← Chapters

မိစ္ဆာနှိမ်နင်းချိတ်စည်း၏ စွမ်းအား

Vol. 13 Ch. 189

မိစ္ဆာနှိမ်နင်းချိတ်စည်း၏ စွမ်းအား

Vol. 13 Ch. 189

အခန်း ၁၈၉ - မိစ္ဆာနှိမ်နင်းချိတ်စည်း၏ စွမ်းအား

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ.. ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူဆယ်ယောက်ကျော်သည် ပန်းရောင်မိန်းက‌လေး၏ ရုပ်ရည်သွင်ပြင်ဖြင့် ဆွဲဆောင်မှုအောက် ကျရောက်သွားကာ သူတို့ရောက်နေသောနေရာကိုပင် ခဏမျှ မေ့လျော့သွားကြ၏။

အစိမ်းရောင်ဝတ်လူနှင့် ပန်းရောင်မိန်းကလေးက သူတို့ကို ပွတ်တိုက်၍ ဖြတ်ကာ နားနေဆောင်ထဲ ဝင်ရောက်သွားသောအခါမှသာလျှင် သူတို့သည် သတိပြန်ဝင်လာကြ၏။

လျန့်ဟောင်နှင့် လျှိုဟုန်ယီသည် စိတ်ဝိညာဉ်အကဲဖြတ်ခြင်းဖြင့် ဝင်ရောက်လာသော သူတို့နှစ်ယောက်ကို ချက်ချင်းစစ်ဆေးကြည့်လိုက်၏။

ပန်းရောင်မိန်းကလေးက လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးကာ သူမ၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားပုံရ၏။ စစ်ဆေးမှုက မှုန်ဝါးဝါးဖြစ်နေ၏။

အစိမ်းရောင်ဝတ်ကျင့်ကြံသူကတော့ ဘာမျှ သိပ်ထူးခြားမှုမရှိပေ။ သူသည် အလယ်အလတ် အခြေတည်အဆင့်တစ်ယောက်သာဖြစ်၏။

လျန့်ဟောင်နှင့် လျှိုဟုန်ယီက ကျိတ်ပြီး ရယ်လိုက်ကြ၏။

အစိမ်းရောင်ဝတ်ကျင့်ကြံသူရော၊ ပန်းရောင်မိန်းကလေးပါ ဂိုဏ်းတံဆိပ်ပြားများ ချိတ်ဆွဲထားခြင်း မရှိသည်ကို သူတို့နှစ်ယောက်စလုံး မြင်တွေ့လိုက်ရ၏။ ထိုသူတို့သည် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ သို့မဟုတ် ဂိုဏ်းငယ်ကလေးများမှ ကျင့်ကြံသူများ ဖြစ်ပုံရပြီး သူတို့ကို ကြောက်လန့်နေစရာ ဘာအကြောင်းမျှ မရှိပေ။

ပန်းရောင်မိန်းကလေးကို မြင်တွေ့ရပြီးနောက်.. လျန့်ဟောင်ရော၊ လျှိုဟုန်ယီပါ မကောင်းသောစိတ်များ ဝင်လာကြ၏။ သူတို့သည် သူတို့၏ ခွန်အားအစွမ်းအစကို ပြသပြီး ပန်းရောင်မိန်းကလေး၏ စိတ်ဝင်စားမှုကို ရယူဖို့ ထက်သန်လာကြ၏။

အစိမ်းရောင်ဝတ်ကျင့်ကြံသူနှင့် ပန်းရောင်မိန်းကလေးတို့က ဆူဇိမိုနှင့် နတ်ဆိုးမကျိတို့ပင် ဖြစ်၏။

ဆူဇီမိုသည် နားနေဆောင်ထဲသို့ လျှောက်လှမ်းဝင်လာရင်း ဝေ့ကြည့်လိုက်၏။ မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်း မရှိသည်ကို တွေ့ရသည့်အခါမှသာ သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်က အနည်းငယ်လျော့ကျသွား၏။

စုန့်ချီက တစ်ခွန်းမျှ ဝင်မပြောသော်လည်း သူသည် ဆူဇီမိုကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်ပြီး.. ပြိုင်ဘက်များက ကျင့်ကြံမှုအဆင့်မြင့်မားကြကြောင်း သတိလှမ်းပေးနေ၏။ ထို့အပြင် သူတို့သည် ရောင်ဝါလင်းလက်တိမ်နန်းတော်မှဖြစ်ပြီး တောင့်တင်းအားကောင်းသောနောက်ခံလည်း ရှိနေကြ၏။

ဆူဇီမိုရောက်ချလာသည်ကို မြင်သောအခါ ဆူဟုန်၏မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုတို့က ပေါ်လာ၏။

ဆူဇီမိုက ပြုံးရုံပြုံး၍.. ဆူဟုန်၊ စုန့်ချီနှင့် အခြားသူများကို စိတ်အေးလက်အေးနေပါဆိုသော ပုံစံနှင့် ခေါင်းညိတ်ပြလိုက်၏။

သူသည် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ လူများကို တစ်ချက်ပင် မကြည့်ဘဲ.. တွေ့ရာခုံတစ်လုံးကို ဆွဲယူ၍ တည်ငြိမ်စွာ ထိုင်ချလိုက်၏။

ဆူဇီမိုက သူတို့ထက် ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း မောက်မာပြနေသည်ကို မြင်သောအခါ လျန့်ဟောင်နှင့် အခြားသူများသည် ဒေါသထွက်လာကြ၏။

“စောစောက စကားလှမ်းပြောလိုက်တာ မင်းလား”

လျန့်ဟောင်က ဆူဇီမိုကို စူးစိုက်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်၏။

“အမ်း”

ဆူဇီမိုက ခေါင်းကိုငုံ့ထား၍ သူ၏ လက်မကို လက်ခလယ်နှင့် ဖိ၍ အသာအယာ ပွတ်ချေလိုက်ကာ အမူအယာကင်းမဲ့စွာ ပြန်ဖြေလိုက်၏။

လျန့်ဟောင်က မျက်စိကို မှေးကျဉ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“ဒါဆို ဆူဟုန်ကို ငါဒူးထောက်ခိုင်းတာနဲ့ ပတ်သတ်ပြီး မင်းက ကန့်ကွက်ချင်တာလား”

ဆူဇီမိုသည် ခေါင်းကိုမော့၍ လျန့်ဟောင်ကို မကြည်သလို ကြည့်လိုက်ပြီး ပြုံး၍ မေးလိုက်၏။

“မင်းက ဘာအဆင့် ရှိလို့လဲ”

“မင်းကတော့ သေချင်နေပြီထင်တယ်”

လျန့်‌ဟောင်က သူ့လက်ချောင်းများကို မန္တန်ရွတ်ဖတ်သဏ္ဌာန်ပြုလုပ်လိုက်၏။ သူ့ဒန်ထျန်ထဲမှ စွမ်းအင်များက ပေါက်ကွဲထွက်ပေါ်လာပြီး လေထဲတွင် ဓါးရှည်တစ်လက်က ဖြစ်တည်ပေါ်ပေါက်လာ၏။

ဤအရာသည် ကျင့်ကြံရေးလောကတွင် အသုံးပြုနေကျဖြစ်သော ဓါးစုဖွဲ့ခြင်းအတတ်ဖြစ်၏။

စိတ်ဝိညာဉ်စွမ်းအင်ကို အခြေတည်၍ ဓါးရှည်တစ်လက်က စုဖွဲ့ဖြစ်တည်လာ၏။ ထိုဓါးက အတုအယောင်သာ ဖြစ်သော်လည်း ဓါး၏ ထက်ရှမှုက စိတ်ဝိညာဉ်လက်နက်များအောက် မလျော့ပေ။ ထို့အပြင် ထိုဓါး၏ အော်ရာက ကြောက်စရာကောင်းနေပြီး ဖိနှိမ်နိုင်စွမ်းရှိသောအားများက ထွက်ပေါ်နေ၏။

ထိုအချိန်မှာပင် ဆူဇီမိုကလည်းပဲ လှုပ်ရှားလိုက်၏။

ဗုဒ္ဓပုတီးစေ့၏ ပုံရိပ်ယောင်လောကထဲ ကျရောက်ခဲ့စဉ်က သူမြင်တွေ့ခဲ့ရသော တုန်လှုပ်စရာမြင်ကွင်းက သူ့စိတ်ထဲတွင် ထပ်ကာထပ်ကာ ပေါ်လာ၏။

မသိစိတ်အရ အလိုလိုပင်.. ဆူဇီမို၏ လက်ခလယ်က လက်မနှင့် ထိတွေ့လိုက်ပြီး တစ်မူထူးခြားသော လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်၏။

ဗုဒ္ဓပုတီးစေ့ထဲတွင် သိုဝှက်ထားသော လျှို့ဝှက်အတတ်.. မိစ္ဆာနှိမ်နင်းချိတ်စည်း!

ထိုအခိုက်အတန့်၌ သူ့ဒန်ထျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် အရူးအမူးလည်ပတ်လာပြီး.. ဖြစ်ပေါ်လာသော လက်ဟန်ချိတ်စည်းအတွင်းသို့ ဆက်တိုက်ဝင်ရောက်သွားကြ၏။

ထိုနှုန်းထားက အရမ်းမြန်လွန်းလှ၏။

မိစ္ဆာနှိမ်နင်းချိတ်စည်းက အဆုံးမဲ့တွင်းနက်ကြီးတစ်ခုလို ဆူဇီမို၏ ဒန်ထျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး ဆက်တိုက်စုပ်ယူနေ၏။

သူသည် ယခုနေ လှုပ်ရှားမှု မလုပ်လျှင် မိစ္ဆာနှိမ်နင်းချိတ်စည်းက သူ့စိတ်ဝိညာဉ်စွမ်းအင်များကို တစ်စက်မျှ မကျန်တော့သည့်အထိ စုပ်ယူတော့မည်ဟု ဆူဇီမိုသည် ခံစားမိလာ၏။

စိတ်ဝိညာဉ်အတတ်တစ်ခုက စွမ်းအားကြီးလေလေ.. ထိုအတွက် ထောက်ပံ့ပေးရသော စိတ်ဝိညာဉ်စွမ်းအင်ပမာဏကလည်း ပိုများလေလေဖြစ်၏။

ယခုအခါ ဆူဇီမိုသည် အလယ်အလတ်အခြေတည်အဆင့်မှာ ရှိနေ၏။ သွေးရိုးလက်ဝါး၏ တည်ရှိမှုကြောင့် သူ့စိတ်ဝိညာဉ်စွမ်းအင်များ၏ အရည်အသွေးသည် နောက်ပိုင်းအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် နှိုင်းယှဉ်၍ရ၏။

မိစ္ဆာနှိမ်နင်းချိတ်စည်းက နောက်ပိုင်းအခြေတည်အဆင့်တစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအင်များကိုပင် ကုန်စင်အောင် စုပ်ယူနိုင်စွမ်းရှိသည်ဆိုလျှင် ထိုစိတ်ဝိညာဉ်အတတ် ပညာရပ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။

ဆူဇီမိုသည် ဆက်လက်တုံ့ဆိုင်းမနေရဲတော့ဘဲ တိုက်ရိုက်တိုက်ခိုက်လိုက်၏။

ဝုန်း..

နားပင်းမတတ် အသံကြီးကထွက်ပေါ်လာ၏။

အားလုံး၏ အကြည့်အောက်မှာပင် ဧရာမရွှေလက်ဝါးကြီးက ကောင်းကင်ထက်ကနေ ကျဆင်းလာ၏။ ၎င်းသည် လေထုကို ထိုးခွဲဖြတ်သန်းလာပြီး လျန့်ဟောင်နှင့် အခြားသူများထံ ဖိနှိမ်လွှမ်းမိုးနိုင်သောပုံစံနှင့် ဝုန်းကနဲ ထိုးကျလာ၏။

ထိုအချိန်၌ တိုက်ခိုက်ခံရမှုတွင် မပါဝင်သူများပင်လျှင် အသည်းတလျှပ်လျှပ် ရင်တဖိုဖို ဖြစ်လာကြ၏။

ကျွတ်..

စုန့်ချီသည် ပင့်သက်ရှိုက်လိုက်ပြီး သူ့နုလုံးသားက တုန်ယင်သွား၏။

ကျဆင်းလာသော ရိုက်ချက်က သူ့ကို မချိန်ရွယ်သော်လည်း မွန်းကျပ်ပိတ်လှောင်နေသော ဖိအားကို သူသည် ခံစားရနိုင်၏။

နတ်ဆိုးမကျိသည်လည်း မယုံကြည်နိုင်ဖွယ်ရာ ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားနှင့် ငေးကြည့်နေ၏။

မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်တစ်ယောက်အနေနှင့် သူမ၏ မျက်လုံးများသည် စူးရှထက်မြက်၏။

သူမရှေ့တွင် မြင်တွေ့နေရသော စိတ်ဝိညာဉ်အတတ်၏ စွမ်းအားက သူမ၏ စဉ်းစားနိုင်စွမ်းထက် ကျော်လွန်နေ၏။

ဆန်းကြယ်တောင်ထွတ်ကို အသာထား.. ရှေးဟောင်းခေတ်ကတည်းက ယခုထိတိုင် ရှင်သန်ခဲ့ကြသော မိစ္ဆာဂိုဏ်းများပင်လျှင် ဤကဲ့သို့သော အဆင့်မျိုးနှင့် စိတ်ဝိညာဉ်အတတ်ပညာရပ်များက သိပ်ပြီး များများစားစား မရှိလှပေ။

မိစ္ဆာနှိမ်နင်းချိတ်စည်း၏ အောက်တွင် ကျရောက်နေသော လျန့်ဟောင်နှင့် လျှိုဟုန်ယီတို့သည် ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်၏။ သူတို့သည် ပြူးကျယ်သွေးဝိုင်းနေသော မျက်လုံးများနှင့် မော့ကြည့်လိုက်ကြပြီး တုန်ယင်လာကြ၏။

သူတို့နှစ်ယောက်စလုံးသည် ရှင်းရှင်းလင်းလင်း မြင်နေရ၏။

သူတို့သည်အသက်ရှိနေသည့်အတိုင်း ရွှေလက်ဝါးပေါ်မှ အရေးအကြောင်းအင်းကွက်သဏ္ဌာန်များကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ထိုအရာသည် သက်ရှိအားလုံးကို ဖျက်ဆီးပစ်တော့မည့် နတ်ဘုရားလက်ဝါးကြီးက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသလို ဖြစ်၏။

“ဟေ့ကောင်တွေ.. ငါ့ကို ကူကြဦးဟ”

မိစ္ဆာနှိမ်နင်းချိတ်စည်းက အလွန်တရာလျှင်မြန်သောနှုန်းထားဖြင့် ကျဆင်းလာနေပြီး ကျယ်ဝန်းစွာ နေရာယူလာ၏။ လျန့်‌ဟောင်သည် ရှောင်ရှားဖို့ အချိန်မရတော့ဘဲ ကျယ်လောင်စွာသာ ဟိန်းဟောက်နိုင်တော့၏။

သူ့ဘေးရှိ လျှိုဟုန်ယီသည်လည်း ပျာယာခတ်နေ၏။

ထိုအခိုက်အတန့်၌ သူတို့နှစ်ယောက်သည် ထင်ယောင်ထင်မှား မြင်လာ၏။

သူတို့သည် အလယ်အလတ်အခြေတည်အဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသည်ဟု မထင်ရတော့ပေ။ ထို့အစား မရီးဒန်များစွာ ဖွင့်လှစ်ထားပြီးသား ပကတိအခြေတည်အဆင့်တစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဟု ထင်လာ၏။

လျန့်ဟောင်သည် အခုလေးတင် သူစုဖွဲ့ထားသော စိတ်ဝိညာဉ်ဓါးနှင့် ဆူဇီမိုအား ပစ်ထိုးဖို့ပင် အချိန်မရတော့ပေ။ သူလုပ်နိုင်သည်မှာ သူ့ရှိသမျှခွန်အားကိုသုံး၍ သူ့ဦးခေါင်းထက်က ရွှေလက်ဝါးကြီးကို ခုခံဖို့ပင် ဖြစ်လေသည်။

“သတ်!”

အခြားတစ်ဖက်၌ လျှိုဟုန်ယီကလည်း စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။ သူတို့နှစ်ယောက်စလုံး၏ ဦးခေါင်းထက်တွင် ကြီးမားသည့် ကြေးမုံကြီးတစ်ချပ်က ပေါ်လာပြီး ၎င်းက ရေလိုကြည်လင်တောက်ပနေကာ ခုခံစွမ်းအား မြင့်မားပုံရ၏။

ရွှေရောင်လက်ဟန်ချိတ်စည်းကြီးက သူတို့ကို ရည်ရွယ်တိုက်ခိုက်သည် မဟုတ်သော်လည်း အခြားကျန်ရှိနေကြသည့် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူများသည် သူတို့၏ စီနီယာအစ်ကိုနှစ်ယောက်ကို ကူညီဖို့အတွက် အလျှင်အမြန်ကြိုးစားလိုက်ကြ၏။

ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဉ်တိုက်ကွက်များစွာက ထွက်ပေါ်လာပြီး အေးစက်သောအော်ရာများနှင့် ဓါးပျံများစွာက လေထဲတွင် ယှက်ဖြာသွား၏။

ထိုဓါးပျံများ၏ ရည်ရွယ်ချက်က တစ်ခုတည်းပင်... ‌ရွှေရောင်လက်ဟန်ချိတ်စည်းကြီးကို ခုခံဖို့ပင် ဖြစ်လေသည်။

ချွင်..

လျန့်ဟောင်၏ စိတ်ဝိညာဉ်ဓါးက အရင်ဆုံးကျိုးသွား၏။ ရွှေ‌ရောင်လက်ဟန်ချိတ်စည်းနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းက သစ်သားချောင်းလေးတစ်ချောင်းလောက်တောင် ခံနိုင်ရည်မရှိတော့ပေ။

ဘုန်း.. ဘုန်း.. ဘုန်း..

ခလန်.. ခလန်.. ခလန်..

ရောင်ဝါလင်းလက်တိမ်နန်းတော်မှကျင့်ကြံသူများ၏ စိတ်ဝိညာဉ်တိုက်ကွက်များနှင့် ဓါးပျံများသည် ရွှေရောင်လက်ဟန်ချိတ်စည်းနှင့် ထိတွေ့သည့်အခါ တုန်ယင်၍ ကန်ထွက်ကုန်ကြပြီး ချိတ်စည်း၏ ရွှေရောင်အလင်းများကလည်း သိသိသာသာ မှိန်သွား၏။

ထိုသို့ဆိုလျှင်တောင် ရွှေရောင်လက်ဟန်ချိတ်စည်းက ‌အောက်သို့ ဖိကျပြိုဆင်းလာဆဲဖြစ်၏။

၎င်းချိတ်စည်းက လျှိုဟုန်ယီဆင့်ခေါ်ထားသော စိတ်ဝိညာဉ်ကြေးမုံနှင့် ထိတွေ့သွား၏။

ဖောက်..

စိတ်ဝိညာဉ်ကြေးမုံ၏ မျက်နှာပြင်ပေါ်ရှိ လှုပ်ရှားနေသော လှိုင်းဂယက်များသည် ချက်ချင်းတောင့်ခဲသွားပြီး ကြေမွလာကာ သူတို့အပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ မှိန်ဖျော့ပျက်ပြယ်လာ၏။

လျန့်ဟောင်နှင့် လျှိုဟုန်ယီတို့သည် ကြောက်လန့်ပျာယာသွားကြ၏။ သူတို့သည် သူတို့၏ သိုလှောင်အိတ်ထဲမှ ကာကွယ်ရေးအဆောင်များကို ထုတ်လိုက်ကြပြီး ချိုးချေလိုက်ကြ၏။

သူတို့၏ ဘေးပတ်ပတ်လည်တွင် အလင်းလိပ်ခုံးတစ်ခုက ပေါ်လာ၏။

ခရက်.. ခရက်.. ခရက်..

မျက်စိတစ်မှိတ်အတွင်းမှာပင်.. အလင်းလိပ်ခုံး၏ မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများက ပေါ်လာပြီး လျှင်မြန်စွာ ပျံ့နှံ့သွား၏။

ဝုန်း..

ကာကွယ်ရေးအဆောင်က ပျက်ဆီးကြေမွသွားပေပြီ။

“ကျွတ်..”

လျန့်ဟောင်နှင့် လျှိုဟုန်ယီတို့သည် ကျဆင်းလာသော ဖိအားကို တောင်မခံနိုင်တော့ဘဲ.. မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်ကာ.. ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်ရ၏။ သူတို့၏ မျက်နှာများက ဖြူလျော့ကာ အားအင်ချိနဲ့လာပုံပေါက်နေ၏။

ထို့နောက် သူတို့၏ ခြေထောက်များက ပျော့ယိုင်လာကာ ဒုတ်ကနဲ ဒူး‌ထောက်ကျသွား၏။ ဒူးထောက်ကျသွားတာက ပြင်းထန်သောကြောင့် သူတို့၏ ဒူးခေါင်းများသည် ဆုတ်ပြဲသွားကာ သူတို့၏ မျက်နှာများက ရှုံ့မဲ့သွားကြ၏။

များစွာသော ခုခံမှုများနှင့် ထိတွေ့ပြီးနောက် ရွှေ‌‌ရောင်လက်ဟန်ချိတ်စည်းကလည်း နောက်ဆုံးပျက်ပြယ်သွား၏။

နားနေခန်းမဆောင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

မည်သူမျှ ဤသည်ကို ထင်မှတ်မထားကြပေ။

ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရည်၌ လွန်စွာကြောက်စရာကောင်းတာကို နတ်ဆိုးမကျိက သိထားလေသည်။

သို့သော်လည်း သူမ မထင်ထားသည်မှာ ဆူဇီမိုသည် ဤမျှအထိ စွမ်းအားကြီးမားသော ကျင့်ကြံရေးနည်းစနစ်များကိုလည်း ထုတ်ဖော်နိုင်လိမ့်မည်ကိုပင်။

နောက်ပိုင်းအခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကာ ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

ကျန်ရှိနေသော ရောင်ဝါလင်းလက်တိမ်နန်းတော်မှကျင့်ကြံသူများသည် မိစ္ဆာနှိမ်နင်းချိတ်စည်း၏ စက်ကွင်းအတွင်း ကျရောက်ခဲ့ခြင်း မရှိခဲ့ပေ။ သူတို့သည် ဘေးကနေသာ ဝိုင်းဝန်းတိုက်ခိုက်ကြခြင်း ဖြစ်သောကြောင့် ဒဏ်ရာအနာတရ ရရှိကြခြင်း မရှိပေ။

ထိုသို့ဆိုလျှင်တောင် သူတို့သည် စိတ်ဝိညာဉ်စွမ်းအင်များစွာကို အသုံးပြုခဲ့ရပြီး.. သူတို့သည် ဆူဇီမိုကို ကြောက်ရွံ့ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

All Chapters