ပြန်လည်ဆုံဆည်းကြခြင်း
Vol. 13 Ch. 187
အခန်း ၁၈၇: ပြန်လည်ဆုံဆည်းကြခြင်း
ယန်ဘုရင်၏ နားနေဆောင်ထဲတွင်..
ယန်ဘုရင်ဖြစ်သောဆူဟုန်သည် တည်တံ့သောမျက်နှာထားနှင့် ရှိနေ၏။ သူသည် ဦးလေးကျန့်နှင့် စစ်တုရင်ထိုးနေပြီး ကစားပွဲက အထွတ်အထိပ် အနေအထားသို့ ရောက်ရှိနေလေပြီ။
အစောင့်အရှောက်များ ဖြစ်ကြသော လျှိုယုနှင့် ယုချီဟိုတို့သည် ဘေးကနေ မတ်တပ်ရပ်နေပြီး သူတို့နစ်ယောက်၏ ကစားပွဲကို စိတ်ပါ၀င်စားစွာ ကြည့်ရှုနေကြ၏။
ဦးလေးကျန့်၊ လျှိုယုနှင့် ယုချီဟိုတို့သည် ဟိုးတုန်းကတည်းက ဆူမိသားစုတွင် ရှိခဲ့ကြသူများဖြစ်ပြီး အလွန်တရာ သစ္စာစောင့်သိသူများဖြစ်ကြ၏။ ဆူမိသားစုက အနိမ့်ပါးဆုံး အခြေအနေသို့ ကျရောက်နေပြီး သုတ်သင်ရှင်းလင်းခံရတော့မည့် အခြေအနေသို့ ရောက်ရှိနေခဲ့စဉ်မှာပင် သူတို့က လုံး၀ရှောင်ဖယ်ထွက်ခွာ မသွားခဲ့ပေ။
"သခင်လေး.. သခင်လေးရဲ့ အသက်အရွယ်က မငယ်တော့ဘူးနော်.. ဒီတိုင်းပဲအချိန်တွေ ဖြုန်းနေတော့မှာလား၊ လက်ထပ်ဖို့ရော စိတ်ကူးမရှိတော့ဘူးလား။" လေးနှစ်ကြာပြီးနောက် ဦးလေးကျန့်က ပို၍ အိုစာလာ၏။ သို့သော်လည်း သူ့မျက်လုံးများကတော့ ကြည်လင်နေဆဲဖြစ်ပြီး ဉာဏ်အမျှော်အမြင်ရှိမှုကို ဖော်ပြပေးနေ၏။
သူတို့အချင်းချင်းသာ ရှိကြသည့်အချိန်ဆို သူတို့သည် တစ်ယောက်ကိုတစ်ယောက် အရင်က ခေါ်နေကြအတိုင်း ခေါ်ကြလေ၏။
ဆူဟုန်က ဆိတ်ဆိတ်သာနေ၏။
"သခင်လေး.. ဆူမိသားစုရဲ့မျိုးဆက်က ဆက်လက်ထွန်းကားရမယ်မလား" ဦးလေးကျန့်က ထပ်မံဖျောင်းဖျလိုက်၏။
ဆူဟုန်သည် စားပွဲကို ဘန်းကနဲ ရိုက်လိုက်ပြီး စစ်တုရင်ရုပ်တစ်ရုပ်ကို ကောက်ကိုင်ကာ ကစားကွက်၏ တစ်နေရာသို့ ပြုံး၍ ချလိုက်၏။
"ဦးလေးကျန့်.. ခင်ဗျား အာရုံစိုက်တော့နော်၊ မဟုတ်ရင်တော့ ခင်ဗျားရှုံးတော့မယ်"
ဆူဟုန်က ထိုအကြောင်းကိုပြောဖို့ ဆန္ဒမရှိတာကို သေချာစွာ သိလိုက်ရပြီးနောက် ဦးလေးကျန့်က ခါးသက်သက်ပြုံးကာ သက်ပြင်းချလိုက်၏။
"ကျုပ်က အရင်လို အားအင်တွေ မပြည့်၀တော့ဘူး၊ ကျုပ် အခု အိုစာလာပြီ"
ထိုအချိန်မှာပင် အပြင်ဘက်မှ ရယ်သံများ ထွက်ပေါ်လာပြီး.. စုန့်ချီ၏ အော်သံကပါ ထွက်ပေါ်လာ၏။
"သခင်လေး.. ဆရာကျန့်.. ဒီမှာ ဘယ်သူရောက်လာလဲ မှန်းကြည့်စမ်းပါဦး"
ယန်ဘုရင်၏ နားနေဆောင်တံခါးက ပိတ်ထား၏။ ဆူဟုန်နှင့် အခြားသူများသည် အပြင်ဘက်က ပုံရိပ်များကို ဝိုးတဝါးသာ မြင်တွေ့ရပြီး ဘယ်သူဘယ်ဝါ မသိရှိရပေ။
ထိုစကားသံကို ကြားသောအခါ ဆူဟုန်က ခေါင်းခါရင်း ပြုံးလိုက်၏။
"ဘာတွေများ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ၊ ဘယ်သူမို့လဲ"
ဦးလေးကျန့်သည် ခဏမျှ တိတ်ဆိတ်နေ၏။ ထို့နောက် သူ့စိတ်ထဲ အတွေးတစ်ခုက ရောက်လာပြီး တီးတိုးရေရွတ်လိုက်၏။
"ဒုတိယသခင်လေး ဒါမှမဟုတ် သခင်မလေးများ ဖြစ်နေမလား"
"ရှောင်းနင်က အခုအင်မော်တယ်လမ်းကို လျှောက်လှမ်းနေတာဆိုတော့ သူ့မှာပြန်လာဖို့ အချိန်က ဘယ်လိုမှရမှာ မဟုတ်သေးဘူး.. ဇီမိုကတော့. . ." ဆူဟုန်၏ မျက်၀န်းထဲတွင် စိုးရိမ်ပူပန်မှုတို့က ပေါ်လာ၏။
"အဲ့ကောင်လေး ဘယ်ရောက်ဘယ်ပေါက်နေလဲ ငါလဲမသိတော့ပါဘူး၊ ငါသူ့ကို မတွေ့ရတာ နှစ်နှစ်တောင် ရှိပါရောလား"
"အစ်ကိုကြီး ကျုပ်ပြန်လာပြီဗျ"
တစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်၏။ သူသည် အစိမ်းရောင်၀တ်စုံ၀တ်ဆင်ထားပြီး စာပေအော်ရာ လွှမ်းခြုံထားကာ သန့်ပြန်ကြည့်ကောင်းလှ၏။ ထိုသူက ဆူဇီမိုပင် ဖြစ်လေသည်။
"ဒုတိယသခင်လေး.."
"ဒုတိယသခင်လေး.. တစ်ကယ်ကြီး ရောက်လာတာဟ"
လျှိုယုနှင့် အခြားသူများတွင် ၀မ်သာပီတိပျော်ရွှင်မှုတို့က လှိုက်တက်လာပြီး အားပါးတရ ရယ်မောလိုက်ကြ၏။
"ဇီမို!"
ဆူဟုန်၏ မျက်လုံးများက တစ်ဖျတ်ဖျတ် လက်လာ၏။ သူသည် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်ပြီး ရှေ့သို့လှမ်းထွက်လာ၏။ သူ့ကိုယ်သူ တတ်နိုင်သမျှ ထိန်းချုပ်လိုက်သော်လည်း သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို ထိန်းမရဖြစ်နေ၏။
ဆူဟုန်က သူ့ကို သေချာစေ့စပ်စွာ ကြည့်နေချိန်တွင် ဆူဇီမိုကလည်း ဆူဟုန်ကို ပြန်လည် အကဲခတ်ကြည့်နေ၏။
နှစ်နှစ်ကြာပြီးနောက်.. ဆူဟုန်က များစွာ ပြောင်းလဲသွားပုံ မပေါ်ပေ။
ဟိုအရင် သူသည် ယန်ဘုရင်ကို လုပ်ကြံရာ ကျရှုံးခဲ့တုန်းက သူသည် မျှော်လင့်ချက်ပျက်သုန်း နုလုံးကွဲကြေပြီး ညတွင်းချင်းပင် သူ့ဆံပင်များက ဖြူဖွေးသွားခဲ့၏။ တစ်ချက်ကြည့်လိုက်မည်ဆိုရင် သူ့ပုံစံက အိုမင်းနေသော အဖိုးအိုတစ်ယောက်လို ထင်ရ၏။
တစ်ကယ်တော့ ဆူဟုန်၏ အသက်က ၃၄နှစ်သာ ရှိသေး၏။
လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီးနောက် ဆူဟုန်သည် ဆူဇီမိုအား တင်းကျပ်စွာ ပွေ့ဖက်လိုက်ရင်း အားမာန်ပါစွာ လှုပ်ရမ်းလိုက်၏။ နောက်ဆုံး သူသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
"တယ်ဟုတ်ပါလား.. မင်းက အရင်ကထက် ပိုသန်မာလာတာပဲ"
"သခင်လေး မသိသေးဘူးထင်တယ်.. အခု ဒုတိယသခင်လေးဆူက ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဗျ.. ဒါတင်မကဘူးနော်၊ သူ့ကျင့်ကြံမှုအဆင့်က ကျုပ်ထက်တောင် မြင့်သေးတယ်" စုန့်ချီက ဘေးကနေ မှတ်ချက်ပြု ပြောလိုက်၏။
"အို၊ တစ်ကယ်ကြီးလားဟ" ဆူဟုန်၏ မျက်၀န်းက ၀င်းလက်သွား၏။
ဆူဇီမိုကလည်း ဖုံးကွယ်မနေဘဲ ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ် အစ်ကိုကြီး.. ဆန်းကြယ်တောင်ထွတ်လို့ခေါ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ကျုပ်၀င်ရောက်ခဲ့တယ်၊ အဲ့ဒါက မဟာကျိုးအင်ပါယာရဲ့ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းပဲ.. ရှောင်းနင်ရဲ့ အဇူရာနှင်းမြူလွှာဂိုဏ်းထက် အောက်ကျမှာ မဟုတ်ဘူး"
"တယ်ဟုတ်ပါလားကွ၊ ကောင်းတယ်ကွာ" ဆူဟုန်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်၏။ လျှိုယုနှင့် အခြားသူများလည်း နှစ်ခြိုက်သွားကြ၏။
ဤအချိန်တွင် ဆူဟုန်၏ အကြည့်က ဆူဇီမို၏ ဘေးဘက်ရှိ မိန်းကလေးဆီသို့ ရောက်သွား၏။ သူသည် အနည်းငယ် ငေးကြောင်သွားပြီးနောက် သူ့ရင်ထဲတွင် ကျေနပ်ဘ၀င်ခိုက်မှုက ဖြစ်ပေါ်လာ၏။
"ဒီကလေးမက...."
ဆူဇီမိုသည် ထိုအခါမှသာ သူ့ဘေးမှာ နတ်ဆိုးမကျိရှိနေသေးတာကို သတိရသွား၏။ သူက မိတ်ဆက်ပေးမလို့ ဟန်ပြင်လိုက်စဉ်မှာပင် သူမ၏ အသံကို သူကြားလိုက်ရ၏။ ထိုအသံက ကျောက်စိမ်းပြားပေါ်သို့ ပုလဲလုံးကလေးများ ပြုတ်ကျလာသလို လူတိုင်း၏ နားထဲသို့ သာယာနာပျော်ဖွယ် စီး၀င်သွား၏။
"မင်္ဂလာပါနော်.. အစ်ကိုကြီး"
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
ဆူဟုန်ကို သူက အစ်ကိုကြီးဟု ခေါ်တာက သဘာ၀ကျလေသည်။ သို့သော်လည်း နတ်ဆိုးမကျိက ဘာလို့ သူခေါ်သလို လိုက်ခေါ်ရတာလဲ!
ဆူဇီမိုသည် ဘေးဘက်သို့ ကြည့်လိုက်ပြီး သူမကို သတိပေးချင်၏။ သို့သော်လည်း သူသည် အာရုံပျက်ယွင်းသွားပြီး နေရာမှာပင် ရပ်တန့်နေမိ၏။
နတ်ဆိုးမကျိက သူ့မျက်နှာဖုံးကို ဆွဲချွတ်လိုက်၏။ လှစ်ဟထွက်ပေါ်လာသော ပြိုင်ဘက်ကင်း အလှတရားက အားလုံးကို ဖမ်းစားသွား၏။ သူမသည် ပြစ်မျိုးမှဲ့မထင်ဖြစ်နေပြီး.. စိတ်ကူးမယဉ်နိုင်လောက်ပင် လှပနေ၏။
ဒီတစ်ကြိမ်တွင်တော့.. နတ်ဆိုးမကျိထံမှ လှည့်ဖျားဖမ်းစားနိုင်သော ညှို့ငင်ဓါတ်မျိုး ထွက်ပေါ်မနေတော့ပေ။
အခြားတစ်ဖက်အနေဖြင့်.. သူမသည် လှပကြော့ရှင်းတင့်တယ်နေပြီး ရိုးရှင်းသိမ်မွေ့ကာ ယဉ်ယဉ်လေး အရမ်းလှနေ၏။ သူမသည် ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး အနည်းငယ် အိုးတိုးအမ်းတမ်း ရှက်ရွံ့နေ၏။
ဆူဇီမိုသည် လုံး၀ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
နတ်ဆိုးမကျိက ဒီလိုပုံစံ ဟုတ်လို့လား..
ယခု သူ့ရှေ့မှာ မြင်နေရသော မိန်းမပျိုလေးက သက်ရှိအားလုံးကို လှည့်ဖြားဖမ်းစားနိုင်သော ရမ္မက်ကို နိုးကြွစေသည့် နတ်ဆိုးမကျိနှင့် လားလားမျှ မတူတော့ပေ။
ယခု သူမသည် ယဉ်ကျေးသိမ်မွေ့သည့် အမျိုးသမီးတစ်ယောက်ဖြစ်နေပြီး နတ်ဆိုးဆန်မှု တစ်စွန်းတစ်စမျှ ရှိမနေတော့ပေ။
နတ်ဆိုးမကျိသည် ဆူဇီမိုအနားသို့ တိုးကပ်လိုက်ပြီး သူ၏ အင်္ကျီစကို သူမ၏ လှပသော လက်ကလေးနှင့် ဆုပ်ကိုင်လိုက်၏။ သူမသည် သူ့ကို အရင်ဆုံး တိတ်တခိုး မျက်လုံးတစ်ချက်လှန်ကြည့်လိုက်ပြီးနောက်.. ဆူဟုန်ကို ပြန်ကြည့်ကာ စိုးရွံ့ဟန်နှင့် ပြောလိုက်၏။
"ကျမက ယန်အာပါ၊ ဇီမို့ရဲ့.. .. သူငယ်ချင်းပါရှင့်"
ဆူဇီမိုသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွား၏။
သူတို့က သူငယ်ချင်းတွေပါဆိုလဲ ဒီတိုင်းပြောလေ။ ဘာလို့ အလယ်မှာ ခဏရပ်ပြီးမှ ပြောရတာလဲ။
ပြောလိုက်သော စကားလုံးများက ဘာမျှ မမှားသော်လည်း.. နတ်ဆိုးမကျိပြောလိုက်သော အသံအနေအထားနှင့် ပြောဆိုဟန်က တစ်မျိုးတစ်မည်သော အဓိပ္ပါယ်ကို ဦးတည်သွားစေ၏။
ထင်သည့်အတိုင်းပင်..
ဆူဟုန်က တစ်ခုခုကို သဘောပေါက်သွားသလို ကျေနပ်နှစ်ခြိုက်စွာ ခေါင်းညိတ်လိုက်၏။
ဦးလေးကျန့်နှင့် စုန့်ချီကလည်း ပြုံးနေကြ၏။ သူတို့သည် နတ်ဆိုးမကျိကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ကြပြီးနောက် ကျေနပ်သဘောကျသွားကြ၏။
လျှိုယုနှင့် ယုချီဟိုက ဆူဇီမိုကို မျက်စိမှိတ်ပြလိုက်ပြီး တိတ်တဆိတ် လက်မထောင်ပြလိုက်၏။
"နတ်ဆိုးမကျိ.. နင်ဘာတွေ လျှောက်လုပ်နေတာလဲ"
ဆူဇီမက နတ်ဆိုးမကျိကို ထောင့်တစ်ထောင့်သို့ ဆွဲခေါ်သွားပြီး မျက်မှောင်ကြုတ်ကာ တိုးတိုးပြောလိုက်၏။
"ဘာမှားနေလို့လဲ" သူမက လုံး၀ရိုးသားသော မျက်နှာထားနှင့် ပြန်မေးလိုက်၏။
"ဘယ်သူက နင့်မျက်နှာဖုံးကို ချွတ်ခိုင်းလို့လဲ"
"အစ်ကိုကြီးနဲ့ တွေ့တာကို မျက်နှာဖုံးတပ်ထားရင် အဲ့ဒါက ရိုင်းရာကျနေမှာပေါ့"
"အမ်း..."
ဆူဇီမိုသည် အလိုအလျောက် ခေါင်းညိတ်လိုက်မိပြီးမှ တစ်ခုခုလွဲနေတာကို ခံစားမိသွား၏။ နောက်တစ်ကြိမ် ထပ်စဉ်းစားလိုက်ပြီးနောက် သူသည် သတိ၀င်လာကာ နတ်ဆိုးမကျိကို စူးစိုက်ကြည့်လိုက်၏။
"ဘယ်သူက နင့်အစ်ကိုကြီးလဲ.. အဲ့ဒါ ငါ့အစ်ကိုကြီးပဲ"
"ပြီးတော့ နတ်ဆိုးမကျိ.. နင် ငါ့အစ်ကိုကြီးရှေ့မှာ ဘာတွေဟန်ဆောင်ပြနေတာလဲ.. နင်က ဘယ်လိုလူမျိုးဆိုတာ ငါမသိဘူးများ ထင်နေတာလား" ဆူဇီမိုက အေးစက်စက် လှောင်ရယ်လိုက်၏။
"ရတယ်လေ အဲ့ဒါဆိုလဲ ဟန်ဆောင်မနေတော့ဘူး.. အခုပဲ ကျမ ရှင့်ရင်ခွင်ထဲကို တိုး၀င်ပြီး အကုန်လုံးကို ဖွင့်ချပြလိုက်မယ်" နတ်ဆိုးမကျိက ရန်စစိန်ခေါ်သလို ဆူဇီမိုကို မျက်စောင်းတစ်ချက်ထိုးလိုက်၏။
ဆူဇီမိုသည် အမှန်တစ်ကယ်ပင် ကြောက်ရွံ့သွားပြီး အလောတကြီး ပြောလိုက်၏။
"ဟန်ဆောင်ပါ ဟန်ဆောင်ပါ.. ဒီတိုင်းပဲဆက်ပြီး ဟန်ဆောင်ပါ...."
ယခု သူ့ရှေ့မှလူက ထိုကဲ့သို့သော အရာကို စနိုးစနောင့်မရှိ ချက်ချင်းထလုပ်ရဲသည့်သူဆိုတာ သူကောင်းကောင်း သိလေသည်။
"ဇီမို မင်းတို့ ဘာတွေလုပ်နေကြတာလဲ"
ထိုအချိန်မှာပင် ဆူဟုန်က အပြစ်တင်လိုသောလေသံနှင့် လျှောက်ချလာ၏။
"မင်းပါးစပ်က နတ်ဆိုးမလို့ပြောတာ ငါကြားလိုက်ပါတယ်.. ဘာနတ်ဆိုးမလဲ၊ မင်း မိန်းကလေးတစ်ယောက်ကို အဲ့လိုမပြောရဘူးလေ၊ အဓိပ္ပါယ်မရှိတာတွေ.. မင်းဆယ်နှစ်ကျော်လောက် အချိန်တွေယူပြီး စာပေတွေ မသင်ခဲ့ရဘူးလား"
ဆူဇီမိုသည် အပြစ်တင် အဆူခံနေရသော်လည်း ဘာမျှ ပြန်မရှင်းပြနိုင်ပေ။
"အစ်ကိုကြီး.. အရမ်းအတွေးမလွန်ပါနဲ့၊ သူက ကျတော်နဲ့ တစ်ကယ့်သူငယ်ချင်း၊ ကျင့်ကြံသူမိတ်ဆွေ တစ်ယောက်ပါပဲ"
"အို ဟုတ်လား"
မမျှော်လင့်စွာနှင့် ဆူဟုန်၏ မျက်၀န်းက ၀င်းလက်သွားပြီး ခေါင်းညိတ်လိုက်၏။
"ကောင်းတာပေါ့.. မင်းတို့နှစ်ယောက်လုံးက ကျင့်ကြံသူတွေဆိုတော့ တစ်ကယ်ကို လိုက်ဖက်တဲ့ အတွဲအဖက်ပဲ"
နတ်ဆိုးမကျိက သွားဖြီးလိုက်ပြီး အသိရခက်သော ရွှင်ပျမှုက သူမ၏ မျက်လုံးထဲတွင် ပေါ်လာ၏။
ဆူဇီမိုက ညင်သာစွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။
"ရှောင်းနင်ရော ပြန်လာဖြစ်သေးလား"
"ဟင့်အင်း"
ဆူဟုန်က ခေါင်းခါလိုက်၏။
"မင်းရော သူနဲ့ တွေ့ရဖို့ မရှိဘူးလား"
"ကျုပ်နဲ့ တွေ့ရမှာပါ"
ဆူဇီမိုက အသံနှိမ့်၍ ပြောလိုက်၏။
"အစ်ကိုကြီး စိတ်မပူပါနဲ့၊ ဂိုဏ်းပေါင်းစုံပြိုင်ပွဲက မကြာခင် စတော့မှာပဲ.. အဲ့အချိန်ကျရင် မဟာကျိုးအင်ပါယာထဲက ဂိုဏ်းကြီးဂိုဏ်းလေး အကုန်လုံး စုဝေးကြမှာလေ၊ အဲ့ကျရင်တော့ ရှောင်းနင်နဲ့ တွေ့ရမှာပေါ့"
တစ်ကယ်တော့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် သူဆုံတွေ့ရမည်မှာ ဆူရှောင်းနင်တစ်ယောက်တည်းသာ မဟုတ်ပေ။ သူ၏ မိတ်ဟောင်းဆွေဟောင်းအချို့နှင့်ပင် ပြန်လည်ဆုံရနိုင်၏။
ဆူဇီမို၏ စိတ်အာရုံထဲတွင် ပုံရိပ်တစ်ခုက ပေါ်လာ၏။ ထိုသူက သူ့အား အကြင်နာတရားကင်းမဲ့စွာ ပြောဆိုခဲ့သော သိမ်မွေ့သည့် မိန်းကလေးတစ်ယောက်ဖြစ်၏။
"ငါတို့ရဲ့ ကံကြမ္မာက အဆုံးသတ်သွားပြီပဲ.. မော်တယ်နဲ့အင်မော်တယ်က ငါတို့ကို ပိုင်းခြားလိုက်ပြီ.. ငါ အားနာပါတယ်... ငါတို့နောက်တစ်ခါ ပြန်တွေ့ဖြစ်တော့မှာ မဟုတ်ဘူး"
"ငါတို့ရဲ့ ကံကြမ္မာက အဆုံးသတ်သွားပြီးတဲ့လား။ မော်တယ်နဲ့ အင်မော်တယ်က ငါတို့ကို ပိုင်းခြားလိုက်သလား၊ ငါတို့နောက်တစ်ခါ ပြန်တွေ့ရဦးမလားဆိုတာကတော့.. ဟဟ"
ဆူဇီမို၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က ထင်ဟပ်လာ၏။