စိန်ခေါ်ပွဲ
Vol. 26 Ch. 391
ရွှီချင်း၏အမူအရာ ပြောင်းလဲမသွားပေ။ အရာအားလုံးကို သူ ရုတ်သိမ်းလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ကာ တစ်နာရီကြာ တရားထိုင်လိုက်သည်။
တစ်ဖက်တွင် စတုတ္ထမြောက်သက်စောင့်မီးလုံးကို ဖော်ထုတ်နိုင်စွမ်းမရှိသေးကြောင်း သူ ပြသရမည် ဖြစ်သည်။
တခြားတစ်ဖက်တွင် စတုတ္ထမြောက်သက်စောင့်မီးလုံး ပေါ်ပေါက်လာပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲများကို သူ အာရုံခံမိ၍ ဖြစ်သည်။
သူ၏တိုက်ရည်ခိုက်ရည်က တမုဟုတ်ချင်း တိုးတက်သွားခဲ့သည်။
ယင်းအပြင် ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်က ကန့်သတ်ချက်မဟုတ်သည်ကိုလည်း ရွှီချင်း အာရုံခံမိလိုက်သည်။ သူ၏ခန္ဓာကိုယ်က မပြည့်စုံသေးဘဲ ဓမ္မတံခါးတစ်ခု လိုအပ်နေသေးသည့်ပမာ သူ ခံစားနေရသည်။
“ ဆရာပြောသလိုဆို ငါ လိုနေတာ တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးပဲ။ အဲဒါက သက်စောင့်မီးလုံးလေးလုံး ကျင့်ကြံသူတိုင်း ဖွင့်ဖို့ အာသီသပြင်းပြနေကြတဲ့ နောက်ဆုံးဓမ္မတံခါးပဲ ”
ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ သေလုမျောပါးအခြေအနေကိုရောက်မှပဲ တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ငါ ဖွင့်နိုင်မှာလား ”
ရွှီချင်း ကြိုးစား၍ အာရုံခံကြည့်လိုက်ပါသော်လည်း အချည်းနှီးသာ။ အမှတ်ခုနစ်သခင်ကြီး၏ စကားများကို သူ တွေးမိလိုက်ပြီး အတွေးနက်သွားသည်။ သို့သော် နောက်ဆုံးဓမ္မတံခါးကို ဖွင့်ရန် သူ အလျဉ်မလိုပေ။
“ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို ကျွမ်းကျင်ပိုင်နိုင်သွားတဲ့အခါမှပဲ အဲဒီအတတ်ရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ပြီး ဝိညာဉ်တွေကို ဓမ္မတံခါးတွေထဲမှာ ချုပ်နှောင်နိုင်တယ် ”
“ ငါ့မှာ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ရှိတော့ ဝိညာဉ်တစ်ရာ့နှစ်ဆယ်ကို ချုပ်နှောင်နိုင်တယ် ”
“ ဒါဆို ငါ့ဓမ္မတံခါးတွေရဲ့စွမ်းအား တိုးတက်သွားရုံတင်မကဘူး။ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ရဲ့ မန္တန်ဖြစ်တဲ့ အမှောင်ဝိညာဉ်မီးတောက်ကိုလည်း ငါ ထုတ်ဖော်နိုင်မှာပဲ ”
ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဝိညာဉ်တစ်ရာ့နှစ်ဆယ်ကို သူ ဖိနှိပ်လိုက်သည်နှင့် ထိုဝိညာဉ်များက လက်နက်စောင့်ဝိညာဉ်အဖြစ် စုစည်းသွားမည်ဖြစ်ပြီး သူ၏မှော်သင်္ဘောအား မှော်စစ်သင်္ဘောအဖြစ် အဆင့်မြှင့်တင်ပေးမည်ဖြစ်သည်ကိုလည်း သူ သိသည်။
ထိုအခါ မှော်သင်္ဘောက ကြောက်စရာကောင်းလောက်အောင် တိုးတက်သွားမည် ဖြစ်သည်။
“ အဲဒီအချိန်ရောက်လို့ တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ငါ ရှာမတွေ့သေးရင် ထပ်ရှာမနေတော့ဘဲ ရွှေအမြုတေအဆင့်ကို ငါ တစ်ခါတည်း ရောက်အောင် လုပ်ရတော့မှာပဲ ”
ရွှီချင်း စိတ်ဆုံးဖြတ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူ ဝေ့ကြည့်လိုက်ပြီး သူ့အကြည့်က သွေးရေကန်၏ အလယ်ဗဟိုရှိ ဧရာမကောင်းကင်သံကြီးနှင့် မြွှေမိစ္ဆာကြီး၏ ခေါင်းကြီးထံသို့ ရောက်သွားသည်။
ကောင်းကင်သံကြီးကို ကြည့်၍ ယင်းမှ ထုတ်လွှတ်နေသော ကြောက်ခမန်းလိလိ ဖိအားများကို ရွှီချင်း ခပ်ရေးရေး အာရုံခံမိသည်။ သူ သိရသရွေ့ ထိုသံချောင်းကြီးကို ရှေးဘုရင်ရွှမ်ယုံက ဓာတ်ကြီးငါးပါးဖြင့် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
ဗလာနတ္ထိအဆင့်နှစ်တွင်ရှိသော မြွေမိစ္ဆာကြီးကို နှစ်ပေါင်းတစ်သိန်းကြာအောင် ချုပ်နှောင်နိုင်သော ထိုသံချောင်းကြီးအား လက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့် ဖန်တီးနိုင်သည်မှာ မည်သည့်ကျင့်ကြံခြင်းအဆင့်တွင် ရှိနေ၍ ဖြစ်သည်ကို သူ မတွေးတတ်ပေ။
ယင်းအပြင် မြွေမိစ္ဆာကြီး ခြောက်ကပ်လာခဲ့ပါသော်ငြား သံချောင်းကြီးက ဘာမှမဖြစ်သေးပေ။
“ ငါလည်း တစ်နေ့ အဲဒီလို ဖြစ်လာနိုင်မလား ”
ရွှီချင်း စိတ်လှုပ်ရှားသွားသည်။ သူသည် ကောင်းကင်သံကြီးကို ကြည့်ရင်း အစွန်းရောက်ကောင်းကင်ဓားမော့အား ပထမဆုံးမြင်တွေ့ခဲ့ရသည့်ခံစားချက်ကို ပြန်ရလိုက်သည်။
သံချောင်းကြီးအား သူ့စိတ်ထဲ ပုံဖော်ကြည့်လိုက်ရင်း တဖြည်းဖြည်း သူ့မျက်လုံးများထဲ ထူးဆန်းသော အလင်းများ ဝင်းလက်လာသည်။
ယခင်က ရတနာမုဆိုးစခန်းဘေးရှိ တားမြစ်နယ်မြေထဲမှ ဘုရားကျောင်းထဲတွင် တူညီသောအရာတစ်ခုကို သူ လုပ်ဆောင်ခဲ့သည်။
သို့သော်လည်း ကောင်းကင်သံချောင်း၏ အဆင့်က မြင့်မားလွန်းလှသည်ဖြစ်ပြီး ရွှီချင်း၏ စိတ်ပုံဖော်ခြင်းမှာ အဆင်မချောပေ။ ထိုသံချောင်းကြီး၏ ပုံပန်းသဏ္ဍာန်ကို တခြားလူများ ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်အောင် လုပ်ထားသော တာအိုစည်းမျဉ်းတစ်ခု ရှိဟန်တူသည်။
ကံကြမ္မာနယ်မြေထဲတွင် သူ အချိန်စေ့သည်အထိ နေထိုင်သည့်တိုင်အောင် စိတ်ထဲတွင် ဝိုးတဝါးပုံရိပ်သာ ဖန်တီးနိုင်ခဲ့သည်။
ထိုသံချောင်းကြီးအား သူ ဆက်လက်ပုံတူကူးရန် လိုအပ်နေဆဲပင်။ ယခင်က အစွန်းရောက်ကောင်းကင်ဓားမော့အား နားလည်ခဲ့သကဲ့သို့ ထိုသံချောင်းကြီးအားလည်း တဖြည်းဖြည်းချင်း သူ ပုံဖော်ကြည့်ရပေမည်။
နောက်ဆုံးတွင် အောင်မြင်နိုင်မလား ဆိုသည်ကိုမူ ရွှီချင်းလည်း မသိပေ။
ဤကောင်းကင်သံကြီးတွင် ကြောက်ခမန်းလိလိစိတ်ဆန္ဒတစ်ခု ရှိနေသည်ကိုသာ သူ ခံစားမိသည်။ ၎င်းကို သူ အသုံးပြုနိုင်ပါက မှန်းဆ၍မရသော လူသတ်လက်နက်တစ်ခု သေချာပေါက် ဖြစ်လာပေမည်။
“ နှမျောစရာပဲ။ ငါသာ နေ့တိုင်း ပုံတူကူးလို့ရနိုင်ရင် ပိုပြီး အောင်မြင်နိုင်ချေ များလာမှာပဲ ”
ရွှီချင်း အနည်းငယ် နောင်တရသွားသည်။ သူ မတ်တတ်ရပ်လိုက်သည့်အခိုက် သူ့ရှေ့တွင် လေပွေတစ်ခု ပေါ်လာသည်။
လေပွေထဲမှ စုပ်အားက သူ့ကို ချက်ချင်း လွှမ်းခြုံသွားသည်။ တချိန်တည်းမှာပင် အစွယ်ကြီးကို အဝေးမှကြည့်နေသော ခေါင်းဆောင်နှင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော ဝူကျန်းဝူတို့ကိုလည်း အလားတူ လေပွေတစ်ခုက လွှမ်းခြုံသွားသည်။
သူတို့သုံးယောက် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူတို့ ပြန်ပေါ်လာသောအခါတွင် ရွှမ်ယုံဂိုဏ်း၏ ကံကြမ္မာနယ်မြေအပြင်ဘက်သို့ ရောက်နေကြပြီ ဖြစ်သည်။
သူတို့ ဝင်လာစဉ်အခါက ခံစားချက်ကိုယ်စီဖြင့် ဖြစ်ကြသည်။ ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ် ရောက်လာခဲ့၍ ခံစားချက်များ ရောထွေးနေခဲ့ပြီး ဝူကျန်းဝူမှာ ရှေးဘုရင်ရွှမ်ယုံ၏ အပျက်အစီးများကို မြင်ချင်စိတ်ပြင်းပြနေခဲ့ကာ ခေါင်းဆောင်မှာ နတ်မိမယ်ကျစ်ရွှမ် နောက်ကျမှ ရောက်လာခဲ့သည့်အတွက် သက်ပြင်းတချချ ဖြစ်နေခဲ့သည်။
သူတို့ အပြင်ထွက်လာသောအခါ တူညီသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ယင်းမှာ ‘ နာင်တရခြင်း ’ ပင်။
ရွှီချင်းမှာ အချိန်က တိုတောင်းလှပြီး သံချောင်းကြီးကို အချိန်ကြာမြင့်စွာ နားလည်အောင် မလုပ်နိုင်သည့်အတွက် နောင်တရနေသည်။ ဝူကျန်းဝူမှာ သူ၏သရုပ်ဆောင်မှကို ကျေနပ်အားရခြင်း မရှိသေးသလို နောက်ထပ်ဝင်ရောက်ချင်ပါသော်လည်း ဝင်ကြေးက ခေါင်ခိုက်နေသည်ဖြစ်၍ နောင်တရနေသည်။
ခေါင်းဆောင်မှာမူ အစွယ်က သူ ပိုင်ဆိုင်သောပစ္စည်း ဖြစ်မလာသေး၍ နောင်တရနေသည်။
ထိုသို့ဖြင့် သူတို့သုံးယောက်သား ရွှမ်ယုံဂိုဏ်းထဲမှ နောင်တကိုယ်စီဖြင့် ထွက်လာကြသည်။
သို့သော်လည်း တောင်ပေါ်မှ ဆင်းလာသည့်အခိုက် ရွှီချင်း၏ကျောက်စိမ်းပေလွှာထဲတွင် သတင်းစကား အမြောက်အမြား ရုတ်တရက် ပေါ်လာသည်။ သူ အံ့အားသင့်သွားကာ ဖွင့်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာ မည်းမှောင်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲမှ လူသတ်ချင်စိတ်များ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာသည်။
ထိုသတင်းစကားများသည် သူတော်စင်ကြယ် ဂူပိတ်ကျင့်ကြံနေရာမှ ထွက်ပေါ်လာပြီး သူ့အား စိန်ခေါ်ချင်နေသည့်အကြောင်းများသာ ဖြစ်သည်။ စိန်ခေါ်ပွဲစာကို လွန်ခဲ့သည့်နှစ်ရက်ခန့်က ပို့ခဲ့သည်။ တည်နေရာသည် တိမ်လွှာဓားဂိုဏ်း သို့မဟုတ် ချီရွှဲ့ထုံဂိုဏ်း၌ မဟုတ်ပေ။ သို့သော် ဤနေရာနှင့် မနီးမဝေးတွင် ရှိသော နေရာတစ်ခု ဖြစ်သည်။
ထိုနေရာကို ‘ ရွှမ်တောက်တောင် ’ ၍ ခေါ်ဆိုပြီး ရွှမ်ယုံဂိုဏ်း၏ နယ်နိမိတ်ထဲတွင် ရှိသည်။ ရှစ်ဂိုဏ်းမဟာမိတ်၏ တာအိုဘုရားကျောင်းလေးကျောင်းအနက် တစ်ကျောင်းတည်ရှိရာနေရာလည်း ဖြစ်သည်။
ထိုနေရာတွင် ရံဖန်ရံခါ ရှစ်ဂိုဏ်းမဟာမိတ်၏ ထိပ်သီးကျင့်ကြံသူများက တာအိုအကြောင်း ဟောပြောလေ့ရှိသည်။
ကျောက်စိမ်းပေလွှာကို ကြည့်နေသော ရွှီချင်း၏အကြည့်များ အေးစက်တင်းမာလာသည်။
သူတော်စင်ကြယ်သည် သူ စတင်ကျင့်ကြံသည့်အချိန်ကတည်းက တိုက်ခိုက်ခဲ့ရသည့် ရန်သူများအနက် အခက်ခဲဆုံးရန်သူ ဖြစ်သည်။
ခေါင်းဆောင်သည်လည်း အပြင်လောကမှ သတင်းစကားများ ရလိုက်သည်။ သူ စစ်ဆေးကြည့်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။
“ ချင်းလေး၊ ဒီသူတော်စင်ကြယ်က ပဉ္စမမြောက်သက်စောင့်မီးလုံးကို ရောက်သွားတာနေမယ်။ အစ်ကိုကြီးရဲ့အကူအညီ လိုသေးလား ”
“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ သူ့ကို တစ်ခါ အနိုင်ယူထားရင် ဒုတိယတစ်ခေါက်လည်း အနိုင်ယူနိုင်ပါတယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ အချိန်တွက်ကြည့်ပြီးနောက် ရွှမ်တောက်တောင်သို့ ဦးတည်သွားလိုက်သည်။
သူတော်စင်ကြယ်သည် ရွှီချင်းနှင့် အသက်ချင်းအဆုံးအဖြတ်တိုက်ပွဲ တိုက်ခိုက်ချင်သည်။ ရွှီချင်းသည်လည်း ထပ်တူ ခံစားရသည်။ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်တစ်ခုအား မြှင့်တင်ရန် အမြန်ဆုံးနည်းလမ်းသည် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်များအား ကျင့်ကြံထားသူများ၏ အနှစ်သာရ၊ ချီနှင့်သွေးများကို ဝါးမျိုခြင်းသာ ဖြစ်သည်ကို ယခုအခါ သူ သိနေပြီ ဖြစ်သည်။
ထို့ကြောင့် သူတော်စင်ကြယ်၏ မြဲ့မုန်အား ဝါးမျိုရန်အတွေးဖြင့် ရွှမ်တောက်တောင်သို့ သူ တန်းတန်းမတ်မတ် သွားလိုက်သည်။ ခေါင်းဆောင်သည်လည်း နောက်မှ လိုက်သွားသည်။
ဝူကျန်းဝူမှာမူ ထိုကဲ့သို့ အရေးကြီးသောအဖြစ်အပျက်အား မြင်ခွင့်ရမည်ဖြစ်၍ လက်လွှတ်မခံတော့ပေ။ ထိုသို့ဖြင့် မကြာခင် ရွှမ်တောက်တောင်သို့ သူတို့သုံးယောက် ရောက်သွားကြသည်။
ထိုတောင်သည် တောင်ထိပ်၌ တာအိုဘုရားကျောင်းတစ်ကျောင်းတည်ရှိသော တောင်ပုလေးတစ်လုံး ဖြစ်သည်။
မြေပြင်၌ ကျောက်စိမ်းပြားများ ခင်းထားပြီး ကျောက်ဖြူတုံးများပေါ်တွင် အက္ခရာများ ထွင်းထားသည်။ ထိုကျောက်ဖြူတုံးများထံမှ မန္တန်အစီအရင်များနှင့် တံဆိပ်တော်စွမ်းအားများလည်း ထွက်ပေါ်လာနေသည်။ ထိုကျောက်ဖြူတုံးများရှေ့တွင် ကောင်းကင်၊ မြေကြီး နှင့်လူကို ကိုယ်စားပြုသော ဧရာမအမွှေးတိုင်ကြီးသုံးတိုင်က ဖိုခနောက်ဆိုင် တည်ရှိနေပြီး အလယ်တွင် တာအိုယဇ်ပလ္လင်ကြီးတစ်ခု ရှိသည်။ ထိုအမွှေးတိုင်ကြီးများသည် နေ့ညမပြတ် လောင်ကျွမ်းနေပြီး အမွှေးတိုင်နံ့များ ပတ်ဝန်းကျင်တစ်ခွင် သင်းပျံ့နေသည်။
ရွှီချင်းရောက်လာသောအခါတွင် မှောင်ရီပျိုးစအချိန် ရောက်နေပြီဖြစ်သည်။ ဝင်လုဆဲနေမင်းကြီး၏ ရောင်ခြည်တန်းများအောက်တွင် တာအိုဘုရားကျောင်းသည် လျှို့ဝှက်ဆန်းကြယ်သည့်ပုံစံ ပေါက်နေသည်။
ထိုနေရာတွင် တရားထိုင်နေသော လူများစွာလည်း ရှိသည်။ တာအိုဟောပြောသည့် ထိပ်သီးကျင့်ကြံသူ မရှိသည့်အခါ ထိုနေရာသည် ကျင့်ကြံခြင်းနေရာဖြစ်သွားသလို တာအိုဆွေးနွေးသည့်နေရာလည်း ဖြစ်သွားပေသည်။
ရွှီချင်း ပေါ်ပေါက်လာခြင်းကြောင့် ဘေးပတ်လည်ရှိ မဟာမိတ်ဂိုဏ်းသားများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သူတော်စင်၏ စိန်ခေါ်မှုအား ရွှီချင်း မတုန့်ပြန်သည့်ကိစ္စသည် မဟာမိတ်ထဲတွင် ရေပန်းစားသည့်သတင်းစကား ဖြစ်နေသည်မှာ သိသာသည်။
ထိုနေရာသို့ ရောက်ပြီးနောက် ရွှီချင်းသည် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ တွေးတောလိုက်ပြီးနောက် တိမ်လွှာဓားဂိုဏ်းတည်ရှိရာအရပ်သို့ ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားများ လည်ချောင်းတွင် စုစည်းသွားပြီး မိုးခြိမ်းသံအဖြစ် ထွက်ပေါ်လာသည်။
“ သူတော်စင်ကြယ်၊ စောင့်နေစရာမလိုဘူး။ မင်း တိုက်ခိုက်ချင်တယ်ဆိုရင် အခု လာတိုက်ခိုက်လှည့် ”
မိုးခြိမ်းသံအလား ရွှီချင်း၏အသံက တိမ်လွှာဓားဂိုဏ်းအပါအဝင် မဟာမိတ်၏ တစ်ဝက်ကျော်သို့ ပျံ့နှံ့သွားသည်။
ခဏအကြာ တိမ်လွှာဓားဂိုဏ်းရှိ ကောင်းကင်ယံသို့ သွေးအလင်းတန်းတစ်တန်း ပျံတက်လာ၍ ကောင်းကင်ကြီး အရောင်ပြောင်းသွားသည်။ ဆည်းဆာနေရောင်ခြည်က အနီရင့်ရင့်အရောင် ဖြစ်သွားသည်။ ကောင်းကင်ယံ၌ သွေးအလင်းတန်း ဖြန့်ကျက်သွားသောအခါတွင် ရွှေရောင်ဝတ်ရုံဝတ်သူတော်စင်ကြယ်သည် လက်နှစ်ဖက်ကို နောက်ပစ်၍ ရွှမ်တောက်တောင်သို့ တရိပ်ရိပ်ဖြင့် ပျံသန်းလာသည်။
သူတော်စင်ကြယ်၏ ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူ၏ရွှေရောင်ဝတ်ရုံက ကောင်းကင်ယံမှာ အနီရောင်အလင်းများ ရောင်ပြန်ဟပ်နေပေရာ သူ့တစ်ကိုယ်လုံး လူသတ်ငွေ့များဖြင့် ပြည့်နှက်နေသည့်ပမာ ဖြစ်နေတော့သည်။ တစ်ခါက ပြစ်မျိုးမှဲ့မထင် မျက်နှာသည်လည်း ညာလက်မျက်လုံးရှိ အမှောင်ထုကြောင့် မြင်ရသူအဖို့ ပုံမှန်မဟုတ်သော ခံစားချက်တစ်ခု ဖြစ်စေသည်။ သူ၏ချောမောခံ့ညားသောရုပ်ရည်ကို သူ ဆုံးရှုံးသွားခဲ့ပြီဖြစ်ပြီး ကျန်ခဲ့သည့်အရာအားလုံးမှာ ထူးဆန်းသည်။
ယင်းအပြင် ဒေါသထွက်နေသောသူ့စိတ်ကြောင့် သူ့ကိုယ်မှထွက်နေသော အရှိန်အဝါသည် ပတ်ဝန်းကျင်တစ်ခုလုံးကို အေးစက်သွားစေသည်။ သူ့အရှိန်အဝါ လွင့်ပျံသွားသည့်နေရာတိုင်း ကောင်းကင်ယံရှိ တိမ်နီများက အရာအားလုံးကို ဝါးမျိုချင်သည့် သွေးပါးစပ်ကြီးများအသွင် ပြောင်းလဲကာ အောက်သို့ ပိကျလာတတ်သည်။
သူ့ကိုယ်ထဲရှိ သက်စောင့်မီးလုံးငါးလုံးက အပြင်ဘက်တွင် ရုပ်လုံးပေါ်နေပြီး မီးတောက်များ ဖြာထွက်လာတော့သည်။ ကောင်းကင်ကြီးတစ်ခုလုံး မြေပြန့်လွင်ပြင်ကို တဟုန်းဟုန်း တောက်လောင်စေမည့် မီးတောက်များပမာ နီစွေးလာသည်။
သူတော်စင်ကြယ် ပျံထွက်လာသည့်အခိုက်မှာပင် မဟာမိတ်ထဲရှိ ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများ၏ စိတ်ထဲ တုန်ခါသွားသည်။ သူတို့အားလုံး နေရာအသီးသီးမှ လေထဲသို့ ပျံတက်လာကြပြီး ရွှမ်တောက်တောင်သို့ ဦးတည်သွားကြသည်။
ရှစ်ဂိုဏ်းမဟာမိတ်၏ လက်ရှိမျိုးဆက်ဂိုဏ်းသားများအတွက် လာမည့််တိုက်ပွဲသည် အလွန် ကြည့်ကောင်းမည့်တိုက်ပွဲ ဖြစ်သည်။
ယင်းသည် ထိပ်သီးကောင်းကင်လက်ရွေးစင်နှစ်ယောက်၏ တိုက်ပွဲဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင် မပြေလည်နိုင်သော ရန်ငြိုးပင်ရှိပြီး သူတော်စင်ကြယ်မှာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
ရွှီချင်းက သူတော်စင်ကြယ်၏ သက်စောင့်မီးအိမ်ကို လုယူပြီးနောက် သူတော်စင်ကြယ်၏ အတိတ်က ဂုဏ်သတင်းကျော်ဇော်ခြင်းကို တက်နင်းခဲ့ပြီး မဟာမိတ်၏ နံပါတ်တစ်ကောင်းကင်လက်ရွေးစင် ဖြစ်လာခဲ့သည်။
ဤတိုက်ပွဲသည် တစ်သက်မှာတစ်ခါသာ ကြုံရမည့်တိုက်ပွဲဖြစ်မည်မှာ သေချာသည်ဟု သူတို့ တွေးနေကြသည်။
ဂိုဏ်းအသီးသီး၏ ဂိုဏ်းစောင့်ဘိုးဘိုးများနှင့် ထိပ်သီးကျင့်ကြံသူများသည်ပင် မျက်လုံးများ ဖွင့်၍ ရွှမ်တောက်တောင်သို့ လှမ်းကြည့်လိုက်ကြသည်။
ရွှီချင်းသည် တိမ်လွှာဓားဂိုဏ်းဘက်မှ တရိပ်ရိပ်တက်လာသော တိမ်နီများကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာ တည်ငြိမ်နေပါသော်ငြား သူ့မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
ခဏအကြာ လောကကြီး၏အရောင်ပြောင်းလဲသွားခဲ့သည်။ မိုးသားတိမ်စိုင်များနှင့် လေပြင်းများ တရွှီရွှီမြည်ဟည်းလာပြီး ကောင်းကင်ယံမှ တဟုန်းဟုန်း တောက်လောင်နေသော တိမ်စိုင်တစ်ခု ချဉ်းကပ်လာသည်။ ထို့နောက် ထိုတိမ်စိုင်သည် ရွှေရောင်လူရိပ်အဖြစ် ပြောင်းလဲသွားပြီး ရွှမ်တောက်တောင်သို့ ဆင်းသက်လာကာ ရွှီချင်း၏ရှေ့တွင် ပေါ်လာသည်။
သူတို့နှစ်ယောက်ကို အမွှေးတိုင်သုံးတိုင်က ခြားထားသည်။ မြူခိုးများကြားတွင် သူတို့အကြည့်များ ဆုံသွားသည်။
သူတို့နှစ်ယောက်သည် အလျော့မပေးဘဲ ရက်စက်ကြမ်းကြုတ်စွာဖြင့် တစ်ယောက်နှင့်တစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။
ထိုအချိန်၌ လူအားလုံး၏ စိတ်အာရုံက ထိုနေရာသို့ ရောက်နေသည်။ ကောင်းကင်ယံမှ သက်တန့်များ ပတ်ဝန်းကျင်တစ်ခွင် ကျရောက်နေသည်ကို မြင်နိုင်သည်။ သူတို့သည် တောင်ပေါ်သို့ ခြေမချဝံ့ဘဲ လေထဲတွင် ရပ်ကာ ကြည့်လိုက်ကြသည်။
မူလက ရွှမ်တောက်တောင်တွင် ရှိနေကြသည့် ကျင့်ကြံသူများသည်လည်း အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။ ခေါင်းဆောင်နှင့် ဝူကျန်းဝူတို့သည်လည်း အတူတူပင်။ ထိုနေရာသည် ရွှီချင်းနှင့် သူတော်စင်ကြယ်တို့၏ တိုက်ပွဲစင်မြင့်ဖြစ်လာမည်ဖြစ်ပြီး တခြားသူများ ဆက်နေရန် မကောင်းပေ။
“ ရွှီချင်း ”
သူတော်စင်ကြယ်မှာ ထိုနေရာသို့ ရောက်ကတည်းက သူ့မျက်လုံးထဲတွင် ရွှီချင်းသာ ရှိသည်။
သူသည် ရွှီချင်းကို ကြည့်ရင်း ထိုအတောအတွင်း သူ ခံစားခဲ့ရသည့် နာကျင်မှုများနှင့် အပြင်းအထန် ခံစားခဲ့ရသည်များကို မတွေးဘဲ မနေနိုင်အောင် ဖြစ်လာသည်။ သူ၏မျက်နှာက တဖြည်းဖြည်း ရူးသွပ်သည့်အမူအရာဖြစ်လာပြီး သူ့မျက်လုံးများထဲတွင် အတောမသတ်နိုင်သော မုန်းတီးခြင်းများ ပေါ်လာသည်။
ရွှီချင်းသည် သူတော်စင်ကြယ်ကို ကြည့်လိုက်ပြီးနောက် အာရုံစိုက်ကြည့်နေကြသူများကို ကြည့်လိုက်သည်။ ထို့နောက် သူ အကျိုးနှင့်အပြစ်ကို တွက်ဆကြည့်လိုက်သည်။
‘ ဒီမှာ လူတွေ သိပ်များတယ်။ ဝိညာဉ်ကိုးပါးလက်သီးသိုင်းကို ငါ သုံးလို့မဖြစ်ဘူး ’
‘ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးက သေချာပေါက် ဒီတိုက်ပွဲကို ကြည့်နေတာဆိုတော့ သူတော်စင်ကြယ်ကို ငါ သတ်ဖို့ခက်မယ် ’
‘ မြဲ့မုန်ကို ဝါးမျိုဖို့တောင် ခက်လောက်မယ် ’
‘ ငါ့မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ ဒီတိုက်ပွဲမှာ ဘယ်လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ရမလဲ ငါ စဉ်းစားရမယ် ’
‘ ဒါပေမဲ့ ဒီတိုက်ပွဲကို လူတွေ ဒီလောက်အများကြီး ကြည့်နေတာက ငါ့အတွက် အားနည်းချက်တော့လည်း မဟုတ်ဘူး။ သူတော်စင်ကြယ်ရဲ့အကျင့်စရိုက်ကို အသုံးချပြီး သူ အသက်ရှင်နိုင်တဲ့အခွင့်အရေးတွေကို တစ်ဆင့်ချင်း လျော့နည်းသွားအောင် လုပ်ရမယ်။ အနိမ့်ဆုံးအနေနဲ့ မြဲ့မုန်ကို ငါ ဝါးမျိုနိုင်တဲ့နှုန်း မြင့်တက်လာအောင် လုပ်ရမယ် ’
ရွှီချင်း အလျင်အမြန် တွက်ချက်လိုက်သည်။ ယင်းသည် သူ၏အကျင့်စရိုက်ဖြစ်သည်။ တိုက်ပွဲအတွင်း သူ အလွယ်တကူ စကားပြောမည် မဟုတ်ပေ။ သူ စကားပြောသည့်တိုင်အောင် ကြိုတင်စဉ်းစားထားသည့် ဗျူဟာမြောက်စကားများသာ ဖြစ်သည်။ ဥပမာအနေဖြင့် ထိုအချိန်၌ ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ သူတော်စင်ကြယ်၊ ဒါ ငါ့မှာရှိတဲ့ သက်စောင့်ပစ္စည်းနှစ်ခုပဲ ”
ရွှီချင်းသည် ပြောလိုက်ရင်း တာအိုဘုရားကျောင်းအပြင်းဘက်သို့ ကျပန်းအဆောင်နှစ်ခုကို ပစ်လိုက်သည်။
ထိုသို့ ရွှီချင်း ပစ်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားသည်။
ထိုအပြုအမူသည် မကြီးမားပါသော်လည်း မည်မျှ စိတ်ဆုံးဖြတ်ထားသည်ကို ဖော်ပြနေပေသည်။ သူတော်စင်သည် ရွှီချင်းက ထိုသို့လုပ်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဘေးပတ်လည်ရှိ မရေမတွက်နိုင်သော လူများ၏ အကြည့်များအောက်တွင် သူတော်စင်ကြယ်သည် နှာမှုတ်လိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ဘေးသို့ ပစ်လိုက်သည်။
ထိုကျောက်စိမ်းပေလွှာတွင် နူးညံ့သောအားလှိုင်းတစ်မျိုး ရှိနေသည်။ တစ်ချက်ကြည့်ရုံဖြင့် သက်စောင့်ပစ္စည်းတစ်ခုဖြစ်ကြောင်း သိနိုင်သည်။
ရွှီချင်းနှင့် သူတော်စင်ကြယ်တို့သည် သက်စောင့်ပစ္စည်းများကို အဝေးသို့ ပစ်လိုက်ပြီးနောက် တချိန်တည်းမှာပင် လှုပ်ရှားသွားကြသည်။
ဝုန်းခနဲ မြည်ဟည်းသံ ထွက်ပေါ်လာသည်။
နှစ်ဖက်လုံးမှ ထည်ဝါသောအားလှိုင်းများ လွင့်ပျံလာသည်။
ရပ်တန့်မရနိုင်သော အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။