အလင်း
Vol. 26 Ch. 393
ရွှီချင်း၏စကားများကို ကြားရပြီး ရွှီချင်း၏ တည်ငြိမ်သောအမူအရာကို ကြည့်၍ သူတော်စင်ကြယ်၏ လူသတ်ချင်စိတ်များ ပြင်းထန်လာပြီး သူ့မျက်နှာ ရှုံ့မဲ့သွားသည်။
ရွှီချင်းကို သူ မုန်းသည်။ အရိုးထဲထိအောင် မုန်းသည်။
ရွှီချင်းကဲ့သို့ လူမျိုးကို သူ မုန်းတီးသည်။ ရွှီချင်းသည် သူကဲ့သို့ လူများ မရေမတွက်နိုင်လောက်အောင် သတ်ဖြတ်ခဲ့ပြီး အဆိပ်သုံးခြင်းနှင့် ဓမ္မတံခါးများအား ဖုံးကွယ်ခြင်းကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကိုပင် ကျွမ်းကျင်နေသည်။
သို့သော် ထိုကဲ့သို့ လူမျိုးက ‘ ရွှမ်လင်းယုံလီ ’ တံခါးအား ဖွင့်လိုက်သောအခါတွင် အလင်းတန်းကို ထုတ်လွှတ်လေသည်။
ယင်းမှာ သူတော်စင်ကြယ်၏ စိတ်ကို အကြီးအကျယ် ထိုးနှက်သွားခဲ့သည်။
သူက ‘ အလင်း ’ ဖြစ်သည်ဟု အမြဲတွေးတောထားခဲ့သည်။ သူတော်စင်ကြယ် ဆိုသည့်ဘွဲ့မှာလည်း ယင်းကြောင့်သာ ဖြစ်သည်။
သို့သော် အဖြေက အလွန် ရှင်းလင်းနေခဲ့သည်။ ရွှမ်လင်းယုံလီတံခါးကို သူ ဖွင့်လိုက်သည့်အခါ ပေါ်လာသည်မှာ အကျိအချွဲများနှင့် ပုပ်ဟောင်နံစော်နေခဲ့သော ရွံရှာစက်ဆုပ်ဖွယ်လျှာကြီးတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် ထိုနေ့က အလင်းကို မြင်လိုက်စဉ် ရယ်စရာကောင်းလှသည်ဟု သူ ခံစားခဲ့ရသည်။ ထိုအခြင်းအရာကို သူ လက်မခံနိုင်ခဲ့ဘဲ တချိန်တည်းမှာပင် သူ့စိတ်ထဲတွင် ရွှီချင်းကို ရွံရှာစက်ဆုပ်စိတ်များဖြင့် ပြည့်နှက်လာခဲ့သည်။
ရွှီချင်း၏စကားများကို ကြားပြီး သူ၏ရွံရှာစိတ်များ ပို၍သာ တိုးလာခဲ့သည်။ သူ့မျက်လုံးများထဲတွင် လူသတ်ငွေ့များ ထင်ဟပ်လာပြီး သူ့ကိုယ်ထဲမှ သက်စောင့်မီးလုံးငါးလုံး တောက်လောင်လာသည်။ သူ့နောက်တွင် မြဲ့မုန်ပေါ်လာပြီး ဂီးခနဲ အော်မြည်လိုက်သည်။
သက်စောင့်မီးလုံးခြောက်လုံးအစွမ်းများ ကောင်းကင်ယံသို့ လွင့်ပျံသွားသည့်အခါတွင် သူ၏ညာဘက်မျက်လုံးထဲရှိ ရွှေကျီးကန်းက တဖျပ်ဖျပ်ဝင်းလက်လာပြီး အဆုံးအစမဲ့သက်စောင့်အားများ ဖြည့်ဆည်းပေးလိုက်သည်။
ထိုအခြင်းအရာအားလုံးကြောင့် သူ၏တိုက်ရည်ခိုက်ရည်သည် သက်စောင့်မီးလုံးခုနစ်လုံးအနားသို့ ကပ်နေပြီ ဖြစ်သည်။ ယင်းမှာ ရွှီချင်းကို သူ သတ်နိုင်မည်ဟု ယုံကြည်နေရသည့် အကြောင်းအရင်း ဖြစ်သည်။
ယင်းအပြင် သူ့ကိုယ်ထဲရှိ သူ့အဘိုး ချန်ထားခဲ့သည့် တံဆိပ်တော်က ဓမ္မတံခါးများအားလုံးကို ပြင်ပအားများမှ ပိတ်ဆို့လာခြင်းအား တားဆီးပေးလေသည်။ ရွှေကျီးကန်း၏ သက်စောင့်အားသည်လည်း ယခင်က ရွှီချင်း အသုံးပြုခဲ့သည့်အဆိပ်ကို သူ လျစ်လျူရှုနိုင်အောင် လုပ်ပေးထားသည်။
သူတော်စင်ကြယ်သည် သူ၏အစီအစဉ်မှာ ဟာကွက်မရှိကြောင်း ယုံကြည်သည်။ သူ၏သက်စောင့်မီးအိမ်ကို သူ ဆုံးရှုံးလိုက်ရပါသော်ငြား သူ၏တိုက်ရည်ခိုက်ရည်က ယခင်ကထက် ပို၍ အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
သူ အေးစက်စက်နှာမှုတ်လိုက်ပြီး ညာလက်ကို ကောင်းကင်ယံသို့ တွန်းထုတ်လိုက်သည်။
“ သက်စောင့်မီးလုံးငါးလုံး နတ်အစွမ်း ”
သူတော်စင်ကြယ်၏ စကားဆုံးသည်နှင့် သူ့ကိုယ်ထဲမှ သွေးရောင်ဓားချီငါးခု ဝေဟင်သို့ ပျံတက်သွားသည်။
ထိုဓားချီငါးခုက ယခင်ကထက် ပို၍ စူးရှကာ ပို၍ နီမြန်းသည်။
ထိုဓားချီငါးခုသည် သူတော်စင်ကြယ်၏ သက်စောင့်မီးလုံးငါးလုံးမှလွဲ၍ တခြားမဟုတ်ပေ။
၎င်းတို့သည် ကောင်းကင်ယံသို့ ဦးတည်ပျံတက်သွားသည်။
၎င်းတို့ ဖြတ်သန်းသွားသည့်နေရာတိုင်း လေဟာနယ်ကြီး တွန့်လိမ်ရှုံ့တွကာ ပေတစ်သောင်းခန့်ပတ်ခြာလည်ရှိ တိမ်စိုင်များ နီစွေးသွားသည်။
နောက်ဆုံးတွင် ထိုဓားချီငါးခုသည် လက်ချောင်းငါးချောင်းအဖြစ် ပြောင်းလဲကာ သွေးတိမ်စိုင်များဆီမှ ဆင်းသက်လာသည်။
ပထမဦးစွာ လက်ချောင်းထိပ်များ ပေါ်လာပြီး ထိုမှတစ်ဆင့် လက်ချောင်းရိုးများ၊ ထို့နောက် လက်ဆစ်များ။ နောက်ဆုံးတွင် လက်ချောင်းငါးချောင်းလုံး ပေါ်လာသည်။
ထိုဖြစ်ရပ်ကို မြင်လိုက်ကြသည့် ရွှမ်တောက်တောင်အပြင်ဘက်ရှိ ဂိုဏ်းသားအားလုံး တုန်ရီသွားကြသည်။
မိုးသားတိမ်စိုင်များဆီမှ လာနေသော လက်ချောင်းငါးချောင်းနှင့် ကြောက်ခမန်းလိလိစွမ်းအားများကို သူတို့ အာရုံခံမိလိုက်ကြသည်။
ထိုစွမ်းအားများသည် အခြေတည်အဆင့် ချုပ်နှောင်ခြင်းတစ်ရပ် ဖြစ်ပြီး သက်စောင့်မီးလုံးငါးလုံးသို့ ရောက်သွားပြီးနောက် အံ့သြစရာကောင်းသော စိတ်ဆန္ဒဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်းတွင် လူသတ်ငွေ့များအသွင် ပြောင်းလဲသွားသည့် စိတ်ခံစားချက်အငွေ့အသက်များလည်း ရောယှက်နေသည်။
ပထမဆုံးအကြိမ်အဖြစ် ရွှီချင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူတော်စင်ကြယ်၏ တိုက်ရည်ခိုက်ရည်ကြောင့်မဟုတ်ဘဲ မိုးသားတိမ်စိုက်များထဲရှိ လက်ချောင်းငါးချောင်းမှ မတူညီသော အရှိန်အဝါကို သူ အာရုံရလိုက်၍ ဖြစ်သည်။
ထိုအရှိန်အဝါသည် ဖော်ပြရန် ခက်ခဲပြီး ကျင့်ကြံခြင်းအခြေခံနှင့် သက်ဆိုင်ခြင်း ရှိပုံမရပေ။
စိတ်ဆန္ဒတစ်မျိုးနှင့် ဆင်တူသည်။
ရွှီချင်း လှုပ်ရှားသွားစဉ် ထိုတိုက်ပွဲကို စောင့်ကြည့်နေကြသည့် ဂိုဏ်းအသီးသီးရှိ ထိပ်သီးကျင့်ကြံသူများ၏ မျက်လုံးများထဲ ထူးဆန်းသောအလင်းများ ဝင်းလက်သွားသည်။ အထူးသဖြင့် တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးပင်။ သူ့မျက်လုံးများ ဝင်းလက်သွားပြီး ရယ်မောလိုက်သည်။
“ ခန့်မှန်းထားသလို ငါ့မြေးက အရှင်သခင်တစ်ပါး ဖြစ်လာမယ့်အလားအလာ ရှိတာပဲ။ သက်စောင့်မီးလုံးငါးလုံး ပြည့်စုံခြင်းအဆင့်မှာ သက်ခြွေနယ်ပယ်ရဲ့ အမျှင်တန်းလေးတစ်ခုကို နားလည်နိုင်ခဲ့တယ်။ အမျှင်တန်းလေးတစ်ခုဆိုပေမဲ့ စိတ်ဆန္ဒရှိနေလို့ လောကကြီးကို တုန်လှုပ်သွားအောင်လုပ်နိုင်သေးတယ်။ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ် ”
နှင်းကြာစေ့စွပ်ပြုတ်ကို သောက်နေသော နတ်မိမယ်ကျစ်ရွှမ်သည် စိတ်ဝင်စားသည့်အမူအရာဖြင့် ထိုမြင်ကွင်းကို ကြည့်လိုက်သည်။
“ သူ့ပါရမီက တကယ့်ကို ထူးခြားတာပဲ။ အဲဒီတိမ်လွှာအဘိုးကြီးက သူ့အတွက် ရွှေကျီးကန်းကိုယ်ပွားအမျှင်တန်းရအောင် လုပ်ပေးခဲ့တာ အံ့သြစရာမရှိဘူး။ အကျိုးမရှိရင် အိပ်ယာကနေတောင် ထမှာမဟုတ်တဲ့ ဆရာတူအစ်ကိုက ဒီကိစ္စကို သဘောတူခဲ့တာ အံ့သြစရာမရှိဘူး ”
ပတ်ဝန်းကျင်တစ်ခုလုံး တုန်ရီနေစဉ် သူတော်စင်ကြယ်၏ စိတ်ဆန္ဒနှင့် ကြောက်ခမန်းလိလိ အသတ်အဖြတ်စိတ်ဆန္ဒများ ကိန်းအောင်းနေသော ဓားချီလက်ချောင်းငါးချာင်းက ရွှမ်တောက်တောင်သို့ ချဉ်းကပ်လာသည်။
ရွှီချင်းက ထိုလက်ချောင်းများကို စူးစိုက်ကြည့်လိုက်သည်။ ယခင်က ဖြစ်စေ၊ ယခုအခါဖြစ်စေ သူတော်စင်ကြယ်က အစွမ်းထက်သော ရန်သူတစ်ယောက်ဖြစ်သည်ကို သူ ဝန်ခံရပေမည်။ သူတော်စင်ကြယ်၏ ပါရမီက ကြောက်ခမန်းလိလိပင်။
အရေးအကြီးဆုံးမှာ သက်စောင့်မီးအိမ် အလုယူခံလိုက်ရပါသော်လည်း စိတ်ဓာတ်ကျမသွားသည်သာမက ပို၍ပင် အစွမ်းထက်လာခဲ့သည်။ ယင်းသည် သာမန်လူများ မလုပ်နိုင်သောအရာ ဖြစ်သည်။
ရွှီချင်း ငြိမ်သက်နေသည်။ ဝေဟင်မှ လက်ချောင်းငါးချောင်း ဆင်းသက်လာသည့်အခိုက် သူ၏ညာလက်က အပေါ်သို့ မြောက်သွားပြီး ကြမ်းတမ်းစွာ ဝှေ့ယမ်းသွားသည်။ ရုတ်တရက် သူ့ခြေထောက်များအောက်မှ အနက်ရောင်မြူခိုးများ ပေါ်လာသည်။
ထိုမြူခိုးများသည် တရွှီရွှီအော်မြည်ကာ ရွှမ်တောက်တောင်တစ်ခုလုံးကို လွှမ်းခြုံသွားပေရာ ရွှီချင်း၏ပတ်ဝန်းကျင်တစ်ခုလုံး မြူပင်လယ်ကြီးဖြစ်သွားဟန်တူသည်။
မြူနယ်နိမိမယ်က ပေတစ်သောင်း ကျယ်သည်။
အထက်ကောင်းကင်ယံတွင် ပေတစ်သောင်းကျယ်သော သွေးနီတိမ်ပင်လယ်ကြီးရှိပြီး အောက်ဘက်တွင် ပေတစ်သောင်းရှည်သော မြူပင်လယ်ကြီးရှိသည်။
ရွှီချင်းသည် ညာလက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီး ကောင်းကင်ယံသို့ ညွှန်လိုက်သည်။ မြူပင်လယ်တဝိုက်တွင် လျှပ်စီးများ တဖျပ်ဖျပ် ဝင်းလက်သွားပြီး မျက်တောင်တစ်ချက်ခတ်အတွင်း ရွှီချင်း၏ခြေထောက်အောက်ရှိ မြူပင်လယ်ထဲမှ ခြောက်ကပ်ကပ်လက်တစ်ချောင်းတစ်ချောင်း တိုးထွက်လာသည်။
ပတ်ဝန်းကျင်တစ်ခွင် တဂျိမ်းဂျိမ်းမြည်ဟည်းသွားသည်။
ယင်းသည် ရွှီချင်း၏ မကောင်းဆိုးဝါးအတတ်ဖြစ်သော ရွှမ်ယုံကျိန်စာအတတ်၏ ရွှမ်ယုံလက်ချောင်း ဖြစ်ပေသည်။
ထိုလက်ချောင်း၌ ကောင်းကင်သံချောင်းကို သူ လေ့လာစဉ်က ရရှိခဲ့သည့် နားလည်မှုအတွေးတစ်စ ရှိနေသည်။ သူ ကောင်းကင်သံချောင်းကို လုံးလုံးလျားလျား မအောင်မြင်ခဲ့ပါသော်ငြား အတွေးတစ်စဖြင့်ပင် ရွှမ်ယုံလက်ချောင်းကို ရက်စက်ကြမ်းကြုတ်သောအာရုံတစ်ခု ရှိသွားစေသည်။
ထိုရက်စက်ကြမ်းကြုတ်သောအာရုံက ခပ်ဖျော့ဖျော့သာ ဖြစ်ပြီး သာမန်ကျင့်ကြံသူများ မြင်နိုင်ရန် ခက်ခဲပါသော်ငြား ဘိုးဘေးအဆင့်ရှိ ထိပ်သီးပုဂ္ဂိုလ်များအတွက် အာရုံခံနိုင်သေးသည်။ ထိုအခိုက် တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်နှာ ရှုံ့မဲ့သွားပြီး ရွှယ်လျန့်ကျစ်က တဟားဟား ရယ်မောလိုက်သည်။
“ စိတ်ဝင်စားစရာပဲ ”
နတ်မိမယ်ကျစ်ရွှမ်သည် ကြာစေ့စွပ်ပြုတ်ကို တစ်ကျိုက်သောက်လိုက်ရင်း ပြုံးလိုက်သည်။
တခဏလေးအတွင်း ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရွှီချင်း၏ ရွှမ်ယုံလက်ချောင်းနှင့် သူတော်စင်ကြယ်၏ သက်စောင့်မီးလုံးငါးလုံးနတ်အစွမ်းတို့ ထိပ်တိုက်တွေ့ဆုံသွားသည်။
ပေတစ်သောင်းအကျယ်ရှိသော တိမ်နီများ၏ လက်ချောင်းငါးချောင်းသည် အောက်သို့ ဆင်းသက်လာပြီး ပေတစ်သောင်းအကျယ်ရှိသော မြူခိုးများက ဝေဟင်သို့ ပျံတက်သွားသည်။
လေပြင်းများ တိုက်ခတ်လာပြီး အသံလှိုင်းများ အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားသည်။ သက်စောင့်မီးလုံးငါးလုံး နတ်အစွမ်းပြိုကွဲသွားပြီး ပေတစ်သောင်းရှည်သော တိမ်နီများ ပြန့်ကျဲသွားသည်ဖြစ်၍ သူတော်စင်ကြယ် တုန်ရီသွားပြီး သွေးချောင်းများ ဆိုးသွားသည်။
ရွှီချင်း၏ အသက်ရှူသံများ အနည်းငယ် မြန်ဆန်သွားသည်။ သူ၏ရွှမ်ယုံလက်ချောင်းသည်လည်း ပျက်စီးသွားသည်။ မြူခိုးပင်လယ်ကြီး လွင့်ပါးသွားသည်တွင် အေးစက်စက်အရိပ်အငွေ့များ ကွယ်ဝှက်နေသော သူ၏မျက်လုံးများ မှေးသွားသည်။ သူသည် လျှာထိပ်ကို ကိုက်လိုက်ပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာ နောက်ဆုတ်သွားသည်။
သူတော်စင်ကြယ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ညာဘက်မျက်လုံးရှိ ရွှေကျီးကန်း ဝင်းလက်သွားသည်။ သူ၏ဒဏ်ရာများအားလုံး ချက်ချင်း အကောင်းပကတိ ပြန်ဖြစ်သွားသည်။ သူ ရွှီချင်းနောက်သို့ ချက်ချင်း ပြေးလိုက်သွားသည်။ သူသည် ပြေးလိုက်နေရင်း လက်ဖြင့် ဗိုက်ကို ဖိကာ သူ့ကိုယ်ထဲမှ သွေးဓားတစ်လက်ကို ထုတ်လိုက်သည်။
ထိုဓားသည် သွေးချင်းချင်းနီနေသည်။ ထိုဓားပေါ်လာသည်နှင့် သွေးညှီနံ့များ ထောင်းခနဲ ထသွားကာ ဓား၏ချီနှင့်သွေးများ ကောင်းကင်ယံသို့ တရိပ်ရိပ်တက်သွားသည်။ ဓားမှာ အဆိပ်ဆန္ဒတစ်ခုလည်း ရှိနေသည်။
ထိုအဆိပ်ကို ရွှီချင်း အစိမ်းသက်သက်ဖြစ်မနေပေ။ ယင်းသည် သူ့အဆိပ်ဆေး၏ အရှိန်အဝါ ဖြစ်သည်။
ထိုဓားသည် သူတော်စင်ကြယ် အဆိပ်ဒဏ်ခံနေရစဉ်အတောအတွင်း အဘိုးဖြစ်သူ၏ အကူအညီဖြင့် သွန်းလုပ်ခဲ့သော အသွေးအသားဓားဖြစ်သည်။ ထိုဓားကို သူ သွန်းလုပ်နေစဉ်အတောအတွင်း သူ့စိတ်ထဲ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် ထိုဓားဖြင့် ရွှီချင်းအား သတ်နေသည့်ပုံရိပ် ဖြစ်သည်။
ယခုအချိန်၌ သူ၏သွေးဓားကို ဆွဲထုတ်လိုက်ပြီဖြစ်သည်။ သူ့နောက်တွင် မြဲ့မုန်ပေါ်လာပြီး သူ၏ညာဘက်မျက်လုံးထဲရှိ ရွှေကျီးကန်းမှာ ဝင်းလက်သွားကာ သူ၏အမြန်နှုန်းကို တိုးမြှင့်ပေးလိုက်သည်။ ရွှီချင်းအနားသို့ သူ ရိပ်ခနဲ ရောက်သွားပြီး ကြမ်းတမ်းစွာ ထိုးသွင်းလိုက်သည်။
ဓားထိပ်ဖျားက ရွှီချင်း၏ဝမ်းဗိုက်ထဲ ဝင်သွားတော့မည် ဖြစ်သည်။
ရွှီချင်းက ရှုံ့မဲ့နေသောအမူအရာကို ဖမ်းလိုက်သည်။ သူ ရွှမ်တောက်တောင်အစွန်အဖျားသို့ အလျင်အမြန် ဆုတ်ခွာသွားပြီး သူတော်စင်ကြယ်နှင့် အကွာအဝေး ခြားထားချင်သည့်အလား လေထဲသို့ ပျံတက်လိုက်သည်။
သို့သော်လည်း သူတော်စင်ကြယ်သည် လူသတ်ချင်စိတ်ပြင်းပြနေပြီး ပို၍ မြန်ဆန်လာသည်။
ယခုက အချိန်အခါ မဟုတ်သေးကြောင်း ရွှီချင်း တွက်ဆမိလိုက်သည်။ သူတော်စင်ကြယ်အား သတ်ဖြတ်ရန် မဆိုထားဘိ မြဲ့မုန်ကိုပင် ဝါးမျိုရန် အခွင့်အရေး နည်းပါးနေသေးသည်။ သူ အခွင့်အရေးတစ်ခု လိုအပ်သည်။
သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ သူ့ကိုယ်ထဲရှိ မိစ္ဆာမီးတောက်များ တဟုန်းဟုန်း တောက်လောင်လာသည်။ ထိုအချိန်၌ ဓမ္မတံခါးတစ်ရာတစ်ဆယ့်ကိုးခုမှ ဝိညာဉ်ပင်လယ်က ကြောက်မက်ဖွယ်အားလှိုင်းအသွင်ဖြင့် သူ့ပတ်လည်တွင် ပေါ်ပေါက်လာသည်။ သူ၏သက်စောင့်မီးအိမ်များသည်လည်း အရာအားလုံးကို ခုခံမည့် အကာအကွယ်အလွှာများကို ထုတ်လွှတ်လိုက်ကြသည်။
မိုးမြေတုန်ဟီးလောက်အောင် အသံကြီး ဟိန်းထွက်သွားပြီး ရွှီချင်း၏ အကာအကွယ်အလွှာများ ပျက်စီးကာ သူ နောက်သို့ ဆုတ်သွားသည်။ သူတော်စင်ကြယ်သည်လည်း အခြေအနေ မဟန်ပေ။ ရွှီချင်းထံမှ တန်ပြန်အားကြောင့် သူ မတတ်သာဘဲ တန်ပြန်အားလှိုင်း ပျက်ပျယ်သွားသည်အထိ နောက်ဆုတ်သွားသည်။
သူ နောက်ဆုတ်လိုက်စဉ် ရွှီချင်း၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်ဆုံးအမျိုးအစားအဆိပ်မှုန့်ကို ပက်လိုက်သည်။
ယင်းမတိုင်ခင်က ဤနေရာတစ်ဝိုက်တွင် သူ အဆိပ်အမျိုးအစားတစ်ရာခန့် ဖြန့်ကျဲထားပြီးပြီ ဖြစ်သည်။ နောက်ဆုံးတစ်ခုသည် ဓာတ်ပြုအဆိပ်ဖြစ်သည်။ ထိုနေရာရှိ အဆိပ်များ ပေါက်ကွဲသွားပြီး သူတော်စင်ကြယ်၏ သက်စောင့်အားက ကြောက်ခမန်းလိလိ ဖြစ်သည့်တိုင်အောင် အဆိပ်မိသွားသေးသည်။
ထိုအဆိပ်သည် မပြင်းထန်ပါသော်ငြား ဆိုးကျိုးအားလုံး တစ်ပြိုင်နက်တည်း စုဆုံးသွားသောအခါ သူတော်စင်ကြယ် မျက်နှာပျက်သွားပြီး သွေးအန်သွားသည်။ သူ၏ခန္ဓာကိုယ် စိမ်းပုပ်လာပြီး သူ့ကိုယ်ထဲတွင် ဓာတ်နှောများ သိသိသာသာ မြင့်တက်လာသည်။
ရွှီချင်းက ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်လိုက်သည်။ သူတော်စင်ကြယ်သည် နောက်ဆုတ်နေရင်း လက်ထဲရှိ သွေးဓားကို ပစ်လွှတ်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ပေါ်လာသည်။ သွေးဓားကြီး ချက်ချင်း ပျက်စီးသွားကာ သွေးပင်လယ်အသွင်ဖြင့် ရွှီချင်းထံ တိုးဝင်သွားသည်။
ထိုနှောင့်နှေးသွားသော အချိန်အတွင်း သူတော်စင်ကြယ်မှာ အောင်မြင်စွာ ဆုတ်ခွာနိုင်လိုက်သည်။ သူ့ကိုယ်ထဲရှိ အဆိပ်ဓာများ ချက်ချင်း လွင့်ပျယ်မသွားသေးသည်ကို သူ သတိထားမိလိုက်ပြီး မျက်နှာရှုံ့မဲ့သွားသည်။ သူ လက်ကိုဝှေ့ယမ်းလိုက်ရာ သိပ်သည်းထူထပ်သော မြူခိုးများ ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အမြင်အာရုံများကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူက သစ်သားနက်အပိုင်းအစတစ်ခုကို မြန်ဆန်စွာ ထုတ်လိုက်သည်။
ထိုသစ်သားနက်သည် နန်းဟွမ်ဒေသကြီးထဲတွင် သူ တစ်ခါထုတ်ခဲ့ဖူးသော ရွှမ်ယုံလင်းလီတံခါးအစိတ်အပိုင်း ဖြစ်သည်။ သို့သော် ဤအစိတ်အပိုင်းသည် အနည်းငယ် ပိုကြီးသယောင် ထင်ရသည်။
သစ်သားကြီး တုန်ခါသွားပြီး အနက်ရောင်တံခါးကြီး ထပ်မံပေါ်ထွက်လာသည်။
ထိုမကောင်းဆိုးဝါးတံခါးကြီး ပေါ်လာသည်နှင့် ချောက်ချားစရာကောင်းသော အာရုံတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာသည်။ သို့သော် အပြင်လောကရှိ လူအများစုမှာ အထဲတွင် ဖြစ်ပျက်နေသမျှကို မမြင်နိုင်ကြပေ။ သူတော်စင်ကြယ်က သူ၏ဂုဏ်သိက္ခာအတွက် အမြင်အာရုံများကို ပိတ်ဆို့ရန် မြူခိုးများ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အပြင်လူများအား တံခါးကြီးထဲမှ လျှာကြီး ထွက်လာသည်ကို သူ မမြင်စေချင်ပေ။
ထိုအချိန်၌ တကျွိကျွိမြည်သံနှင့်အတူ တံခါးကြီးပွင့်လာပြီး အကျိအချွဲများစွာနှင့် လျှာကြီးတစ်ခု ထွက်လာကာ သူတော်စင်ကြယ်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။
သူတော်စင်ကြယ်၏ ခန္ဓာကိုယ် တဆတ်ဆတ် တွန့်ကွေးသွားပြီး သူ့ကိုယ်ထဲရှိ အဆိပ်အားလုံး သွေးမည်းများအဖြစ် စုစည်းသွားကာ သူ အန်ထုတ်လိုက်သည်။
ထိုအခြင်းအရာကို ရွှီချင်း မြင်သောအခါ သူတော်စင်ကြယ်ထံသို့ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ပြေးသွားသည်။ သူသည် ညာလက်ကို မြှောက်လိုက်ရာ သူ့ကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်တွင် လှိုင်းများ ပေါ်လာသည်။
သူ၏လက်ကိုဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ လှိုင်းကိုးလှိုင်းက တစ်ခုနှင့်အတူ ထပ်သွားပြီး သူတော်စင်ကြယ်ကို ကြမ်းကြုတ်စွာ ဖိချလိုက်သည်။
သူတော်စင်ကြယ်၏ မျက်လုံးများ မှေးသွားသည်။ သူ၏အရုပ်ဆိုးသောမျက်နှာအမူအရာတွင် အေးစက်တင်းမာသောအရိပ်အငွေ့များ အစားထိုးဝင်ရောက်လာသည်။ သူသည် ရွှီချင်းကို စူးစိုက်ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ ရွှီချင်း၊ မင်း ငါ့ထောင်ချောက်ထဲ ကျသွားပြီကွ ”
“ ဒီတစ်ခေါက်က အရင်လိုမဟုတ်ဘူး။ ရွှမ်လီလင်းယုံတံခါးကို အတတ်နိုင်ဆုံး သန့်စင်ပြီး ဒုတိယမြောက်အစွမ်းကို ထုတ်ဖော်ရအောင်လို့ပဲ ”
“ ချုပ်နှောင်စေ ”
သူတော်စင်ကြယ်၏ မျက်လုံးများထဲ လောဘအရိပ်အယောင်များ ထင်ဟပ်လာသည်။ သူသည် တဟားဟား ရယ်မောရင်း လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့ရှေ့မှ သစ်သားတံခါးကြီးက တစ်ဖက်သို့ လှည့်သွားပြီး ရွှီချင်းကို မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် တဖြည်းဖြည်းနှင့် တံခါးကြီး ပွင့်လာသည်။
တံခါးထဲမှ အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
ထိုအခါ ကျောက်သားပမာ ဆွတ်ဆွတ်ဖြူနေသော နူးညံ့သွယ်လျသည့် လက်လေးထဲမှ ကြာစေ့စွပ်ပြုတ်ထည့်ထားသော ပန်းကန်လုံးမှာ ကျောက်ဖြူသားကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။