← Chapters

အခုမှပဲ နားအေးပါးအေး ရှိသွားတော့တယ်

Vol. 13 Ch. 192

အခုမှပဲ နားအေးပါးအေး ရှိသွားတော့တယ်

Vol. 13 Ch. 192

အခန်း ၁၉၂ - အခုမှပဲ နားအေးပါးအေး ရှိသွားတော့တယ်

ဆူဇီမိုစ ပုံစံက စိတ်ခံစားချက်များစွာ မရှိဘဲ တည်ငြိမ်ဣန္ဒြေရနေသော်လည်း.. အနည်းငယ် ပုံမှန်မဟုတ်တာကို နတ်ဆိုးမကျိက သတိထားမိလိုက်၏။

သူမမျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားသော် ဘာမျှတော့ ၀င်‌မပြောပေ။

ဆူဇီမိုသည် စားပွဲခုံကို လက်ချောင်းများဖြင့် တဒေါက်ဒေါက်ခေါက်လိုက်ပြီး လူတိုင်း၏ အာရုံကို ဆွဲယူလိုက်၏။

"ပြောစမ်းပါဦး.. ဘာလို့များ မင်းတို့က ငါ့အစ်ကိုကြီးကို လာရှာရလဲဆိုတာ"

နှုတ်ဆက်ခြင်းတွေဘာတွေ လုပ်မနေတော့ဘဲ ဆူဇီမိုသည် တည့်တိုးတန်းမေးလိုက်၏။ ရှန်မန်းကီ၏ မျက်လုံးထဲတွင် စိုးရွံ့မှုတို့ကပေါ်လာပြီး ရုတ်တရတ် ဘာလုပ်လို့ ဘာကိုင်ရမည့်မသိ ဖြစ်လာ၏။

ဆူဇီမို၏ အကြည့်က အနောက်တွင် အမြီးကုပ်နေသော ရှန်နန်ပေါ်သို့ ရောက်သွား၏။ သူက မျက်ခုံးပင့်၍ မေးလိုက်၏။

"ဘာလဲ မင်းက လက်စားချေချင်လို့ ရောက်လာတာလား!"

ဆူဇီမို၏ အကြည့်အောက်တွင် ရှန်နန်သည် ကြောက်ရွံ့တုန်ယင်လာပြီး ခေါင်းကို တွင်တွင်ခါယမ်းပြလိုက်၏။

"အဲ့ဒါက မင်းစိတ်ကူလား..."

ခဏမျှရပ်နားလိုက်ပြီးနောက် ဆူဇီမိုသည် သူ့အကြည့်ကို ရှန်မန်းကီဘက်သို့လှည့်ကာ အေးစက်စွာ မေးလိုက်၏။

"ဒါမှမဟုတ် နင့်စိတ်ကူးလား ဟမ့်!"

"မ-မဟုတ်ပါဘူး" ရှန်မန်းကီက အလိုအလျောက် ခေါင်းခါပြလိုက်မိ၏။

မည်သို့ပင်ဖြစ်စေ.. ရှန်မန်းကီသည် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် သူမသည် ဣန္ဒြေပြန်ဆယ်ကာ ရှင်းပြလိုက်၏။

“အဲ့ဒါက လွန်ခဲ့တဲ့နှစ်နှစ်လောက်က.. ငါတို့ဂိုဏ်းက တပည့်တစ်ယောက်က ယန်တိုင်းပြည်ထဲမှာ ပျောက်သွားခဲ့တာလေ.. အခု ငါတို့လာတယ်ဆိုတာ ယန်ဘုရင်ကို သူနဲ့ပတ်သတ်တဲ့ သတင်းမေးမလို့ပါ”

“အို.. ဟုတ်တာပေါ့.. အဲ့ပျောက်သွားတဲ့တစ်ယောက်ကို နင်လဲသိတယ်လေ.. ငါတို့အကုန်လုံးက ပင်ယန်းမြို့ကပဲကို.. သူက ဇောင်...”

ရုတ်တရတ် ရှန်မန်းကီ၏ စကားသံက ရပ်တန့်သွား၏။

ဆူဇီမိုကို ကြည့်လိုက်ပြီး သူမသည် တစ်ခုခုကို သိမြင်လာသလို ထင်ရ၏။

သည့်အရင်တုန်းက ဇောင်ဒင်းယွမ်၏ ပျောက်ဆုံးမှုသည် ဆူဇီမိုနှင့် တစ်နည်းတစ်ဖုံ ပတ်သတ်မှုရှိလိမ့်မည်ဟူ၍ သူမ တွေးမထားခဲ့ပေ။

သို့သော်လည်း ဆူဇီမိုက ယခုအခါ အလယ်အလတ်အ‌ခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်သောကြောင့်.. လွန်ခဲ့သည့်နှစ်နှစ်တုန်းကလည်း သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ဒါအပြင်.. ဆူဇီမိုနှင့် ဇောင်ဒင်းယွမ်သည် အစကတည်းက ရန်းငြိုးရန်စရှိကြ၏။

အဖြစ်အပျက်အမှန်က ထွက်ပေါ်လာပေပြီ။

လွန်ခဲ့သည့်နှစ်နှစ်က ဇောင်ဒင်းယွမ်သည် ဆူဇီမိုကို ဒုက္ခပေးဖို့အတွက် ပင်ယန်းမြို့သို့ ပြန်လာခဲ့ပေလိမ့်မည်။ မမျှော်လင့်ဘဲနှင့် သူသည် ဆူဇီမိုသတ်တာကို ခံလိုက်ရပြီး.. သဲလွန်စပါ အဖျောက်ခံလိုက်ရပုံရ၏။

ရှန်မန်းကီ၏ မှန်းဆမှုက အဖြစ်အပျက်အမှန်နှင့် အတော်လေးတော့ နီးစပ်မှုရှိ၏။

သူလွဲသွားသောတစ်ချက်မှာ ဆူဇီမိုသည် လွန်ခဲ့သည့်နှစ်နှစ် အဲ့ဒီအချိန်တုန်းက ကျင့်ကြံသူတစ်ယောက် မဖြစ်သေးပေ။ သူသည် ဇောင်ဒင်းယွမ်ကို သတ်ဖြတ်နိုင်သည့် အစွမ်းအစကို ပိုင်ဆိုင်ခဲ့ရုံသာ ဖြစ်လေသည်။

ရှန်မန်းကီသည် ပြန်လည်တည်ငြိမ်နေပြီးဖြစ်၏။

ဆူဇီမိုသည် သူမကဲ့သို့ပင် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့၏။

သို့သော်လည်း သူ၏ စိတ်ဝိညာဉ်ရင်းမြစ်က သူမထက် နိမ့်ကျသည်ဖြစ်ရပေမည်။ ထို့အပြင် သူသည် မည်သည် ဂိုဏ်းကြီးတစ်ဂိုဏ်းကိုမျှ ဝင်ရောက်ရသေးပုံမပေါ်ပေ။ သူ၏ အနာဂတ်အလားအလာက သူမကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ရောင်ဝါလင်းလက်တိမ်နန်းတော်မှာ နေ၍ သူမသည် ကျင့်ကြံရေးလောကရှိ ပါရမီရှင်အချို့နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့၏။

ဆူဇီမိုကတော့.. သူ့မှာ နောက်ခံကောင်းကောင်းတောင် မရှိပေ။ သူသည် ကျောထောက်နောက်ခံမရှိဘဲ ကျင့်ကြံရေးလောကတွင် ခြေလှမ်းတစ်ချက်မှားသွားတာနှင့် အချိန်မရွေး သေသွားနိုင်၏။

သူတို့နှစ်ယောက်စလုံးသည် လေးနှစ်‌လောက် အချိန်ယူခဲ့ကြသော်လည်း.. သူမသည် မရီးဒါန်တစ်ခုပွင့်ပြီးသော ပကတိအခြေတည်အဆင့်သို့ ရောက်နေပြီး သူကတော့ အလယ်အလတ်အခြေတည်အဆင့်သို့သာ ရောက်ရှိနိုင်ခဲ့၏။

သူတို့နှစ်ယောက်၏ အလားအလာက ကွာဟလေသည်။

အချိန်ကြာလာသည်နှင့် အမျှ သူတို့နှစ်ယောက်အကြား ကွာဟချက်က ပို၍ များလာမည်ဖြစ်ကြောင်း ရှန်မန်းကီ ယုံကြည်လေသည်။

သူမမှာ သေချာနေသော အချက်တစ်ချက်ရှိ၏။

ဟိုအရင် ပြုလုပ်ခဲ့သော သူမ၏ ဆုံးဖြတ်ချက်က မှန်ကန်သည် ဆိုတာကိုပင်။

ထိုသို့တွေးပြီးနောက် ရှန်မန်းကီသည် သူမကိုယ်သူမ ယုံကြည်မှုပြန်ရှိလာလာပြီး ဣန္ဒြေပြန်ရလာ၏။ သူမသည် ဆူဇီမိုက ပြုံး၍ ကြည့်လိုက်၏။

“မတွေ့ရတာဖြင့် ဘယ်လောက်မှ မကြာသေးဘူး.. ရှင်က တော်တော်လေး ပြောင်းလဲသွားတာပဲ”

ဆူဇီမိုသည် စကားပြန်ပြောမလို့ ဟန်ပြင်နေစဉ်မှာပင်.. နွယ်ပင်တစ်ပင်လို လက်တစ်ဖက်က သူ့လက်မောင်းကို လာရောက်ရစ်ပတ်လိုက်တာကို သူခံစားလိုက်ရ၏။ နတ်ဆိုးမကျိက စကားပြောလိုက်သောကြောင့် မွှေးရနံ့တစ်မျိုးက သူ့အာရုံကို လာရောက်နှိုးဆွလိုက်၏။

“ဇီမို.. အဲ့အမျိုးသမီးက ဘယ်သူလဲဟင်”

ရှန်မန်းကီသည် မျက်မှောင်ကြုတ်လိုက်၏။

ဆူဇီမို၏ ဘေးတွင် ပန်းရောင်မိန်းကလေးတစ်ယောက်ထိုင်နေသည်ကို ယခုမှသာ သူမ သတိထားမိလေသည်။

ထိုမျှသာမက.. ဤပန်းရောင်မိန်းကလေးက ရုပ်ရည်သွင်ပြင်အရဖြစ်စေ၊ အော်ရာအရဖြစ်စေ.. သူမထက် များစွာသာလွန်နေ၏။

ပန်းရောင်မိန်းကလေးက မဝံ့မရဲနှင့် ဆူဇီမိုအား ဖက်တွယ်ထားသည်ကို မြင်ရသောအခါ ရှန်မန်းကီသည် ရင်ထဲမှာ မသက်သာသလို ခံစားလာရ၏။ ထိုအရာက သူမပိုင်ဆိုင်သောအရာကို တစ်စုံတစ်ယောက်က ခိုးယူသွားခြင်းအား ခံလိုက်ရသလိုပင်။

နတ်ဆိုးမကျိကို စိုက်ကြည့်ရင်း.. ရှန်မန်းကီက အေးစက်စွာ မေးလိုက်၏။

“နင်က ဘယ်သူလဲ”

“ဘယ်သူလို့ နင်က ထင်လို့လဲ”

နတ်ဆိုးမကျိက ပန်းတစ်ပွင့်ဖူးပွင့်လာသလို ပြုံးလိုက်ပြီး ဆူဇီမိုထံသို့ အတင်းတိုးကပ်လိုက်၏။ သူမသည် ခေါင်းကို အနည်းငယ်မော့ထားပြီး.. လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိစွာပုံစံနှင့် ရှန်မန်းကီကို ပြန်ကြည့်လိုက်၏။

ဆူဇီမိုက နတ်ဆိုးကျိ၏ လက်ကို ဖယ်လိုက်ပြီး စကားပြောမလို့ ဟန်ပြင်လိုက်စဉ်မှာပင် သူ့နုလုံးသားက အနည်းငယ် လှုပ်ခါသွား၏.. သတ်ဖြတ်လိုစိတ်ပဲ!

“ယန်ဘုရင်က မင်းအစ်ကိုဆိုရင်.. မင်းက ဆူဇီမိုပေါ့ ဟုတ်လား”

နတ်ဆိုးမကျိက ဆူဇီမို၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်မလို့ လုပ်နေသည်ကို မြင်ရသောအခါ ရှုယွီက ဆက်လက်သည်းခံနိုင်ခြင်း မရှိတော့ပေ။  သူသည် ရန်လိုစိတ်က ထောင်းကနဲထလာပြီး ဖြတ်မေးလိုက်၏။

ဆူဇီမိုက ပြန်လှန်မေးခွန်းထုတ်လိုက်၏။

“ဟုတ်တယ်ဆိုတော့ရော..”

“ငါ့ရဲ့ ဂျူနီယာညီလေးတွေကို ဒဏ်ရာရအောင် လုပ်ခဲ့တာမင်း‌လား” ရှုယွီက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး မေးလိုက်၏။

ဆူဇီမိုက ‌ခေါင်းညိတ်လိုက်၏။

“ဒါပေ့ါ”

“ကောင်းပြီလေ.. အဲ့ဒါဆိုလဲ မင်းအသက်နဲ့ ပြန်ပေးဆပ်လိုက်တော့”

ရှုယွီက ဟိန်းဟောက်လိုက်ပြီး သူ့မျက်လုံးများက အေးစက်လာကာ လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်၏။

ရုတ်တရတ်ဆိုသလို..

ရှန်မန်းကီက ရှုယွီ၏ရှေ့တည့်တည့်သို့ လျှင်မြန်စွာ ရောက်ရှိလာပြီး မျက်မှောင်ကြုတ်၍ တိုးတိုးပြောလိုက်၏။

“စီနီယာအစ်ကိုရှု.. ဒီကိစ္စကို ဒီမှာပဲထားလိုက်ပါတော့.. တစ်‌ယောက်နဲ့တစ်ယောက် နားလည်မှုလွဲနေကြတာ နေမှာပါ”

“နားလည်မှုလွဲတာ ဟုတ်လား”

ရှုယွီ၏ မျက်နှာက မှုန်ကုပ်သွား၏။

“သူလုပ်လို့ ငါတို့ရဲ့ ဂျူနီယာတွေက အကုန် ဒဏ်ရာအနာတရတွေနဲ့‌လေ.. အဲ့ဒါတောင် နားလည်မှုလွဲရုံပဲလား”

သည့်အရင်ကသာဆိုလျှင် ရှုယွီသည် ရှန်မန်းကီပြောသော စကားမှန်သမျှကို ငြင်းပယ်မှာမဟုတ်ပေ။

သို့သော် ယခုအခါ သူသည် နတ်ဆိုးမကျိ၏ ညှို့ငင်ဓါတ်အောက်၌ မွှန်ထူနေပြီဖြစ်၏။ ယခု သူသိသည်မှာ သူ့ရှေ့က ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူကို သတ်ပစ်လိုက်မှသာ သူသည် နတ်ဆိုးမကျိ၏ ခန္ဓာကိုယ်နှင့် နုလုံးသားကို ရယူနိုင်လိမ့်မည် ဆိုတာကိုပင်။

ရှန်မန်းကီက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

“ရှင်နဲ့ ဂျူနီယာတွေအကုန်လုံးကို ကျမတောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး သူ့ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါ.. လုပ်ပါ စီနီယာအစ်ကို”

ထိုသို့နှင့် ရှန်မန်းကီသည် ဆူဇီမိုဘက်သို့ လှည့်လိုက်ပြီး အသံနှိမ့်၍ ပြောလိုက်၏။

“နင်ဘာတွေ ငိုင်နေတာလဲ.. မြန်မြန်လာပြီး တောင်းပန်လိုက်လေ”

ဆူဇီမိုက ရုတ်တရတ် ရယ်ချလိုက်၏။ သူ့မျက်လုံးများက သရော်လိုမှုနှင့် ပြည့်နေ၏။

“မင်းတို့ကပဲ အရင်လာပြီး ပြဿနာလာရှာကြတာ မဟုတ်ဘူးလား.. အဲ့ဒါကို ငါကပဲ ‌တောင်းပန်နေရဦးမှာလား”

ရှန်မန်းကီက မျက်မှောင်ကြုတ်ပြီး ဆူဇီမိုကို စိုက်ကြည့်လိုက်၏။

“ဆူဇီမို.. နင်ငါ့စေတနာကို မစော်ကားနဲ့.. ငါက နင့်ကို ကယ်ပေးနေတာ”

“အို တစ်ကယ်ကြီးလား”  ဆူဇီမိုက အရယ်မပျက်ပေ။

ရှန်မန်းကီက ပြောလိုက်၏။

“ဂိုဏ်းကြီးငါးဂိုဏ်းဆိုတာကိုရော နင်သိလား.. ရောင်ဝါလင်းလက်တိမ်နန်း‌တော်ဆိုတာရော ကြားဖူးလား.. ကျင့်ကြံ‌ရေးလောကမှာ နင်သွားပြီး ရန်စလို့မရတဲ့ အဖွဲ့အစည်းတွေရှိတယ်ဆိုတာရော နင်သိရဲ့လား.. အဲ့မှာရပ်ပြီး ဘာလုပ်နေတာလဲ.. လာတောင်းပန်လိုက်လေ”

နတ်ဆိုးမကျိက လက်ခုပ်တီးပြီး ပြုံးလိုက်၏။

“ဒီကညီမပြောတာက သိပ်မှန်တာပဲ.. ကျင့်ကြံ‌ရေးလောကမှာ နင်သွားပြီး ရန်စလို့မရတဲ့ အဖွဲ့အစည်းတွေရှိတယ်လေ ဟုတ်တာပေါ့”

“ဟီးဟီး”

ရှုယွီက အေးစက်စွာ ရယ်မောလိုက်၏။

“ဂျူနီယာညီမလေး.. တောင်းပန်တာက စိတ်ပါလက်ပါရှိမှ ရလိမ့်မယ်နော်.. ဆူဇီမိုသာ ငါ့ရှေ့မှာ ဦးသုံးကြိမ်ချပြီး တောင်းပန်မယ်ဆိုရင် ငါခွင့်လွှတ်ပေးလို့ရတယ်”

ရှုယွီ၏ ထင်မြင်ချက်အရ.. ပန်းရောင်မိန်းကလေး၏ အရှေ့တွင် ဆူဇီမိုကို အရှက်ခွဲရခြင်းက သူ့ကို သတ်ပစ်လိုက်ရတာထက် ပိုအရသာရှိလှပေမည်။

“စီနီယာအစ်ကို.. အဲ့ဒါက နဲနဲတော့ မများဘူးလား” ရှန်မန်းကီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“ဟမ့်!”

ရှုယွီက အေးစက်စွာ ပြန်ပြောလိုက်၏။

“အဲ့လောက်နဲ့တောင် မရသေးဘူး.. ဆူဇီမိုချည်းပဲ မဟုတ်ဘူး၊ သူ့အစ်ကိုလဲ ဒူးထောက်ပြီး တောင်းပန်ရလိမ့်မယ်”

“စီနီယာအစ်ကိုရှု.. ကျမတောင်းပန်ပါတယ်.. ဒီကိစ္စကို....”

“ဘာမှ ထပ်မပြောနဲ့တော့.. ဒီကိစ္စက ထပ်ပြီး ညှိနှိုင်းလို့မရတော့ဘူး”

ဤအချိန်၌ ဆူဇီမိုသည် ထိုင်ရာမှ ထ၍ ရှုယွီရှိရာသို့ အမူအယာကင်းမဲ့စွာနှင့် လမ်းလျှောက်လာ၏။

သူ့အား လာရောက်တောင်းပန်ခယတော့မည်ဟု ထင်လိုက်ပြီး ရှုယွီက ရွှင်ပျသွားကာ ရယ်မော၏။

“ဟဟ အဲ့လိုမှပေါ့.. နောက်ဆုံးတော့ မင်း ကိုယ့်နေရာကိုယ် သိသွားပြီပေါ့လေ”

“နားငြီးလိုက်တာကွာ!”

ဆူဇီမိုသည် ရှုယွီရှေ့သို့ ‌ရောက်လာပြီး ပြောလိုက်၏။ ရုတ်တရတ်.. သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ရှုယွီ၏ လည်မျိုကို လျှပ်စီးလိုအမြန်နှုန်းဖြင့် ဖမ်းဆုပ်ကိုင်လိုက်၏။

ဆူဇီမိုသည် အားထည့်၍ ဖျစ်ညှစ်လိုက်၏။

ဂျွတ်!

အရိုးကျိူးပဲ့သံက ထွက်ပေါ်လာပြီး.. ရှုယွီ၏ မျက်လုံးများသည် သွေးရောင်သန်းနီရဲ၍ မျက်လုံးအိမ်တော့မှ ပြုတ်ကျတော့မည်ကဲ့သို့ ပြူးထွက်လာကာ ဆူဇီမိုအား မယုံကြည်နိုင်စွာ ကြည့်နေ၏။

ဆူဇီမိုသည် သူ့အပေါ် လက်တင်ရဲလိမ့်မည်ဟု သူထင်မှတ် မထားခဲ့မိပေ။

ထိုထက်ပိုပြီး သူ မထင်ထားမိသည်မှာ ဆူဇီမိုကို သူ့ကို သတ်ဖြတ်ပစ်ရဲလိမ့်မည်ကိုပင်။

ထို့အပြင် သူ့အား အခွင့်အရေး နည်းနည်းကလေးမျှ မပေးခဲ့ပေ။ လုံးဝ ပြတ်သားသော သတ်ဖြတ်ကွက်ဖြစ်၏။

ဆူဇီမိုသည် သူ့လက်မှ ဆုပ်ကိုင်ထားမှုကို ဖြေလျော့လိုက်ပြီး သက်ပြင်းရှည်ကြီးချကာ ခပ်တိုးတိုးရေရွတ်လိုက်၏။

“အခုမှပဲ နားအေးပါးအေး ရှိသွားတော့တယ်”

ရှုယွီ၏ ဦးခေါင်းက လည်ကျသွားပြီး မြေပေါ်သို့ ဘုန်းကနဲ လဲကျသွား၏။ သူက သေလေပြီ။

ခန်းမဆောင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။

လုံးဝ ငြိမ်သက်..။

All Chapters