← Chapters

မင်းကိုယ်တိုင် လာကြည့်လိုက်လေ

Vol. 13 Ch. 190

မင်းကိုယ်တိုင် လာကြည့်လိုက်လေ

Vol. 13 Ch. 190

အခန်း ၁၉၀ - မင်းကိုယ်တိုင် လာကြည့်လိုက်လေ

စတင်တိုက်ခိုက်ကြကတည်းက ဆူဇီမိုသည် ခုံပေါ်တွင်သာ ထိုင်နေပြီး သိသိသာသာ လှုပ်ရှားမှု မရှိပေ။ တစ်ကယ်ဆို သူသည် မတ်တပ်ပင် ထမရပ်ခဲ့ဘဲ.. တည်ငြိမ်ဣန္ဒြေရနေ၏။

တစ်ကယ်တမ်းတော့.. သူလည်းပဲ အတော်လေး တုန်လှုပ်သွားမိ၏။

မိစ္ဆာနှိမ်နင်းချိတ်စည်း၏ စွမ်းအားက သူမျှော်မှန်းထားသည်ထက် များစွာကျော်လွန်နေ၏။

ထိုအခိုက်အတန့်၌ သူ့ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ကုန်ခမ်းသလောက်ဖြစ်နေပေပြီ။ သူသာ လုံလောက်သည့် စိတ်ဝိညာဉ်စွမ်းအင်များကို ထောက်ပံ့ပေးနိုင်မည်ဆိုလျှင်.. မိစ္ဆာနှိမ်နင်းချိတ်စည်းက ဘယ်လောက်ထိ ကြောက်စရာကောင်းအောင် စွမ်းအားကြီးလာမည်ပါလဲ။

သူ၏ တွက်ချက်မှုအရ.. စောစောက မိစ္ဆာနှိမ်နင်းချိတ်စည်းမှ ထွက်ပေါ်လာသော စွမ်းအားက ၎င်းထုတ်ဖော်နိုင်သော စွမ်းအားအပြည့်၏ ၃၀%လောက်ပင် မရှိသေးပေ။

ဒါက ဘယ်လိုမျိုး စိတ်ဝိညာဉ်တိုက်ခိုက်မှုအတတ်ပါလိမ့်..

၎င်းစွမ်းအား၏ ၃၀%လောက် ထုတ်‌ဖော်ကိုပင် အလယ်အလတ်အခြေတည်အဆင့်ဖြစ်သော ဆူဇီမို၏ စိတ်ဝိညာဉ်စွမ်းအင်များက ကုန်ခမ်းသလောက်ဖြစ်သွားရ၏။

“မင်း ဘယ်သူလဲ.. ဘယ်ဂိုဏ်းကလဲ.. မင်းတစ်ကယ်သတ္တိရှိတယ်ဆိုရင်.. မင်းနာမည်ကို ပြောလိုက်စမ်းပါ”

လျန့်ဟောင်က လူးလဲကျုံးထလိုက်၏။ သူသည် ဆူဇီမိုကို စူးရဲစွာ ကြည့်လိုက်ပြီး မုန်းတီးနေသော မျက်လုံးများဖြင့် ဖြေး‌ဖြေးချင်း မေးခွန်းများ ထုတ်လိုက်၏။

“မင်းကို ဘယ်သူက ထခွင့်ပေးသေးလို့လဲ”

ဆူဇီမို၏ အကြည့်က အေးစက်နေပြီး.. သူသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်တစ်လုံးကို ကောက်ယူကာ ဒီအတိုင်း ပစ်ပေါက်လိုက်၏။

ဆူဇီမို၏ ကိုယ်ကာယခွန်အားက ကြောက်စရာကောင်းလောက်အောင် သန်မာနေပြီးသားဖြစ်၏။

သူ၏ ဒီအတိုင်း ပစ်ပေါက်မှုကပင် အထင်သွားသေးလို့ မရ‌ပေ။ ထို့အပြင် လျန့်ဟောင်က ပြင်းထန်စွာ ဒဏ်ရာရနေပြီးသားဖြစ်၏။

ဝှီး..

လက်ဖက်ရည်ခွက်က လေကိုခွင်းလာ၏။

လျန့်ဟောင် မတုန့်ပြန်နိုင်ခင်မှာပင်.. လက်ဖက်ရည်ခွက်က သူ့ဒူးခေါင်းကို ဘန်းကနဲ လာမှန်၏။

ချက်ချင်းပင်.. လက်ဖက်ရည်ခွက်က ကြေမွသွား၏။ ယခုမှ ထမလို့ ကြိုးစားနေသော လျန့်ဟောင်သည်လည်း သူ့ဒူးခေါင်းသို့ ရိုက်ခတ်လာသော ထိခိုက်မှုဖြင့် နာကျင်စွာ ပြန်လည် ဒူးထောက်လိုက်ရ၏။

“အား! “

သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့နဖူးမှ ချွေးသီးများက ကျဆင်းလာ၏။

ဘေးဘက်တွင်ရှိသော လျှိုဟုန်ယီသည်လည်း ထမလို့ ကြိုးစားနေခြင်းဖြစ်၏။ သို့သော်လည်း မြင်လိုက်ရသော လျန့်ဟောင်၏ အဖြစ်အပျက်က သူ့ကို ကြောက်ရွံ့တုန်လှုပ်သွားစေပြီး မြေပြင်ပေါ်တွင် ဆက်လက်၍သာ နာခံစွာ ဒူးထောက်နေလိုက်တော့၏။ သူသည် ခေါင်းကိုငုံ့ထားပြီး တစ်သံတစ်ချက်ပင် မဟရဲတော့ပေ။

ယခုအခြေအနေက လွန်စွာ ဖိအားများ၏။ ထိုကဲ့သို့သော အချိန်တွင် ခေါင်းမာမှုက ဒုက္ခကိုသာ ဖြစ်စေလိမ့်ပေမည်။

ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူများ ကျန်ရှိနေသောသေးသော်လည်း သူတို့သည် ဆူဇီမို၏ လှုပ်ရှားမှုတိုင်း၌ ကြောက်လန့်မှင်တက်နေကြပြီး.. မည်သူကမျှ လှုပ်ရှားမှု မပြုလုပ်ရဲကြပေ။

ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူများသည် အကြည့်များ ဖလှယ်လိုက်ကြပြီး.. အလိုအလျောက် နားလည်စွာ.. နောက်ဆုတ်လိုက်ကြ၏။

ယခုသူတို့ရှေ့မှ ပြဿနာက စီနီယာအစ်ကိုရှုယွီနှင့် စီနီယာအစ်မရှန်မန်းကီတို့ ‌ရောက်လာမှသာ ဖြေရှင်းနိုင်ပေတော့မည်။ သူတို့ဒီနေရာမှာ ဆက်ရှိနေလည်း အလဟဿသာ ဖြစ်ချေတော့မည်။

“ဒီကိစ္စက ဒီလောက်နဲ့ မပြီးသေးဘူး.. မင်းတို့အားလုံး.. အဲ့နေရာမှာပဲ ရပ်နေကြ!”

ဆူဇီမိုသည် နေရာမှာပင် ထိုင်ရာမထဘဲ ပြောလိုက်၏။ သူ့လေသံက တည်ငြိမ်နေသော်လည်း ပြန်လှန်မေးခွန်းမထုတ်နိုင်သော ခွန်အားကို သယ်ဆောင်ထား၏။

“သွားကြမယ်ဟ.. မြန်မြန်!”

တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဓါးပျံတစ်လက်ကို ဆင့်ထုတ်ကာ နောက်ပြန်လှည့်မကြည့်ဘဲ အပြင်ဘက်သို့ ပြေးထွက်လိုက်၏။

ဆူဇီမိုက ရှေ့သို့ လက်ညွှန်လိုက်ပြီး ဟိန်းဟောက်လိုက်၏။

“လျှပ်တစ်ပြက်မိုးကြိုး!”

ဂျိမ်း..

နားပင်းမတတ်မြည်သံကြီးနှင့်အတူ.. လက်မောင်းလုံးလောက်ရှိသော မိုးကြိုးလျှပ်စီးကြောင်းသည် ရုတ်တရတ် ကျဆင်းလာပြီး လွန်စွာစူးရှတောက်ပစွာနှင့် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူများ၏ အလယ်သို့ ပစ်ခတ်လိုက်၏။

သိပ်သည်းသော မိုးကြိုးလျှပ်စီးကြောင်းက လျှင်မြန်စွာ ပြန့်ကျဲသွားပြီး တစ်ဖောင်းဖောင်းမြည်ဟည်းသွား၏။

စိတ်ဝိညာဉ်တိုက်ကွက်များတွင် မိုးကြိုးတိုက်ကွက်များက တိုက်စစ်အား အသန်မာဆုံး ဖြစ်၏။

ဆူဇီမိုကျင့်ကြံထားသည်ကား ထိပ်တန်းအဆင့် ရှေးဟောင်းဗလာနယ်မိုးကြိုးပညာရပ်လည်း ဖြစ်နေသောကြောင့် သူ့မျိုးဆက်သွေးထဲရှိ မိုးကြိုးစွမ်းအားက အလွန်တရာ သန်မာအားကောင်းလှ၏။

ကျန်ရှိကြသော လူဆယ်ယောက်တွင်.. လေးယောက်က အလယ်အလတ်အခြေတည်အဆင့်များ ဖြစ်ကြပြီး ခြောက်ယောက်က အစောပိုင်းအခြေတည်အဆင့်များ ဖြစ်ကြ၏။ သူတို့ထဲက မည်သူမျှ မိုးကြိုးစွမ်းအားကို ခံနိုင်ရည်မရှိကြပေ။

“အား.. အ.. အ.. အား!”

လူအုပ်ကြီးထဲမှ ကြောက်လန့်တကြား နာကျင်စွာ အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။ အစောပိုင်းအခြေတည်အဆင့်ခြောက်ယောက်သည် ချက်ချင်းပင် လျှပ်စစ်ဓါတ်လိုက်သွားကြပြီး မဲတူးသွားကြ၏။ သူတို့၏ ခန္ဓာကိုယ်ထဲမှ မီးခိုးစိမ်းများက ထွက်လာပြီး မြေပေါ်သို့ အတုံးအရုံး လဲကျကုန်၏။

အလယ်အလတ်အခြေတည်အဆင့် လေးယောက်သည်လည်း.. ညစ်ပေစုတ်ပြတ်ကုန်၏။ သူတို့သည် ရိုက်ခတ်မှုကို တောင့်ခံနိုင်သည်ဆိုရုံမျှ ရှိကြသော်လည်း.. ဒဏ်ရာများရရှိကာ သူတို့၏ ပါးစပ်ထဲမှ သွေးများက စီးကျလာ၏။ သူတို့၏ ဆံပင်များက တွန့်လိမ်ကောက်ကွေးကာ အရှက်တကွဲအကျိုးနည်းပုံပေါက်နေ၏။

ဆူဟုန်၊ စုန့်ချီနှင့် အခြားသူများသည်လည်း သူတို့မြင်တွေ့ရသည်ကို ကြည့်ကာ ကြက်သေသေနေကြ၏။

သူတို့၏ ဒုတိယသခင်လေးဆူက နှစ်နှစ်တာ အချိန်ကလေးအတွင်း ဤလောက်အထိ စွမ်းအားကြီးလာလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်လဲ။

“တာအိုရောင်းရင်း.. ခင်‌ဗျား အရမ်း မလွန်လာရင် ကောင်းလိမ့်မယ်နော်” လျှိုဟုန်ယီသည် တံတွေးမြိုချကာ ရှိသမျှ သတ္တိက‌လေးကို စုစည်း၍ ပြောလိုက်၏။

“စိတ်ဝင်စားစရာပဲ”

ဆူဇီမိုက ပြုံးလိုက်၏။

“မင်းတို့ကပဲ ငါတို့ဆီကို အရင်ရန်လာစပြီး အခြားသူတွေကို ကြောက်ကြောက်လန့်လန့်နဲ့ ဒူး‌ထောက်စေချင်ခဲ့ကြတာ မဟုတ်ဘူးလား.. အခုမှ ဘယ်လိုဖြစ်လို့ ငါကပဲ လွန်လာတယ် ဖြစ်ရတာလဲ”

“ဟီးဟီး.. မင်း သိပ်ပြီးလဲ ဘဝင်မြင့်ပြမနေနဲ့ဦး”

လျန့်ဟောင်က သူ့ဒူးခေါင်းမှ နာကျင်မှုကို တောင့်ခံကာ ခြိမ်းခြောက်သလို ပြောလိုက်၏။

“‌ဟျောင့်.. ငါ့တို့ရဲ့ စီနီယာအစ်ကိုနဲ့အစ်မက အခုမြို့ထဲမှာ ရှိတယ်နော်.. ဆူဟုန်ကိုသာ ငါတို့ ခေါ်မသွားဘူးဆို.. ဘာတွေဆက်ဖြစ်လာမလဲ စောင့်လဲကြည့်လိုက်ဦး”

“အို့”

ဆူဇီမိုသည် စကားလုံးများကို စပ်ဆက်ကြည့်လိုက်ပြီး စိတ်ဝင်တစားမေးလိုက်၏။

“ဒါဆို.. မင်းတို့ ဒီနေ့လာရတာက ယန်ဘုရင်ကို ခေါ်သွားချင်လို့ပေါ့လေ”

“မိုက်တယ်ကွာ”

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်၏။

“မင်းတို့က ဘာလို့ယန်ဘုရင်ကို လိုချင်ရတာလဲ.. သူနဲ့ မင်းတို့ ကြားမှာ ရန်ငြိုးတစ်စုံတစ်ရာ ရှိလို့လား.. ဒါမှမဟုတ် အခြားတစ်ခုခုကြောင့်လား”

“အဲ့ဒါက မင်းအပူမပါဘူး”

လျန့်ဟောင်က နှာခေါင်းရှုံ့လိုက်၏။

“ဆူဟုန်က ယန်ဘုရင်ဆိုရင်တောင် သူက မော်တယ်တစ်ယောက်ပဲ.. စီနီယာအစ်ကိုရှုက သူ့ကို တွေ့ချင်တယ်ဆိုတာ သူက ဂုဏ်တောင်ယူရဦးမယ်”

“ဂုဏ်ယူရမယ်ဟုတ်လား”

ဆူဇီမိုက ‌အေးစက်စွာ လှောင်ရယ်လိုက်၏။

“အဲ့လိုဆိုမှတော့ ငါ တစ်ယောက်ကိုတော့ လွှတ်ရတော့မှာပေါ့”

“မင်း! သွား.. မင်းတို့စီနီယာအစ်ကိုရှုဆိုတာကို ငါပြောတဲ့အတိုင်း သွားပြောလိုက်”

ဆူဇီမိုသည် ဒဏ်ရာရရှိထားသော ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူတစ်ယောက်ကို လက်ညိုးထိုးလိုက်ပြီး ထူးမခြားနားပုံစံနှင့် ပြေလိုက်၏။

“မင်းက ယန်ဘုရင်ကို တွေ့ချင်သပဆိုလဲ.. မင်းကိုယ်တိုင် လာတွေ့လှည့်လို့ ပြောလိုက်”

ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူက ကြောက်လန့်တကြား အမူအယာနှင့် ခေါင်းညိတ်လိုက်ပြီး.. ဓါးပျံကို ထုတ်ကာ ထွက်ပြေးသွား၏။

. . .

မြို့တွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်..

ရှုယွီနှင့် ရှန်မန်းကီသည် အေးအေးလူလူ စားသောက်၍ စကားပြောဆိုနေကြ၏။

ရှုယွီက စိုးရိမ်ပူပန်စွာ မေးလိုက်၏။

“ဂျူနီယာညီမလေး.. နင့်မျက်နှာလဲ သိပ်မကောင်းပါလား.. ဘာလို့လဲ စိတ်မကြည်လို့လား”

“ဘာမှ မဟုတ်ပါဘူး”

ရှုယွီက ပြုံးလိုက်၏။

“ဂျူနီယာညီမလေး.. နင်ဘာမှ စိုးရိမ်နေစရာ မလိုပါဘူး.. သိပ်ပြီး အများကြီး လျှောက်တွေးမနေနဲ့.. နင် အဲ့ဒီမိတ်ဟောင်းဆွေဟောင်းတွေကို မတွေ့ချင်ဘူးဆိုလဲ.. ဆူဟုန်ရောက်လာတဲ့အခါ ခဏရှောင်နေလိုက်ပေါ့.. ကျန်တာ ငါ့တာဝန်သာ ထားလိုက်”

“ကောင်းပြီလေ” ရှန်မန်းကီက ခေါင်းညိတ်လိုက်၏။

ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှ အဝတ်စလေတိုးသံများကို ကြားလိုက်ကြရ၏။ ဤသည်က တစ်စုံတစ်‌ယောက်သည် ဓါးပျံစီးနင်း၍ သုတ်သီးသုတ်ပျာနှင့် အပြင်းနှင်လာနေသည်မှာ ထင်ရှားလေသည်။

“အို.. ဘာလဲဟ”

ရှုယွီသည် မျက်မှောင်ကြုတ်၍ သူ့ဝတ်ရုံစကို ညင်သာစွာ လှုပ်ခါလိုက်သောအခါ ဝင်ပေါက်တံခါးက ပွင့်သွားပြီး.. ပုံရိပ်တစ်ခုက အလောတကြီး ဝင်ရောက်လာ၏။

“ဂျူနီယာညီလေးလူပါလား”

ရှုယွီနှင့် ရှန်မန်းကီသည် အနည်းငယ် ကြောင်အသွားကြ၏။

ထိုလူ၏ အဝတ်များက စုတ်ပြဲနေပြီး အချို့နေရာများတွင် လောင်ကျွမ်းရာများပင် ပါနေ၏။

သူသည် အခုလေးတင် လျှပ်စစ်ဓါတ်လိုက်ခံထားရသလို သူ၏ ကောက်ကွေးလောင်မြိုက်ထားသော ဆံပင်များမှ မီးခိုးများက ထွက်နေဆဲဖြစ်၏။

“ဂျူနီယာညီလေးလူ.. မင်း ဘယ်လိုဖြစ်လို့ အဲ့လောက်တောင် နမော်နမဲ့နိုင်ရတာလဲ.. မိုးကြိုး‌တောင် ပစ်ခံလာရတယ်လို့”

ရှုယွီက မျက်မှောင်ကြုတ်၍ မာန်မဲလိုက်၏။

“မင်းက အခု အင်မော်တယ်ကျင့်ကြံသူဖြစ်နေပြီလေ.. မိုးကြိုးပစ်တာကိုတောင် ဘယ်လိုရှောင်ရမလဲ မသိဘူးလား.. မင်းပုံစံကို ကြည့်လိုက်ပါဦး.. ဘယ်လောက်ရုပ်ပေါက်လိုက်သလဲကွာ!”

မျိုးရိုးနာမည်လူနှင့်စသော ထိုကျင့်ကြံသူသည် သူ့ဓါးပျံပေါ်မှ ဆင်းမလို့ လုပ်နေခြင်းဖြစ်၏။ ရှုယွီ၏ စကားလုံးများကို ကြားသောအခါ သူ့၏ အတွင်းဒဏ်ရာများသည် လှုပ်ခါသွားပြီး သွေးများ အန်ထုတ်လိုက်ရကာ ဓါးပျံပေါ်မှ မြေပြင်သို့ ပြုတ်ကျသွားလေ၏။

ရှုယွီက ရှေ့သို့ ခုန်တက်လိုက်ပြီး ကူညီဖေးမလိုက်၏။

“အို့”

သူ့အမူအယာက ပြောင်းလဲသွား၏။ ဤလူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်တိုက်ကွက်စွမ်းအင် အတက်အကျများကို သူခံစားမိလိုက်၏။

“မင်းရဲ့ဒဏ်ရာတွေက မိုးကြိုးတိုက်ကွက်ကြောင့် ရလာတာလား”  ရှုယွီက မျက်မှောင်ကုပ်၍ မေးလိုက်၏။

လူမျိုးရိုးသည် နောက်ဆုံး အသက်ရှုချောင်သွားပြီးမှ ခေါင်းညိတ်ပြလိုက်၏။

“စီနီယာအစ်ကိုရှု.. ပြဿနာတွေတော့ တက်လာခဲ့ပြီ”

သူသည် နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို လျှင်မြန်စွာ ပြန်ပြောပြလိုက်၏။ သူသည် ဆူဇီမိုပြောခဲ့သော စကားလုံးများကိုပင် တစ်လုံးချင်းပြန်ပြောပြလိုက်၏။

ရှုယွီ၏ မျက်နှာက မှုန်ကုပ်လာပြီးနောက် မေးမြန်းလိုက်၏။

“သူ့နာမည်က ဘယ်သူလဲ.. ဘယ်ဂိုဏ်းကလဲ”

“အဲ့.. အဲ့ဒါတော့ ကျုပ်လဲ မသိဘူး”

လူမျိုးရိုးက ခေါင်းခါလိုက်၏။

All Chapters