ချိုးဖျက်၀င်ရောက်ကြခြင်း
Vol. 13 Ch. 188
အခန်း ၁၈၈- ချိုးဖျက်၀င်ရောက်ကြခြင်း
ဆူဇီမိုက ချက်ချင်းပြန်ထွက်မသွားခဲ့ပေ။ သူသည် နန်းတော်တွင် သူ့အစ်ကိုကြီးနှင့် ရက်အနည်းငယ်လောက် အဖော်ပြုနေပေးဖို့ ကြံရွယ်ထား၏။
နောက်တစ်ခေါက် ဒီနေရာကို သူဘယ်အချိန် ပြန်လာနိုင်မလဲဆိုတာ မပြောနိုင်ပေ။
နတ်ဆိုးမကျိကလည်း ထွက်မသွားခဲ့ဘဲ ဆူဇီမိုနှင့် အဖော်ပြုနေနေ၏။ သူမသည် ရံဖန်ရံခါမှသာ အပြင်သို့ လမ်းထွက်လျှောက်လေ့ရှိပြီး သူမ အားနေသည့်အခါ ဆူဇီမိုကို လာရောက် ကျီစားလေ့ရှိ၏။
ယန်ဘုရင် ဆူဟုန်သည်လည်း အချိန်တိုင်း အနောက်ဘက်နန်းဆောင်ထဲမှာချည်း နားမနေနိုင်ပေ။
နေ့တိုင်းလိုလို.. သူသည် အင်ပါယာခုံရုံးမှ စာရင်းအင်းများကို တွက်ချက်ရ၏။
ထိုအချိန်များတွင် ဆူဇီမိုသည် သူနေရာအဆောင်တွင် တိတ်တဆိတ် ထိုင်နေပြီး သူ့ကျင့်ကြံမှုကို အဆင်မြှင့်တင်လိုက်၊ အင်္ဂါသန့်စင်ခြင်းအပိုင်းကို စတင်လိုက်၊ ကျောက်သားခေါင်းတလားမှ ရလာခဲ့သော အမျိုးမျိုးသော မျိုးဆက်သွေးဆိုင်ရာ စိတ်ဝိညာဉ်ပညာရပ်များကို လေ့လာလိုက်နှင့် ဗုဒ္ဓပုတီးစေ့ကို ထုတ်ကြည့်လိုက် လုပ်နေတတ်၏။
ဆန်းကြယ်တောင်ထွတ်မှ မထွက်လာခင်ကတည်းက ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က အစောပိုင်း အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်၏။
အမွေအနှစ်ကုန်းမြေမှာ တိုက်ခိုက်ခဲ့ကြ၍ လျှို့ဝှက်ဆန်းကြယ်သော အရိုးစုထံမှ အလွန်တရာ များပြားလှသည့် မျိုးဆက်သွေးအဆီအနှစ်များကို ဆူဇီမိုသည် ရရှိခဲ့၏။ ထို့ကြောင့် ယခု လေးငါးရက်လောက် ကျင့်ကြံပြီးသောအခါ ဆူဇီမိုသည် အလယ်အလတ် အခြေတည်အဆင့်သို့ ချိုးဖျက်၀င်ရောက်နိုင်ခဲ့၏။
သူ၏ မျိုးဆက်သွေးသည် အစကတည်းက အလွန်တရာ ထူးခြားလှပြီး ဒဏ္ဍာရီလာ ဆူနာမီသွေးအဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်၏။
ထို့ကြောင့်ပင် သူသည် မျိုးဆက်သွေးဆိုင်ရာ စိတ်ဝိညာဉ်ပညာရပ်များကို လေ့ကျင့်သည့်အခါ များစွာလွယ်ကူချောမွေ့နေ၏။
သို့သော်လည်း အင်္ဂါသန့်စင်ခြင်းအပိုင်းအား မည်သို့စတင်ရမည်ကိုကား သူသည် မကြံဆတတ်အောင် ဖြစ်နေ၏။
သူသည် ရံဖန်ရံခါဆိုသလို ထိုအရာကို စတင်ကြံဆတတ်ပြီး မည်သို့မျှအစဖော်မရသည့်အခါ ပစ်ထားလိုက်ပြန်၏။
ထိုအချိန်များအတွင်း ဆူဇီမို အများဆုံး အာရုံစိုက်ဖြစ်သည်မှာ လျှို့ဝှက်ဆန်းကြယ်သော ဗုဒ္ဓပုတီးစေ့ဖြစ်လေသည်။
ဗုဒ္ဓပုတီးစေ့၏ အထဲတွင် အလွန်တရာ အားကောင်းသော လျှို့ဝှက်အတတ်တစ်ခုကို မြှုပ်နှံထားလေသည်.. မိစ္ဆာနှိမ်နှင်းခြင်းချိတ်စည်းဖြစ်၏။
ဆူဇီမိုသည် ဗုဒ္ဓပုတီးစေ့ကို ကြည့်လိုက်တိုင်း ပုံရိပ်ယောင်လောကတစ်ခုအတွင်း ၀င်ရောက်သွားပြီး ကောင်းကင်ထက်မှ ရွှေလက်ဝါးကြီး ကျဆင်းလာကာ မိစ္ဆာနတ်ဆိုးနှင့် အလောင်းတောင်ကြီးအား လက်ဟန်ချိတ်စည်းဖြင့် ဖိချေလိုက်ပုံကို မြင်တွေ့ခံစားလိုက်ရ၏။
သူသည် အဆက်မပြတ် ကြံဆတွေးတောလိုက်ပြီး အသေးစိတ်အချက်များအားလုံးကို ပြန်လည်ပုံဖော်ကြည့်နေ၏။
...
ဤနေ့တွင်.. အခြေတည်ကျင့်ကြံသူတစ်အုပ်စုသည် ယန်တိုင်းပြည်၏ မြို့တော်သို့ ရောက်ရှိလာကြ၏။ သူတို့ကို အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့က ဦးဆောင်လာကြ၏။ ရှုယွီနှင့် ရှန်မန်းကီတို့ ဖြစ်ကြ၏။
"ဂျူနှီယာညီမလေး.. ငါတို့ နန်းတော်ထဲကို ပြောင်ပြောင်တင်းတင်းပဲ၀င်ပြီး ယန်ဘုရင်ကို ထွက်တွေ့ခိုင်းလိုက်ကြမလား၊ ဂျူနီယာညီဇောင်ရဲ့ သတင်းကို မေးမြန်းပြီးတာနဲ့ ငါတို့ လက်စားချေမယ်ကိစ္စကို ဆက်လုပ်လို့ရတာပဲ၊ ဘယ်လိုလဲ" ရှုယွီက ပြုံး၍ ရှန်မန်းကီ၏ ထင်မြင်ချက်ကို မေးမြန်းလိုက်၏။
ရှန်မန်းကီက မျက်မှောင်ကြုတ်၍ ခေါင်းခါလိုက်၏။
"ကျမ အဲ့ဒီမိတ်ဆွေဟောင်းတွေကို သွားမတွေ့ချင်တော့ဘူး၊ အဲ့ဒါမို့ ရှင်တို့ပဲ သွားလိုက်တော့"
ရှုယွီက မျက်လုံးလှန်ကြည့်၍ ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်လေ၊ ကျုပ်တို့ရဲ့ အဆင့်အတန်းနဲ့ သူ့နန်းတော်ထဲထိသွားပြီး သူ့ကိုသွားရှာရမယ်ဆိုရင် ကျုပ်တို့က ယန်ဘုရင်ရဲ့ဂုဏ်ကို ကူပြီးမြှင့်တင်ပေးသလို ဖြစ်နေမှာပေါ့"
"ဂျူနီယာညီလေးလျန့်ဟောင်နဲ့ လျှိုဟုန်ယီ.. တစ်ခုကူညီကွာ၊ ငါတို့ဂိုဏ်းသားရောင်းရင်းတွေ ခေါ်ပြီး နန်းတော်ကိုသွား၊ ပြီးရင် ယန်ဘုရင်ကို လိုက်လာခဲ့ဖို့ 'ဖိတ်'လာခဲ့!"
ရှုယွီသည် 'ဖိတ်'ဆိုသော စကားကို ပြောရာတွင် အလေးပေးဖိပြောလိုက်၏။ သူ့ဆိုလိုရင်းက ရှင်း၏။ သူသည် ဆူဟုန်ကို ထိခိုက်ခံစားရစေချင်၏။
ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူနှစ်ယောက်သည် မတ်တပ်ထရပ်လိုက်ပြီး လက်သီးဆုပ်ပြလိုက်၏။
"စိတ်ချပါ စီနီယာအစ်ကိုရှု.. ကျုပ်တို့တာ၀န်ထားလိုက်ပါ"
ရှုယွီက ခေါင်းညိတ်လိုက်၏။
လျန့်ဟောင်နှင့် လျှိုဟုန်ယီ၊ နှစ်ယောက်စလုံးသည် နောက်ပိုင်းအခြေတည်အဆင့်များ ဖြစ်ကြ၏။ ယန်တိုင်းပြည်မြို့တော်အတွင်း၌ သူတို့သည် လုံး၀လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော တည်ရှိမှုများ ဖြစ်ကြ၏။
ထို့အပြင် သူတို့၏ ခါးထက်တွင် ရောင်ဝါလင်းလက်တိမ်နန်းတော်၏ တံဆိပ်ပြားကို ချိတ်ဆွဲထားကြ၏။ ဘယ်လို အရူးကများ သူတို့ကို ရန်စရဲပါ့မလဲ။
ရှုယွီ၊ ရှန်မန်းကီနှင့် ရှန်နန်တို့သည် အဆင်ပြေရာ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ၀င်လိုက်ကြပြီး.. လျန့်ဟောင်နှင့် လျှိုဟုန်ယီတို့ ယန်ဘုရင်အား ခေါ်အလာကို စောင့်ဆိုင်းနေလိုက်ကြ၏။
ထိုအထဲတွင် ရှန်နန်က စိတ်အလှုပ်ရှားဆုံးဖြစ်၏။
လွန်ခဲ့သည့်နှစ်နှစ် ဆူဟုန်သည် ဘုရင်အဖြစ် တင်မြှောက်ခြင်း ခံလိုက်ရပြီးကတည်းက.. ဆူမိသားစုသည် သူ့အား လက်စားလာချေမလားဟူသည့်စိတ်နှင့် သူသည် ရင်တထိတ်ထိတ်နှင့် နေ့စဉ်ရက်စက်နေခဲ့ရ၏။
ယခုအခါ သူသည် ထိုသို့ ထပ်ပြီးစိုးရိမ်နေစရာ မလိုတော့ပေ။
...
ဆူဟုန်သည် ခုံရုံးမှ လုပ်စရာရှိသည်များကို လုပ်ဆောင်ပြီးနောက် အနောက်ဘက်နန်းဆောင်သို့ ပြန်လာခဲ့၏။
ဆူဇီမို၏ အခန်းတံခါးရှေ့သို့ ရောက်သောအခါ တင်းကျပ်စွာပိတ်ထားသည်ကို သူတွေ့လိုက်ရ၏။ ခဏမျှ ရပ်နားလိုက်ပြီးနောက် သူသည် တံခါးခေါက်မနေတော့ဘဲ.. ပြန်လှည့်လာခဲ့၏။
ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံခြင်း ဖြစ်မည်ဟု သူနားလည်လိုက်ပြီး.. ထိုကောင်လေးကို အနှောင့်အယှက်မပေးလိုတော့ပေ။
သူ့နားနေဆောင်သို့ ပြန်လာပြီးနောက် ဆူဟုန်သည် သွင်းကုန်ထုတ်ကုန်စာရင်းများကို ပြန်လည်စစ်ဆေးနေလိုက်၏။ သိပ်မကြာမီ အပြင်ဘက်မှ အုတ်သော်အောင်းနင်းအသံများက ထွက်ပေါ်လာ၏။
“အဲ့ဒါ ဘယ်သူတွေလဲကွ”
“အား”
တိုက်ခိုက်သံများက အော်ဟစ်သံများကို ဝိုးတဝါး ကြားနေရ၏။ တစ်ယောက်ယောက်ကတော့ နန်းတော်ထဲသို့ အတင်းချိုးဖျက်ဝင်ရောက်လာပြီး နားနေဆောင်ဘက်သို့ လာနေပုံရ၏။
“အို့”
ဆူဟုန်က မျက်မှောင်ကြုတ်လိုက်၏။ သူ့အမူအယာက တည်ငြိမ်နေပြီး ဣန္ဒြေရနေ၏။
လျှိုယုနှင့် ယုချီဟိုသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး.. ဆူဟုန်ရှေ့တွင် လျှင်မြန်စွာ မတ်တပ်ထရပ်ကာ တိုးတိုးပြောလိုက်၏။
“သခင်လေး.. အနောက်ဘက်ကို မြန်မြန်သွားပါ”
စုန့်ချီသည်လည်း မတ်တပ်ထရပ်ကာ သိုလှောင်အိတ်ထဲမှ ဓါးပျံတစ်လက်ကို ဆွဲထုတ်လိုက်၏။ သူသည် တည်တံ့သောအမူအယာနှင့် ခေါင်းခါလိုက်၏။
“ထွက်သွားဖို့ နောက်ကျသွားပြီနဲ့တူတယ်”
ဝုန်း..
သူပြောနေတုန်းမှာပင်.. နားနေဆောင်တံခါးက ဝုန်းကနဲ ပွင့်ထွက်သွား၏။
ကျင့်ကြံသူဆယ်ယောက်ကျော်သည် ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာကြပြီး သူတို့၏ ဦးခေါင်းများကို မော့ထားကာ ဖြုန်လောက်သောအော်ရာများက ထွက်ပေါ်နေ၏။
စုန့်ချီသည် သူတို့ကို လှမ်းကြည့်လိုက်ပြီးနောက် တုန်လှုပ်ချောက်ချားသွားကာ အသက်ရှုပင် မှားသွား၏။
အခြေတည်အဆင့် ကျင့်ကြံသူတွေပဲ!
ရောက်လာသူများသည် ဆယ်ယောက်ကျော်ရှိပြီး အားလုံးက အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူနှစ်ယောက်ကဆိုလျှင် နောက်ပိုင်းအခြေတည်အဆင့်သို့ပင် ရောက်ရှိနေပေပြီ။
သူတို့ပိုင်ဆိုင်ထားသော စွမ်းအား၊ အင်အားက ပြည်နယ်ခွဲတစ်ခုလုံးကို ချေမှုန်းပစ်ဖို့ပင် လုံလောက်လေသည်။
“ယန်တိုင်းပြည်က ဘယ်တုန်းကများ ဒီလိုမျိုး အဖွဲ့အစည်းတစ်ခုကို ပုန်ကန်ခဲ့မိပါလိမ့်”
စုန့်ချီ၏ အတွေးများက ကဆုန်ပေါက်နေပြီး ချင့်ချိန်တွက်ဆနေ၏။
“သိပ်တော့ အဓိပ္ပါယ်ရှိမနေဘူး.. ငါတို့က ကျင့်ကြံသူတွေနဲ့ သိပ်ပြီး အဆက်အစပ်မလုပ်ပါဘူး.. ငါတို့ ဒီလူတွေကို ရန်စခဲ့မိစရာ အကြောင်းမှ မရှိတာ”
သူ့အကြည့်က အခြေတည်အဆင့်ကျင့်ကြံသူများ၏ ခါးပေါ်ရှိ တံဆိပ်ပြားပေါ်သို့ ရောက်ရှိသွား၏။
ရောင်ဝါလင်းလက်တိမ်နန်းတော်!
ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်း.. ရောင်ဝါလင်းလက်တိမ်နန်းတော်!
ဒါက ပြဿနာကြီးပဲ..
စုန့်ချီက သူ့ကိုယ်သူ တည်ငြိမ်အောင် ဖိအားပေးလိုက်ပြီး.. အပြုံးတစ်ခုကို လုပ်ယူကာ လေးနက်စွာ ပြောလိုက်၏။
“မြို့တော်ကို လာရောက်လည်ပတ်လာတဲ့ ရောင်ဝါလင်းလက်တိမ်နန်းတော်က စီနီယာရောင်းရင်းများခင်ဗျာ.. စီနီယာတို့ရောက်လာတာကို မကြိုဆိုမိဘဲ ပျက်ကွက်ခဲ့မိတာ ခွင့်လွှတ်ပေးပါဗျ”
လျန့်ဟောင်က စုန့်ချီကို လှည့်ပင်မကြည့်ပေ။ သူသည် အကြည့်က ရွေ့လျားသွားပြီး နောက်ဆုံး အလယ်တွင် ရှိနေသော ဆူဟုန်ပေါ်သို့ ကျရောက်သွားကာ မျက်ခုံးပင့်၍ မေးလိုက်၏။
“မင်းက ယန်ဘုရင် ဆူဟုန်လား”
“ဟုတ်တယ် ကျူပ်ပဲ”
ဆူဟုန်က တည်ငြိမ်သောအမူအယာနှင့် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်၏။ သူသည် လျှိုယုနှင့် ယုချီဟိုတို့ကို တွန်းထုတ်လိုက်ပြီး လျန့်ဟောင်နှင့် အခြားသူများကို တည့်တည့် ရင်ဆိုင်လိုက်၏။
“ခိ.. ခိ..”
လျှိုဟုန်ယီ၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး ပေါ့ပါးစွာ ရယ်မောလိုက်၏။
“ငမိုက်သားတွေက တစ်ကယ် အကြောက်အလန့်မဲ့တာပဲ.. မင်းအခုတော့ တည်ငြိမ်နေသူကြီးပေါ့.. နောက်ကျမှ သေးထွက်ကျမလား ငါစောင့်ကြည့်ရသေးတာပေါ့”
“ခင်ဗျားတို့ ဘာကြောင့် ယန်တိုင်းပြည်နန်းတော်ထဲကို အတင်းဝင်ရောက်လာတာလဲ ကျုပ်မေးလို့ရမလား”
ဆူဟုန်၏ လေသံက တည်ငြိမ်နေပြီး အထက်စီးဆန်ခြင်းမရှိသလို၊ ရိုသေခယနေခြင်းလည်း မရှိပေ။
“ဘာကြောင့် ဟုတ်လား”
လျန့်ဟောင်၏ မျက်နှာက ပုပ်သိုးသွားပြီး ရုတ်တရတ် ထအော်လိုက်၏။
“ဆူဟုန်.. မင်းတော်တော် အတင့်ရဲနေတယ်ပေါ့.. ရောင်ဝါလင်းလက်တိမ်နန်းတော်က အင်မော်တယ်တွေကို မြင်တာတောင် ဒူးထောက်ရမယ်ဆိုတာ နားမလည်ဘူးလား”
သူ့လေသံက လွန်စွာမာကျောနေပြီး နားနေအဆောင်ထဲတွင် အားကောင်းစွာ ဟိန်းထွက်လာ၏။
သက်ရှိအားလုံးအား အထက်စီးကနေ ကြည့်နေသော အင်မော်တယ်တစ်ယောက်က ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သလိုပင်။
မော်တယ်များကို အသာထား.. စုန့်ချီ၏ မျက်နှာသည်ပင် အနည်းငယ် ဖြူလျော့သွား၏။ သူ့ရင်အုပ်က နိမ့်ချည်မြင့်ချည်ဖြစ်လာပြီး သူ့နုလုံးခုန်သံက မြန်လာ၏။
ဆူဟုန်က သူ့ခေါင်းကို မော့လိုက်ပြီး ရုတ်တရတ် ပြုံးလိုက်၏။
“ကျုပ်က ဘာလို့ ဒူးထောက်ရမှာလဲ”
“မင်းက တစ်ကယ့်ငရွတ်ပဲ.. နဲနဲလေးမှ အသားမနာရင် အချိုးမပြေဘူးနဲ့တူတယ်.. ငါ့အကြောင်း နဲနဲတော့ မင်းကို ပြရသေးတာပေါ့”
လျှိုဟုန်ယီက ယုတ်မာတော့မည်ပုံစံနှင့် မကောင်းဆိုးဝါးဆန်ဆန် ပြောလိုက်၏။ သူက ရှေ့သို့လှမ်းတော့မည့် ဟန်ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ အသံတစ်သံက ထွက်ပေါ်လာ၏။
“ရောင်ဝါလင်းလက်တိမ်နန်းတော်က လူတွေက တစ်ကယ့်ဆရာကြီးတွေပဲ.. သူတို့က လူတွေကို တွေ့တာနဲ့ အမြဲတမ်း ဒူးထောက်ခိုင်းချင်နေတော့တာပဲ.. ဟဟ”
ထိုစကားလုံးများက အထင်သေးမှု၊ လှောင်ပြောင်လိုမှု၊ ပမာမခန့်မှုတို့ဖြင့် ရောယှက်နေ၏။ ချက်ချင်းဆိုသလိုပင် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ လူများသည် ဒေါသထောင်းကနဲထွက်သွားကြပြီး လှည့်ကြည့်လိုက်ကြ၏။
အစိမ်းရောင်ဝတ်စုံနှင့်လူတစ်ယောက်က လျှောက်လှမ်းလာ၏။ သိမ့်မွေ့သန့်ပြန့်ချောမောနေပြီး.. စာပေသမားတစ်ယောက်လိုပုံစံမျိုးဖြစ်၏။ သို့သော်လည်း သူ့မျက်လုံးများကို ဓါးသွားကဲ့သို့ ကျဉ်းမြောင်းထားပြီး မျက်လုံးထဲတွင် အေးစက်သိပ်သည်းသည့်အလင်းကို မြင်နေရ၏။
အစိမ်းရောင်ဝတ်စာပေသမား၏ အနောက်တွင် ပန်းရောင်ဝတ်မိန်းကလေးတစ်ယောက် ရှိနေ၏။ သူမသည် မြင်ရသူ အသက်ရှုမှားလောက်အောင် ချောမောလှပပြီး မျက်လုံးများက စကားပြောနေသယောင် ထင်ရ၏။ သူမ၏ အကြည့်တစ်ချက်ကပင် လက်ရှိရောက်နေကြသော ကျင့်ကြံသူအားလုံးကို ရင်ကို တစ်လျှပ်လျှပ်ဖြစ်သွားစေ၏။