အချစ်ဟောင်း
Vol. 13 Ch. 191
အခန်း ၁၉၁ - အချစ်ဟောင်း
လူမျိုးရိုးက မျက်မှောင်ကြုတ်၍ ပြန်လည်စဉ်းစားပုံဖော်လိုက်၏။
“အဲ့လူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့.. သူ့ပုံစံက သန့်သန့်ပြန့်ပြန့် ချောချောမောမောပဲဗျ.. သူက ယဉ်ကျေးသိမ့်မွေ့တဲ့ စာပေသမားလေးလိုပဲ”
ခဏမျှ ရပ်နားလိုက်ပြီးနောက် လူက မကျေမနပ်နှင့် ညည်းတွားပြောဆိုလိုက်၏။
“ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးက အလိမ်အညာတွေပဲ.. ဘယ်သူက ထင်ထားမိမှာလဲ အဲ့ပျော့တိပျော့ဖတ်ပုံစံ စာပေသမားလေးက အဲ့လောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့.. သူတိုက်ခိုက်တဲ့အခါ ပိုတောင် ကြောက်ဖို့ ကောင်းသေးတယ်”
ဤစကားများကို ကြားရပြီးနောက် ရှန်မန်းကီ၏ နုလုံးက ဒိတ်ကနဲခုန်သွား၏။
ရင်းနှီးခဲ့ဖူးသော ပုံရိပ်တစ်ခုက သူမစိတ်ထဲတွင် ပြန်ပေါ်လာ၏။
ပြီးခဲ့သည့်လေးနှစ်အတွင်း.. ထိုပုံရိပ်ကို သူမ၏ မှတ်ဉာဏ်များထဲ အနက်ပိုင်းတွင် မြှုပ်နှံထားပြီး မေ့လျော့လုနီးပါးပင် ဖြစ်နေခဲ့ပေပြီ။
ထိုအရာသည် သူမ၏ ဇာတိမြို့သို့ ပြန်လာခဲ့ချိန်မှပင် သူမ၏ ကလေးဘဝမှ မှတ်ဉာဏ်အချို့သည် မှိုင်တွေညှိုးငယ်စွာနှင့် ပြန်ပေါ်လာခဲ့ခြင်းဖြစ်၏။
ဂျူနီယာမောင်လေးလူ၏ ပြန်ပြောပြသော အဖြစ်အပျက်ကို ကြားရသောအခါ ရှန်မန်းကီစိတ်ထဲ အရင်ဆုံး ပြေးမြင်မိသည်မှာ ဆူဇီမိုပင် ဖြစ်လေသည်။
သို့သော်လည်း သူမသည် ပြုံး၍ ခေါင်းခါလိုက်ကာ သူမ၏ အတွေးများကို ဖယ်ထုတ်ပစ်လိုက်၏။
ထိုအတွေးများက အတော်လေး ရယ်စရာကောင်းလှ၏။
ဆူဇီမိုမှာက စိတ်ဝိညာဉ်ရင်းမြစ်တောင် မရှိပေ။ သူက ဘယ်လိုလုပ် ကျင့်ကြံနိုင်ပြီး ဤမျှအထိ ကြီးမားသည့်ခွန်အားကို ပိုင်ဆိုင်နိုင်ပါမည်နည်း။
ရှန်မန်းကီသည် သူမ၏ ဆုံးဖြတ်ချက်အတွက် ဘယ်တုန်းကမှ နောင်တမရခဲ့ပေ။ သူမသည် နောက်တစ်ကြိမ် ပြန်လည်ရွေးချယ်ခွင့်ရမည်ဆိုလျှင်ပင်.. သူမသည် ဆူဇီမိုနှင့် ပင်ယန်းမြို့ကို စွန့်ခွာ၍ ပကတိကန်းလန်နောက်သို့လိုက်ကာ ကျင့်ကြံရေးလမ်းကြောင်းကို လျှောက်လှမ်းဖို့သာ ထပ်ပြီး ရွေးချယ်မိပေလိမ့်မည်။
ကျင့်ကြံရေးလောကတွင် လေးနှစ်တာကြာပြီးနောက်.. သူမသည် အချက်တစ်ချက်ကို ပို၍ သေချာသိလာ၏။
ထိုသည်မှာ အချိန်ကြာလာသည်နှင့်အမျှ သူမနှင့် ဆူဇီမိုအကြား ဘဝသက်တမ်းကွာဟချက်က ကြီးမားလာပေလိမ့်မည်။
“လာကွာ နန်းတော်ကို လိုက်သွားကြတာပေါ့.. ဘယ်သောက်ရူးကများ ငါတို့ရောင်ဝါလင်းလက်တိမ်နန်းတော်က လူတွေကို ရန်စရဲတာလဲ ကြည့်ရသေးတာပေါ့”
ရှုယွီ၏အသံက အတွေးလွန်နေသော ရှန်မန်းကီကို သတိပြန်ဝင်လာစေ၏။
ရှန်မန်းကီက မျက်မှောင်ကြုတ်လိုက်၏။
“စီနီယာအစ်ကိုရှု.. အဲ့လူက အလယ်အလတ် အခြေတည်အဆင့်ဆိုပေမယ့်လဲ နောက်ပိုင်းအခြေတည်အဆင့်တွေကိုတောင် လှဲချနိုင်တယ်ဆိုတော့ သွားနောက်လို့တော့ မရဘူးနော်.. ကျမတို့ သတိတော့ထားမှဖြစ်မယ်”
“ငါသိပါတယ်”
ရှုယွီက ပြုံးလိုက်၏။
“ဘာမှပူမနေနဲ့ ဂျူနီယာညီမလေး.. ငါ့အတိုင်းအဆကို ငါသိပါတယ်.. ဂျူနီယာညီလေးလူ ပြောပုံအရဆို.. အဲ့လူက အတော်လေးအဆင့်မြင့်တဲ့ စိတ်ဝိညာဉ်ပညာရပ်တစ်ခုကို ရထားတာ ဖြစ်ရမယ်.. လျန့်ဟောင်နဲ့ အခြားသူတွေကို တိုက်ခိုက်ဖို့အတွက် သူက အဲ့ဒါကို အသုံးပြုခဲ့တာပဲ ဖြစ်ရမယ်”
ရှန်မန်းကီက ခေါင်းညိတ်လိုက်၏။
“တစ်ခုရှိတာက.. စိတ်ဝိညာဉ်ပညာရပ်တစ်ခုက အဆင့်မြင့်လေလေ.. သူ့အတွက် ထောက်ပံ့ပေးရတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကလဲ များလေလေပဲမလား”
ရှုယွီက အေးစက်စွာ လှောင်ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။
“ငါထင်တာမမှားဘူးဆိုရင် အဲ့လူက အခုဆို စိတ်ဝိညာဉ်စွမ်းအင် ခမ်းခြောက်နေလောက်ပြီ.. အချိန်အတိုင်းအတာတစ်ခုအထိ သူအဲ့ဒါကို ပြန်ဖြည့်တင်းမှာ မဟုတ်သေးဘူး.. အခုချိန်က သူ့ရဲ့ အားအနည်းဆုံးအချိန်ပဲ”
“စီနီယာအစ်ကိုရှု.. အဲ့ဒါဆိုလဲ ကျုပ်တို့ အခုပဲ သွားကြရအောင် နောက်ထပ်ကြန့်ကြာနေလို့ မဖြစ်ဘူး”
“အေး သွားမယ်”
လေထဲတွင် ဓါးအလင်းတန်းသုံးခုက ပျံသန်းသွား၏။ ရှန်မန်းကီက ရှန်နန်ကို သယ်ခေါ်ပြီး ရှုယွီ၊ လူတို့နှင့်အတူ.. နန်းတော်ဆီသို့ ဦးတည်သွားကြ၏။
. . .
သိပ်မကြာမီ သူတို့လေးယောက်သည် ယန်ဘုရင်နားနေဆောင်၏ ဝင်ပေါက်ရှေ့သို့ ရောက်လာခဲ့ကြ၏။ တံခါးက ဖွင့်ထား၏။
အပြင်ဘက်မှနေ၍ သူတို့ မြင်လိုက်ရသည်မှာ လျန့်ဟောင်၊ လျှိုဟုန်ယွီနှင့် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ အခြားသူများသည် ညှိုးငယ်စိတ်ဓါတ်ကျနေသောပုံစံနှင့် ဒူးထောက်နေကြ၏။
သူတို့လေးယောက်သည် ဓါးပျံများပေါ်မှ လှမ်းကြည့်လိုက်ကြသောအခါ.. နားနေဆောင်၏ အတွင်းဘက်မှ လူများကကိုတော့ မြင်တွေ့ရခြင်း မရှိသေးပေ။
သူတို့၏ ဓါးပျံများကို ပြန်သိမ်းလိုက်ပြီး ရှုယွီနှင့် အခြားသူများသည် နားနေဆောင်၏ ဝင်ပေါက်ဝ၌ ဆင်းကာ အထဲကို လှမ်းကြည့်လိုက်ကြ၏။
အခန်း၏ အလယ်တွင် သတ်လတ်ပိုင်းရွယ်လူတစ်ယောက် ထိုင်နေတာကို သူတို့လေးယောက် မြင်လိုက်ရ၏။ ထိုသူက တစ်ခေါင်းလုံး ဖြူဖွေးနေ၏။
တစ်ကယ်တမ်း အထင်ရှားဆုံးအချက်ကတော့ သူ၏ မျက်နှာပေါ်တွင် ခပ်စွေစွေ အမာရွတ်ကြီးတစ်ခု ရှိနေခြင်းဖြစ်၏။ ထိုအမာရွတ်က သူ့မျက်နှာကို ထက်ခြမ်းပိုင်းထားသလို လွန်စွာကြောက်စရာကောင်းကြမ်းကြုတ်နေ၏။
ဆူဟုန်ကို မြင်လိုက်ရပြီးနောက် ရှန်မန်းကီသည် စိတ်ခံစားချက်များ အနည်းငယ် ဖြစ်ပေါ်လာ၏။
သူမသည် ဤလူနှင့် သိပ်ပြီး မရင်းနှီးခဲ့သော်လည်း ကောင်းကောင်းတော့ သိလေသည်။
ယခုသူမရှေ့မှ ဤလူသည် နယ်မြေတခွင် အာဏာစက်သက်ရောက်သော ယန်ဘုရင်ဖြစ်သော်လည်း.. သူမနှင့် နှိုင်းယှဉ်လျှင်တော့ သူသည် အဆင့်အတန်းအရဖြစ်စေ၊ ခွန်အားအရဖြစ်စေ ဘာမျှ မပြောပလောက်ပေ။
ရှန်မန်းကီကို မြင်တွေ့ရသောအခါ ဆူဟုန်သည်လည်း အနည်းငယ် မှင်တက်သွား၏။
“ရှန်မိသားစုက မိန်းကလေးလား”
လေးနှစ်ကြာပြီးနောက် ဟိုအရင်တုန်းက ယဉ်ကျေးသိမ်မွေ့၍ ရိုးသားသော ကောင်မလေးကို သူသည် မှတ်မိသည်ဆိုရုံမျှသာ ရှိတော့လေသည်။
ယခုရှန်မန်းကီထံမှ အေးစက်၍ သူစိမ်းဆန်သော အော်ရာက ထွက်ပေါ်နေ၏။
သူတို့နှစ်ယောက်စလုံးသည် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း.. ဆူဟုန်သည် ဆူဇီမိုထံမှ ထိုကဲ့သို့သော အေးစက်မှုမျိုးကို မခံစားရပေ။
ထိုအခါ သူသည် ရုတ်တရတ် စိတ်သက်သာရာရသလို ခံစားလိုက်ရ၏။
ဟိုအရင်တုန်းက ရှန်မန်းကီသည် သူ့ညီကို မရွေးချယ်ဘဲ ထွက်သွားခဲ့ခြင်းအတွက် စိတ်သက်သာရာ ရသွားခြင်းဖြစ်၏။
သူတို့နှစ်ယောက်သည် အစကတည်းက အကျင့်စရိုက်တူညီသောသူများ မဟုတ်ခဲ့ကြပေ။
ရှန်မန်း၏ အကြည့်က ဆူဟုန်ပေါ်၌ ခဏရပ်နားပြီးနောက်.. ရွေ့လျားသွားကာ ဘေးဘက်ခုံပေါ်ရှိ လူနှစ်ယောက်အပေါ်သို့ ရောက်ရှိသွား၏။
ခန်းမဆောင်၏ ဘေးဘက်တစ်နေရာ၌ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ယောက်သည် ထိုင်နေ၏။ သူသည် ဝင်ပေါက်ဘက်သို့ ဘေးတိုက်အနေအထားနှင့် ထိုင်နေပြီး မွှေးပျံလတ်ဆတ်သည့် အငွေ့များတထောင်းထောင်းထနေသော လက်ဖက်ရည်တစ်ခွက်ကို စိမ်ပြေနပြေ ထိုင်သောက်နေ၏။
အစိမ်းရောင်ဝတ်စာပေသမားကိုကြည့်ပြီး ရှန်မန်းကီသည် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး နေရာမှာပင် ကြက်သေသေနေမိ၏။
သူမသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။ သူမ၏ ချယ်ရီရောင်နှုတ်ခမ်းလေးက ပွင့်ဟသွားပြီး သူမ၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နေ၏။ သူမ၏ ခေါင်းထဲမှာ ဗလာကျင်းသွားသလို ခံစားလိုက်ရ၏။
ထိုအရာသည် ဘေးတိုက်မြင်နေရသော ပုံရိပ်တစ်ခု ဖြစ်သော်လည်း..
ထိုအရာသည် လေးနှစ်တောင် ကြာခဲ့ပြီဖြစ်သော်လည်း..
ထိုလူက အတော်လေး အရွယ်ရောက်လာပြီဖြစ်သော်လည်း..ပဲ
ရှန်မန်းကီသည် သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် တန်းပြီး မှတ်မိလိုက်၏။
တခြားအချိန်မှာသာဆိုလျှင် ရှန်မန်းကီ၏ ပျက်ယွင်းနေသောမျက်နှာကို ရှုယွီသည် သေချာပေါက် သတိထားမိပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်၌ သူ၏ အလုံးစုံသောအာရုံမှာ ဆူဇီမို၏ ဘေးတွင် ကပ်ထိုင်နေသော ပန်းရောင်မိန်းကလေးပေါ်သို့ အပြည့်အဝ ရောက်ရှိနေ၏။ သူ့ကိုယ်သူ ဘယ်နေရာရောက်နေသလဲဆိုတာကိုပင် မေ့လျော့လု ဖြစ်သွား၏။
သူမသည် သူ့ကို ပြုံးပြလိုက်၏။ သူမ၏ မျက်လုံးများက ချစ်ရည်ရွှန်းလဲ့တောက်ပနေ၏။
“အ!”
ရုတ်တရတ်ဆိုသလို ခန်းမဆောင်ထဲ၌ အာမေဋိတ်သံတစ်ခုက ထွက်ပေါ်လာ၏။
ရှန်နန်သည် အစိမ်းရောင်ဝတ်အမျိုးသားကို မှတ်မိသွားပြီး သူ့အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။
ဇောင်မိသားစုအိမ်တော်၏ ခြံဝန်းထဲမှာတုန်းက သွေးများတစ်စက်စက်စီးကျနေသော ဆေဘာကြီးကိုကိုင်ကာ အကြမ်းအရမ်း သတ်ဖြတ်နေခဲ့သော အမျိုးသား၏ ပုံရိပ်က ရှန်နန်၏ စိတ်အာရုံထဲတွင် အနက်ရှိုင်းဆုံးထိ တိုးဝင်နေခဲ့ပြီးဖြစ်၏။
ထိုအရာက သူ့တစ်သက်လုံး ထုတ်ပယ်လို့ မရတော့မည့် အိပ်မက်ဆိုးကြီးဖြစ်၏။
ရှုယွီနှင့် ရှန်မန်းကီတို့က သူ့ဘေးမှာ ရှိနေသော်လည်း ဤလူအပေါ် သူ၏ ကြောက်ရွံ့မှုက အရိုးထဲထိ စွဲနေပြီဖြစ်ပြီး ရှန်နန်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်မိ၏။
ထိုအော်သံက တစ်နည်းနည်းနှင့် ရင်းနှီးနေသလို သူထင်မိ၏။
ထိုအချိန်၌ ဆူဇီမိုသည် နောက်ဆုံး လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်၏။ သူသည် ခေါင်းကို အနည်းငယ်လှည့်ကာ ဝင်ပေါက်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်၏။
သူတို့၏ မျက်လုံးများက ဆုံမိသွား၏။
ချက်ချင်းဆိုသလိုပင် ကောင်းကင်က ပြောင်းလဲသွားပြီး အချိန်များက နောက်ပြန်ရောက်သွားသလို ထင်လိုက်ရ၏။
သူ့စိတ်အာရုံထဲတွင် ပုံရိပ်များက အစီအရီပေါ်လာပြီးနောက် တစ်ဖြည်းဖြည်း အနည်ထိုင်ကျသွား၏။
အချိန်အတန်ကြာသည့်အထိ တိတ်ဆိတ်နေကြ၏။
ရှန်မန်းကီ၏အမူအယာက ရှုပ်ထွေးရောယှက်နေ၏။
ဆူဇီမိုကတော့ အနည်းငယ် ငေးငိုင်နေ၏။ သို့သော်လည်း သိပ်မကြာခင် သူ့မျက်လုံးများက ပြန်လည်ကြည်လင်လာ၏။
သူသည် ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းခဲ့စဉ်မှစ၍ ဆူဇီမိုသည် ရှန်မန်းကီနှင့် သေချာပေါက် ပြန်လည်ဆုံတွေ့ရဦးမည်ဆိုတာ သူသိထားလေသည်။
သို့သော်လည်း ဒီနေ့ ဒီလိုအချိန် ဒီလိုအနေအထားနှင့် ဆုံတွေ့ရလိမ့်မည်ဟုတော့ သူထင်မှတ်မထားမိပေ။
လွန်ခဲ့သည့်လေးနှစ်က သူမသည် ပြတ်သားစွာ ထွက်သွားခဲ့ပြီး ဆူဇီမိုကတော့ အတော်လေး ထိချက်ပြင်းခဲ့၏။ နုလုံးကွဲကြေဖွယ်ထိုခံစားချက်ကို ဒီနေ့အချိန်ထိ သူမှတ်မိနေဆဲဖြစ်၏။
တျဲယွဲ့ကြောင့်သာမဟုတ်လျှင် သူသည် ထိုအခြေအနေထဲမှ ယခုလောက် လျှင်လျှင်မြန်မြန်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။
သူသည် ရှန်မန်းကီအပေါ် မကျေမချမ်းမှုများဖြင့် ပြည့်နှက်နေသည်ဟု ဆူဇီမိုသည် အစတုန်းက သူ့ကိုယ်သူ ထင်မှတ်ထားခဲ့၏။
သို့သော်လည်း တစ်ကယ်တမ်းတော့ ထင်ထားသလို ဟုတ်မနေပေ။
ယခု သူသည် ရှန်မန်းကီနှင့် တွေ့ရသောအခါ ဆူဇီမိုသည် အလွန်တရာ တည်ငြိမ်နေ၏။ တစ်ကယ်တမ်းပြောရရင် သူသည် စိတ်အေးလက်အေး ရှိနေသလိုပင် ခံစားရ၏။
မသိလိုက်မသိဖာသာနှင့်ပင်.. ရှန်မန်းကီသည် သူ့ဘဝတွင် ခရီးသွားဟန်လွှဲတွေ့ခဲ့ရသော လူတစ်ယောက်လို ဖြစ်လာပြီး သာမန်မိတ်ဆွေဟောင်းတစ်ယောက်ဟုသာ မြင်မိတော့၏။
ထိုအခိုက်အတန့်၌ ရှန်မန်းကီ၏ ခံစားချက်များ ရောထွေးနေပြီး သူမ၏ ရင်ထဲတွင် ခါးသက်လာ၏။
လေးနှစ်တာ ကြာမြင့်ခဲ့၏။
သူပုံစံက သိပ်ပြီ ပြောင်းလဲသွားပုံမပေါ်ပေ။ သူသည် အစိမ်းရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားဆဲဖြစ်ပြီး.. စာပေသမားတစ်ယောက်၏ အရှိန်အဝါ ထွက်ပေါ်နေ၏။
သို့သော်လည်း ရှန်မန်းကီသည် စိတ်ဝိညာဉ်အကဲဖြတ်ခြင်းကို သုံးပြီး ကြည့်လိုက်သည့်အခါ.. ဆူဇီမိုသည် ယခုအခါ ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီဖြစ်ကြောင်း သူမပြောနိုင်လေသည်။
ထို့အပြင် သူသည် အလယ်အလတ်အခြေတည်အဆင့်သို့ပင် ရောက်နေပေပြီ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..
ခန်းမဆောင်ထဲရှိ လေထုက ရုတ်တရတ် တစ်မျိုးတစ်မည် ထူးဆန်းနေသလို ထင်လာရ၏။
ရောင်ဝါလင်းလက်တိမ်နန်းတော်မှ တပည့်များသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး.. အလွန်တရာ ဆိုးဆိုးရွားရွားပုံနှင့် ထိတ်လန့်ကြောင်အနေကြပုံပေါ်၏။
ဘာကြောင့်ရယ်မသိ.. သူတို့၏ စီနီယာအစ်မရှန်သည် ခန်းမဆောင်ထဲ ဝင်လာပြီး အစိမ်းရောင်ဝတ်ကျင့်ကြံသူကို တွေ့သောအခါ စိတ်အာရုံပျက်ယွင်း၍ သတိလွတ်သွားပုံရ၏။
ထို့အတူပင်.. စီနီယာအစ်ကိုရှုကလည်း ပန်းရောင်မိန်းကလေးကိုသာ ငေးမောကြည့်နေ၏။
မည်သူကမျှ ဒူးထောက်နေရသော သူတို့ကို အရေးလုပ်မနေကြပေ။