ချီများ လာစုစည်းသောနေရာ
Vol. 28 Ch. 414
“မစိုးရိမ်ပါနဲ့၊ မင်းတို့ ငါ့နောက် လိုက်ခဲ့ပြီးမှတော့ ငါ မင်းတို့ကို အဆာခံခိုင်းပါ့မလား”
ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။
သူက ခေါင်းကိုမော့၍ အပေါ်ကို ကြည့်လိုက်သည်။ သို့သော် သူ့မျက်လုံးတွင် ထူးဆန်းသော အရောင်တစ်ခု လက်ခနဲ ဖြတ်ပြေးသွားသည်။
“ငါတို့ သွားရမယ့်နေရာက သိပ်မဝေးတော့ပါဘူး”
နဂါး အမဲလိုက်ခြင်း နည်းပညာနှင့် သူသည် ခရိုင်တစ်ခု၏ ဧရိယာတစ်ခုကို ဆုံးဖြတ်နိုင်သည်။ ခရိုင်တစ်ခုအား ပညာရပ် ဝေါဟာရအနေနှင့် ပြောရလျင် အရှိန်အဝါတစ်ခု သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအင်ဟု ခေါ်ဆိုနိုင်ပေသည်။
ရဲ့လင်းချန်၏ မျက်လုံးထဲတွင် ရှေ့တည့်တည့်မှ နေရာတစ်ခုသည် တောင်၏ စိတ်ဝိညာဉ် စွမ်းအင် အများဆုံး ရှိသည့် နေရာတစ်ခု ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျင် နေရာတစ်ခု၏ အရှိန်အဝါကို မျှတစွာ ဖြန့်ဝေထားသင့်ပေသည်။ သို့မဟုတ်ပါက များများစားစား ကွာခြားနေမည် မဟုတ်ပါ။ သို့ရာတွင် ဤတောင်သည် ပုံမှန်စံနှုန်းများနှင့် ကွဲပြားနေပြီး ၎င်း၏ အရှိန်အဝါ ငါးဆယ် ရာခိုင်နှုန်းနီးပါးက တစ်နေရာတည်း၌ စုဝေးနေ၏။
ယင်းက ကြောက်စရာကောင်းသော အရာတစ်ခုပင်။
ထိုနေရာရှိ ကောင်းကင်ယံ၌ ခပ်ဖျော့ဖျော့ ခရမ်းရောင် စွမ်းအင်တစ်ခု စီးဆင်းနေသည်ကို ရဲ့လင်းချန် မြင်နေရသည်။ ယင်းမှာ စိတ်ဝိညာဉ်စွမ်းအင် အများအပြား စုဝေးလွန်းနေ၍ ဖြစ်ပေါ်လာသော လက္ခဏာ တစ်ခုပင်။ အခြား ဧရိယာများတွင်မူ တိတ်ဆိတ် ငြိမ်သက်နေ၏။
ထို့ကြောင့်ပင် လမ်းတစ်လျှောက်လုံး ဘာငါးမှ ရှိမနေခြင်း ဖြစ်လေသည်။
ထိုသို့ဖြစ်ရခြင်းမှာ တိရစ္ဆာန်များသည် အရှိန်အဝါကို ပို၍ ခံစားနိုင်ပြီး အရှိန်အဝါ ပိုများသော နေရာ၌ စုဝေးတတ် ကြသောကြောင့်ပင်။
ထိုနေရာ၌ သူ ချီသန့်စင်ပါက တစ်ဝက်လောက် အားထုတ်သည်နှင့် နှစ်ဆလောက် ရနိုင်ပေသည်။ တစ်ချိန်တည်းမှာပင် ယနေ့မနက် အရှေ့ဘက်မှလာသော ခရမ်းရောင်ချီက ဤနေရာမှာ မူမမှန်မှုနှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်ဟု ရဲ့လင်းချန် တွေးမိသည်။
အမျိုးသမီး နှစ်ယောက် အသက်ရှူသံ ပြင်းလာပြီး မောလာနေစဉ်မှာပင် လျှောစောက်တစ်ခုကို တက်ပြီးနောက် သူတို့၏ မျက်လုံးများ ဝင်းပသွားသည်။ သူတို့အရှေ့၌ အချင်း သုံးမီတာ ရှိသည့် သေးငယ်သော ရေတံခွန် ရေကန်လေးတစ်ခု ရှိနေသည်။ ရေကန်သည် အပေါ်မှ ရေများ စီးဆင်းလာသဖြင့် ရေတံခွန်သဖွယ် ဖြစ်ကာ ရေများက အောက်ဘက်သို့ အဆက်မပြတ် စီးဆင်းနေ၏။
ရေတံခွန် ပတ်လည်တွင် ကျောက်ဆောင်များ၊ သစ်ပင်များနှင့် ပန်းပွင့်များ ရှိသည်။ ယင်းသည် အများပြည်သူ လည်ပတ်အောင် ကြော်ငြာသည့် ကြယ့်ငါးပွင့် ဥယျာဉ်များထက် အဆပေါင်းများစွာ သာပြီး နတ်ဘုံ တစ်ခုလိုပင်။
“ဝါး … သိပ်လှတာပဲ”
ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ ပြိုင်တူ အော်ပြောလိုက်မိသည်။ သူတို့သည် ရှုခင်း၏ ဖမ်းစားညှို့ယူခြင်း ခံလိုက်ရလေသည်။
ဤသည်မှာ သဘာဝလက်ရာစစ်စစ်ပင်။ လူလုပ်ဥယျာဉ်များထက် အဆပေါင်းများစွာ သာလွန်သဖြင့် ထိတ်လန့်စရာပင်။
“ပွက်”
ထိုသို့သောအချိန်၌ ရေသံထွက်ပေါ်လာပြီး အရိပ်တစ်ခုက ရေထဲမှ ခုန်ထွက်လာပြီး ကန်ထဲသို့ လျင်မြန်စွာ ပြန်ကျသွားသည်။
“အဲ့ဒါ ငါးတစ်ကောင်ပဲ၊ ဒီမှာ တကယ်ပဲ ငါးတွေ ရှိနေတာပဲ”
ဟူယွဲ့အာ ချက်ချင်း စိတ်လှုပ်ရှားလာပြီး နှုတ်ခမ်းသပ်လိုက်မိသည်။
“ဒီကန်ထဲက ငါးတွေက တော်တော် လှုပ်ရှားတာပဲ၊ သူတို့တွေက တော်တော် ဆူဖြိုးမှာပဲ”
“ငါ မစောင့်နိုင်တော့ဘူး၊ ငါ ကြိုးစားကြည့်မယ်”
ကျောက်လျန့်ရင်၏ အစားသောင်းကျန်းသောစိတ် ထွက်ပေါ်လာလေသည်။ သူမသည် တုံ့ဆိုင်းမနေဘဲ ဘောင်းဘီကို ခေါက်တင်၍ ရေကန်စွန်းသို့ ခြေချလိုက်သည်။ သူမမျက်လုံးများက ရေထဲကို မျက်တောင် မခတ်တမ်း ကြည့်နေပြီး ငါးဖမ်းရန် အသင့်ဖြစ်နေ၏။
[ဝိုး … ဒါက ဖုန်းရွှေ သုခဘုံပဲ၊ လှလိုက်တာကွာ]
[ရဲ့နတ်ဘုရားက အံ့ဩစရာပဲ၊ ဒီလိုနေရာကို သူ ရှာတွေ့နိုင်တယ်၊ အဲ့နေရာမှာ ငါးရှိတယ်ဆိုတာကို သူ ဘယ်လိုလုပ် သိနေတာလဲ]
[ဒါ အသန့်စင်ဆုံး သဘာဝတရားပဲ၊ ငါတို့ လူသားတွေက သဘာဝရဲ့ အလှအပတွေကို အများကြီး ဖျက်ဆီးခဲ့ပြီးပြီ]
[ရှောင်ယင်က သိပ်ချစ်ဖို့ ကောင်းတာပဲ၊ ဟားဟားဟား ရှောင်ယင် ငါးဖမ်းတာကို ငါ ထိုင်ကြည့်နေတော့မယ်]
[အပေါ်ကလူ၊ ရှောင်ရင်က တခြားဟာ မဖမ်းဘဲ ငါးပဲဖမ်းမယ်ဆိုတာ သေချာလား]
…
“ငါ နင့်ကို ကူညီမယ်”
ဟူယွဲ့အာသည်လည်း စိတ်လှုပ်ရှားနေ၏။ သူမက ဘောင်းဘီကို မတင်လိုက်သည်။ သို့သော် သူမ ရေထဲ ခြေမချခင်မှာပင် ရဲ့လင်းချန်က သူမကို လှမ်းဆွဲသည်။
“မင်းအခြေအနေနဲ့ ရေထဲ ဆင်းနိုင်လို့လား”
ရဲ့လင်းချန်က မေးပြီး ဝေဖန်ပြစ်တင်လေသည်။
“ဒီကာလတွေမှာ မင်း နာကျင်နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ”
ဟူယွဲ့အာ၏ မျက်နှာလှလှလေးက နီရဲတက်လာသည်။ ထိုအခါတွင်မှ သူမ၏ လက်ရှိ အခြေအနေနှင့် ရေအေးကို လုံးဝ မထိသင့်ကြောင်း သတိပြုလိုက်မိသည်။
သူမက လျှာလေးထုတ်လိုက်မိသည်။ သို့သော် သူမရင်ထဲ၌ ကြည်နူးသော အရိပ်အယောင် ဖြစ်ပေါ်လာသည်။
“ဗွမ်း”
ကျောက်လျန့်ရင်က အခွင့်အရေးကို အရယူ၍ ဆင်းဖမ်းလေသည်။ သူမပုံစံက ကြမ်းကြုတ်ပုံပေါ်သော်လည်း ခွန်အားက ကင်းမဲ့နေ၏။ ရေ ဗွမ်းခနဲ ထသွားသော်လည်း ငါး၏ ဆူးတောင်ကိုပင် မဖမ်းမိပါ။
သူမ စိတ်ပျက်မသွားပေ။ သူမမျက်လုံးများက ပိုပို၍ စိတ်အားထက်သန်စွာ တောက်ပလာပြီး သူမ၏ ပျော်ရွှင်နေသော နှလုံးသားက စိတ်လှုပ်ရှားစပြုလာသည်။
ရဲ့လင်းချန် ဝင်မပါပါ။ ထိုအစား သူက မျက်မှောင်ကြုတ်နေပြီး ဘေးဘီကို ကြည့်သော်လည်း ဘာကိုမှ ထူးထူးခြားခြား သတိမထားမိချေ။
အစက ဤနေရာ၌ နှစ်တစ်ထောင် ဂျင်ဆင်း သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်သည့် အရည်အသွေး ကောင်းသော ကျောက်စိမ်းကဲ့သို့သော အရည်အသွေးမြင့် ပစ္စည်းများ တွေ့ရလိမ့်မည်ဟု သူ ထင်ထားခဲ့မိသည်။ ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီးနောက် ဤနေရာ၌ စိတ်ဝိညာဉ် ပေါများနေရသည့် အကြောင်းရင်းကို ရှာမတွေ့နိုင် ဖြစ်နေ၏။
သို့သော် သူ သိပ်ဂရုစိုက်ပါ။ ဖုန်းရွှေသည် မူလကတည်းက ရှင်းပြ၍ မရနိုင်သော အရာ ဖြစ်သည်။ သူ့ကို စိတ်ဝင်စားစိတ် တိုးလာစေသည့် အချက်မှာ အချို့သော ဆေးပင်များ ရှိနေခြင်းပင်။
ဤနေရာမှာ အရှိန်အဝါက အပင်များကို အခြားသော နေရာများထက် ပို၍ ကောင်းမွန်စွာ ကြီးထွားလာ စေသည့်ပုံပင်။
“လင်းချန် ရှင် ဘာလုပ်နေတာလဲ၊ ရှင် ဒီကို ငါးဖမ်းဖို့ လာတာ မဟုတ်ဘူးလား”
ကျောက်လျန့်ရင်သည် အတိုင်းအတာတစ်ခုထိ ငါးဖမ်းခြင်းဖြင့် အလုပ်များနေပြီး မျက်နှာလေးက နီမြန်းနေသည်။ သူမက ရဲ့လင်းချန်ကို ပန်းဆီရောင်သန်းနေသော မျက်နှာဖြင့် ကြည့်နေ၏။
“ဒီငါးတွေက ကျွန်မကို အနိုင်ကျင့်နေတယ်”
ဤရေကန်မှ ငါးတစ်ကောင်ချင်းစီတိုင်းက အရွယ်အစား မသေးချေ။ ၎င်းတို့သည် ရေကန်ထဲ၌ ကူးခတ် သွားလာနေပြီး ဖြည်းဖြည်းချင်း ကူးခတ်နေပုံပင်။ သို့သော် ကျောက်လျန့်ရင်က ၎င်းတို့ကို ငုံ့ဖမ်းသည်နှင့် ချက်ချင်း လွန့်လူး၍ ကူးခပ်သွားကြသည်။ ထို့နောက် ကျောက်လျန့်ရင်၏ ခြေထောက်နား၌ ပြန်စုဝေးလာကြကာ မသိလျင် သူမကို သရော်နေသလိုပင်။
“ကစားလို့ ဝပြီလား၊ ကျေနပ်ပြီဆိုရင် တက်လာခဲ့တော့၊ ဒီရေကန်က တော်တော်လေး နက်တဲ့ပုံပေါ်တယ်၊ မလဲစေနဲ့ဦး”
ရဲ့လင်းချန်က ပြောလိုက်သည်.
“ဒီရေကန်က ကြီးတဲ့ပုံ မပေါ်ပါဘူး၊ တကယ် နက်လို့လား”
ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့က ရေတံခွန်ကို စိတ်ဝင်တစား ကြည့်နေကြသည်။
“ရေရဲ့ အရောင်ကို ကြည့်လိုက်၊ အလယ်ကို ရောက်လေလေ အရောင်က ပိုရင့်လာလေ ဖြစ်နေတယ် မဟုတ်လား၊ အလယ်အကျဆုံးမှာ နက်ပြာရောင် ဖြစ်နေတယ်၊ အကြမ်းဖျင်း ပြောရရင် အရောင်ရင့်လာလေလေ အလင်းကို ပိုစုပ်လေပဲ၊ အဲ့တာက ပိုနက်တယ်ဆိုတဲ့ သဘောပဲ”
ရဲ့လင်းချန် ရှင်းပြလိုက်သည်။
“ဪ ရှင်က အများကြီး သိတာပဲနော် လင်းချန်”
ကျောက်လျန့်ရင်က ပြုံး၍ ပြောလိုက်သည်။ သူမက ခြေဗလာဖြင့် ရေထဲမှ တက်လာသည်။
ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို ရဲ့နတ်ဘုရားအစား လင်းချန်ဟု ခေါ်လိုက်သည်ကို သတိထားလိုက်မိသဖြင့် ဟူယွဲ့အာ မသိမသာ မျက်ခုံးပင့်လိုက်မိသည်။
*ဒီမိန်းမက သူနဲ့ တကယ်ကြီး ပိုရင်းနှီးချင်တာပဲ*
သူမ လိုက်မေးလိုက်သည်။
“ကျွန်မတို့ ဘာလုပ်သင့်လဲ လင်းချန်၊ ကျွန်မတို့ ငါးဖမ်းနိုင်မှာလား”
“ငါးဖမ်းတာက လွယ်ပါတယ်”
ရဲ့လင်းချန် ပြုံးပြီး ရေတံခွန်ဘက်ကို လှမ်းကြည့်လိုက်သည်။ ရေက အောက်ဘက်သို့ အပေါက်တစ်ခုနှင့်အတူ စီးဆင်းနေ၏။
တစ်ခဏမျှ စဉ်းစားနေပြီးနောက် သူ ရှေ့သို့ လျှောက်သွားလိုက်ပြီး ရေကန်စပ်၌ ကျောက်တုံးအချို့ကို တွေ့ပြီး ဤတို့ကို အတန်းလိုက်စီ၍ ဝင်ပေါက်ဖြစ်အောင် လုပ်လိုက်သည်။ သူသည် ကျောက်တုံးများအား ထူးဆန်းသော ပုံစံဖြင့် နေရာချလိုက်ပြီးနောက် ဟူယွဲ့အာ၏ လည်ပင်းကို မော့ကြည့်သည်။
“မင်းလည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းဆွဲကြိုးကို ငှားနိုင်မလား”
ဟူယွဲ့အာက ရဲ့လင်းချန် ဟိုဟိုဒီဒီ လုပ်နေသည်ကို သိချင်စိတ်ဖြင့် ကြည့်နေသည်။ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ သူမ အနည်းငယ် အံ့ဩသွားသည်။
“အင်း … ရတယ်လေ”
သူမက ကျောက်စိမ်းဆွဲကြိုးကို ချွတ်၍ ရဲ့လင်းချန်ကို လှမ်းပေးလိုက်သည်။
“လက်ရာမြောက်တဲ့ ကျောက်စိမ်းဖြူပဲ၊ နွေးထွေးပြီး အလင်းရောင် ထိုးဖောက်နိုင်တယ်၊ ဒါ တကယ်ကောင်းတဲ့ ကျောက်စိမ်းပဲ”
ရဲ့လင်းချန်သည် ကျောက်စိမ်းကို လှမ်းယူပြီးနောက် မနေနိုင်ဘဲ မှတ်ချက်ပြုလိုက်မိသည်။ ၎င်းက ဟူယွဲ့အာ၏ စိတ်နေစိတ်ထားနှင့် ရနံ့တို့နှင့် လိုက်ဖက်ညီလေသည်။
“ဒါကို ကျွန်မအမေက ကျွန်မကို လက်လွှဲပေးခဲ့တာ”
ကျောက်စိမ်းဆွဲကြိုးက ရဲ့လင်းချန်လက်ထဲ ရောက်သွားသည်နှင့် ဟူယွဲ့အာ၏ မျက်နှာက နီမြန်းသွားပြီး ထိုသို့ နူးညံ့စွာ ပြောလိုက်သည်။
“ဒီကျောက်စိမ်းကို မိသားစု အမွေအနှစ်လို့ ပြောရမှာပဲ”
ရဲ့လင်းချန်က ခေါင်းညိတ်လိုက်သည်။ သူ ကျောက်စိမ်းနှင့် ပတ်သက်၍ များများစားစား မသိပါ။ သို့သော် နဂါး အမဲလိုက်ခြင်း ပညာကြောင့် ကျောက်စိမ်းထဲမှ အရှိန်အဝါကို သူ သေချာ ခံစားမိသည်။ ၎င်းက သိပ်သည်း၍ နူးညံ့သည်။ ဤကျောက်စိမ်းကို လူတစ်ယောက်ကို စောင့်ရှောက်ပေးရာ၌ သုံးလျင်လည်း မမှားပေ။
ရဲ့လင်းချန်က ဘာမှထွေထွေထူးထူး မပြောတော့ဘဲ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ထူးဆန်းသော ပုံစံ၏ အလယ်ထဲသို့ ကျောက်စိမ်းကို နေရာချလိုက်သည်။ ပြီးနောက် သူက ပြောလိုက်လေသည်။
“အခု မင်း ပိုက်ကွန်ကို ရေစီးတဲ့ အဝင်ပေါက်မှာ ထားဖို့ပဲ လိုတော့တယ်၊ ငါးတွေက ပိုက်ကွန်ထဲ အလိုလို ကူးလာလိမ့်မယ်”