← Chapters

အသက်နဲ့ သွေးနဲ့ ပေးဆပ်ရမယ်

Vol. 13 Ch. 193

အသက်နဲ့ သွေးနဲ့ ပေးဆပ်ရမယ်

Vol. 13 Ch. 193

အခန်း ၁၉၃- အသက်နဲ့ သွေးနဲ့ ပေးဆပ်ရမယ်

လျန့်ဟောင်၊ လျှိုဟုန်ယီနှင့် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ အခြားသူများသည် မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း တဆတ်ဆတ် တုန်ယင်နေကြ၏။ သူတို့သည် ဆူဇီမိုကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ကြပြီး သူတို့၏ လက်ဖဝါးများက ချွေးများစိုလာ၏။

ရှန်မန်းကီသည်လည်း နေရာမှာပင် အမြစ်တွယ်ရပ်နေမိပြီး မြေပြင်ပေါ်တွင် မကျေမချမ်းနှင့် လဲကျနေဆုံးနေပြီဖြစ်သော ရှုယွီကို မယုံကြည်နိုင်စွာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။

အရာအားလုံးက ရုတ်တရတ် ရှောင်တခင်ဖြစ်ပျက်သွားခဲ့ပြီး ရှန်မန်းကီ၏ဦးခေါင်းသည် ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ကသောင်းကနင်းနှင့် တဝီဝီမြည်လာ၏။

"ဆူဇီမို.. သူဘယ်‌လိုတောင် လုပ်ရဲရတာလဲ"

"သူ ရူးသွားပြီလား"

"နောက်ဆက်တွဲ အကျိုးဆက်တွေကို သူ မစဉ်းစားမိဘူးလား"

နတ်ဆိုးမကျိက မျက်လုံးမှေး၍ကြည့်လိုက်ပြီး နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်၏။

ပြောရမည်ဆိုလျှင် လက်ရှိလူများထဲ အတည်ငြိမ်ဆုံးသူမှာ သူမ‌ဖြစ်လေသည်။

သူမသည် ဆူဇီမိုနှင့် သိရှိသည်မှာ မကြာသေးသော်လည်း သူ၏ စိတ်နေစရိုက်ကို အကြမ်းဖျင်းတော့ သိရှိနေပေပြီ။

ဤလူသည် အပြင်ပန်းကြည့်လျှင် အားနည်းသည်ဟု ထင်ရသော်လည်း.. သူ့နုလုံးသားထဲ၌ သတ်ဖြတ်ဖို့ ၀န်မလေးသော ‌ကျား‌တစ်ကောင်ရှိနေ၏။ ဤလူသည် လှုပ်ရှားမှု ပြုလုပ်ပြီဆိုတာနှင့် လျှပ်စီးလို မြန်ဆန်ပြီး တစ်ဖက်လူကို အသက်ရှူချိန်တောင် ပေးမည်မဟုတ်ပေ။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆာအမွေခံသူတောင် ဆူဇီမိုလက်ချက်နှင့် သေခဲ့ရ၏။ မကြောက်မလန့်နှင့် ဟောင်ဖွာဟောင်ဖွာလုပ်နေသော ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူတစ်ယောက်လောက်ကတော့ စကားထဲပင် ထည့်ပြောနေစရာ မလိုပေ။

"ဆူဇီမို နင်ဘာလုပ်လိုက်တယ်ဆိုတာရော နင့်ကိုယ်နင်သိရဲ့လား၊ အခုနင်လုပ်လိုက်တာ ဘယ်လောက်ထိ ပြဿနာတက်သွားနိုင်လဲဆိုတာရော နင်သိရဲ့လား"

ရှန်မန်းကီသည် ဆူဇီမိုကို စိုက်ကြည့်ရင်း မချင့်မရဲဖြစ်လာကာ ပြောရင်းနှင့် အသံက ကျယ်လောင်လာ၏။

ဆူဇီမိုကတော့ ဖာသိဖာသာနှင့်သာ ပြုံးနေ၏။

ထိုသို့ မထီမဲ့မြင်ပုံစံက ရှန်မန်းကီကို ပို၍ဒေါသထွက်လာစေ၏။ သူမသည် လက်သီးဆုပ်၍ အော်ပြောလိုက်၏။

"လေးနှစ်ကြာပြီးတောင် နင် တဇွတ်ထိုးတဇောက်ကန်း လုပ်နေဦးမယ်လို့ ငါမထင်ထားဘူး.. နင်က အခုကျင့်ကြံသူတစ်ယောက် ဖြစ်နေလို့ ထွက်ပြေးနိုင်ရင်တောင် နင့်အစ်ကိုကြီးကတော့ ယန်တိုင်းပြည်မှာပဲ ရှိနေရမှာ မဟုတ်ဘူးလား.. နင့်ရဲ့လုပ်ရပ်က နင့်မိသားစုကိုပါ ဒုက္ခတွင်းထဲ ဆွဲချမိနိုင်တယ်ဆိုတာ နင်မတွေးမိဘူးလား"

ဆူဇီမိုက ဘေးတိုက် တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူ့အင်္ကျီလက်စကို လှုပ်ခါလိုက်၏။

ရွှေရောင်ပိုးအ၀တ်စတစ်စက ဆူဟုန်၏အရှေ့ စားပွဲပေါ်၌ လွင့်မျောနေ၏။ အင်ပါယာက ရောက်ရှိလာပြီး ထောက်လှမ်းကြည့်နေသကဲ့သို့ အာဏာစက် ခပ်ဖျော့ဖျော့က ပျံ့နှံ့ထွက်ပေါ်လာ၏။

"အင်ပါယာအမိန့်ပြန်တမ်းလွှာ!"

ရွှေရောင်ပိုးစ၏ ဇာစ်မြစ်ကို ရှန်မန်းကီနှင့် အခြားသူများသည် တန်း၍ မှတ်မိသွားပြီး တုန်လှုပ်သွားကြ၏။

မဟာကျိုးအင်ပါယာ၏ အဆင့်အတန်းက သူတို့ထက် များစွာသာလွန်၏။

ဆူဇီမိုက ထူးမခြားနားလေသံနှင့် ပြောလိုက်၏။

"ငါ့အစ်ကိုကြီးမှာ အင်ပါယာအမိန့်ပြန်တမ်းလွှာရှိတယ်.. သူ့ကို ဆန့်ကျင်တိုက်ခိုက်တဲ့လူက မဟာကျိုးအင်ပါယာကို ဆန့်ကျင်ပြီးတော့ အင်ပါယာကိုစိန်ခေါ်လိုက်တာနဲ့ အတူတူပဲ"

ရောင်ဝါလင်းလက်တိမ်နန်းတော်မှ လူတိုင်းသည် အသံတိတ်ကျသွား၏။

"နောက်ပြီး ကျင့်ကြံရေးလောကက ရန်ငြိုးတွေကြားထဲ မော်တယ်တွေကို ဆွဲမထည့်ရဘူး"

ခဏမျှ ရပ်နားလိုက်ပြီးနောက် ဆူဇီမိုသည် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ လူများကို ဝေ့ကြည့်ကာ နောက်ဆုံး သူ့အကြည့်က ရှန်မန်းကီအပေါ်၌ ရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

"မင်းတို့ဘက်က အရင်ဆုံး စည်းကျော်ပြီး ငါ့အစ်ကိုကြီးကို ထိရဲရင် ထိကြည့်လိုက်လေ.. အကုန်လုံး .... အသက်တွေသွေးတွေနဲ့ ပြန်ပေးဆပ်သွားစေရမယ်!"

သူ့စကား ပြောပြီးပြီးချင်းမှာပင် ဆူဇီမို၏ ခန္ဓာကိုယ်မှ အလွန်‌အားကောင်းသော သတ်ဖြတ်လိုစိတ်အော်ရာက ပေါက်ကွဲထကြွလာ၏။ လူတိုင်း၏ နုလုံးသားက အထိန်းအချုပ်မဲ့ တလျှပ်လျှပ် တုန်ယင်လာ၏။

ခန်းမဆောင်ထဲရှိ အပူချိန်က တရိပ်ရိပ်ထိုးကျလာ၏။

လျန့်ဟောင်နှင့် အခြားသူများသည် ကတုန်ကယင်ဖြစ်လာပြီး ဆူဇီမိုနှင့် အကြည့်ချင်းမဆုံရဲဘဲ ခပ်မြန်မြန် အကြည့်လွှဲလိုက်ကြ၏။

ရှန်မန်းကီ၏ မျက်လုံးထဲတွင် ဆူဇီမိုက ရုတ်တရတ် အလွန်တရာစိမ်းသက်သော လူတစ်ယောက်ဖြစ်လာ၏။ သူမနှင့် လုံး၀မသိခဲ့ဖူးသော လူ‌တစ်ယောက်လိုပင်။

ထိုလူက အရင်တုန်းကလို ပျော့တိပျော့ဖတ် စာပေသမားလေး မဟုတ်တော့ပေ။ ထိုသူက အခုမှ ငရဲက တက်လာ‌သော သွေးဆာရက်စစ်ကြမ်းကြုတ်သည့် ရှေးဦးသားရဲ‌တစ်ကောင်ဖြစ်၏။

ကျင့်ကြံရေးလောကတွင် တရား၀င်သတ်မှတ်မထားသော စည်းတစ်ခုရှိ၏။ ကျင့်ကြံသူအများစုသည် အလိုလို နားလည်မှုယူထားကြ၏။ ထိုသည်မှာ သူတို့၏ ရန်းငြိုးရန်ကြွေးကိစ္စများထဲသို့ မော်တယ်များကို ဆွဲမထည့်ဖို့ပင် ဖြစ်လေသည်။

ရှန်မန်းကီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ကာ ဆက်ပြောလိုက်၏။

"ကောင်းပြီလေ.. နင့်အစ်ကိုကြီးက ဘေးကင်းတယ်ဆိုရင်တောင်.. နင်ကတော့ ရောင်ဝါလင်းလက်တိမ်နန်းတော်က တပည့်တစ်ယောက်ကို သတ်လိုက်တဲ့အတွက် အပြစ်သားတစ်ယောက်ဖြစ်သွားပြီ!"

"အခုချိန်ကစပြီး နင်က နေ့ရက်တိုင်းမှာ ထိတ်လန့်တကြားနဲ့ အိမ်ကနေ ပြေးနေရတော့မယ်.. နင်တစ်ကယ်ပဲ အဲ့လိုဖြစ်ချင်လို့လား"

ဆူဇီမိုက ပြုံးလိုက်ပြီး ရှန်မန်းကီကို တည်ငြိမ်စွာကြည့်ကာ ပြောလိုက်၏။

"ဘယ်သူက ပြောတာလဲ ငါ့မှာအိမ်မရှိဘူးလို့"

"ဒီအခြေအနေထိ ရောက်လာတာတောင် နင်က လက်မခံချင်သေးဘူးလား"

ရှန်မန်းကီက ဆူဇီမိုကို စိတ်ပျက်လက်ပျက်ပုံစံနှင့် ကြည့်လိုက်၏။

"ရောင်ဝါလင်းလက်တိမ်နန်းတော်က မဟာကျိုးအင်ပါယာရဲ့ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းပဲ.. နင်သာ မဟာကျိုးအင်ပါယာထဲမှာ ရှိနေသရွေ့ ဘယ်သူက နင့်ကို ကာကွယ်ပေးမှာလဲ.. ဘယ်ဂိုဏ်းကရော နင့်ကို လက်ခံရဲမှာလဲ.. ဆူဇီမို အသိ၀င်စမ်းပါဟာ!"

ဒေါက်!

ထိုအချိန်မှာပင် ဆူဇီမိုသည် သိုလှောင်အိတ်ထဲကနေ ခပ်ရှည်ရှည် တံဆိပ်ပြားတစ်ခုကို ထုတ်၍ သူ့ဘေးရှိ စားပွဲပေါ်သို့ ပစ်တင်လိုက်၏။

"ငါ နင့်ကို မပြော‌ရသေးဘူးပဲ.. ငါက ဆန်းကြယ်တောင်ထွတ်က တပည့်တစ်ယောက်ပဲ.. ရောင်ဝါလင်းလက်တိမ်နန်းတော်က လူတစ်ယောက်ကို သတ်လိုက်တယ်ဆိုတာ ဘာမှကိစ္စကြီးတစ်ခု မဟုတ်ဘူး.. တစ်ခုခုဆို ဆန်းကြယ်တောင်ထွတ်က ငါ့ကို ကာကွယ်ပေးလိမ့်မယ်"

ရှန်မန်းသည် စားပွဲပေါ်က ဂိုဏ်းတံဆိပ်ပြားကို ငေးကြောင်ကြည့်နေမိ၏။ သူမ၏ ချယ်ရီနှုတ်ခမ်းလေးကို ကိုက်ပြီး နေရာမှာတင် ငေးငိုင်ရပ်နေမိ၏။ သူမပြောဖို့ ပြင်ဆင်ထားခဲ့သော စကားလုံးများက လည်ချောင်း၀မှာတင် တစ်ဆို့နေတော့၏။

ဆန်းကြယ်တောင်ထွတ်တဲ့လား..

လေးနှစ်အတွင်းမှာ ဆူဇီကလည်းပဲ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းကို ၀င်ရောက်နိုင်ခဲ့တယ်ပေါ့.. ဆန်းကြယ်တောင်ထွတ်!

သူမသည် ဆူဇီမိုနှင့် တွေ့လိုက်သည့်အချိန်ကတည်းက သူမနှင့် မတူမတန်သလို အထင်သေးခဲ့မိ၏။

သူမ မှီခိုအားထားခဲ့သော အရာတိုင်းသည် ဆူဇီမိုဆီမှာလည်း အကုန်ရှိနေကြောင်း ရုတ်တရတ် သူမ နားလည်သဘောပေါက်လာ၏။

သူမက သက်သက် ဘ၀င်မြင့်နေခဲ့တာပဲ။

လေးနှစ်တာ ကြာပြီးနောက် သူတို့အကြားရှိ ကွာဟချက်က သူမထင်သလို တိုးလာခြင်း မဟုတ်ဘဲ ကျုံ့သွားခြင်း ဖြစ်လေသည်။

သူမအတွက် အနည်းငယ် စိတ်သက်ရာရ‌စေသည့်အချက်မှာ ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က သူမထက် နိမ့်နေသေးခြင်းဖြစ်၏။

"ဆန်းကြယ်တောင်ထွတ်မှာ ငါရှိနေမယ်၊ လက်စားချေချင်တဲ့သူ ဘယ်သူမဆို လာခဲ့လို့ရတယ်"

ဆူဇီမို၏ လေသံက တည်ငြိမ်နေ၏။ သူက သမားရိုးကျကိစ္စတစ်ခုကို ပြောပြနေသလိုပင်။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရှန်မန်းကီသည် ဆူဇီမိုကို စိတ်ရှုပ်နေသောအကြည့်ဖြင့် ကြည့်လိုက်၏။ သူမသည် ဘေးဘက်သို့ လှည့်လိုက်ပြီး ပြောလိုက်၏။

“ငါတို့ ဂိုဏ်းကို ပြန်ကြတာပေါ့”

ထိုသို့ပြောပြီးနောက် သူမသည် လျန့်ဟောင်နှင့် လျှိုဟုန်ယီတို့ထံ လျှောက်သွားကာ သူတို့ကို ကူညီထူမပေးလိုက်၏။

သူတို့နှစ်ယောက်သည် ဆူဇီမိုကို စိုးတရွံ့ရွှံနှင့် ကြည့်နေ၏။ ထိုလူက အမူအယာကင်းမဲ့စွာ ရှိနေပြီး မည်သို့မျှ ဝင်ရောက် မကန့်ကွက်သည်ကို မြင်ရမှသာ နာကျင်မှုကို တောင့်ခံရင်း မတ်တပ်ထရပ်လိုက်၏။

‌ရောင်ဝါလင်းလက်တိမ်နန်းတော်မှ လူများသည် တစ်ယောက်ကိုတစ်ယောက် ဖေးမလိုက်ကြပြီး ယန်ဘုရင်၏ နားနေခန်းမဆောင်ထဲမှ ထွက်လာခဲ့ကြ၏။

လေပြေလေးများက သူတို့ကို ပွတ်တိုက်လိုက်သောအခါ ကြက်သီးမွေးညင်းများ ထသွားကြ၏။ မသိလိုက်မသိဖာသာနှင့်ပင် သူတို့အားလုံးသည် ချွေးအေးများဖြင့် ရွှဲနေကြပေပြီ။

တံခါးပေါက်ဝကို ဖြတ်ကျော်ပြီးမှသာလျှင် အားလုံးသည် စိတ်သက်သာရာရကာ ဟင်းချလိုက်ကြ၏။ ကမ္ဘာ့ပျက်ကပ်ဘေးမှ အခုလေးတင် လွတ်မြောက်လာခဲ့ရသလို ခံစားလိုက်ရ၏။

သူတို့အားလုံးသည် အခြေတည်အဆင့်များ ဖြစ်ကြသော်လည်း.. ဘာကြောင့်ရယ်မသိ.. ဆူဇီမိုရှေ့တွင် သူတို့၏ ရင်က တင်းကျပ်နေသလို ခံစားရ၏။ ထိုအရာသည် မမြင်ရသောဖိအားများက သူတို့၏ အသက်ရှူလမ်းကြောင်းကို ဖျစ်ညှစ်ထားသလိုမျိုးဖြစ်၏။

ရှန်မန်းကီသည် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ လူများကို အသံနိမ့်၍ ပြောလိုက်၏။

“မင်းတို့ အရင်ပြန်နှင့်ကျ.. ငါ အနောက်ကနေ လိုက်ခဲ့မယ်”

“စီနီယာအစ်မရှန်.. အဲ့ဆူဇီမိုနဲ့ သွားပြီး မတိုက်.. မတိုက်နေနဲ့တော့.. အဲ့ အဲ့လူက ပြောရတာ မဟုတ်ဘူး” လျှိုဟုန်ယီ၏ နုလုံးက တဒိန်းဒိန်းခုန်သွားပြီး သူမကို အလောတကြီး ဖျောင်းဖျလိုက်၏။

လူတိုင်း၏ မျက်လုံးများထဲတွင် စိုးရွံ့မှုက ပေါ်လွင်နေပြီး သဘောတူစွာ ခေါင်းညိတ်ပြလိုက်၏။

ရှန်မန်းကီသာ အနိုင်ရခဲ့လျှင် သိပ်ပြီး ကိစ္စမရှိပေ။ ထိုသို့မဟုတ်ဘဲ.. သူမသာ ရှုံးနိမ့်ခဲ့လျှင်.. ဆူဇီမိုက သူတို့၏ အသက်ကိုပါ ရန်ရှာလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်၏။

“စီနီယာအစ်မရှန်.. ဒီတစ်ကြိမ်တော့ ထားလိုက်ပါတော့.. နောက်အနာဂတ်မှာ သူ့အသက်ကို နုတ်ယူနိုင်မယ့် အခွင့်အရေးတွေ ကျုပ်တို့မှာ ရှိလာဦးမှာပါ”  နောက်တစ်ယောက်ကပါ ရှန်မန်းကီကို ထပ်မံဖျောင်းဖျလိုက်၏။

“ဘာမှ ပူမနေကြနဲ့.. ငါ ပြန်လာခဲ့မှာပါ.. သိပ်မကြာဘူး.. ပြီးတော့ သူနဲ့ တိုက်ခိုက်မှာလဲ မဟုတ်ဘူး”  ရှန်မန်းကီသည် စိတ်ချစမ်းပါဆိုသောပုံစံနှင့် ပြုံးပြလိုက်ပြီး ပြန်လှည့်ဝင်သွား၏။

ဆူဇီမိုရှေ့သို့ ရောက်လာပြီးနောက် ရှန်မန်းကီသည် သူ့ကို စိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“လိုက်လာခဲ့ပါ.. ငါ့မှာ နင့်ကို ပြောစရာတွေရှိတယ်”

ထိုသို့ပြောပြီးသည်နှင့် ရှန်မန်းကီက လှည့်ထွက်၍ လမ်းလျှောက်လိုက်၏။

ရှန်မန်းကီ၏ လေသံက ဆူဇီမိုကို မျက်မှောင်ကြုတ်သွားစေ၏။

“ကျမရှေ့မှာတောင် ပြောလို့မရဘူးဆိုတော့ ဘယ်လိုတောင် လျှို့ဝှက်လူသိမခံရမယ့် ကိစ္စတွေပါလိမ့်” နတ်ဆိုးမကျိက ဆူဇီမိုနှင့် ရှန်မန်းကီတို့ကို တစ်လှည့်စီ အဓိပ္ပါယ်ပါပါ ကြည့်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်၏။

ဒေါက်.. ဒေါက်..

ထိုအချိန်မှာပင် ဆူဇီမိုက စားပွဲကို လက်ချောင်းဖြင့် တစ်ဒေါက်ဒေါက် ခေါက်လိုက်၏။

“နင့်မှာ ပြောစရာရှိတယ်ဆိုလဲ.. ဒီမှာပဲ ပြောလေ”

ဆူဇီမိုက ထိုင်ရာမထ မျက်လွှာချ၍ တည်ငြိမ်စွာ ပြောလိုက်၏။

ရှန်မန်းကီသည် လှမ်းလက်စခြေလှမ်းကို ရပ်တန့်လိုက်ပြီး ဆူဇီမိုကို လှည့်ကြည့်လိုက်၏။ သူမ၏ အမူအယာက ဆက်တိုက် ပြောင်းလဲသွား၏။ သူမသည် အံ့ကိုကြိတ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြန်လှည့်လာ၏။

All Chapters