← Chapters

မြဲ့မုန်ကို ဝါးမျိုသော ရွှေကျီးကန်း ( ၁ )

Vol. 26 Ch. 394

မြဲ့မုန်ကို ဝါးမျိုသော ရွှေကျီးကန်း ( ၁ )

Vol. 26 Ch. 394

ပန်းကန်လုံး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်။

ကျောက်ဖြူသားကြမ်းပြင်ပေါ် ကြာစေ့များ ပန့်ကျဲသွားပြီး နတ်မိမယ်ကျစ်ရွှမ်မှာ မယုံကြည်နိုင်ခြင်းများဖြင့် အသက်ရှူသံများ မြန်ဆန်လာသည်။

“ ခုနက ငါ မြင်လိုက်တာ အလင်းမလား ”

နတ်မိမယ်ကျစ်ရွှမ် အတည်ပြုရန်ပြင်လိုက်စဉ် အလင်းက ပျောက်ကွယ်သွားသည်။

ရွှမ်တောက်တောင်မှ အလင်းသည် တာအိုဘုရားကျောင်းဘေးရှိ တိုက်ပွဲမှအလင်းနှင့် အလွန် ကွဲပြားသည်။

ယခင်က အလင်းသည် ဖြာကျနေခဲ့ပြီး လောင်ကျွမ်းနိုင်သောအစွမ်းများ ရှိနေခဲ့သည်။ ထိုအလင်းအောက်တွင် ရွှီချင်းမှာ အရည်ပျော်တော့မည့်အလား ခံစားခဲ့ရသည်။

ခရမ်းရောင်သလင်းကျောက်၏ ပြန်လည်ကုစားနိုင်စွမ်းနှင့် ရွှေကျီးကန်း၏ အပြင်အားများကြောင့်သာ မဟုတ်ပါက ထိုအလင်းအောက်တွင် သူ အရည်ပျော်သွားခဲ့မည် ဖြစ်သည်။

ယင်းသည် ဓမ္မရတနာအကျိုးအပဲ့တစ်ခု မဟုတ်ပါလား။ ထိုဓမ္မရတနာအကျိုးအပဲ့က ပစ်မှတ်၏ အတွင်းစိတ်နှလုံးသားကို ရောင်ပြန်ဟပ်လိုက်သည့်အခါ သေစေနိုင်သောစွမ်းအားတစ်ခုကိုလည်း ထုတ်လွှတ်လေသည်။ သို့သော်လည်း ၎င်း၏ ထူးဆန်းသော ဂုဏ်သတ္တိကြောင့် သေစေနိုင်သောစွမ်းအားမှာ လူအပေါ်လိုက်၍ ပြောင်းလဲတတ်သည်။

ယခုတစ်ခေါက်တွင် အနည်းငယ် ကွဲပြားသွားသည်။

သူတော်စင်ကြယ်မှ ဒုတိယအကြိမ် ပြုပြင်ခဲ့ပြီးနောက် အလင်းသည် တရစပ်လင်းရာမှ တခဏလေးသာလင်းသည့်အဆင့်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်း၏အစွမ်းသည်လည်း ကွဲပြားသွားခဲ့သည်။

အလင်းသည် တံခါးမှ ဗြုန်းခနဲ ထွက်လာပြီး ပျောက်သွားသည်။

အလင်း ထွက်ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွားပုံမှာ မြန်ဆန်လွန်းလှသည်ဖြစ်၍ မြင်ရသူတိုင်းကို ထင်ယောင်ထင်မှား ခံစားမိစေသည်။ ယင်းအပြင် သူတော်စင်ကြယ် ထုတ်လွှတ်ထားသည့် မြူခိုးများက ထိုအလင်း ပေါ်ပေါက်လာခြင်းကို ဖုံးကွယ်ထားခဲ့သည်။

ထိုတိုက်ပွဲကို သေချာအာရုံစိုက်မနေဘဲ ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်မားမနေခဲ့ပါက အသေးစိတ်မြင်ရရန် မဖြစ်နိုင်ပေ။

အလင်း၏အစွမ်းမှာ လောင်ကျွမ်းခြင်းမဟုတ်ဘဲ ပြောင်းပြန် အေးခဲခြင်း ဖြစ်သွားသည်။

ထိုလျှပ်တစ်ပြက်အလင်းသည် သည်းခြေခိုက်လုမတတ် အေးစက်သည်။ ရွှီချင်း၏ကိုယ်ပေါ်သို့ ထိုအလင်း ကျသွားသည့်အခါ ထိုအလင်းက ရေခဲစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး သူ့ကို အလျင်အမြန် အေးခဲသွားစေသည်။

ထိုအလင်းက ဖော်ပြရန် ခဲယဉ်းသည့် အအေးဓာတ်နတ်အစွမ်းကဲ့သို့ ဖြစ်သည်ကို ရွှီချင်း အာရုံခံမိလိုက်သည်။ သူ့ကိုယ်ပေါ်သို့ ထိုအလင်း ကျရောက်သွားသည်နှင့် သူ့တစ်ကိုယ်လုံး အေးခဲသွားခဲ့သည်။

သူ၏ခန္ဓာနှင့်ဝိညာဉ်မှာ တခဏလေးအတွင်း အေးခဲသွားခဲ့သည်။ ထိုအချိန်၌ သူ၏အသက်ပင် ရပ်တန့်သွားသည့်အလား ထင်မှတ်ရသည်။

သို့သော်လည်း အေးခဲသွားသည်မှာ သက်စောင့်မီးလုံးသုံးလုံးအစွမ်းနှင့် ရွှီချင်းသာ ဖြစ်သည်။

ရွှီချင်းက စတုတ္ထမြောက်သက်စောင့်မီးလုံးကို ထွန်းညှိရန် ပြင်လိုက်သည်။ စတုတ္ထမြောက်သက်စောင့်မီးလုံးကိုသာ သူ ထွန်းညှိနိုင်ခဲ့လျှင် သက်စောင့်မီးလုံးခုနစ်လုံးအစွမ်းဖြင့် ထိုအေးခဲနေသော အခြေအနေမှ သူ ဖောက်ထွက်နိုင်မည်ဟု ယုံကြည်သည်။

သို့သော်လည်း စတုတ္ထမြောက်သက်စောင့်မီးလုံးကို သူ မထွန်းညှိခင် အရိပ်လေး၏ ထူးဆန်းသောအချက်ကို သူ တွေ့ရှိလိုက်ရသည်။

ထိုရေခဲအချုပ်အနှောင်က အရိပ်လေးအပေါ် အနည်းငယ်သာ သက်ရောက်မှုရှိသည်။

ယင်းမှာ နားလည်၍ ရပေသည်။ အရိပ်လေးကိုယ်တိုင်က အလွန် အေးစက်သောသဘာဝရှိပြီး မကောင်းဆိုးဝါးများကိုပင် စားသောက်သည် မဟုတ်ပါလား။

ရွှီချင်းအနေဖြင့် သည်းခြေခိုက်လုမတတ် ခံစားရသော အအေးဓာတ်သည် အရိပ်လေးအတွက် သာမန်ကိုယ်အပူချိန်သာ ဖြစ်ကောင်းဖြစ်ပေမည်။ အလွန်ဆုံးအနေဖြင့် အနည်းငယ်အေးစက်သည်ကို အရိပ်လေး ခံစားရပေမည်။

သို့ဖြစ်၍ အေးခဲနေသော ရေခဲအလွှာ ပေါ်လာသည်နှင့် အရိပ်လေးမှာ ထိန်းချုပ်မထားနိုင်ဘဲ အနည်းငယ် ရှူရှိုက်လိုက်သည်။ ယင်းကြောင့် ရွှီချင်း၏ခန္ဓာကိုယ်မှာ လုံးလုံးလျားလျား အေးခဲမသွားခဲ့ပေ။

အပြင်ပန်းကြည့်လျှင် သူ ချုပ်နှောင်ခံထားရဟန်တူပါသော်ငြား အမှန်စင်စစ် အရိပ်လေးအား ရေခဲများကို စုပ်ယူရန် သူ အတွေးတစ်ချက် ပို့လွှတ်လိုက်သည်နှင့် သူ ချက်ချင်း ပြန်လှုပ်ရှားနိုင်မည် ဖြစ်သည်။

သို့သော်လည်း သူသည် အရိပ်လေးကို ချက်ချင်း အမိန့်မပေးသေးဘဲ ငြိမ်နေသည်။

အဘယ်ကြောင့်ဆိုသော် သူ အချိန်ကြာမြင့်စွာ စောင့်နေခဲ့ရသော အခွင့်အရေးကြီး ရောက်လာပြီဖြစ်သည်ကို သူ သိသောကြောင့် ဖြစ်သည်။

“ ကိုယ့်သေတွင်းကိုယ်တူးတဲ့ကောင် ခံစမ်း ”

သူတော်စင်ကြယ်သည် အော်ဟစ်ရယ်မောလိုက်ပြီး ရွှီချင်းထံသို့ ဦးတည်သွားသည်။ သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များနှင့်အတူ အပြင်းအထန် စိတ်လှုပ်ရှားခြင်းကြောင့် သူ့ကိုယ်သူ ဘဝင်ခိုက်နေသည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။

ယင်းသည် သူ၏အစီအစဉ်ဖြစ်သည်။ အမှန်စင်စစ် အစောပိုင်းက သူ၏တိုက်ခိုက်မှုများအားလုံးမှာ ရွှမ်ယုံလင်းလီတံခါး သံသယမဝင်စေဘဲ အသက်သွင်းနိုင်မည့်အခွင့်အရေးကို ရှာဖွေရန် ဖြစ်သည်။

ရွှီချင်းနည်းတူ သူသည်လည်း အပြင်လူများ ဝင်ရောက်စွက်ဖက်လာမည်ကို စိုးရိမ်နေခဲ့သည်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသာ တိုက်ပွဲအား ရပ်တန့်နိုင်စွမ်းရှိသည်မဟုတ်၊ ရွှယ်လျန့်ကျစ်သည်လည်း တိုက်ပွဲကို ရပ်တန့်နိုင်သည် မဟုတ်ပါလား။

တိမ်လွှာဓားဂိုဏ်းက စည်းမျဉ်းအား လိုက်နာမည်ဖြစ်ကြောင်း ရွှီချင်း မယုံကြည်သကဲ့သို့ သူတော်စင်ကြယ်သည်လည်း ချီရွှဲ့ထုံဂိုဏ်းက စည်းမျဉ်းများကို လိုက်နာမည်ဟု မယုံကြည်ပေ။

သူတော်စင်ကြယ် တွေးထားသည့်အတိုင်းပင်။ ရွှီချင်းထံသို့ သူ ပြေးဝင်သွားစဉ် ရွှမ်တောက်တောင်၏ အပြင်ဘက်ရှိ ကောင်းကင်ယံတွင် ရွှယ်လျန့်ကျစ်၏ မျက်နှာကြီး ပေါ်လာသည်။ ထို့နောက် ထိုမျက်နှာကြီးက မရေမတွက်နိုင်သော သွေးအမျှင်တန်းများအဖြစ် ပြောင်းလဲသွားပြီး ရွှမ်တောက်တောင်ဆီသို့ ဦးတည်သွားလေသည်။

ထိုအချက်အရ စည်းမျဉ်းများကို သူ ဂရုမစိုက်ကြောင်း သိသာထင်ရှားသည်။ စည်းမျဉ်းများအားလုံး သူ၏မြေးတပည့်လောက် အရေးမကြီးပေ။

သွေးအမျှင်တန်းများ ပြေးဝင်သွားစဉ် ကောင်းကင်ယံသို့ ဓားအလင်းတန်းတစ်တန်း ဖြာထွက်သွားပြီး လေထဲတွင် မရေမတွက်နိုင်သော ဓားပျံများ ပေါ်လာကာ သွေးအမျှင်တန်းများကို တားဆီးလိုက်သည်။ ထို့နောက် ထိုအလင်းတန်းများက တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးအဖြစ် ပြောင်းလဲသွားသည်။

“ ရွှယ်လျန့်ကျစ်၊ စည်းမျဉ်းက စည်းမျဉ်းပဲ ”

အစက တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည် ရေခဲအလွှာထဲ ရွှီချင်း ပိတ်မိနေသည်နှင့်ပတ်သက်၍ သံသယများ ဝင်နေခဲ့သည်။ သို့သော် ရွှယ်လျန့်ကျစ် လှုပ်ရှားလာသောကြောင့် သူ သေသေချာချာ စစ်ဆေးရန် အချိန်မရလိုက်ပေ။

သို့ဖြစ်၍ သူ များများစားစား တွေးတောမနေတော့ဘဲ ရွှယ်လျန့်ကျစ်ကို အတင်းအကြပ် တားဆီးလိုက်သည်။

ရွှယ်လျန့်ကျစ်သည် ဒေါသထွက်နေသောအမူအရာဖြင့် ဝင်ရောက်လိုက်သည်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးက အစွမ်းကုန်သုံး၍ သူ့ကို ချက်ချင်း တားဆီးလိုက်သည်။

ဝုန်းခနဲ မြည်ဟည်းသံ ပဲ့တင်ထပ်သွားသည်။ သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က တူညီသည်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးက အနည်းငယ် နိမ့်ကျသော်လည်း သူ အချိန်ဆွဲနိုင်သေးသည်။

ခေါင်းဆောင်၏ မျက်လုံးများသည်လည်း သွေးချင်းချင်း နီမြန်းသွားသည်။ သူ အော်ဟစ်ကာ ပြေးထွက်ရန်ပြင်လိုက်သည်။ သို့သော် ဓားအလင်းတန်းတစ်တန်း ဝင်းလက်သွားပြီး တိမ်လွှာဓားဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က သူ့ကို ချက်ချင်း တားဆီးလိုက်သည်။

တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်းတည်ရှိရာအရပ်မှ အမှတ်ခုနစ်သခင်ကြီး ပြေးထွက်လာသည်။ သူသည် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်ပြီး ရွှမ်တောက်တောင်သို့ ရောက်တော့မည်ဖြစ်သည်။ သို့သော်လည်း တိမ်လွှာဓားဂိုဏ်းချုပ် ပေါ်လာပြီး အမှတ်ခုနစ်သခင်ကြီးကို ဟန့်တားလိုက်သည်။

တိမ်လွှာဓားဂိုဏ်းက ချီရွှဲ့ထုံဂိုဏ်းအား ဟန့်တားထားစဉ် သူတော်စင်ကြယ်က ရွှီချင်းထံ ချဉ်းကပ်သွားသည်။ ရေခဲထဲတွင် ရွှီချင်း ပိတ်ခံနေရသည်ကို အခွင့်အရေးယူ၍ သူ၏မျက်လုံးများက လောဘရောင်များဖြင့် ဝင်းလက်လာသည်။ သူ့နောက်မှ ရုတ်တရက် မြဲ့မုန်ပေါ်လာပြီး သွေးအေးစွာဖြင့် အော်မြည်လိုက်သည်။ သူတို့နှစ်ယောက်လုံး ရွှီချင်းအနားသို့ ချက်ချင်း ချဉ်းကပ်သွားကြသည်။

သူတို့က အလွန် တိုးကပ်သွားကြသည်ဖြစ်၍ ထိကပ်လုနီးပါးအနေအထားသို့ပင် ရောက်သွားသည်။ သူတော်စင်ကြယ်က ရွှီချင်း၏ပခုံးနှစ်ဖက်ကိုပင် ဆုပ်ကိုင်လိုက်သည်။ မြဲ့မုန်က ဂီးခနဲ အော်မြည်လိုက်ပြီး ရွှီချင်း၏နောက်ရှိ အေးခဲနေသော ရွှေကျီးကန်းကို ကိုက်လိုက်သည်။

“ ရွှီချင်း၊ ဒီနေ့ မင်းကို တစ်ယောက်မှ လာမကယ်နိုင်တော့ဘူးကွ ”

All Chapters