← Chapters

အရင်အတိုင်း မဟုတ်တော့ပါသော

Vol. 26 Ch. 392

အရင်အတိုင်း မဟုတ်တော့ပါသော

Vol. 26 Ch. 392

အပြင်လူများ၏ အမြင်၌ သက်စောင့်မီးလုံးသုံးလုံးနှင့် ငါးလုံးအကြား တိုက်ပွဲဖြစ်သည်။

ရွှီချင်း၌ သက်စောင့်မီးအိမ်နှစ်လုံးရှိပြီး သူ့အရှိန်အဝါက ကြောက်ခမန်းလိလိပင်။ သူတော်စင်ကြယ်၌ ရှားပါးသော သက်စောင့်မီးလုံးငါးလုံး ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်နေပြီး တောင်တန်းနှင့် မြစ်ချောင်းများကို ဝါးမျိုပစ်နိုင်ဟန်တူသည်။

သူတို့နှစ်ယောက်လုံးတွင် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်များ ကိုယ်စီပိုင်ဆိုင်ထားကြသည်ဖြစ်၍ သူတို့နှစ်ယောက်က လက်ရည်တူလုနီးပါးပင်။

ကွာခြားသွားသည်မှာ ရွှီချင်း၏သက်စောင့်မီးအိမ်နှစ်လုံးက တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနိုင်ခြင်း ဖြစ်သည်။ ထိုအချက်ကို စီမာယွီနှင့် တိုက်ပွဲပြီးနောက် အပြင်လူများ သိရှိခဲ့ကြသည်။ မဟာမိတ်ထဲတွင် ကျင့်ကြံသူများစွာ ရှိပြီး လိမ္မာပါးနပ်သောလူများ ရှိကြသည် မဟုတ်ပါလား။ ထိုတိုက်ပွဲပြီးနောက် အရေးကြီးသောအချက်များကို သူတို့ ဆန်းစစ်ခဲ့ကြသည်။

ထို့ကြောင့် ယခုအချိန်တွင် ရွှီချင်း၏တိုက်ရည်ခိုက်ရည်က ပို၍ မြင့်မားနေပုံရသည်။ သို့သော်လည်း သူတော်စင်ကြယ်က ရွှီချင်းကို စိန်ခေါ်ဝံ့သည်ဖြစ်ရာ သူ ယုံကြည်သောအရာတစ်ခု ရှိ၍ ဖြစ်ပေမည်။ ထိုအချက်ကိုလည်း စောင့်ကြည့်နေကြသူများ စိတ်ဝင်စားနေကြသည်။

ထို့နောက် ရွှမ်တောက်တောင်ပေါ်တွင် ရွှီချင်းနှင့် သူတော်စင်ကြယ်တို့ ထိပ်တိုက်တွေ့ဆုံသွားသည်။ တခဏလေးအတွင်း ပတ်ဝန်းကျင်တစ်ခွင် ကြောက်ခမန်းလိလိစွမ်းအင်လှိုင်းများ ရိုက်ခတ်သွားသည်။ သူတို့နှစ်ယောက်သည် အပြန်အလှန် တိုက်ကွက်ချင်း ဖလှယ်လိုက်ကြ၏။

သူတို့၏ တိုက်ရည်ခိုက်ရည်များနှင့်အတူ ကြောက်ခမန်းလိလိ မြန်ဆန်သွက်လက်စွာ လှုပ်ရှားနေကြပြီး တဝုန်းဝုန်းမြည်ဟည်းသံများ ဆက်လက်ထွက်ပေါ်နေသည်။

တခဏလေးအတွင်း သိုင်းကွက်ပေါင်းတစ်ရာခန့် ဖလှယ်ပြီးကြပြီ ဖြစ်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်၏ လက်သီးချက်များနှင့် ကန်ချက်များကို မရှောင်တိမ်းကြသည်ဖြစ်၍ သူတို့တိုက်ခိုက်နေသည့်နေရာမှ လျှပ်စီးများ ရွှမ်တောက်တောင်ပေါ် ပစ်ခတ်နေသည်။

ထိုအတောအတွင်း ရွှီချင်းသည် ဝိညာဉ်ကိုးပါးလက်သီးသိုင်းကို ထုတ်သုံးခဲ့ပါသော်လည်း လက်သီးချက်ရှစ်ချက်ကိုသာ အသုံးပြုခဲ့သည်။ သူ အခွင့်အရေးကို စောင့်နေသည်ဖြစ်၍ နဝမမြောက်လက်သီးချက်ကို သူ မထုတ်သုံးရသေးပေ။

သူတော်စင်ကြယ်၏ ခန္ဓာကိုယ် တုန်ရီလာပြီး ရုပ်ပျက်ဆင်းပျက်ဖြင့် နောက်ဆုတ်သွားသည်။

ရွှီချင်း၏ဆံပင်ရှည်များ လေထဲတဖျပ်ဖျပ်လွင့်နေသည်။ ဤတိုက်ပွဲ၏ အဓိကသော့ချက်မှာ သူတော်စင်ကြယ်ကို သတ်ဖြတ်ရန် မဟုတ်ဘဲ ဝင်ရောက်ကယ်ဆယ်သူများကို သူတော်စင်ကြယ်အား အချိန်မီ မကယ်တင်နိုင်စေရန် လုပ်ဆောင်ရမည်ဖြစ်သည်ကို သူ ကောင်းစွာ သိထားသည်ဖြစ်၍ စတုတ္ထမြောက်သက်စောင့်မီးလုံး၏ စွမ်းအားကို သူ လျှို့ဝှက်ထားခဲ့သည်။

အနိမ့်ဆုံးအနေဖြင့် သူတော်စင်ကြယ်၏ မြဲ့မုန်ကို သူ ဝါးမျိုခြင်းမှ သူတို့ မကယ်တင်နိုင်အောင် လုပ်ရပေမည်။

ထိုသို့ သူ လုပ်ချင်ပါက ထိုသူများ ချောင်ပိတ်မိနေစေရန် သူ ဖန်တီးရမည်ဖြစ်သည်။

အစကတည်းက သူ လုပ်၍ မရပေ။ သူတော်စင်ကြယ်ကို တစ်ယောက်ယောက်က ကယ်နိုင်ချေ အလွန် မြင့်မားသွားမည်ဖြစ်ပြီး မြဲ့မုန်ကိုလည်း သူ ဝါးမျိုနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ လေ့လာအကဲခတ်နေသည်။ သူတော်စင်ကြယ်၏ ဝှက်ဖဲကို အကဲခတ်နေရင်း ဘေးပတ်လည်မှ ပေါ်ပေါက်လာနိုင်သော ကယ်တင်သူများကိုလည်း စောင့်ကြည့်နေသည်။

သူတော်စင်ကြယ်၏ ဝှက်ဖဲကိုမူ ရွှီချင်း ရှင်းရှင်းလင်းလင်း မသိပေ။ သူတော်စင်ကြယ်၏ခန္ဓာကိုယ်မှ ရွှေကျီးကန်းအရှိန်အဝါကိုသာ သူ ခပ်ရေးရေး အာရုံခံမိသည်။ ထို့ကြောင့် သူတော်စင်ကြယ်၏ မည်းနက်တောက်ပြောင်သော ညာဘက်မျက်လုံးကို ကြိမ်ဖန်များစွာ သူ စူးစိုက်ကြည့်လိုက်သည်။

အရိပ်လေးသည်လည်း တိတ်တဆိတ်ဖြင့် ပြန့်ကားသွားသည်။ သူ၏အဆိပ်သည်လည်း ထိုနည်းတူပင်။ တချိန်တည်းမှာပင် မကြာသေးခင်က ထိပ်တိုက်တွေ့ဆုံမှုအရ ယခင်သူတော်စင်ကြယ်နှင့် လက်ရှိသူတော်စင်အကြား ကွာခြားချက်လည်း ပေါ်လာသည်။ ယင်းမှာ သူ၏အမြန်နှုန်းဖြစ်သည်။

သူတော်စင်ကြယ်သည် ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန်လာခဲ့သည်။

ယခုအချိန်တွင် များများစားစား တွေးတောနေရန် သူ့မှာ အချိန်မရှိပေ။ သူတော်စင်ကြယ်သည် နောက်ဆုတ်သွားပြီးနောက် မြေပြင်ကို ခြေဆောင့်လိုက်သည်။ သူ၏အမြန်နှုန်း ထပ်မံမြင့်တက်သွားပြီး တရွှီရွှီမြည်သံပေးကာ လေဟုန်ခွင်း၍ ပျံထွက်လာသည်။

သူ့နောက်တွင် မြဲ့မုန် ရုပ်လုံးပေါ်လာသည်။ မြဲ့မုန် အော်မြည်လိုက်စဉ် သူတော်စင်ကြယ်၏ တိုက်ရည်ခိုက်ရည်လည်း တိုးတက်သွားခဲ့ပြီး ရွှီချင်း၏ရှေ့သို့ ရောက်သွားသည်။

ရွှီချင်း၏ မျက်နှာ အေးစက်တင်းမာနေသည်။ သူ့နောက်တွင် ရွှေကျီးကန်းပေါ်လာပြီး မြဲ့မုန်နှင့် ထိပ်တိုက်တွေ့ဆုံသွားပြန်သည်။ သူ၏ခေါင်းပေါ်တွင် ကွန်ခြာနှစ်ခုပေါ်လာပြီး အကာအကွယ်အလွှာကို ဖန်တီးပေးလိုက်ရာ သူတော်စင်ကြယ်မှာ ထိုးလိုက်သမျှ လက်သီးချက်တိုင်း၏ ပြန်ကန်အားကို ခံစားလိုက်ရသည်။

သူ့အတွက် နာကျင်ရသည်မှာ သူ၏လက်သီးချက်မှ ပြန်ကန်အားကြောင့်မဟုတ်ဘဲ သူ့နှလုံးသားထဲတွင် ခံစားနေရသော နာကျင်မှုကြောင့် ဖြစ်ပေသည်။

ယခင်က တခြားသူများနှင့် သူ တိုက်ခိုက်သောအခါတွင် တခြားသူများသာ ထိုအတွေ့အကြုံကို ခံစားခဲ့ကြရသည်။ သူ၏သက်စောင့်မီးအိမ်က ရွှီချင်း၏ခေါင်းပေါ်တွင် ရှိနေပြီး သူနှင့် တိုက်ခိုက်ရာတွင် အသုံးပြုနေသည်ကို မြင်၍ သူ၏မျက်လုံးများ နီမြန်းသွားသည်။ သူ အော်ဟစ်လိုက်ပြီး လျှာထိပ်ကို ကိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။

“ တစ္ဆေအဝတ်၊ ခန္ဓာနဲ့ ဝိညာဉ်ကို ချုပ်နှောင်ပြီး နှလုံးအသွင်ပြောင်းဓားနဲ့ ချေမှုန်းစေ ”

ထိုသွေးတစ်ပွက်က သွေးရောင်ဝတ်ရုံတစ်ထည်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ယခင်က ရွှီချင်းနှင့် တိုက်ပွဲတွင် သူ အသုံးပြုခဲ့ဖူးသော မန္တန်နှင့် ဆင်ပါသော်လည်း အပြောင်းအလဲအသစ်များ ရှိနေသည်။ ထိုသွေးဝတ်ရုံသည် ရွှီချင်းကို မရစ်ပတ်ဘဲ မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် အလိုလို ပျက်စီးသွားသည်။

အစိတ်အပိုင်းတစ်ခုချင်းစီက သွေးရောင်ဓားပျံများ ဖြစ်လာသည်။ ထိုဓားပျံများ စုပေါင်းလိုက်သောအခါ သွေးရောင်လေပြင်းမုန်တိုင်းတစ်ခုအသွင် ဖြစ်လာပြီး ရွှီချင်းထံ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

သက်တန့်လေပြေသံစဉ် သက်စောင့်မီးအိမ်၏ ပိုင်ရှင်ဟောင်းဖြစ်၍ ထိုသက်စောင့်မီးအိမ်၏ အားနည်းချက်ကို သူတော်စင်ကြယ် ကောင်းစွာ သတိထားမိသည်။

သက်စောင့်မီးအိမ်ကို သူ ပေါင်းစု၍ တိုက်ခိုက်ရမည်ဖြစ်ပြီး ထိုအခါ သက်စောင့်မီးအိမ်၏ အကာအကွယ် တရစပ် တွန့်လိမ်ရှုံ့တွကာ အပြစ်အနာအဆာများ ပေါ်လာမည်ဖြစ်သည်။ ထိုအကြောင်းကို သူ မည်သူ့ကိုမျှ မပြောပြခဲ့သလို သူ၏ကိုယ်ပိုင်သက်စောင့်မီးအိမ်ကို ရင်ဆိုင်ရာတွင် ထိုအသိအား အသုံးချရမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ဓားပျံအများစုကို အပြင်ဘက်တွင် ပိတ်ဆို့ထားပါသော်လည်း ဓားပျံများက များပြားလွန်းသည်။ ဓားပျံတချို့က ရွှီချင်း၏ သက်စောင့်မီးအိမ်အကာအကွယ်ကို ထိုးဖောက်သွားဟန်တူသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူတော်စင်ကြယ်ကို လက်သီးဖြင့် တရကြမ်း ထိုးနှက်လိုက်သည်။ ဝိညာဉ်ကိုးပါးလက်သီးသိုင်း၏ အရှိန်အဝါအနည်းငယ်ကို သူ ထည့်သွင်းလိုက်ရင်း ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။

ခဏအကြာ ရွှမ်တောက်တောင်အပြင်ဘက်မှ လာနေသော စွမ်းအင်အငွေ့အသက်များကို သူ အာရုံရလိုက်သည်။ သူ တွေဝေမနေဘဲ ဝိညာဉ်ကိုးပါးလက်သီးသိုင်း၏ စွမ်းအားများကို ဖျောက်ဖျက်ပစ်လိုက်သည်။

သူတော်စင်ကြယ်သည် အလွန် မြန်ဆန်စွာဖြင့် လက်သီးချက်ကို အလွယ်တကူ ရှောင်တိမ်းသွားသည်။

တချိန်တည်းမှာပင် ရွှမ်တောက်တောင်အပြင်ဘက်ရှိ ကောင်းကင်ယံတွင် ရွှယ်လျန့်ကျစ်၏ မျက်နှာကြီး ပေါ်လာပြီး အေးစက်စက်နှာမှုတ်လိုက်သည်။

တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်နှာ သုန်မှုန်နေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ရန်လိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ စည်းမျဉ်းက စည်းမျဉ်းပဲဟေ့။ စည်းမျဉ်းဖောက်တဲ့သူ အပြစ်ပေးခံရမှာပဲ ”

ရွှယ်လျန့်ကျစ်က ခပ်လေးလေးဖြင့် ပြောလိုက်သည်။

တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး နှုတ်ဆိတ်နေသည်။

ရွှီချင်းသည် ထိုအဖြစ်အပျက်ကို အဝေးမှ မြင်လိုက်ရသည်။ စောစောက သူ၏အာရုံ မလွဲမှားခဲ့ကြောင်း သူ သိလိုက်သည်။ ဆုတ်ခွာနေသော သူတော်စင်ကြယ်သည် နှာမှုတ်လိုက်ပြီး ရုတ်တရက် ညာလက်ကို မြှောက်လိုက်ရာ ဓားအလင်းတန်းများ တစ်ပြိုင်နက်တည်း ဖြာထွက်သွားသည်။

ကောင်းကင်ယံသို့ အလင်းတန်းတစ်တန်း ထိုးတက်သွားပြီး ကောင်းကင်သွေးဓားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုဓားကြီးက ရွှီချင်း၏ခေါင်းတည့်တည့်သို့ ဆင်းသက်လာသည်။

ရွှီချင်းသည် နားလည်ရခက်သောအကြည့်ဖြင့် အထက်သို့ ကြည့်လိုက်သည်။ ထိုသိုင်းကွက်ကို သူ ယခင်က မြင်ခဲ့ဖူးပါသော်လည်း ယခုအခါ မတူညီတော့ပေ။ သူ့မှာ မန္တန်ရှိနေပြီ ဖြစ်သည်။ သူ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် ရွှီချင်း၏ ပတ်ဝန်းကျင်ရှိ ရေငွေ့များ ထူထပ်သိပ်သည်းလာပြီး အရာအားလုံး ဝိုးတဝါး ဖြစ်လာသည်။ ထို့နောက် သူ့ပတ်လည်တွင် အပြာရောင်ပင်လယ်ကြီးတစ်စင်း ပေါ်ပေါက်လာသည်။ ထိုပင်လယ်ကြီးနှင့် ယှဉ်ပါက ရွှမ်တောက်တောင်သည် ပင်လယ်ကြီးထဲရှိ ဧရာမတောင်ကြီးတစ်လုံး ဖြစ်လာပြီး ရွှမ်တောက်တောင်ပေါ်ရှိ သူတို့နှစ်ယောက်က ပုရွက်ဆိတ်များပမာပင်။

သို့သော် ပင်လယ်ကြီးမှ အပြာရောင်ရေလှိုင်းများက ပို၍ပင် တုန်လှုပ်ချောက်ချားစရာကောင်းသည်။ ထိုရေလှိုင်းများက ဆူနာမီလှိုင်းကြီးအဖြစ် စုစည်းသွားသည့်အလား ဝေဟင်ရှိ ကောင်းကင်သွေးဓားကြီးကို ရိုက်ခတ်လိုက်သည်။

လှိုင်းကြီးက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး သွေးဓားကြီး တဂျိမ်းဂျိမ်းမြည်ဟည်းလာသည်။

သွေးဓားကြီး မပျက်စီးသေးခင် ဒုတိယမြောက်ဓားအလင်းတန်း ပေါ်ပေါက်လာသည်။

ထိုဓားက ဝိညာဉ်တုန်ဟီးမိစ္ဆာချုပ်နှောင်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ရွှီချင်းကို ခုတ်ပိုင်းလိုက်သည်။

ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး မြေပြင်မှ လှိုင်းများ မြင့်တက်လာကာ ဒုတိယမြောက်လှိုင်းကြီး ပေါ်ပေါက်လာသည်။ ထိုလှိုင်းကြီးနှင့် ဝိညာဉ်တုန်ဟီးမိစ္ဆာချုပ်နှောင်ဓားတို့ ထိပ်တိုက်တွေ့ဆုံသွားသောအခါ ပြင်းထန်ကျယ်လောင်သော အသံလှိုင်းကြီးတစ်လှိုင်း ဖြာထွက်သွားပြီး ကောင်းကင်နှင့်မြေပြင် တုန်ခါသွားသည်။

သူတော်စင်ကြယ်ထံမှ တတိယမြောက်ဓားအလင်းတန်း ဖြာထွက်သွားပြီး ကျောပေါ်တွင် ဓားကိုယ်စီ လွယ်ထားကြသည့် ဓားတစ္ဆေရရှစ်ကောင်ပေါ်လာသည်။ ထိုတစ္ဆေများသည် ရွှီချင်းကို ဝိုင်းရံကာ တစ်ပြိုင်နက်တည်း လှည့်၍ ဓားများကို ဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်ကြသည်။

ယင်းသည် ‘ မြောက်တစ္ဆေက ကောင်းကင်ဓားကို မေးမြန်းစေ ’ ဆိုသည့်အတတ် ဖြစ်ပေသည်။

ရွှီချင်းသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကခုန်နေသည့်အလား လက်တစ်ဖက်ကို ရှေ့တွင် ထားကာ နောက်တစ်ဖက်ကို နောက်တွင် ထားလိုက်သည်။ ထိုက်ကျိသိုင်းကွက် ဆော့ကစားသည့်အလား သူ၏လက်များ တဖြည်းဖြည်း လှုပ်ရှားသွားရာ တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက်လှိုင်းများ ပေါ်ပေါက်လာသည်။ ထိုရေလှိုင်းလေးလှိုင်းသည် သူ၏ဘယ်၊ ညာနှစ်ဖက်မှ မြင့်တက်လာကြပြီး လှိုင်းတစ်လှိုင်းစီတွင် ကြောက်ခမန်းလိလိစွမ်းအားများ ကိန်းအောင်းနေသည်။ ထိုလှိုင်းများက ဓားတစ္ဆေရှစ်ကောင်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

ဓားတစ္ဆေများ ပျက်စီးသွားသည်။ ရွှီချင်းသည် အလျင်အမြန် နောက်ဆုတ်နေသော သုန်မှုန်နေသည့်အမူအရာဖြင့် သူတော်စင်ကြယ်ကို အေးတိအေးစက် ကြည့်လိုက်သည်။ သူ၏လက်နှစ်ဖက်က နှေးကွေးစွာ လှုပ်ရှားနေဟန် ထင်ရပါသော်လည်း အမှန်စင်စစ် အလွန် မြန်ဆန်စွာ ဝှေ့ယမ်းနေခြင်း ဖြစ်သည်။ သူသည် ရှေ့သို့ ခြေလှမ်းငါးလှမ်းပင် တက်သွားသည်။

ခြေတစ်လှမ်းစီတိုင်းတွင် ကောင်းကင်ယံသိ့ု လှိုင်းကြီးတစ်လှိုင်း မြင့်တက်လာသည်။

ခြေလှမ်းငါးလှမ်းပြီးနောက် ကြောက်ခမန်းလိလိစွမ်းအားများဖြင့် စုစည်းနေခဲ့သော လှိုင်းငါးလှိုင်းက သူတော်စင်ကြယ်ထံသို့ ရွေ့လျားသွားသည်။ အဝေးမှကြည့်ပါက ရွှမ်တောက်တောင်တစ်ခုလုံး ရေကြီးနေသည့်အလားပင်။

သူတော်စင်ကြယ်၏ အသက်ရှူသံများ မြန်ဆန်လာသည်။ ယခုတိုက်ပွဲသည် ယခင်ကနှင့် လုံးလုံးလျားလျား မတူညီသော ခံစားချက်မျိုး သူ ရနေသည်။ ယခင်က ရွှီချင်း၏ အားနည်းချက်သည် မန္တန်များနှင့် အတတ်များ ရှားပါးခြင်း ဖြစ်သည်။ သို့သော် ယခုတွင် ရွှီချင်း၏ အားနည်းချက်များမှာ ပြင်ဆင်ပြီးသွားပြီဖြစ်ပြီး ရွှီချင်း၏ မန္တန်များအစွမ်းက ကြောက်ခမန်းလိလိပင်။

သို့သော်လည်း သူ အရှုံးမပေးသေးပေ။ ရေလှိုင်းငါးလှိုင်းဖြင့် ရိုက်ခတ်ခြင်းအောက်တွင် သူသည် အော်ဟစ်ကြုံးဝါးလိုက်ပြီး ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ ယင်းမှာ ပုပ်သိုးပျက်စီးနေသော လက်ချောင်းတစ်ချောင်း ဖြစ်သည်။

ထိုလက်ချောင်း၏ဇစ်မြစ်ကို မသိရပါသော်လည်း မကောင်းဆိုးဝါးဆန်ပြီး ချောက်ချားစရာကောင်းသော အရှိန်အဝါတစ်ခု ရှိနေသည်။ မရေမတွက်နိုင်သော ကမ္ပည်းစာများ လက်ချောင်းပတ်လည်တွင် ရစ်ပတ်နေပြီး မြင်ရသူအဖို့ မယှဉ်သာလောက်အောင် မိစ္ဆာဆန်သော ခံစားချက်တစ်မျိုး ရစေသည်။

ယင်းမှာ ကျိန်စာပင်။

ယင်းသည် သူ့ညီလေး၏ ကျိန်စာဖြစ်သည်။ ရွှီချင်း၏အဆိပ်ဒဏ်ကို သူ ခံနေစဉ်အတောအတွင်း ရွှေကျီးကန်းအကူအညီဖြင့် ထိုလက်ချောင်းမှာ ကျိန်စာကို သူ စုစည်းခဲ့ပြီး သူ့လက်နက်အဖြစ် ပြောင်းလဲခဲ့သည်။

သူသည် တွေဝေတွန့်ဆုတ်မနေဘဲ ထိုလက်ချောင်းကို ထုတ်လိုက်သည်။ ထိုလက်ချောင်းသည် ရေလှိုင်းများနှင့် ထိတွေ့သွားပြီး ရေလှိုင်းများ ချက်ချင်း ပြိုကွဲကာ အမည်းရောင်အရည်များ ဖြစ်သွားသည်။ ထိုလက်ချောင်းသည် ပင်လယ်ကြီးတစ်ခုလုံးကို ညစ်ညမ်းသွားစေခဲ့ပြီး အမည်းရောင်စွန်းထင်းသွားစေခဲ့သည်။

ပင်လယ်ကြီးထဲမှ သွေးညှီနံ့လည်း ထောင်းခနဲ ထလာသည်။ မူလက အပြာရောင်ပင်လယ်ကြီးသည် အနက်ရောင်ပင်လယ်ကြီးတစ်စင်းအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်သာမက အပုပ်ရေများလည်း ဖြစ်သွားသည်။ မရေမတွက်နိုင်သော လက်များနှင့် တစ္ဆေမျက်နှာများ ပေါ်လာပြီး ပင်လယ်ကြီးတစ်ခုလုံး ပျက်စီးတော့မည့်လက္ခဏာများ ပြသလာသည်။ ရေလှိုင်းများက နောက်သို့ လိမ့်ဆင်းသွားကာ ရွှီချင်းအား တန်ပြန်တိုက်ခိုက်တော့မည့်ပုံစံပင် ဖြစ်လာသည်။

ယခင်က ရွှီချင်းနှင့် တိုက်ပွဲတွင် ရွှီချင်း၏အရိပ်က သူ့ဓမ္မတံခါးအား ဖုံးအုပ်နိုင်သည်ကို သူ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် သူ၏ဓမ္မတံခါးများ ဖုံးအုပ်ခံရမည့်အရေးနှင့် ရွှီချင်း၏ ထူးဆန်းသောအဆိပ်ကို ကာကွယ်နိုင်ရန် သူ အလေးထားခဲ့သည်။ သူ့ကိုယ်ထဲတွင် သူ့အဘိုး ချန်ထားခဲ့သော တံဆိပ်က များစွာ အထောက်အကူပေးခဲ့သည်။

သို့သော်လည်း ရွှီချင်းအရိပ်၏ စစ်မှန်သောအစွမ်းကို သူ မသိပေ။

ယင်းသည် ဝှက်ဖဲများကို ဖုံးကွယ်ထားခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။

ပင်လယ်ရေထဲတွင် မွေးဖွားလာခဲ့သော မကောင်းဆိုးဝါးများက တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုအချိန်၌ ရွှီချင်းက အေးတိအေးစက် လှမ်းကြည့်လိုက်သည်နှင့် ထိုမိစ္ဆာများ တုန်ရီသွားကြပြီး စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်ကြသည်။ ၎င်းတို့က ပင်လယ်ထဲမှ အပြင်ဘက်သို့ ထွက်ပြေးရန်ပင် ကြိုးစားလိုက်ကြသည်။

၎င်းတို့ ပြန့်ကျဲသွားသည့်အခိုက်မှာပင် ရွှီချင်းသည် အေးစက်စက်နှာမှုတ်လိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။ ရုတ်တရက် သူ့ခေါင်းအထက်တွင် ကောင်းကင်ဓားမော့ကြီး ရုပ်လုံးပေါ်လာသည်။ ထိုဓားမော့ကြီးသည် ခရမ်းရောင်အဆင်းရှိပြီး ဓားကိုယ်ထည်တစ်ခုလုံး ဒြပ်ထုရှိသည်။ ယင်းအပြင် ဓားတစ်လက်တည်းသာမဟုတ်၊ ဓားခုနစ်လက် ဖြစ်ပေသည်။

ရွှီချင်းသည် အစွန်းရောက်ကောင်းကင်ဓားမော့နှစ်ကွက်ကို နားလည်ခဲ့ပြီး ထိုဓားကွက်များမှာ ကန့်သတ်ချက်ရှိသည်။ သို့သော်လည်း သူသည် သိပ်သည်းထူထပ်သော ဓမ္မစွမ်းအားများကို ပိုင်ဆိုင်ထားသည်ဖြစ်၍ တစ်ခုနှင့်တစ်ခု ထပ်နေသော ဓားမော့ပေါင်းများစွာကို တစ်ကြိမ်တည်းဖြင့် ဖော်ထုတ်နိုင်သည်။ စီမာယွီနှင့် တိုက်ခိုက်စဉ်က သူ ထိုသို့ လုပ်ခဲ့ဖူးသည်။

ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ဓားမော့ခုနစ်လက်က သူတော်စင်ကြယ်ကို ပိုင်းဖြတ်လိုက်သည်။ သူတော်စင်ကြယ်ပေါ်သို့ ဓားများ ကျဆင်းသွားသည်ဖြစ်၍ လေပြင်းများ တိုက်ခတ်လာပြီး ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါများ လွင့်ပျံသွားသည်။

သူတော်စင်ကြယ်မှာ အချိန်မီ မရှောင်တိမ်းနိုင်တော့သည်ဖြစ်၍ သူ့ခန္ဓာကိုယ် ဝုန်းခနဲ မြည်ဟည်းကာ လွင့်စဉ်သွားသည်။ ဓားမော့ခုနစ်လက်က တစ်လက်ပြီးတစ်လက် သူ့ခန္ဓာကိုယ်ပေါ် ကျဆင်းသွားသည်ဖြစ်ရာ အရိုးများ ပေါ်လာသည့်တိုင်အောင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ပေါ်လာသည်။

သ့ူခါးသည်ပင် ပြတ်ထွက်သွားတော့မည့်ဆဲဆဲ ဖြစ်သွားသည်။

ထိုအချိန်၌ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာခဲ့သည်။

သူတော်စင်ကြယ်၏ ညာဘက်မျက်လုံးထဲတွင် ရွှေကျီးကန်းအရိပ်ပေါ်လာသည်။ ထိုအရိပ်က ဂီးခနဲ အော်မြည်လိုက်ရာ သက်စောင့်အားများ ကြောက်ခမန်းလိလိ ပေါ်ထွက်လာသည်။ ထိုသက်စောင့်အားများသည် သူတော်စင်၏ခန္ဓာကိုယ်ထဲ စီးဆင်းသွားပြီး သူ့တစ်ကိုယ်လုံးရှိ ဒဏ်ရာများအားလုံး ပကတိမျက်စိနှင့် မြင်နိုင်သောအမြန်နှုန်းဖြင့် သက်သာပျောက်ကင်းသွားသည်။ သူ့ခါးမှ ဒဏ်ရာသည်ပင် အကောင်းပကတိ ပြန်ဖြစ်သွားသည်။

ထိုဖြစ်ရပ်ကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး အံ့သြတုန်လှုပ်သွားကြသည်။ ထိုနှစ်ယောက်၏ တိုက်ပွဲသည် အခြေတည်အဆင့်ကျင့်ကြံသူများ၏ တိုက်ပွဲနှင့် မတူတော့ဘဲ ရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ယောက်၏ တိုက်ပွဲနှင့် ပို၍ ဆင်တူနေသည်။

နောက်ဆုတ်နေသော သူတော်စင်မှာ ရပ်သွားသည်။ သူ အကောင်းပကတိဖြစ်သွားခဲ့ပြီ ဖြစ်ပြီး ရွှီချင်းကို သွေးအေးသောအပြုံးဖြင့် သူ ကြည့်လိုက်သည်။

“ ရွှီချင်း၊ ဒီမသေနိုင်တဲ့ခန္ဓာကိုယ် ရအောင်လုပ်ပေးလို့ မင်းကို ငါ ကျေးဇူးတင်တယ်။ မင်း သေချာပေါက် ပြန်ပေးဆပ်ရမယ် ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး တိုက်ပွဲတစ်လျှောက် ပထမဆုံးစကားတစ်ခွန်း တည်ငြိမ်စွာ ဆိုလိုက်သည်။

“ မင်းက အရင်လို စကားများနေတုန်းပဲကိုး ”

ရွှီချင်း အံ့အားသင့်မသွားပေ။ ထိုကိစ္စကို သူ မမျှော်လင့်ထားပါသော်လည်း သူ၏ခန့်မှန်းချက်အတွင်းသာ ရှိသေးသည်။ ထိုအချိန်၌ သူတော်စင်ကြယ်၏ ဝှက်ဖဲကို သူ နားလည်လိုက်သည်။

ထိုတိုက်ပွဲကို အာရုံစိုက်နေကြသော ကျင့်ကြံသူများသည် ရွှီချင်းကို ဖျတ်ခနဲ ကြည့်လိုက်ကြသည်။ ထိုအချိန်၌ ရွှီချင်း၏အကျင့်စရိုက်ကို သူတို့ မြင်သွားကြသည်။ တိုက်ခိုက်နေစဉ်အတောအတွင်း သူ စကားပြောခဲသည်။

တိုက်ပွဲအတွင်း စကားမပြောသည့်အကျင့်ကြောင့် ရွှီချင်း၏အရိုးများထဲ စွဲထင်နေသော ရက်စက်ကြမ်းကြုတ်စိတ်ကို လူတိုင်း အာရုံခံမိလိုက်ကြသည်။

ရွှမ်ယုံဂိုဏ်း၏ တောင်ထိပ်၌ နတ်မိမယ်ကျစ်ရွှမ်သည် နှင်းကြာစေ့စွပ်ပြုတ်ကို သောက်ရင်း တိုက်ပွဲအား ကြည့်ရှုနေသည်။ ရွှီချင်း စကားပြောလိုက်သည်ကို သူမ သတိထားမိသောအခါ ခပ်လွင်လွင်ကလေး ရယ်မောသွားသည်။

“ သူက ရက်စက်ကြမ်းကြုတ်တဲ့အရှိန်အဝါတွေ များလွန်းလို့ ငါ ရှာနေတဲ့ နှလုံးသားထဲက အလင်းရှိတဲ့သူ မဖြစ်နိုင်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးပဲ။ အဓိကအချက်က သူတော်စင်ကြယ်လို မဟုတ်ဘဲ ရုပ်ချောတာပဲ။ သူတော်စင်ကြယ်က ငယ်ငယ်ကတည်းက သူ့ရင်ချင်းဆက်အမြွှာညီကိုတောင် ဝါးမျိုခဲ့တာ။ သူ့ကြည့်တာနဲ့တောင် ပျို့အန်ချင်တယ် ”

All Chapters