရှန်မန်းကီက မျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းနေမိ၏။

“ဂျူနီယာညီမလေး.. ဒီကိစ္စအတွက်မဟုတ်ရင်တောင် ဘာပဲဖြစ်ဖြစ် ငါတို့က ယန်တိုင်းပြည်ကို သွားရမှာပဲ‌လေ”

ရှုယွီက ဆက်ပြောလိုက်၏။

“ဂျူနီယာညီလေးဇောင်က ပြီးခဲ့တဲ့နှစ်နှစ်လောက်က ဘာသဲလွန်စမှ မရဘဲ ပျောက်သွားခဲ့တာ.. ဆရာက ငါတို့ကို မှာလိုက်တယ်.. ယန်တိုင်းပြည်ရဲ့ ကျင့်ကြံသူအများစု စုဝေးတတ်တဲ့နေရာတွေမှာ စုံစမ်းထောက်လှမ်းကြည့်ဖို့လေ.. အဲ့ယန်တိုင်းပြည်ရဲ့ မြို့တော်က သတင်းအချက်အလက် စုံစမ်းဖို့ အကောင်းဆုံးပေါ့”

“အင်း.. ဟုတ်ပါတယ်လေ”

ရှန်မန်းကီက ခေါင်းညိတ်လိုက်၏။

ရှုယွီက သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ယာဉ်ပျံတစ်ခုကို ဆွဲထုတ်လိုက်ပြီး စိတ်ဝိညာဉ်ချီများကို ထိုးသွင်းလိုက်၏။ ၎င်းက ပြန့်ကာလာပြီး လေထဲတွင် မျောလွင့်လာ၏။

ရှုယွီက ပြုံး၍ ပြောလိုက်၏။

“သခင်လေးရှန် လာလေ အတူသွားကြတာပေါ့.. ယန်ဘုရင်နဲ့တွေ့တဲ့အခါ ခင်ဗျားခေါင်းကို အေးဆေးမော့ထားလို့ရပြီ”

ရှန်နန်က အလောတကြီး ခေါင်းညိတ်လိုက်ပြီး.. သူ့ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်လာ၏။ သူ့မျက်လုံးများက သူ၏ စိတ်ခံစားချက်များကို‌ ကောင်းကောင်း မဖုံးကွယ်နိုင်ပေ။

ရောင်ဝါလင်းလက်တိမ်နန်းတော်မှ အခြားကျင့်ကြံသူများကလည်း.. ယာဉ်ပျံပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လိုက်ကြ၏။ ရှုယွီ၏ ထိန်းချုပ်မှုအောက်တွင် ယာဉ်ပျံက လေထဲသို့ တက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ယန်တိုင်းပြည်၏ မြို့တော်ရှိရာသို့ ဦးတည်ပျံသန်းသွား၏။

. . .

ရက်အနည်းငယ်ကြာ ခရီးနှင်ပြီးနောက် ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့သည် ယန်တိုင်းပြည်၏ မြို့တော်သို့ နောက်ဆုံး ရောက်ရှိလာခဲ့၏။

လွန်ခဲ့သည့်နှစ်နှစ်တုန်းက ဆူဇီမိုသည် ဤနေရာတွင် ရှိခဲ့၏။

ညီလာခံခန်းမထဲတွင်.. သူသည် ယန်ဘုရင်ကျောက်ချန်၏ ဦးခေါင်းကို အားလုံး၏ ရှေ့မှောက်မှာပင် ပိုင်းဖြတ်ပစ်ခဲ့၏။ သူသည် ထိုလူ၏ ဦးခေါင်းကို သူ့ခါးမှာချိတ်ပြီး သွေးလွှမ်းတိုက်ပွဲကို ဆင်နွှဲကာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိစွာဖြင့် သူ့သွားရမည့်လမ်းကြောင်းကို ဖောက်ထွက်ခဲ့၏။

အဖြစ်အပျက်များအားလုံးက မနေ့တစ်နေ့ကလိုပင်။

အနည်းငယ်ရပ်နားလိုက်ပြီးနောက်.. ဆူဇီမိုသည် သူ့ဓါးပျံကို စီးနင်းကာ နန်းတော်ရှိရာသို့ ဦးတည်လိုက်ပြီး လျှင်မြန်စွာပင် ၎င်း၏အထက်လေထဲသို့ ရောက်ရှိလာခဲ့၏။ု

“အဲ့ဒါ ဘယ်သူလဲကွ”

အောက်ဘက်မှ တစ်ယောက်က လှမ်း၍ ဟောက်လိုက်၏။

ထို့နောက် ချီစုဖွဲ့စစ်သည်တော်နှစ်ယောက်သည် သူတို့၏ ဓါးပျံကို ထုတ်၍ စီးနင်းကာ လေထဲသို့ ပျံတက်လာကြပြီး ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့၏ အ‌ရှေ့သို့ ရောက်ရှိလာခဲ့၏။

သူတို့နှစ်ယောက်သည် ချီစုဖွဲ့အဆင့်များ ဖြစ်ကြပြီး တစ်ယောက်က အဆင့်၆ဖြစ်ကာ နောက်တစ်ယောက်က အဆင့်၉ဖြစ်၏။

သူတို့သည် စိတ်ဝိညာဉ်အကဲဖြတ်ခြင်းကိုသုံး၍ ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့ကို စစ်ဆေးလိုက်ပြီးနောက် သူတို့၏ အမူအယာက လုံးဝပြောင်းလဲသွားပြီး တုန်လှုပ်ချောက်ချားသွား၏။

ဆူဇီမို၏ လက်ရှိကျင့်ကြံရေးအဆင့်က အစောပိုင်းအခြေတည်အဆင့်မှာ ရှိနေပြီး သူတို့နှစ်ယောက်စလုံးထက် များစွာသာလွန်နေ၏။

မျက်နှာတွင် မျက်နှာဖုံးတစ်ခုကို တပ်ဆင်၍ မတ်တပ်ရပ်နေသော နတ်ဆိုးမကျိကိုကား.. သူတို့သည် သူမ၏ ကျင့်ကြံမှုကို ထောက်လှမ်းလို့မရချေ။

“စီနီယာတို့ကို ကြိုဆိုနှုတ်ဆက်ပါတယ်ခင်ဗျာ”

ချီစုဖွဲ့စစ်သည်တော်နှစ်ယောက်သည် လျှင်မြန်စွာ တုန့်ပြန်လိုက်ကြပြီး အလောတကြီး ဦးညွှတ်လိုက်ကြ၏။

သူတို့ထဲမှ တစ်ယောက်က အကဲစမ်းလိုပုံနှင့် သတိထား၍ မေးလိုက်၏။

“ဒီက စီနီယာတို့နှစ်ယောက်က ဘာအတွက် ဒီနေရာကို ရောက်လာတာလဲ သိခွင့်ရှိမလားခင်ဗျာ”

“ငါ့ကို ယန်ဘုရင်ဆီကို ခေါ်သွားပေးပါ”

ဆူဇီမိုက ဖော်ရွေစွာ ပြုံးပြလိုက်၏။

“အဲ့ဒါကတော့...”

အမျိုးသားနှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့သည် ချက်ချင်း သဘောမတူနိုင်ကြပေ။

မည်သို့ပင်ဆိုစေ.. သူတို့သည် ဤအစိမ်းရောင်ကျင့်ကြံသူ၏ သရုပ်သကန်ကို မသိရှိရပေ။ ထိုကဲ့သို့သော သူစိမ်းတစ်ယောက်ကို သူတို့သည် နမော်နမဲ့နှင့် အရမ်းကာရော ခေါ်မသွားရဲပေ။

သို့သော်လည်း သူတို့ရှေ့မှ အမျိုးသားနှင့် အမျိုးသမီးသည် သူတို့ထက် ကျင့်ကြံမှုအဆင့်က မြင့်မားနေ၏။ သူတို့သည် အားသုံး၍ အတင်းဝင်မည်ဆိုလျှင်တောင် သူတို့ကို မည်သူမျှ တားဆီးနိုင်လိမ့်ကြမည် မဟုတ်ပေ။

ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှ ဓါးအလင်းတန်းတစ်ခုက ပျံသန်းလာ၏။

ထိုပုဂ္ဂိုလ်က နီးကပ်လာပြီး ဆူဇီမိုကို မြင်ရသောအခါ သူ့မျက်လုံးက ဝင်းလက်သွားပြီး ပျော်ရွှင်စွာ ပြောလိုက်၏။

“ဒုတိယသခင်လေးဆူပါလားဗျ”

“အစ်ကိုစုန့်.. မတွေ့ရတာ နှစ်နှစ်တောင် ရှိပါရော့လား.. ကျန်းမာပါစ” ဆူဇီမိုက ပြုံး၍ နှုတ်ဆက်လိုက်၏။

ယခုရောက်ရှိလာသောသူကား.. လွန်ခဲ့သည့်နှစ်နှစ်လောက်က ဆူမိသားစုကို ကာကွယ်ဖို့အတွက် ဆူဇီမိုငှားရမ်းခဲ့သော ချီစုဖွဲ့စစ်သည်တော်.. စုန့်ချီပင် ဖြစ်လေသည်။

ထိုအချိန်တုန်းက စုန့်ချီသည် ချီစုဖွဲ့မှုအဆင့်၈သို့ ချိုးဖျက်ဝင်ရောက်ကာစဖြစ်ပြီး.. ယခုအခါ သူသည် အဆင့်၉သို့ ရောက်ရှိနေပေပြီ။

“အာ.”

ဆူဇီမိုသည် ဓါးပျံစီးနင်းနေတာကို မြင်တွေ့လိုက်ရပြီး စုန့်ချီသည် မယုံကြည်နိုင်စွာ မျက်လုံးပြူးသွား၏။

သူမှတ်မိသလောက်ဆိုလျှင်.. ဆူဇီမိုမှာ စိတ်ဝိညာဉ်ရင်းမြစ်မပါရှိဘဲ၊ ကျင့်ကြံနိုင်ခြင်း မရှိပေ။ ဒါနဲ့များ.. သူက ဘယ်လိုလုပ်ပြီး ဓါးပျံစီးနင်းနိုင်နေရတာပါလဲ။

မသိလိုက်မသိဖာသာနှင့်ပင် စုန့်ချီသည် ဆူဇီမို၏ ကျင့်ကြံခြင်းကို စိတ်ဝိညာဉ်အကဲဖြတ်ခြင်းနှင့် စစ်ဆေးကြည့်လိုက်မိ၏။

စုန့်ချီသည် လွန်စွာတုန်လှုပ်သွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျတော့မလိုပင် ဖြစ်သွား၏။

အစောပိုင်း အခြေတည်အဆင့်တဲ့လား!

လွန်ခဲ့သည့်နှစ်နှစ်တုန်းက.. စိတ်ဝိညာဉ်ရင်းမြစ် သို့မဟုတ် မည်သည့် အခြေခံအုတ်မြစ်မျှ မရှိခဲ့သည့် မော်တယ်တစ်ယောက်က ယခုအခါ အခြေတည်အဆင့်သို့တောင် ရောက်နေပြီတဲ့လား.. အာလားလား!

ပြီးခဲ့သည့်နှစ်နှစ်အတွင်း စုန့်ချီသည်လည်း ဒီအတိုင်း အလေလိုက်နေခဲ့တာတော့ မဟုတ်ပေ။ ထိုသို့ဆိုလျှင်တောင် သူသည် အဆင့် တစ်ဆင့်သာ ချိုးဖျက်တက်လှမ်းနိုင်ခဲ့၏။

တစ်ကယ်တော့ စုန့်ချီမသိရှိသည်မှာ.. ဆူဇီမိုသည် နှစ်ဝက်လောက်ကို မိုးကြိုးထစ်ချုန်းတောင်ကြားတွင် နေခဲ့ရပြီး ထိုအချိန်အတွင်း သူ့ကျင့်ကြံမှုအဆင့်က လုံးဝတိုးတက်ခဲ့ခြင်း မရှိပေ။

ထို့အပြင်.. ဆူဇီမိုသည် သူ့စိတ်ဝိညာဉ်ချီများ၏ ထက်ဝက်လောက်ကို ခန္ဓာမီးဆေးခြင်းတွင် အသုံးပြုခဲ့ရ၏။

သူတို့နှစ်ယောက်အကြားက ကွာဟချက်က ကြီးမားလွန်း၏။

ယန်တိုင်းပြည်တစ်ခုလုံးမှာတောင်.. အခြေတည်အဆင့်ကျင့်ကြံသူများကို ထိပ်တန်းအဆင့်ပညာရှင်များအဖြစ် သတ်မှတ်လို့ရ၏။

အဓိကကတော့ သူတို့နှစ်ယောက်အကြားက စိတ်ဝိညာဉ်ရင်းမြစ်၏ အဆင့်ကွာခြားချက်ကြောင့် ဖြစ်လေသည်။

“ဒုတိယသခင်လေးဆူ.. ခင်ဗျားက နှစ်နှစ်အတွင်း အများကြီး ပြောင်းလဲသွားခဲ့တာပဲနော်”

စုန့်ချီက သက်ပြင်းချ၍ ခေါင်းခါကာ သူ့ကိုယ်သူ အပြစ်တင်လိုက်၏။

သူ့မျက်စိနှင့်သာ တပ်အပ်မြင်တွေ့ရခြင်း မဟုတ်လျှင်.. ထိုအချိန် ပင်ယန်းမြို့မှ ထိုလူငယ်လေးက ယနေ့မှာ ဤမျှအဆင့်ထိ ရောက်ရှိလာလိမ့်မည်ဟု မည်သို့မျှ သူယုံကြည်လိမ့်မည် မဟုတ်ပေ။

နတ်ဆိုးမကျိက ဘေးကနေ မျက်စိမှိတ်ပြလိုက်၏။ သူမသည် သွားဖြဲ၍ တိုးတိုးလေး ညင်သာစွာ ပြောလိုက်၏။

“ဒုတိယသခင်လေးဆူတဲ့လား.. ဟီးဟီး.. စိတ်ဝင်စားစရာပဲ”

“ဒီနှစ်တွေထဲ အစ်ကိုကြီးရော ဘယ်လိုလဲ” ဆူဇီမိုက မေးလိုက်၏။

“သခင်လေးက နေကောင်းပါတယ်.. တစ်ခုပဲ.. သူက ခင်ဗျားတို့နှစ်ယောက်ကို အရမ်းလွမ်းနေရှာတာ.. သူက ခင်ဗျားအပြင်မှာ အန္တရာယ်တွေနဲ့တွေ့ပြီး အနိုင်ကျင့်ကြံခံရမှာကို အရမ်းစိုးရိမ်နေရှာတာ”

ထိုစကားက ဆူဇီမို၏ နုလုံးသားကို အလွန်ထိသွား၏။

စုန့်ချီက ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့ကို အ‌နောက်ဘက်နန်း‌ဆောင်ဆီသို့ ဦးဆောင်ခေါ်သွား၏။

ယန်ဘုရင်၏ အနောက်ဘက်နန်းဆောင်က တိတ်ဆိတ်ငြိမ်သက်ပြီး ရှင်းလင်းနေ၏။ အဲ့ဒီမှာ လှပတဲ့မိန်းမပျိုလေးတွေ မရှိသလို.. ကိုယ်လုပ်တော်သုံးထောင်လည်း ရှိမနေပေ။ ထို့အစား သူတို့သည် ဆူမိသားစုဝင်အချို့ကိုသာ မြင်တွေ့နိုင်လေသည်။

All Chapters