← Chapters

ရေတွင်းထဲက ဖားသူငယ်

Vol. 13 Ch. 194

ရေတွင်းထဲက ဖားသူငယ်

Vol. 13 Ch. 194

အခန်း ၁၉၄ - ရေတွင်းထဲက ဖားသူငယ်

ရှန်မန်းကီက ပြောလိုက်၏။

“ငါ့အစ်ကိုရဲ့ အသက်ကို ချမ်းသာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“အဲ့တုန်းက ငါ့ကို သတိပေးခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်.. အဲ့ဒီအတွက် မျက်နှာသာပြန်ပေးတယ်လို့ သဘောထားလိုက်ပါ”

ဤသည်ကိုကြည့်ပြီး ဆူမိသားစုမှ လူများသည် စိတ်ခံစားချက်များ မြင့်တက်လာကြ၏။

သူတို့နှစ်ယောက်သည် ကလေးဘဝကတည်းက ငယ်ကျွမ်းဆွေများ ဖြစ်ကြ၏။ လေးနှစ်ကြာ ခွဲခွာခဲ့ကြပြီးနောက် သူတို့နှစ်ယောက်၏ ပြန်လည်ဆုံဆည်းမှုက ပျော်ရွှင်ဖွယ်ရာ ကောင်းမနေသလို.. တစ်ယောက်နှင့်တစ်ယောက် မ‌ခေါ်ချင်မပြောချင်အောင်လည်း ဖြစ်မနေကြပေ။ သူတို့သည် မတူညီသော ကျေးဇူးတင်မှုများနှင့် ယဉ်ကျေးစွာ ပြန်လှန်နှုတ်ဆက်လိုက်ကြ၏။

တစ်ကယ်တော့ သူတို့နှစ်ယောက်၏ အပြန်အလှန်စကားများကို သူတို့နှစ်ယောက်သာလျှင် နားလည်ကြလေသည်။ အခြားလူများသည် ဘာတွေဖြစ်ပျက်ခဲ့သလဲ မသိရဘဲ စိတ်ရှုပ်ထွေးသွားကြ၏။

လွန်ခဲ့တဲ့လေးနှစ်.. သူတို့ ခွဲခွာခါနီးအချိန်တုန်းက.. ရှန်မန်းကီသည် ဆူဇီမိုနောက်သို့ အမီ‌လိုက်ကာ စကားအနည်းငယ် ပြောဆိုခဲ့၏။

ထိုအထဲတွင် သူမပြောခဲ့သော စကားတစ်ခုမှာ.. “ဇောင်ဒင်းယွမ်နဲ့ကျမနဲ့က မနက်ဖြန်ဆို ပင်ယန်းမြို့ကနေ ထွက်သွားကြတော့မှာ...” ဟူ၍ ဖြစ်၏။

ထိုစကားက ဘာမျှ မထူးခြားသလိုထင်ရ၏။ သို့သော် သေချာသုံးသပ်ကြည့်မည်ဆိုလျှင် သူမသည် ပြောစကားထဲတွင် ဇောင်ဒင်းယွမ်ကို ထည့်ပြောစရာ အကြောင်းမရှိကြောင်း သိနိုင်ပေမည်။

ထိုအချိန်တုန်းက ပကတိကန်းလန်သည် မလှမ်းမကမ်းတွင် ရှိနေသောကြောင့် ရှန်မန်းကီသည် စကားကို သိသာထင်ရှားအောင် မပြောရဲပေ။

သို့သော်လည်း ဆူဇီမို၏ ဉာဏ်ကောင်းပုံအရ သူသည် သူမစကားထဲတွင် သွယ်ဝိုက်ဖော်ပြထားသော အဓိပ္ပါယ်ကို ရှာဖွေသိနိုင်လိမ့်မည်ဖြစ်‌ကြောင်း သူမ ယုံကြည်ခဲ့လေသည်။

သူမထင်ခဲ့သည့်အတိုင်းပင်.. ဆူဇီမိုသည် အိမ်သို့ပြန်လာပြီးနောက်.. အရက်မူးချင်ယောင်ဟန်ဆောင်ကာ ဇောင်ဒင်းယွမ်ကို အောင်မြင်စွာ လှည့်စား၍ ခြောက်လှန့်နိုင်ခဲ့၏။

တစ်ကယ်တော့.. ရှန်မန်းကီ၏ သတိပေးမှု မရှိလျှင်တောင်.. တျဲယွဲ့အနားမှာ ရှိနေသည့်အတွက် ဇောင်ဒင်းယွမ်၏ လုပ်ကြံမှုက အထမြောက်အောင်မြင်လိမ့်မည် မဟုတ်ပေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှန်မန်းကီက မေးလိုက်၏။

“နင် ဇောင်ဒင်းယွမ်ကို သတ်ခဲ့တာလား”

“အင်း”

ဆူဇီမိုက ဖုံးကွယ်မနေပေ။

သူသည် ရှုယွီကိုတောင် သတ်ရဲမှတော့ ဇောင်ဒင်းယွမ်ကို သတ်ခဲ့သည့်အကြောင်းအား မပြောရဲစရာ အကြောင်းမရှိပေ။

“ဇီမို.. နင်က ဆန်းကြယ်တောင်ထွတ်ရဲ့ တပည့်ဖြစ်နေတယ်ဆိုရင်တောင်.. နင့်ရဲလုပ်ရပ်တွေက အရမ်းကို ဉာဏ်မဲ့ရာကျတယ်ဆိုတာသိလား”

ရှန်မန်းကီက ဆက်ပြောလိုက်၏။

“နင်သာ ရှုယွီကို မသတ်ခဲ့ဘူးဆိုရင်.. ဇောင်ဒင်းယွမ်ရဲ့ သေဆုံးမှုကို ငါလျှို့ဝှက်ထားပေးလို့ရသေးတယ်..  အဲ့ဒါဆို အနည်းဆုံးတော့ ရောင်ဝါလင်းလက်တိမ်နန်းတော်ကို နင်ဆန့်ကျင်မိမှာ မဟုတ်တော့ဘူး.. အခု နင်က အားလုံးရဲ့ရှေ့မှာ ရှုယွီကို သတ်ပစ်လိုက်တော့ ငါကူညီပြီး ဖုံးကွယ်ပေးထားချင်ရင်တောင် နင့်ကို ကူညီပေးလို့မရတော့ဘူး”

“နင်က ဘာလို့ ဖုံးကွယ်ချင်ရတာလဲ” ဆူဇီမိုက ‌မေးလိုက်၏။

“အမ်” ရှန်မန်းကီသည် ခဏတော့ ကြောင်အသွား၏။

သူက ထူးမခြားနား ဆက်ပြောလိုက်၏။

“ငါသာ အဲ့ဒါကို ဖုံးကွယ်ထားချင်ရင် အလွယ်လေးပဲ... နင်တို့အားလုံးကို သတ်ပစ်လိုက်ရုံပေါ့!”

ရှန်းမန်းကီသည် ရင်တစ်ချက်ခုန်သွား၏။

ဆူဇီမို၏ အကြည့်အရ.. သူသည် ထိုစကားကို နောက်ပြောနေခြင်းမဟုတ်ကြောင်း သူမခံစားမိလေသည်။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“ငါက နင်တို့လူတွေကို မသတ်ဖူးဆိုမှတော့.. ငါအဲ့ဒါကို ဖုံးကွယ်ထားဖို့ စိတ်ကူး မရှိလို့ပေါ့.. ဒါပေါ့.. ရောင်ဝါလင်းလက်တိမ်နန်းတော်ကို ဆန့်ကျင်မိမှာလဲ ငါကြောက်မနေလို့ပေါ့”

ပကတိကန်းလန်အကြောင်း တွေးလိုက်မိပြီးနောက် ဆူဇီမို၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုရိပ်က စုဖွဲ့လာ၏။

“နောက်ပြီး.. ငါက အရင်ထဲက ရောင်ဝါလင်းလက်တိမ်နန်းတော်ကို ဆန့်ကျင်ခဲ့ပြီးသားပဲ”

ဤသည်ကို ကြားပြီးတော့ ရှန်မန်းကီ၏ နုလုံးက တစ်ချက်ခုန်သွား၏။ သူမသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး မျက်မှောင်ကြုတ်လိုက်၏။

“ဆူဇီမို.. နင်က ငါ့ဆရာကို လက်စားချေဖို့ စဉ်းစားနေတာလား”

“အိုး.. ပကတိကန်းလန်က နင့်ဆရာဖြစ်သွားပြီလား”

ဆူဇီမိုသည် ခပ်ဖျော့‌ဖျော့ ပြုံးလိုက်ပြီး ငေါ့တော့တော့ ပြောလိုက်၏။

“အာ စိတ်မကောင်းစရာပဲ.. သူ့ကို တွေ့တဲ့အခါ ပြောလိုက်ပါ.. သူ့ဘဝရဲ့ လက်ကျန်နေ့ရက်တွေကို ကောင်းကောင်းဖြတ်သန်းထားပါလို့.. တစ်နေ့.. ငါကိုယ်တိုင် သူ့အသက်ကို လာယူမယ်လို့!”

“ဆူဇီမို.. နင်တော်လိုက်တော့!”  ရှန်မန်းကီသည် အနည်းငယ် ဒေါသထွက်လာပြီး မေးခွန်းထုတ်လိုက်၏။

“မြင်းတစ်ကောင်အတွက်နဲ့ နင်က ငါ့ဆရာကို သတ်ချင်နေတာလား!”

“မြင်းတစ်ကောင်ဟုတ်လား”

ဆူဇီမိုက ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်၏။ သူ့မျက်လုံးများက အေးစက်ခက်ထန်လာပြီး သတ်ဖြတ်လိုစိတ်က ထောင်းကနဲထလာ၏။

ရှန်မန်းကီအရှေ့သို့ လျှောက်လာပြီး သူသည် သူမကို ဓါးတစ်‌လက်လို စူးရှပြတ်သားစွာ ထွင်းဖောက်မတတ် ကြည့်လိုက်၏။

ဆူဇီမို၏ အကြည့်က သူမကိုယ်ထဲကို ဖောက်ဝင်သွားသည်ဟု ရှန်မန်းကီသည် ထင်ယောင်ထင်မှား ခံစားလိုက်ရ၏။

ထိုအခိုက်အတန့်၌ သူမ၏ ကျင့်ကြံမှုအဆင့်က ဆူဇီမိုထက် ပိုမြင့်သည်ဆိုတာကိုပင် သူမ မေ့လျော့သွား၏။

သူက အေးစက်စွာ ပြောလိုက်၏။

“ဇူဖန်ကြောင့်သာ မဟုတ်ရင် ငါက သေပြီးနေပြီပေါ့.. နင့်ဆရာက အဲ့တုန်းက ငါ့အသက်ကို လိုချင်နေခဲ့တာလေ!”

ရှန်မန်းကီသည် မငြင်းနိုင်ပေ။

ထိုအချိန်တုန်းက ဖြစ်ပျက်ခဲ့သည်ကို သူမ မျက်မြင်ကိုယ်တွေ့ခဲ့၏။

ဇူဖန်သာ အသိဉာဏ်ရှိယဉ်ပါး၍ အချိန်မီမကာကွယ်ခဲ့လျှင် ဆူဇီမိုသည် ပြာအဖြစ်သို့ လောင်ကျွမ်းသွားရပေလိမ့်မည်။

ရှန်မန်းကီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူမခေါင်းကိုမော့ကာ ဆူဇီမို၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့််လိုက်၏။

“လေးနှစ်ကြာပြီးတာတောင်.. နင်က အမြဲတမ်း မောက်မာမြဲ၊ မိုက်မဲမြဲပဲနော်.. နင့်ကိုယ်နင် အရမ်းအထင်ကြီးနေတာလား.. ငါ့ဆရာကို နင်က ဘယ်လိုပုံစံနဲ့ လက်စားချေမှာလဲ.. အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အဖြစ်နဲ့လား”

“ဟုတ်ပါတယ်.. အချိန်ကြာတာနဲ့အမျှ နင့်ရဲ့ကျင့်ကြံမှုအဆင့်က တိုးတက်ပြီး‌တော့ ပိုသန်မာလာမှာပဲ.. ဒါပေမယ့် ဆရာကလဲ ဒီအတိုင်းရပ်တန့်နေမှာတဲ့လား.. သူလဲပဲ တိုးတက်သန်မာလာမှာပဲလေ.. နင် သူ့ကို ဘယ်တော့မှာ အမီလိုက်နိုင်မှာ မဟုတ်ဘူး.. လက်စားချေနိုင်မှာလဲ မဟုတ်ဘူး”

ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ရှန်မန်းကီက အေးစက်စွာ ငေါက်ငမ်းလိုက်၏။

“ငါအခု နင့်ကို မတိုက်ခိုက်ဘူးဆိုတာလဲ နင့်ထက်အားနည်းလို့ မဟုတ်ဘူး.. ငါတို့ရဲ့ အရင်အချိန်က ပတ်သတ်မှုကို ထောက်ထားပြီး မတိုက်ခိုက်ချင်လို့ပဲ.. ဒါပေမယ့်.. နင်သိပ်ပြီးတော့ အတင့်ရဲမလာနဲ့”

“နင်က စီနီယာအစ်ကိုရှုကို အလစ်တိုက်ခိုက်လိုက်နိုင်တာနဲ့ပဲ.. ပကတိအခြေတည်အဆင့်ဖြစ်တဲ့ငါ့ကို အနိုင်ယူတိုက်ခိုက်နိုင်တဲ့ခွန်အားရှိတယ်လို့ နင့်ကိုယ်နင်ထင်နေတာလား”

ဆူဇီမိုက ရှန်မန်းကီကို တည်ငြိမ်စွာ ကြည့်လိုက်၏။

ဤအကွာအဝေး၌ သူ့မှာ ရှန်မန်းကီကို သတ်ဖြတ်နိုင်သော နည်းလမ်းပေါင်းများစွာရှိ၏။

ဝမ်းနည်းဖို့ကောင်းတာက မိုက်မဲသူက သူ့ကိုယ်သူ မိုက်မဲနေသည်ကိုပင် မသိရှာပေ။

သူမပြောနေတာသည် မလုံလောက်သေးဘူးထင်၍ ရှန်မန်းကီက ဆက်ပြောလိုက်၏။

“ဆူဇီမို.. ကျင့်ကြံရေးလောကမှာ နင့်ထက် အဆများစွာသာတဲ့ ပါရမီရှင်တွေ ရိုက်သတ်လို့မကုန်အောင်ရှိတယ်ဆိုတာ နင်သိထား.. နင်ဆိုတာ ဘာမှ မဟုတ်သေးဘူး”

“နင့်ရဲ့ ကျင့်ကြံမှုနဲ့ဆို.. မဟာကျိုးအင်ပါရဲ့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲကိုတောင် ဝင်ပြိုင်ဖို့ အဆင့်မမီသေးဘူး.. အဲ့ဒါက ကျင့်ကြံရေးလောကရဲ့ တစ်ကယ့်မဟာပွဲတော်ပဲ.. အဲ့ဒီမှာဆို တစ်ကယ်ထိပ်တန်း အခြေတည်အဆင့် ပါရမီရှင်တွေက ဝင်ပြိုင်ပြီးတော့...”

“ခွိ..”

ထိုနေရာအရောက်၌ နတ်ဆိုးမကျိသည် မထိန်းနိုင်တော့ဘဲ ရှန်းမန်းကီ၏ စကားကို ဖြတ်၍ ရယ်ချလိုက်၏။

“နင်က ဘာကိုရယ်နေတာလဲ” ရှန်မန်းကီက အေးစက်စွာ မေးမြန်းလိုက်၏။

နတ်ဆိုးမကျိက သူမကို လျစ်လျူရှုလိုက်ပြီး တစ်စုံတစ်ရာအား လိုက်လံရှာဖွေနေသလို ဘေးပတ်လည်ကို လိုက်ကြည့်ရင်း တိုးတိုးရေရွတ်လိုက်၏။

“အမ်.. စောစောက ရေအိုင်ထဲက ဖား‌လေးတစ်ကောင် တကွပ်ကွပ်နဲ့ အော်နေတာကို ငါကြားလိုက်ပါတယ်.. နားငြီးလိုက်တာဆိုတာ!”

ရှန်မန်းကီ၏ မျက်နှာက ညိုပုပ်သွား၏။ သူမသည် သိုလှောင်အိတ်ပေါ်လက်တင်လိုက်ပြီး အေးစက်စွာ ငေါက်ငမ်းလိုက်၏။

“နင်က ဘယ်သူ့ကို ရေအိုင်ထဲက ဖားလို့ ပြောနေတာလဲ ဟမ်!

ရှန်မန်းကီ၏ လှုပ်ရှားမှုကို သတိထားမိလိုက်ပြီး နတ်ဆိုးမကျိက ပြုံးလိုက်၏။

“အဲ့လူက ရေအိုင်ထဲက ဖားဖြစ်နေရင်လဲ သူ့ဟာသူနေပေါ့.. ဆိုးတာက သူမကိုယ်သူမ ငတတ်ကြီးလိုလို၊ မှန်ကန်ဖြောင့်မတ်သူကြီးလိုလို အချိုးချိုးပြနေတာပဲ.. ရေအိုင်ထဲမှာနေပြီး ကောင်းကင်က ဘယ်လောက်ကျယ်ကြောင်း ဘာလို့ သူများတွေကို လိုက်ပြောနေရတာလဲ.. ကြားရတာ ဟာသပဲ !”

“ကောင်းပြီလေ”

ရှန်မန်းကီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

“ရေအိုင်ထဲက ဖားလေးက ဘာတွေလုပ်တတ်တယ်ဆိုတာ နင့်ကို ပြပေးရတာပေ့ါ”

သူမ စကားပြောပြီးပြီးချင်း.. ရှန်မန်းကီသည် သူမ၏ ဘယ်ဘက်လက်ဖြင့် လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်ရင်း ညာဘက်လက်က သိုလှောင်အိတ်ကိုပုတ်၍ ဓါးပျံတစ်လက်ကို ဆင့်ထုတ်လိုက်၏။

ဝုန်း..

ရှန်မန်းကီထံမှ ဝုန်းကနဲမြည်သံက ထွက်ပေါ်လာ၏။

ထို့နောက် နဂါးတစ်ကောင်လို မရီးဒါန်တစ်ချောင်းက တောက်ပလာပြီး ရှန်မန်းကီ၏ ခန္ဓာကိုယ်ထဲမှ ကြွယ်ဝသော စိတ်ဝိညာဉ်ချီများက ရုန်းကြွထွက်ပေါ်လာ၏။

မရီးဒါန်ရှစ်ခုထဲက တစ်ခု..

စိတ်ဝိညာဉ်အကဲဖြတ်ခြင်းက ပကတိအခြေတည်အဆင့် ဟုတ်၊ မဟုတ်ကိုသာ ထောက်လှမ်းနိုင်ပြီး မရီးဒါန် ဘယ်နှစ်ခု ဖွင့်လှစ်ပြီးပြီလဲဆိုတာကို တိုက်ခိုက်ကြည့်မှသာ သိနိုင်လေသည်။

မရီးဒါန်များများ ဖွင့်လှစ်ထားနိုင်လေလေ.. သူတို့တွင် စိတ်ဝိညာဉ်စွမ်းအင်များက ပေါကြွယ်ဝလေလေဖြစ်ပြီး ပိုသန်မာလေလေဖြစ်၏။

ရှန်မန်းကီသည် မရီးဒါန်တစ်ခု ဖွင့်လှစ်ပြီးပြီမှာ ထင်ရှားလေသည်။

ရွှက်!

ရှန်မန်းကီ လှုပ်ရှားမှု ပြုလုပ်လိုက်စဉ်မှာပင်.. ပန်းရောင်ပုံရိပ်တစ်ခုက သူမရှေ့သို့ လှစ်ကနဲ ရောက်ရှိလာ၏။

နတ်ဆိုးမကျိသည် သူမ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ရှန်မန်းကီ၏ ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ မရီးဒါန်ကို လျှပ်စီးလိုအမြန်နှုန်းဖြင့် ဖမ်းဆုပ်ကိုင်လိုက်၏။

ချက်ချင်းဆိုသလိုပင် ရှန်မန်းကီ၏ အမူအယာက ပြောင်းလဲသွား၏။ သူမ၏ ဘယ်ဘက်လက်သည် ထုံကျင်သွားကာ သူမ၏ မရီးဒါန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် နှေးကွေးလေးကန်လာပြီးနောက် လုံးဝလှည့်ပတ်လို့ မရတော့ပေ။

နောက်တစ်ခဏ၌ သူမ၏ လည်ပင်းပေါ်တွင် အေးစက်စက် စပ်ဖျဉ်းဖျဉ်း နာကျင်မှုကို ခံစားလိုက်ရပြီး လေအေးများက သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ၏။

ရှန်မန်းကီ၏ မျက်နှာက အလွန်တရာ မအီမသာပုံပေါက်လာပြီး နေရာမှာတင် တောင့်တောင့်ကြီး ရပ်နေကာ နည်းနည်းကလေးမျှ မလှုပ်ရဲတော့ပေ။

နတ်ဆိုးမကျိက စောင်းငဲ့ကြည့်လိုက်ပြီး ပြုံးပြလိုက်၏။

“ငါက နင့်ကို ရေအိုင်ထဲက ဖားသူငယ်ပါလို့ ပြောရင်.. အဲ့ဒါ ဟုတ်နေလို့ပဲဆိုတာ ယုံထားလိုက်သိလား.. နင့်ပုံစံနဲ့ ရှေးဟောင်းတိုက်ပွဲမြေကို ရောက်လာခဲ့ရင်.. နင့်အတွက်‌စောင့်နေတဲ့အရာက တစ်ခုပဲရှိတယ်သိလား.. အဲ့ဒါက‌ သေခြင်းတရားပဲ”

All Chapters