ကလေး၊ ငါ့ကို လာတွေ့လှည့်
Vol. 26 Ch. 396
ရွှမ်တောင်တောက်ပတ်ဝန်းကျင်တစ်ခုလုံး ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေ ဖြစ်သွားစဉ် ကောင်းကင်ယံမှ တည်ငြိမ်ပြီး ညင်သာသောလေသံ လွင့်ပျံလာသည်။
“ ကျုပ်တို့အားလုံး မဟာမိတ်အကြီးအကဲတွေပဲ။ လူငယ်လေးတွေကြားက တိုက်ပွဲတစ်ပွဲအတွက်နဲ့ အချင်းချင်း ဆက်ဆံရေးပျက်ပျားအောင် ဘယ်လုပ်လို့ ဖြစ်မလဲ ”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားကြသည်။ မဟာကျယ်ပြန့်တာအိုနန်းတော်မှ အစိမ်းရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းလူက ပထမဦးဆုံး ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။
“ မဟာမိတ်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် ”
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်နှာအမူအရာ ပုံမှန်ပြန်ဖြစ်သွားပြီး သူသည်လည်း ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။
ရွှယ်လျန့်ကျစ်က တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးနှင့် မဟာကျယ်ပြန့်တာအိုနန်းတော်၏ ဘိုးဘေးတို့ကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြင်လူများ မမြင်နိုင်သော အပြုံးရေးရေး ပေါ်လာပြီး သူသည်လည်း နှုတ်ဆက်လိုက်သည်။
နတ်မိမယ်ကျစ်ရွှမ် မျက်မှောင်လေးကြုတ်သွားသည်။ သူမက တုံးတိတိဖြင့် နှုတ်ဆက်လိုက်ပြီးနောက် ရွှမ်ယုံဂိုဏ်းသို့ လျှောက်သွားကာ ခြေလှမ်းအနည်းငယ်အတွင်း အစအနရှာမရအောင် ပျောက်သွားသည်။
လူအားလုံး နှုတ်ဆက်လိုက်ကြစဉ် ကောင်းကင်ယံမှ ညင်သာသောအသံ လွင့်ပျံလာပြန်သည်။
“ ဒါပေမဲ့ စည်းမျဉ်းက စည်းမျဉ်းပဲ။ စည်းမျဉ်းတွေ ယိုင်နဲ့သွားရင် ကျုပ်တို့ မဟာမိတ်အနေနဲ့ ဘယ်လို ရပ်တည်နိုင်တော့မှာလဲ ”
“ တာအိုရောင်းရင်းတိမ်လွှာ၊ ခင်ဗျား နည်းနည်း အလျဉ်စလို လုပ်သလိုဖြစ်သွားတယ်။ အပြစ်ပေးတဲ့အနေနဲ့ မဟာမိတ်ကနေ ဆယ်နှစ်စာ အကျိုးအမြတ်ခွဲယူခွင့်လျော့ချမယ် ”
“ တာအိုရောင်းရင်း တောက်ရန်၊ ဘယ်အချိန်ကတည်းက ခင်ဗျား အခုလို လုပ်တတ်သွားတာလဲ။ ခင်ဗျားနဲ့ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးကြားက ဆက်ဆံရေးရှိလို့ နားလည်ပေးနိုင်ပေမဲ့ စည်းမျဉ်းတွေကို ပြောင်းလဲလို့မရဘူး။ ခင်ဗျားကိုလည်း အပြစ်ပေးတဲ့အနေနဲ့ မဟာမိတ်ကနေ ဆယ်နှစ်စာ အကျိုးအမြတ်ခွဲယူခွင့် လျော့ချမယ် ”
“ တာအိုရောင်းရင်းရွှယ်လျန့်ကျစ်၊ ခင်ဗျားလည်း ကြမ်းတမ်းတဲ့အပြုအမူတွေ လုပ်ခဲ့လို့ တူညီတဲ့အပြစ်ပေးခြင်း ခံရမယ် ”
“ ရွှီချင်း၊ မင်းက သိပ်တော်တယ်။ အရင်က တာအိုရောင်းရင်းရွှယ်လျန့်ကျစ် အကြံပြုထားသလို ဒီနေ့ကစပြီး မင်းကို တာအိုကလေးငယ်တစ်ယောက်ရဲ့ ပြုစုမှုမျိုး ပေးအပ်မယ်။ နှစ်စဉ်နှစ်တိုင်း ဝိညာဉ်ကျောက်တုံးရှစ်သန်း မင်းရမယ်။ ရှစ်ဂိုဏ်းမဟာမိတ်က အသုံးအဆောင်ပစ္စည်းတွေအားလုံး မင်း သုံးခွင့်ရှိတယ်။ ရှစ်ဂိုဏ်းမဟာမိတ်က ကံကြမ္မာနယ်မြေတွေကိုလည်း တစ်နှစ်ကို ဆယ်ကြိမ် အခမဲ့ ဝင်ရောက်ခွင့်ရှိမယ်။ မင်းအတွက် ဂိုဏ်းရဲ့အကာအကွယ်ကို ပေးအပ်မယ်။ ယင်ဟွမ်ပြည်နယ်တစ်ခုလုံးသိအောင် ကြေညာမယ်။ ပြီးတော့ ရှစ်ဂိုဏ်းမဟာမိတ်ထဲက တားမြစ်ဓမ္မစက္ခုတွေအားလုံးကိုလည်း မင်းကို အသုံးပြုခွင့်ပေးမယ် ”
“ သူတော်စင်ကြယ်ကတော့ ဆက်ခံသူတစ်ယောက် ဖြစ်နေတုံးပဲ။ တာအိုရောင်းရင်းတိမ်လွှာ၊ သူ့ကို ပြန်ခေါ်သွားပြီး ကောင်းကောင်း ပြုစုပျိုးထောင်ပေးလိုက်ပါ။ ကျုပ်ရဲ့ရွှေကျီးကန်းက သူ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောင်နိုင်အောင် ကူညီပေးနိုင်တယ်။ ရွှေအမြုတေအဆင့်ကို တတ်နိုင်သလောက် မြန်မြန် သူ တက်သင့်တယ်။ သူ့အနာဂတ်က အတိုင်းအဆမရှိဖြစ်နေတုန်းပဲ ”
“ ဒီကိစ္စကို ဒီမှာပဲ ရပ်ကြစို့။ ကျုပ်တို့အားလုံး မဟာမိတ်တွေပဲ။ စည်းလုံးညီညွတ်နေဖို့က အရေးအကြီးဆုံးပဲ ”
နူးညံ့ညင်သာသောအသံ ပဲ့တင်ထပ်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
မဟာကျယ်ပြန့်တာအိုနန်းတော်၏ ဂိုဏ်းစောင့်ဘိုးဘိုးသည် သူတော်စင်ကြယ်အား ပစ္စည်းတစ်ခုပမာ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးထံသို့ ပစ်ပေးလိုက်သည်။ ထို့နောက် သူက ရွှယ်လျန့်ကျစ်ကို လှည့်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါသောအပြုံးဖြင့် ပြုံးကာ လှည့်ထွက်သွားသည်။
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည် သတိလစ်နေသော သူ့မြေးအား နောင်တများဖြင့် ကြည့်ကာ ငြိမ်သက်နေသည်။ သူသည် ရွှယ်လျန့်ကျစ်ကိုပင် မကြည့်ဘဲ တိမ်လွှာဓားဂိုဏ်းသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
ရွှယ်လျန့်ကျစ်သည် တီးတိုးရေရွတ်လိုက်ပြီး ရွှီချင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြကာ ထွက်သွားသည်။
အမှတ်ခုနစ်သခင်ကြီးသည်သာ တစ်လှမ်းချင်း လျှောက်လာပြီး ရွှီချင်းရှေ့သို့ ရောက်သွားသည်။ သူသည် ဒဏ်ရာရနေသော ရွှီချင်းကို ကြည့်ကာ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် စူးရှတောက်ပသော အလင်းတန်း ဖြာထွက်လာပြီး ရွှီချင်း၏ကိုယ်ပေါ်သို့ ဆင်းသက်သွားကာ ဒဏ်ရာများ အလျင်အမြန် ကျက်သွားသည်။ ထို့နောက် သူက ပြုံး၍ ရွှီချင်းကို ပြောလိုက်သည်။
“ မင်းလုပ်တာ ကောင်းတယ်။ သွားကြစို့ ”
“ ပြီးတော့ မင်းကောပဲ ”
အမှတ်ခုနစ်သခင်ကြီးက ခေါင်းဆောင်ကို မာန်မဲလေဟန်ဖြင့် ကြည့်လိုက်သည်။
ခေါင်းဆောင်မှာ စိတ်နှလုံးပူဆွေးသွားရပြီး အနှီအဘိုးကြီးက မည်သည့်အချိန်ကတည်းက ထိုမျှ သိသိသာသာ မမျှမတ ဆက်ဆံခဲ့လေသနည်းဟု တွေးတောလိုက်မိသည်။ သူ၏အထိအရှမခံနိုင်သော နှလုံးသားလေး နာကျင်သွားမည်ကို စိတ်မပူလေပြီလော။ မည်သို့ပင်ဆိုစေကာမူ သူသည်လည်း သူ၏တပည့်ဖြစ်နေသေးပြီး အကြီးဆုံးတပည့်ပင် မဟုတ်ပါလား။
ခေါင်းဆောင် သက်ပြင်းချလိုက်ပြီး ရိုသေကျိုးနွံစွာဖြင့် အမှတ်ခုနစ်သခင်ကြီးနောက်မှ လိုက်သွားသည်။ ထို့နောက် သူက ပါးစပ်ပိတ်နေသော ရွှီချင်းနှင့်အတူ ချီရွှဲ့ထုံဂိုဏ်းသို့ လျှောက်သွားသည်။
လမ်းတွင် အမှတ်ခုနစ်သခင်ကြီးက ရှေ့မှသွားပြီး ရွှီချင်းနှင့်ခေါင်းဆောင်တို့က သူ့နောက်မှ လိုက်သွားသည်။ ခေါင်းဆောင်က ရွှီချင်းကို ပခုံးဖြင့် တိုက်လိုက်သည်။
“ စကားလေးဘာလေး ပြောပါဦးဟ ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်ပါသော်လည်း နှုတ်ဆိတ်နေသည်။
“ သူ စကားပြောလိုက်ရင် သွေးတွေအန်သွားမှာ။ မြဲ့မုန်ရဲ့အနှစ်သာရ၊ ချီနဲ့ ဝိညာဉ်တို့ကို သူ အတတ်နိုင်ဆုံး သန့်စင်ဖို့ လုပ်နေတာ ”
အမှတ်ခုနစ်သခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။
ရွှီချင်း ငြိမ်သက်နေပြီး သူ့လည်ပင်းဝသို့ ပြန်တက်လာသော သွေးများအား မျိုချလိုက်ပြီး ဆက်လက်သန့်စင်လိုက်သည်။
ထိုစကားကို ခေါင်းဆောင် ကြားသောအခါ မျက်လုံးများ ဝင်းလက်သွားပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
“ ညီလေး၊ တစ်ယောက်တည်းစားတာ မကောင်းဘူးနော် ”
ရွှီချင်းက သူ၏အကြီးဆုံးဆရာတူအစ်ကိုအား မယုံကြည်နိုင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“ ရပါတယ်။ အစ်ကိုကြီး မရွံတတ်ပါဘူး။ သွေးတစ်လုပ်စာလောက် ထွေးထုတ်လိုက် ”
ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
ရွှီချင်းသည် ခေါင်းဆောင်နှင့် ဝေးရာသို့ သွားကာ အမှတ်ခုနစ်သခင်ကြီးအနီးသို့ မြန်မြန်တိုးကပ်သွားသည်။
ခေါင်းဆောင်၏ မျက်နှာတွင် နောင်တရသည့်အရိပ်အယောင်များဖြင့် ပြည့်လာသည်။
အမှတ်ခုနစ်သခင်ကြီးက သူ၏အကြီးဆုံးတပည့်အား ဆူပူငေါက်ငမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ရွှီချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
“ အခု ဖြစ်ပျက်သွားခဲ့တာတွေကို မင်း နားလည်လား ”
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ခဏအကြာ သူ ခေါင်းယမ်းပြလိုက်သည်။
“ မဟာမိတ်ခေါင်းဆောင်က ကျားကစားနေတာကွ ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။
“ ဆိုးတာက သူ့ကျင့်ကြံခြင်းအဆင့်က မြင့်မားပေမဲ့ သူ့ရဲ့ကျားကွက်တွေက နည်းနည်း မသေမသပ် ဖြစ်နေတာပဲ ”
အမှတ်ခုနစ်သခင်ကြီးက အဓိပ္ပာယ်ရှိစွာဖြင့် ပြုံးလိုက်သည်။
“ တိုတိုပြောရရင် အချိန်တစ်ခုအထိ မင်း စိတ်ပူစရာမလိုဘူး။ မင်း မှတ်ထားရမှာက ဗလာနတ္ထိအဆင့်ကို ရောက်သွားတဲ့အခါ အထူးသဖြင့် မဟာမိတ်ထဲက ဗလာနတ္ထိအဆင့်ဘိုးဘေးတွေ၊ မဟာကျယ်ပြန့်တာအိုနန်းတော်က ဘိုးဘေးလိုမျိုး ဘိုးဘေးတွေမှာ ဘယ်တော့မှ တစ်လွှာတည်း မရှိတတ်ကြဘူး ”
“ အလွှာမျိုးစုံ ရှိတတ်ကြတယ်။ အဲဒီအလွှာတွေကို ခွဲခြားပြီး မကြည့်နိုင်ရင် သူတို့ရဲ့စစ်မှန်တဲ့အလွှာကို မင်း ဘယ်တော့မှ သိရမှာ မဟုတ်ဘူး ”
“ ဒါက မဟာမိတ်၊ ဂိုဏ်းတွေအများကြီး ရှိပြီး အရာအားလုံးက အကျိုးအမြတ်အတွက်ပဲ။ မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်နေလို့ အကျိုးအမြတ်က အဲဒီလောက် အရေးမပါတော့ဘူးဆိုရင်တောင် ထပ်ခါထပ်ခါ အရှုံးပေးလာရရင် မင်း ဆုံးရှုံးရမှာ အကျိုးအမြတ် မဟုတ်တော့ဘူး။ မင်းကိုယ်တိုင်ကို ဆုံးရှုံးလိုက်ရမှာ ”
“ လူသားစားလောကကြီးမှာ အဆင့်မြင့်စားနည်းနဲ့ ကျောက်ခေတ်စားနည်း မတူညီကြဘူး ”
“ နောက်ဆုံးတော့လဲ ငါတို့က အားနည်းနေတုန်းပဲ ”
အမှတ်ခုနစ်သခင်ကြီးက ခေါင်းယမ်းလိုက်သည်။
နောက်မှ ခေါင်းဆောင်သည်လည်း သက်ပြင်းချ၍ ဆိုလိုက်သည်။
“ အဲဒါအမှတ်ပဲ။ ကျနော်တို့က အားနည်းနေသေးတယ် ”
ရွှီချင်းသည် သူ့ပါးစပ်ထဲ စီးကျလာသော သွေးများကို မျိုချလိုက်ပြန်ပြီး ခေါင်းညိတ်လိုက်သည်။
“ အင်း၊ ငါတို့က အားနည်းနေသေးတယ် ”
သူတို့သုံးယောက်သား စကားတပြောပြောဖြင့် ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်လာကြသည်။ သူတို့ လူမခွဲခင် အမှတ်ခုနစ်သခင်ကြီးသည် တစ်ခုခုကို ပြောချင်နေပါသော်လည်း ချီတုံချတုံ ဖြစ်နေဟန်တူသည်။ နောက်ဆုံးတွင် သူ ပြောလိုက်သည်။
“ ပြီးတော့ အဲဒီနတ်မိမယ်ကျစ်ရွှမ် … ”
ထိုနေရာအရောက်တွင် ခေါင်းဆောင်သည် ချက်ချင်း အာရုံစိုက်လိုက်ပြီး နောက်မှ ခပ်သွက်သွက်ပြေးလာသည်။
ရွှီချင်းသည် ပါးစပ်ကို ပိတ်လိုက်ပြီး နှုတ်ဆိတ်နေသည်။
“ အမှတ်လေး … ခိုင်မာတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထား ”
အမှတ်ခုနစ်သခင်ကြီး၏ အမူအရာက အနည်းငယ် မှိုင်းညို့နေသည်။ သူသည် ရွှီချင်း၏ပခုံးကို ပုတ်လိုက်ပြီး ထွက်သွားသည်။
ခေါင်းဆောင်သည် အမှတ်ခုနစ်သခင်ကြီး၏ မှိုင်းညို့နေသောအမူအရာကို ကြည့်၍ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်သွားသည်။ သူ့ခေါင်းထဲတွင် တဖျပ်ဖျပ်လက်နေသော အတွေးတစ်စ ပေါ်လာသည်။
“ ဖြစ်နိုင်တာက … ”
ရွှီချင်းသည် ခေါင်းဆောင်ကို အာရုံမစိုက်နေပေ။ သူသည် သက်တန့်ရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲ၍ သူ၏သင်္ဘောရပ်နားရာနေရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ ခေါင်းဆောင်မှုမူ သူ့ခေါင်းထဲရှိ အတွေးကို နားလည်အောင် ကြိုးစားချင့်ချိန်နေရသည်ဖြစ်၍ ရွှီချင်းနောက်သို့ လိုက်မသွားတော့ပေ။
ရွှီချင်း၏ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေသည်။ ဆိပ်ကမ်းသို့ သူ ပြန်ရောက်ပြီးနောက် မှော်သင်္ဘောကို ထုတ်၍ အခန်းလေးထဲ ချက်ချင်း ဝင်လိုက်သည်။ သူ ထိုင်ချလိုက်ပြီး မြန်ဆန်စွာ တရားကျင့်ကြံလိုက်သည်။
မြဲ့မုန်၏ အနှစ်သာရ၊ ချီနှင့် ဝိညာဉ်သွေးများစွာကို သူ ဝါးမျိုထားခဲ့သည်။ သူ၏ခန္ဓာကိုယ် တောင့်တင်းနေဟန်တူပြီး လိုက်လျောညီထွေဖြစ်အောင် သူ မနေနိုင်သေးပေ။ သူ အစွမ်းကုန် အစာချေဖျက်နေစဉ် သူ့ကျောရှိ ဆေးမှင်ကြောင်က ပူပြင်းလာရာ ရွှေကျီးကန်းကြီးသည်လည်း အရူးအမူး စုပ်ယူနေကြောင်း ဖော်ပြနေပေသည်။
ကြောက်ခမန်းလိလိအားအင်များ ရွှေကျီးကန်းဆေးမှင်ကြောင်ထဲ စုစည်းလာပြီး အချိန်တိုင်း တရိပ်ရိပ် အားကောင်းလာသည်။ ယင်းခံစားချက်ကြောင့် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်များအား ဝါးမျိုပြီးနောက် အပြောင်းအလဲများကို ရွှီချင်း နက်ရှိုင်းစွာ နားလည်သွားသည်။
“ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကို ဝါးမျိုရတဲ့အကျိုးကျေးဇူးက တကယ် အံ့သြဖို့ကောင်းတာပဲ ”
မူလက ရွှေကျီးကန်းတွင် ဖီးနစ်အမြီးကိုးချောင်းသာရှိပြီး ၎င်း၏ခန္ဓာကိုယ်က နတ်ခန္ဓာဖြစ်ပုံရသော်လည်း မရင့်ကျက်သေးသည့်အရိပ်အယောင်များ ရှိနေခဲ့သည်။ သို့သော် ယခုအခါ တစ်ဆယ်မြောက်အမြီး ပေါ်လာပြီး ဆယ့်တစ်ခုမြောက်အမြီးသည်လည်း ပေါ်လာသည်။
တချိန်တည်းမှာပင် ၎င်း၏ခန္ဓာကိုယ်က ယခင်ကထက် အဆပေါင်းများစွာ အားကောင်းလာသည်။ ၎င်း၏မျက်လုံးများက နေမင်းနှင့် လမင်းအလား တဖျပ်ဖျပ်ဝင်းလက်နေသည်။ ၎င်း၏အရှိန်အဝါက အားကောင်းသွားပြီး ရှေးဆန်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည်။
၎င်း ထုတ်လွှတ်လိုက်သည့်အပူဓာတ်က ယခင်ကထက် သာလွန်သည်။ ရွှီချင်းသည်ပင် သူ့ခန္ဓာကိုယ် တရိပ်ရိပ် ပူပြင်းလာသည်ကို ခံစားလိုက်ရသည်။ သူ့ကိုယ်ထဲမှ လေပူများပင် တငွေ့ငွေ့ ထွက်လာ၏။
ထိုအပူဓာတ်သည် သူ့ပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ တွန့်လိမ်ရှုံ့တွသွားစေသည်။ ယင်းမှာ တုန်လှုပ်ချောက်ချားစရာမြင်ကွင်းတစ်ရပ်ဖြစ်ပြီး ရွှီချင်းမှာ ရွှေကျီးကန်းကြီး၏ အသွင်ပြောင်းလဲခြင်းများကို ပို၍ပင် မြင်ချင်လာတော့သည်။
ထိုသို့ဖြင့် သုံးရက်တာ ကုန်လွန်သွားသည်။
နောက်ဆုံးတွင် ရွှီချင်းသည် မြဲ့မုန်၏ အနှစ်သာရ၊ ချီနှင့် ဝိညာဉ်များ ပါဝင်သော သွေးတစ်ဝက်ခန့်ကို စုပ်ယူခဲ့ပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က သွေးများ အပြင်မထွက်စေရန် အကြိမ်ကြိမ် ဖိနှိပ်နေရသည့်အချိန်ကနှင့် မတူတော့ပေ။ သူ့စိတ်ထဲ အားရကျေနပ်သွားသည့်ခံစားချက်များ ဖြင့် ပြည့်နှက်လာသည်။
ရွှေကျီးကန်းကြီးမှာ ယခုတွင် အမြီးဆယ့်သုံးချောင်းဖြစ်နေပြီ ဖြစ်သည်။ ဆေးမှင်ကြောင်က သူ့ခန္ဓာကိုယ် ရှေ့ပိုင်းအထိပါ ပျံ့နှံ့လာရာ ရွှီချင်းကို ပို၍ မိစ္ဆာဆန်သွားစေသည်။
ရွှီချင်းသည် သူ၏အပြင်အားက တရိပ်ရိပ် အားကောင်းလာသည်ကို ကောင်းစွာ အာရုံခံမိလိုက်သည်။
ထိုအခါမှသာ ရွှီချင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ လက်ကျန်မြဲ့မုန်သွေးတစ်ဝက်အား စုပ်ယူရန် အချိန်ယူရမည်ကို သူ သိသည်။ သူ၏ပစ္စည်းဥစ္စာများကို စစ်ဆေးရန် အချိန်ရောက်လာပြီ ဖြစ်သည်။ သိုလှောင်အိတ်ထဲမှ ပစ္စည်းတစ်ခုကို သူ ထုတ်လိုက်သည်။
ထိုပစ္စည်းသည် သစ်သားနက်အပိုင်းအစတစ်ခု ဖြစ်သည်။ ယင်းသည် သူတော်စင်ကြယ်၏ ဓမ္မရတနာအကျိုးအပဲ့မှလွဲ၍ တခြားမဟုတ်ပေ။
အနီးကပ်ကြည့်ပြီးနောက် တစ်ခုခု ကွဲပြားနေသည်ကို ရွှီချင်း သိလိုက်သည်။ ထိုသစ်သားအပိုင်းအစသည် ပထမဆုံးအကြိမ် သူ မြင်ခဲ့စဉ်ကထက် အနည်းငယ် ပိုကြီးနေသည်။ ထိုသစ်သားအပိုင်းအစထဲသို့ အပိုသစ်သားစလေးတစ်ခု ထပ်ပေါင်းထည့်လိုက်ဟန်တူသည်။
ဓာတ်နှောများ သိပ်သည်းထူထပ်နေသော ရွှီချင်း၏ တားမြစ်ဓမ္မရတနာနှင့် မတူသည်မှာ ထိုသစ်သားအပိုင်းအစ၌ ဓာတ်နှောများရှိပါသော်လည်း များစွာ နည်းပါးသည်။ ထိုသစ်သားအပိုင်းအစကို ကြိမ်ဖန်များစွာ အသုံးပြုခြင်းမရှိဘဲ ကောင်းစွာ ထိန်းသိမ်းထားခဲ့မှန်း သိသာသည်။
ရွှီချင်းသည် သစ်သားနက်အပိုင်းအစကို သေချာအာရုံစိုက်၍ လေ့လာလိုက်သည်။ ခဏအကြာ အခန်းငယ်လေးထဲတွင် သူသည် ထိုသစ်သားအပိုင်းအစကို သူ၏နတ်အာရုံဖြင့် တံဆိပ်ခတ်နှိပ်လိုက်သည်။
တခဏလေးအတွင်း ထူးဆန်းသောအနက်ရောင်တံခါး ပေါ်လာသည်။ ယင်းသည် ငရဲပြည်သို့ ဝင်ပေါက်အလား မိစ္ဆာများအားလုံး၏ ဇစ်မြစ်သဖွယ် ထင်မှတ်ရသည်။ ရွှီချင်း သတိထားနေစဉ် သစ်သားတံခါးနက်ကြီး တကျွိကျွိမြည်ကာ သူ့ဘက်သို့ တဖြည်းဖြည်း ပွင့်လာသည်။ ချောက်ချားစရာကောင်းပြီး အေးစိမ့်စိမ့်အငွေ့အသက်များ ပတ်ဝန်းကျင်တစ်ခွင် ပျံ့လွင့်လာသည်။
ထို့နောက် အလင်းတန်း ဖြာထွက်လာပြီး အေးစိမ့်စိမ့်အချုပ်အနှောင်အလင်းအဖြစ် ပြောင်းလဲကာ ရွှီချင်းအပေါ်သို့ ကျရောက်သွားသည်။
ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ့ကျောမှ ရွှေကျီးကန်းထွက်ပေါ်လာကာ သူ့ပတ်လည်တွင် ပျံသန်းလိုက်သည်။ မီးစွမ်းအားများ ဖြာထွက်သွားပြီး အအေးဓာတ်ကို ဖယ်ရှားလိုက်သည်။ သို့သော်လည်း ထိုရေခဲစွမ်းအားများကို သူ ခံစားနေရဆဲဖြစ်ပြီး အသက်ဓာတ်မှာ ထိန်းချုပ်ခံနေရဟန်တူသည်။
“ အရင်တုန်းက ဒီတံခါးကို ရွှမ်လင်းယုံလီတံခါးလို့ ခေါ်တယ်လို့ သူတော်စင်ကြယ် ပြောခဲ့တယ် ”
“ ပြီးတော့ ဒီတံခါးရဲ့ သစ်သားအစိတ်အပိုင်းကို သူတော်စင်ကြယ်က နှစ်ကြိမ် စတေးခံပြုပြင်ခြင်း လုပ်ခဲ့တယ်လို့ ပြောခဲ့တယ်။ စတေးခံပြုပြင်ခြင်းဆိုတာ ဘာလဲ ”
ရွှီချင်းသည် ကျောက်စိမ်းပေလွှာကို ကောက်ယူကာ သူ့ဆရာကို မေးမြန်းလိုက်သည်။
ခဏအကြာ အမှတ်ခုနစ်သခင်ကြီးထံမှ အဖြေရောက်လာသည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။
“ တူညီတဲ့ ဓမ္မရတနာရဲ့ နောက်ထပ်အကျိုးအပဲ့ကို ရှာဖွေပြီး အဲဒီနှစ်ခုကို တစ်ခုနဲ့တစ်ခု ဆက်လိုက်တာက စတေးခံပြုပြင်ခြင်း ဆိုတာပဲ။ ဒုတိယမြောက်အကျိုးအပဲ့ကို မင်း ရှာတွေ့ရင် အဲဒါ နှစ်ကြိမ်မြောက် စတေးခံပြုပြင်ခြင်းဆိုတာပဲ။ တတိယမြောက်အကျိုးအပဲ့ကို မင်း ရှာတွေ့ခဲ့ရင် တတိယမြောက် စတေးခံပြုပြင်ခြင်းပဲ ”
“ စတေးခံပြုပြင်ခြင်းက ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒီတံခါးကို တခြားလူတွေဆီ ဖွင့်လိုက်ရင် ဘာပေါ်လာမလဲ ”
ရွှီချင်းသည် လက်ကိုမြှောက်၍ သူ့ကိုယ်ပေါ်ရှိ ရေခဲများကို ချေဖျက်လိုက်ရင်း သစ်သားတံခါးကို သိမ်းဆည်းထားလိုက်သည်။
ဖီးနစ်တားမြစ်ဒေသကြီးထဲရှိ တာအိုကျောင်းရှေ့မှ တိုက်ပွဲတွင် သူတော်စင်ကြယ်သာ နှစ်ကြိမ်မြောက် စတေးခံပြုပြင်ထားသော သစ်သားတံခါးအား အသုံးပြုခဲ့မည်ဆိုပါက အရိပ်ဖြင့် သူတော်စင်ကြယ်၏ ဓမ္မတံခါးကို ဖုံးအုပ်ထားသည့်တိုင်အောင် သူ အနိုင်ရမည် မဟုတ်ပေ။
“ ဒါက အသက်ဓာတ်ကို အေးခဲသွားစေနိုင်တယ် ”
ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဤတံခါးကြီးသာ ခေါင်းဆောင်ရှေ့တွင် ပွင့်သွားပါက မည်သည့်အရာ ထွက်လာမည်ကို သူ သိချင်သွားသည်။
ရွှမ်လင်းယုံလီတံခါးကို သူ လေ့လာနေစဉ် သူ၏ကျောက်စိမ်းပေလွှာထဲမှ အလွန် ရှက်ရွံ့နေဟန်ရှိသောအသံလေးတစ်သံ ထွက်ပေါ်လာသည်။
“ ကလေး၊ ငါ့ကို လာတွေ့လှည့်။ နင့်ကို ငါ မေးစရာ ရှိတယ် ”
ရွှီချင်း အသက်ပြင်းပြင်းရှူလိုက်သည်။ သူ မတွေ့ချင်ဆုံးလူများအနက် နတ်မိမယ်ကျစ်ရွှမ်က ထိပ်ဆုံးမှ ပါဝင်သည်။ သို့ပေမည့် မည်သို့ပင် ဖြစ်စေကာမူ မကြာသေးခင်က နတ်မိမယ်ကျစ်ရွှမ်က သူ့ကို ကယ်ထားခဲ့သည် မဟုတ်ပါလား။ အတန်ငယ် ငြိမ်သက်နေပြီး ရွှီချင်းမှာ သွားရုံမှတစ်ပါး ရွေးချယ်စရာ မရှိသည်ကို သိလိုက်သည်။ သူ အားတင်းကာ ထရပ်လိုက်သည်။ အခန်းလေးအပြင်ဘက်သို့ သူ ရောက်သောအခါ နောက်ကျနေပြီကို သူ သိလိုက်သည်။
“ ဝါရင့်ကျင့်ကြံသူတစ်ယောက်ဆီ ညအချိန်မတော် သွားလည်တာ မသင့်တော်ဘူး။ ဟုတ်တယ် … မနက်ဖန်မှ ငါ သွားရမယ် ”
ထိုအတွေးကြောင့် ရွှီချင်းသည် ပြန်လှည့်ရန် ပြင်လိုက်သည်။ ထိုအချိန်၌ နတ်မိမယ်ကျစ်ရွှမ်၏အသံ ပဲ့တင်ထပ်လာပြန်သည်။ ထိုအသံတွင် စွဲဆောင်မှုရှိသောလေသံအပြင် ချစ်စဖွယ်အရိပ်အငွေ့များပါ ရောယှက်နေသည်။ နတ်မိမယ်တစ်ပါး၏ နတ်တေးသံအလား သို့တည်းမဟုတ် နွေဦးစမ်းရေ စီးဆင်းသံအလား ထင်မှတ်ရသည်။
“ အခုချက်ချင်း လာခဲ့ ”