ကြမ်းကြုတ်ခြင်းနှင့် နူးညံ့ခြင်းတို့ ပေါင်းစပ်မှု
Vol. 28 Ch. 411
ရဲ့လင်းချန်၏ လှုပ်ရှားမှုက ချောမွေ့နေပြီး သူ့ခန္ဓာကိုယ်အား လေထဲ၌ သုံးရာ့ခြောက်ဆယ် ဒီဂရီ လှည့်နေသည်။ သူ လက်သီးတစ်လုံး ပစ်သွင်းလိုက်တိုင်း လေကိုခွင်းသွားသကဲ့သို့သော အသံမျိုး ထွက်ပေါ်နေ၏။
သူသည် ယုန်တစ်ကောင်ကဲ့သို့ သွက်လက်လျင်မြန်ပြီး မိန်းမပျိုလေးကဲ့သို့ တိတ်ဆိတ်သည်။
ဤသည်မှာ ရဲ့လင်းချန်၏ ပြီးပြည့်စုံသော သရုပ်ပြမှုပင်။
သူသည် ရှုခင်းကြည့်သော တဲအိမ်လေး၌ တစ်နာရီနီးနီး မလှုပ်မယှက် ရပ်နေခဲ့သော်လည်း တစ်ခဏအကြာ၌ လက်ဝှေ့ထိုးကျင့်ခြင်းကို ပြင်းပြင်းထန်ထန် စလုပ်ခဲ့သည်။
ကင်မရာသမား၊ ဒါရိုက်တာနှင့် တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်ရှုသူများအားလုံး အံ့ဩသွားကြသည်။
သို့သော် မကြာခင်မှာပင် သူတို့ အရူးအမူး ဖြစ်သွားကြလေသည်။
[666666 … ရဲ့နတ်ဘုရားက သိုင်းကွက်တွေ ဘယ်လိုလုပ်ရမလဲ ဆိုတာကို တကယ် သိနေတာပဲ]
[သူက တအား တောက်ပလွန်းလို့ ငါ့မျက်လုံးတွေတောင် ကန်းတော့မယ်၊ ဒါကြီးက တအား မိုက်တယ်ကွာ၊ ဘာအရည်အချင်းမှ မရှိဘဲ ကြည့်ကောင်းအောင် လုပ်တဲ့သူနဲ့ တခြားစီပဲ]
[ရဲ့နတ်ဘုရား ဘတ်စကက်ဘော ကစားတုန်းက စောက်ရမ်း မိုက်နေတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ ဒါ သူ အရင်က ကွန်ဖူးကို လေ့ကျင့်ခဲ့လို့ကိုး၊ သောက်ရမ်း မိုက်တယ်ကွာ]
…
ဒါရိုက်တာက ကင်မရာသမားကို ချက်ချင်း မျက်စိမှိတ်ပြကာ သူတို့အား အနားသွား၍ ရိုက်ကူးရေးစရန် အချက်ပြလေသည်။
ရိုက်ကူးရေးအဖွဲ့၏ အခြားအဖွဲ့ဝင်များမှာမူ တစ်ဖက်မှ ဟင်းလင်းပြင်တွင် နေရာယူ၍ ရဲ့လင်းချန် လက်ဝှေ့ထိုး ကျင့်နေသည်ဟု တအံ့တဩနှင့် သဘောတကျ ကြည့်နေသည်။
သိုင်းပညာနှင့် ပတ်သက်လျင် သူတို့သည် မသိသူများဖြစ်သော်လည်း သူတို့ ဘာကိုမှ နားလည်နိုင်စွမ်း မရှိသည်တော့ မဟုတ်ပါ။ ဥပမာ ပြောရလျင် ဒူးဆန့်လျက် စစ်ရေးပြ ချီတက်နည်းလိုပင်။ လူသစ်နှင့် နည်းပြဆရာကြား၌ ရှင်းလင်းသော ခြားနားမှုက အမြဲ ရှိနေမှာပင်။ ငပိန်းပင် တစ်ချက်ကြည့်ရုံနှင့် သတိထားမိနိုင်၏။
သူတို့ ကွန်ဖူး အကွက်များကို မသိသော်လည်း ရဲ့လင်းချန်၏ လက်သီးချက်များက ပန်းခြံမှ အဘိုးကြီးများ သို့မဟုတ် တီဗွီ၌ မြင်ရသည့် လူများနှင့် ကွဲပြားသည်ကို သူတို့ ခံစားမိသည်။ နှစ်ခုလုံးက လုံးဝ မတူညီသော သဘောတရားများပင်။
သာမန်လူများ၏ လက်သီးချက်သည် နူးညံ့သည့်ဘက်သို့ သွားသည်။ သူတို့၏ လက်သီးများက လူတိုင်းကို ပျော့ပြောင်းသည်ဟူသော ထင်မြင်ချက်ကို ဖြစ်စေသည်။ ယင်းထံမှ ခြိမ်းခြောက်မှုကို ခံစားရန် ခဲယဉ်းသဖြင့် လူအများက ထိုအကွက်များကို သိမ်မွေ့နူးညံ့သည်ဟုသာ ဆိုကြသည်။ သို့သော် ရဲ့လင်းချန်၏ လက်သီးချက် များက မတူပေ။ လက်သီးချက်တိုင်းတွင် လေကိုခွင်းသွားသည့်အသံများ ဖြစ်ပေါ်နေသည်။ တစ်ကွက်ချင်းစီမှ ခွန်အားကို အသာလေး ခန့်မှန်းနိုင်ပေသည်။
ထိုသို့သော ခွန်အားမျိုး ရှိသော်လည်း သူ၏ လှုပ်ရှားမှုများက လှပပြီး လူတိုင်းအား ကြည်နူးစေသော ခံစားချက်မျိုး ပေးစွမ်းလေသည်။
မနက်ခင်း အစောပိုင်းသာ ရှိသေးသဖြင့် လူတိုင်း၏ စိတ်က အနည်းငယ် ထိုင်းမှိုင်းနေသေးသည်။ သို့သော် ရဲ့လင်းချန် လက်ဝှေ့ကျင့်နေသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး နိုးနိုးကြားကြား ဖြစ်သွားကြသည်။
တရုတ်ကွန်ဖူး၏ သဘောတရားက တရုတ်လူမျိုးတိုင်း၏ ရင်ထဲ၌ စွဲထင်နေသည်။ အတိတ်အခါက သေနတ်များ မရှိခဲ့ဘဲ အေးစက်၍ မာကြောသော လက်နက်များတွင်သာ အခြေခံခဲ့ကြသည်။ ကွန်ဖူးသည် သေရေးရှင်ရေး တိုက်ပွဲ၌ အနိုင်ရသူကို ကွဲပြားသိမြင်စေသည့် အရာတစ်ခု ဖြစ်သည်။
အေးချမ်း၍ နည်းပညာခေတ်ကို ရောက်နေသည့်အခါတွင်တောင်မှ သိုင်းပညာသည် လူတိုင်း၏ ရင်ထဲ၌ စွဲထင်နေပါသေးသည်။ အကြောင်းမှာ ကွန်ဖူးသည် အားနည်းသူအပေါ် ဖေးမတတ်ခြင်းနှင့် ဆက်စပ်နေပြီး အားနည်းသူကို အားကြီးသူက စောင့်ရှောက်၍ လိုအပ်နေသူများကို ဖေးမတတ်ခြင်းကြောင့် ဖြစ်လေသည်။
တစ်ခါက ရေပန်းစားခဲ့သော သရုပ်ဆောင်ဝိုင်သည် ဝံပုလွေနှင့် တိုက်ခိုက်နေသော ဗွီဒီယိုနှင့် ပေါ်လာဖူးပြီး ထူးဆန်းသော အတိုက်အခိုက် စွမ်းရည်ကို ပြသခဲ့သည်။ သို့သော် ယင်း၌ တကယ့် လက်သီးထိုးခြင်း မပါခဲ့ပါ။
ရဲ့လင်းချန်၏ ကွန်ဖူးက လူအများကို မည်မျှ ထိတ်လန့်စေခဲ့မလဲ ဆိုသည်ကို တွေးကြည့်နိုင်ပေသည်။
ကြမ်းကြုတ်သော်လည်း ကြည့်ကောင်းသည်။ သူ၏ လှုပ်ရှားမှုတိုင်းက ရေကဲ့သို့ သိမ်မွေ့စွာ စီးဆင်းနေပြီး လွတ်လပ်သည်။ သူ၏ ခန္ဓာကိုယ်က ငန်းတစ်ကောင်ကဲ့သို့ အလွန်တရာမှကို ပျော့ပြောင်းလှသည်။ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကို ကြမ်းကြုတ်မှုနှင့် နူးညံ့မှုတို့ အတောမသတ်နိုင်အောင် ပေါင်းစပ်ထားသည်ဟု ဆိုရပေမည်။
ရဲ့လင်းချန်၏ လက်ထဲတွင် ထိုလှုပ်ရှားမှုများက ကွန်ဖူးသက်သက် မဟုတ်တော့ဘဲ အနုပညာတစ်ခု ဖြစ်သွား လေသည်။ ကြမ်းကြုတ် ပြင်းထန်သော်လည်း လှပလှသည်။
“လခွမ်း ရဲ့နတ်ဘုရားက ကွန်ဖူးကိုလည်း သိတာပဲဟ”
ဟွမ်လေ့က အိပ်ရာမှ ထနှင့်ပြီးသား ဖြစ်သည်။ သူသည် လှုပ်ရှားသံများ ကြားသဖြင့် အခန်းထဲမှ ထွက်လာပြီး ဒုတိယထပ်မှ လှမ်းကြည့်ရင်း ထိတ်လန့်တကြား ရပ်နေမိသည်။
ထို့နောက် သူက အားလုံးကို အသည်းအသန် လိုက်နှိုးလေသည်။ ထိုသို့ နှိုးရာတွင် သူသည် ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့၏ အခန်းတံခါးကိုလည်း ခေါက်လိုက်သည်။
“အားလုံး ထပြီးတော့ ထွက်ကြည့်ကြဦး၊ ငါတို့ ကြည့်လို့ရတဲ့ အံ့ဩဖို့ကောင်းတဲ့ ကိစ္စတစ်ခု ရှိနေတယ်၊ မြန်မြန်၊ မြန်မြန်လုပ်ကြ”
ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့သည် မနေ့က အလွန် နောက်ကျမှ အိပ်ပျော်သွားကြသည်။ ညဉ့်နက်ချိန်၌ ရဲ့လင်းချန်ထံမှ အနှိပ်ခံရပြီးနောက် သူမတို့ ကောင်းမွန်စွာ အိပ်မောကျသွားခဲ့သည်။ လက်ရှိတွင် သူမတို့က မပျော်မရွှင်နှင့် သမ်းဝေကာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာသည်။
*အံ့ဩစရာကောင်းတဲ့ တစ်စုံတစ်ခုကို ကြည့်တာက အိပ်ရတာလောက် အရေးမပါဘူးလေ၊ စိတ်ပျက်ဖို့ ကောင်းလိုက်တာ*
တံခါးအပြင်ဘက်၌ ဟယ်ကျားနှင့် ဝေ့တရွှင်းကို ဟွမ်လေ့က ဆွဲလာသည်။
“မြန်မြန်ထပြီး အပြင်ကို ကြည့်လိုက်”
“ဆရာ ဟွမ်လေ့၊ ဒါ ခင်ဗျား ကျုပ်တို့ကို စောစောထအောင် အတင်း လုပ်တာလား၊ ကျုပ် ခင်ဗျားကို မုန်းတယ်ဗျ”
ဝေ့တရွှင်း၏ မျက်လုံးများက မှုန်ဝါးဝါး ဖြစ်နေပြီး အချိန်မရွေး ပြန်အိပ်ပျော်တော့မယောင်ဖြင့် ခန္ဓာကိုယ်က ယိမ်းထိုးနေသည်။
“အဲ့ဒါ ရဲ့နတ်ဘုရားကွ၊ ရဲ့နတ်ဘုရားက အောက်မှာ လက်ဝှေ့ထိုးကျင့်နေတယ်၊ အဲ့ဒါ တကယ့် ကွန်ဖူးပဲ”
ဟွမ်လေ့က ဆက်၍ ပြောလိုက်သည်။
*လက်ဝှေ့ထိုးကျင့်တာလား*
ဝေ့တရွှင်းနှင့် ဟယ်ကျားတို့ စိတ်ဝင်စားသွားသည်။ ရဲ့နတ်ဘုရားက ကွန်ဖူးကို သိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။
“ရဲ့နတ်ဘုရားက လက်ဝှေ့ထိုးကျင့်နေတာလား”
တစ်ဖက်အခန်းမှ ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့၏ အော်သံ ထွက်ပေါ်လာသည်။ သူမတို့၏ မျက်နှာလေးတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ခြင်းတို့ ပြည့်နှက်လာ၏။ သူမတို့က တီးတိုးပြောဆိုပြီး အိပ်ရာထဲမှ ကုန်းထလကာ အိမ်တွင်းစီး ဖိနပ်ကို ကောက်စွပ်၍ အခန်းအပြင်သို့ ပြေးထွက်လာကြသည်။
ခေါင်းလေးနှစ်လုံးက ပြူ၍ အောက်သို့ ငုံ့ကြည့်နေကြလေသည်။
“ဟူယွဲ့အာ၊ ကျောက်လျန့်ရင် မင်းတို့ နှစ်ယောက်လုံး လွန်လွန်ကဲကဲ လုပ်နေသလားလို့၊ မင်းတို့တွေက ရဲ့နတ်ဘုရားရဲ့ ပရိသတ် မဟုတ်ပါဘူး၊ ဟုတ်တယ်မလား”
ဟွမ်လေ့သည် စိတ်လှုပ်ရှားနေသော မိန်းကလေး နှစ်ယောက်ကို ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။
“ဟုတ်တော့ ဘာဖြစ်လဲ”
ကျောက်လျန့်ရင်က ပက်ခနဲ ပြန်ပြော၍ အောက်ဘက်သို့ ပြန်ကြည့်နေသည်။
ထိုအခိုက်တွင် ရဲ့လင်းချန်၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီဖြစ်ပြီး သူ့အဝတ်အစားများက ခန္ဓာကိုယ်နှင့် ကပ်နေကာ သူ၏ ကြွက်သားများကို ထင်းခနဲ ဖြစ်စေနေ၏။ ပြီးပြည့်စုံသော ဝမ်းဗိုက်နှင့် ရင်ဘတ် ကြွက်သားများက တိုက်ရိုက် ထုတ်လွှင့်မှုတွင်း၌ အော်ဟစ်သံများ ဖြစ်ပေါ်လာစေသည်။
“ရဲ့နတ်ဘုရားက သိုင်းပညာကို လေ့ကျင့်ဖို့ ထိုက်တန်တာပဲ၊ ဒီလိုအချိုးအစားမျိုးက လူတော်တော်များများကို မနာလို ဖြစ်စေမှာ”
ဝေ့တရွှင်း သက်ပြင်းချလိုက်မိသည်။ သူသည်လည်း သန်မာပါသည်။ သို့သော် အပေါ်ယံမျှသာ ဖြစ်သည်။ သူ၏ ဝမ်းဗိုက်ကြွက်သားက တစ်ထစ်သာ ရှိပြီး ရဲ့လင်းချန်ထက် များစွာ နောက်ကောက်ကျ ကျန်နေလေသည်။
“ဟုတ်တယ်”
ကျောက်လျန့်ရင်သည် တစ်ယောက်ယောက်က သူမအား ချီးကျူးသည်ကို ကြားလိုက်ရသကဲ့သို့ အလွန် ဂုဏ်ယူနေ၏။ သူမ ရဲ့လင်းချန်၏ ခန္ဓာကိုယ်ကို ကြည့်မိသောအခါ ပါးများက မသိမသာ နီမြန်းနေပြီး နှလုံးသားက ခုန်နေလေသည်။
ထိုအချိန်တွင် ရဲ့လင်းချန်သည် အရဟာ လက်သီးကို လေ့ကျင့်ပြီးသွားလေသည်။ သို့သော် သူ ပို၍ စွဲလမ်းလာ၏။ သူ၏ လက်ဝှေ့ထိုးသော ပုံစံက ရုတ်တရက် ပြောင်းလဲသွားပြီး မတူညီသော ပုံစံသို့ ပြောင်းလဲသွားလေသည်။
ပထမ လေ့ကျင့်မှုသည် ပွင့်လင်းကြမ်းကြုတ်ပြီး ဒုတိယတစ်ခုက နူးညံ့သော တားဆီးခြင်း၊ ခုခံခြင်း၊ တွန်အားပေးခြင်းတို့ ပါဝင်ပြီး တတိယအကွက်တွင် တစ်လက်မချင်းစီ လှုပ်ရှားမှုတို့ ပါဝင်လာပြီး စတုတ္ထက နဂါးတစ်ကောင်ကဲ့သို့ လွတ်လပ်စွာ လေ့ကျင့်ကာ ပဥ္စမက နှလုံး၊ အသည်း၊ သရက်ရွက်နှင့် ကျောက်ကပ်တို့ကို အားကောင်းစေပြီး ဆဋ္ဌမက ကြွက်သား၊ အရိုး၊ အရေပြားနှင့် အသားတို့ကို ကြံ့ခိုင်စေသည်။
ထိုလက်သီးပညာအား ရှစ်ဆပြင်းထန် လက်သီးဟု ခေါ်သည်။
အရဟာ လက်သီးသည် အလွန် ကြမ်းသော လက်သီးပညာ ဖြစ်သော်လည်း ရှစ်ဆ ပြင်းထန် လက်သီးသိုင်းက ပို၍ အင်အားကြီးသည်။ ၎င်းသည် အဖျက်စွမ်းအား ပိုကြီးသည့် အပိုဆောင်း လက်သီးပညာ ဖြစ်လေသည်။
သူ၏ လက်သီးအပြင် ရဲ့လင်းချန်၏ ပခုံး၊ တံတောင်ဆစ်နှင့် ဒူးခေါင်းတို့ကိုလည်း အသုံးပြရပြီး သူ၏ ခန္ဓာကိုယ်က ကြံ့ခိုင်သန်မာမှုတို့နှင့် ပြည့်လာ၏။
ဤနည်းအားဖြင့် ရှစ်ဆပြင်းထန် လက်သီးသိုင်းက သူ့တစ်ကိုယ်လုံးမှ ကြွက်သားများအား လူတိုင်းကို ပိုင မြင်လာစေသည်။ သူ့တွင် ပြီးပြည့်စုံလှသော ကျစ်လျစ်သည့် ခန္ဓာကိုယ် ရှိပြီး အမျိုးသမီးများ၏ ဟော်မုန်းများကို လှုံ့ဆော်ပေးနိုင်သည့် ထိန်းချုပ်၍ မရနိုင်သော ယောက်ျားဆန်သည့် အရှိန်အဝါလည်း ရှိပေသည်။
ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်အပြင် ကွင်းပြင်မှ အမျိုးသမီး ဝန်ထမ်းများလည်း နှလုံးခုန် မြန်လာပြီး အသက်ရှူသံ ပြတ်တောင်း ပြတ်တောင်း ဖြစ်လာသည်။
သူ့စိတ်တိုင်းကျ လက်ဝှေ့ထိုး ကျင့်ပြီးနောက် ရဲ့လင်းချန် ပိုပို၍ စိတ်လှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်တွင်းမှ ပြောမပြတတ်သော ခွန်အားကို သူ ခံစားမိနေပြီး သူ့အား စိတ်ထဲ ရှိသမျှ အရာအားလုံးကို သွန်ချခွင့်ပြုထားသလို ခံစားနေရသည်။
သူ့ပုံရိပ်က လေထဲသို့ လွှားခနဲ မြောက်တက်သွားပြီး အံ့ဩဖွယ်ကောင်းသော နောက်ပြန်ကျွမ်းထိုးမှု တစ်ခုကို ပြုလုပ်လိုက်သည်။
ထို့နောက် သူသည် ဆက်၍ နောက်ပြန်ကျွမ်းထိုးနေပြီး ထိုသို့ကျွမ်းထိုးခြင်းဖြင့် ခန္ဓာကိုယ်အား လျင်မြန်စွာ လှုပ်ရှားနိုင်နေသည်။
“ဝှစ် ဝှစ် ဝှစ်”
ရဲ့လင်းချန်၏ လက်များက မြေကြီးနှင့် လုံးဝ မထိချေ။ သူ့ခြေထောက်များက လေထဲ၌ ကန်ကျောက်နေပြီး လေထိုးသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ကြည့်သူများ၏ အမြင်တွင် သူ့တစ်ကိုယ်လုံးက အရှိန်ဖြင့် လည်ပတ်နေသည်ဟု ထင်မှတ်ရသည်။
“…”
ထိုမြင်ကွင်းက လူတိုင်းကို ကြက်သေ သေသွားစေသည်။ သူတို့၏ မျက်လုံးများ ပြူးကျယ်လာပြီး သူ့အား မယုံနိုင်ဟန်ဖြင့် ကြည့်လာကြသည်။
အစောပိုင်းက လက်ဝှေ့ထိုးခြင်းသည် သူတို့အား ၎င်း၏ ခွန်အားကို ခံစားမိလျင် ယခု လှုပ်ရှားမှုက သူတို့အား ရဲ့လင်းချန်၏ ခွန်အားကို ပို၍ သိသိသာသာ ခံစားမိစေသည်။ သူတို့အား ရုပ်ရှင်တစ်ကားကို ကြည့်ရသည်ထက် ပို၍ စိတ်လှုပ်ရှားစေသည်။
သူ့လှုပ်ရှားမှုများက ကြောက်စရာ ကောင်းလွန်းလှပြီး ကွန်ဖူး စူပါစတားများတောင်မှ လုပ်နိုင်မည် မဟုတ်ပါ။
ရဲ့လင်းချန်၏ နောက်ဆုံးအကြိမ် လေထဲ ကျွမ်းထိုးခြင်းက သူ့အား တစ်မီတာမျှ ပို၍ မြောက်တက်သွားစေသည်။ သူသည် နောက်သို့ အသာရို့လိုက်ပြီးနောက် သစ်ပင်တစ်ပင်ရှေ့၌ ရပ်ကာ လက်သီးဆုပ်၍ ထိုသစ်ပင်အား ထိုးနှက်လိုက်လေသည်။