← Chapters

ပိတ်သားစဖြင့် ခြားထားပါသော

Vol. 26 Ch. 397

ပိတ်သားစဖြင့် ခြားထားပါသော

Vol. 26 Ch. 397

ရွှီချင်း ငြိမ်သက်သွားသည်။ သင်္ဘောထိပ်ဦးတွင် ရပ်၍ ကြယ်တာရာကောင်းကင်ကြီးအား ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ အသက်ပြင်းပြင်းရှူလိုက်ပြီး မှော်လှေကို သိမ်းဆည်းကာ ရွှမ်ယုံဂိုဏ်းတောင်ထိပ်သို့ ဦးတည်သွားလေသည်။

သူက မနှေးမမြန်ဖြင့် လျှောက်သွားသည်။

သူသည် သွားနေရင်း သူတော်စင်ကြယ်နှင့် တိုက်ပွဲက သူ ထုတ်ဖော်ပြသမိခဲ့သည့် လျှို့ဝှက်ချက်များအား ပြန်စဉ်းစားကြည့်လိုက်သည်။ သူ့ဆရာက ဝေဖန်ဆန်းစစ်ကြည့်ခဲ့ပြီး သူ ဘေးကင်းလုံခြုံကြောင်း ပြောခဲ့ပါသော်ငြား တိုက်ခိုက်နေစဉ်အတောအတွင်း သူ လုပ်ကောင်းလုပ်ခဲ့နိုင်သည့် အမှားများကို ပြန်တွေးကြည့်နေဆဲပင်။

“ မဟာမိတ်ခေါင်းဆောင်မှာ ရွှေကျီးကန်းရှိတယ်။ ငါ့မှာလည်း ရွှေကျီးကန်းရှိတယ်။ ဒီတော့ ငါတို့နှစ်ယောက်က ဆန့်ကျင်ဘက်ဖြစ်နေတာ။ ပြီးတော့ အခုလောလောဆယ် ငါက အစွမ်းနိမ့်ကျနေသေးသော ငါ့ကျင်းဝူလျန့်ဝမ့်လင်အတတ်က သူ့အတွက် အသုံးမဝင်ဘူး ”

“ အဲဒါအပြင် မဟာမိတ်ခေါင်းဆောင်ရဲ့ ရွှေကျီးကန်းက သူတော်စင်ကြယ်ရဲ့ ညာမျက်လုံးနဲ့ ပေါင်းစပ်သွားပြီ။ ဒီတော့ သူတော်စင်ကြယ်က လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး။ ဒါဆိုရင် နောင်တချိန်ကျ သူတော်စင်ကြယ်က သူတော်စင်ကြယ် ဖြစ်လာပါဦးမလား ”

ရွှီချင်း တိတ်ဆိတ်စွာ တွေးတောလိုက်သည်။

“ တကယ့်ကို လူသားစားလောကကြီးပဲ ”

လမ်းပေါ် သူ လျှောက်သွားနေရင်း လေတဖြူးဖြူး တိုက်ခတ်လာရာ သူ၏ဆံပင်ရှည်များနှင့် အဝတ်အစားများ တဖျပ်ဖျပ်လွင့်သွားသည်။

ညကောင်းကင်ကြီးကို ရွှီချင်း ကြည့်လိုက်သည်။

“ ဆရာပြောတာ မှန်တယ်။ ငါက အစွမ်းနိမ့်နေတုန်းပဲ ”

ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ မလုပ်နိုင်လျှင်တောင် လောကကြီးက ထိုသို့ဖြစ်ပျက်နေပေရာ သူ ကြိုးစားရုန်းကန်ပြီး သစ္စာဖောက်ရပေမည်။

“ ငါ အတတ်နိုင်ဆုံး လုပ်ရမယ်။ ငါ တကယ် မလုပ်နိုင်ခဲ့ရင်တောင် ငါ့ကို စားချင်တဲ့လူမှန်သမျှ နှလုံးသားထဲအထိ နာကျင်သွားအောင် ငါ လုပ်မယ် ”

အမှန်စင်စစ် ဆင်းရဲသားရပ်ကွက်နှင့် ရတနာမုဆိုးစခန်းတွင် ရှိနေစဉ်ကထက် လောကကြီးက အနှစ်သာရအားဖြင့် ပြောင်းလဲမသွားခဲ့ပေ။ တစ်ခုတည်းသော ပြောင်းလဲသွားသည့်အရာမှာ လူသားများ၏ နှလုံးသားများက ပို၍ ကောက်ကျစ်လာကြခြင်း ဖြစ်သည်။

ရတနာမဆိုးစခန်း၌ ပျော်ရွှင်ခြင်းများ၊ သဘောမကျခြင်းများနှင့် ခိုးဆိုးလုယက်ခြင်းများကို များသောအားဖြင့် ဗြောင်ကျူးလွန်လေ့ရှိကြသည်။ လူသတ်ခြင်းက ပန်းတိုင်ဖြစ်ခဲ့သည်။

ကျင့်ကြံခြင်းအဆင့်မြင့်မားလာပြီး အဆင့်မြင့်သော ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံလာရသည့်အခါ သတ်ဖြတ်ခြင်းသည် ပန်းတိုင်မဟုတ်တော့ လိုအင်ဆန္ဒများ အထမြောက်အောင်မြင်နိုင်သော နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။

ယခင်က ထိုအခြင်းအရာကို ရွှီချင်း အသားမကျခဲ့ပေ။ ယခု သူ လက်ခံလာနိုင်ခဲ့ပြီး မြန်ဆန်စွာ သင်ယူနိုင်ခဲ့သည်။

သူ တွေးတောနေရင်း အချိန်မျာ တဖြည်းဖြည်း ကုန်လွန်သွားသည်။ နောက်ဆုံးတွင် ရွှမ်ယုံတောင်အပြင်ဘက်သို့ သူ ရောက်လာသည်။

ညအမှောင်ထုအောက်တွင် ရွှမ်ယုံဂိုဏ်းတစ်ဂိုဏ်းလုံး ပိန်းပိတ်အောင် မှောင်မည်းနေပါသော်ငြား ညအမှောင်ထုကို ဖယ်ရှားချင်နေသည့်အလား တောင်ထိပ်တွင် မီးများ တဖျပ်ဖျပ်လက်နေသည်။

ရွှီချင်းသည် တောင်ခြေတွင် ရပ်၍ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ တစ်လှမ်းချင်း သွားမည်ပြုစဉ် သူ၏မျက်လုံးများ ရုတ်တရက် မှေးသွားသည်။ သူ ခေါင်းမော့ပြီး တောင်လှေကားထစ်များဆီသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် တစ်ထစ်ချင်း ဆင်းလာနေသော လူရိပ်တစ်ရိပ် ရှိနေသည်။

ထိုလူရိပ်သည် လရောင်အောက်တွင် တဖြည်းဖြည်း လျှောက်လာပြီး အဘွားအိုတစ်ယောက်၏ပုံရိပ် ပေါ်လာသည်။

ရွှီချင်းက လက်နှစ်ဖက်ဆုပ်၍ ယဉ်ကျေးစွာဖြင့် အရိုအသေပေးလိုက်သည်။

“ ရွှီချင်း၊ မင်း ယဉ်ကျေးမှုမရှိဘူးလား။ ဘိုးဘေးက ဆင့်ခေါ်နေတာကို နောက်ကျမှ ရောက်လာတယ်။ နောက်တစ်ကြိမ်ဆိုရင် မင်းကို အပြစ်ပေးမယ် ”

အဘွားအိုက အေးစက်စက်နှာမှုတ်လိုက်သည်။ အဘွားအို၏အမူအရာသည် တည်ကြည်ပြီး အသံက အေးစက်တင်းမာနေသည်။ စကားဆုံးသည်နှင့် အဘွားအိုက လှည့်ကာ တောင်လှေကားထစ်များပေါ် တက်သွားသည်။ ရွှီချင်းသည် အဘွားအို၏လည်ပင်းကို နောက်မှ ဖျပ်ခနဲ ကြည့်လိုက်ပြီး လှေကားထစ်များပေါ် လျှောက်သွားသည်။

“ နောက်တစ်ခေါက် ငါ့လည်ပင်းကို ကြည့်ရင် မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ် ”

အဘွားအိုက နောက်လှည့်မကြည့်ဘဲ အေးစက်စက်ပြောလိုက်သည်။

ရွှီချင်းသည် ဘာမှမပြောပေ။ သူ၏အမြင်၌ ငြင်းခုန်ခြင်းသည် အချည်းနှီးဖြစ်သည်။ အထူးသဖြင့် အစွမ်းထက်သောလူများကို ရင်ဆိုင်ရသောအခါတွင် ဖြစ်သည်။ သို့ဖြစ်၍ သူသည် မျက်နှာအမူအရာပြောင်းလဲမသွားဘဲ ပုံမှန်အတိုင်း လျှောက်သွားသည်။

အဘွားအို၏ကိုယ်မှ အမှတ်ခြောက်သခင်ကြီးနှင့် အဆင့်တူသော ကျင့်ကြံခြင်းအငွေ့အသက်များကို သူ အာရုံရနေသည်။

ရွှီချင်း နှုတ်ဆိတ်နေသည်ကို မြင်၍ အဘွားကြီးက နောက်လှည့်လာပြီး သူ့ကို တစ်ချက်ကြည့်ကာ ရှေ့ဆက်သွားလေသည်။

သူတို့နှစ်ယောက်သည် တိတ်ဆိတ်စွာ လျှောက်နေကြ၏။ ခဏအကြာ တောင်ထိပ်သို့ သူတို့ ရောက်သွားသည်။ တောင်ထိပ်တွင် ခရမ်းရောင်ကျောက်ဖြင့် ပြုလုပ်ထားသော စံအိမ်တစ်လုံးရှိသည်။ ထိုနေရာသည် အလွန်ကျယ်ဝန်းပြီး အဝေးမှကြည့်ပါက စံအိမ်၏အလယ်တွင် မျှော်စင်ရှည်ကြီးတစ်ခု ရှိနေသည်ကို မြင်နိုင်သည်။

အလင်းက ထိုမျှော်စင်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ဂိတ်တံခါးကို ဖြတ်၍ ဝင်ရောက်ပြီးနောက် ကျောက်ခင်းလမ်းလေးပေါ်သို့ ရောက်လာသည်။ ဘေးဘီဝဲယာတွင် ပန်းပင်လေးများ အစုလိုက်အပြုံလိုက်ရှိနေပြီး အဆောင်များစွာကိုလည်း နေရာအနှံ့ မြင်နိုင်သည်။ အစေခံများစွာသည်လည်း သွားလာနေကြ၏။ အစေခံတိုင်းက လှပကြော့ရှင်းသော ရုပ်ရည်သွင်ပြင် ရှိကြသည်။ သူတို့အားလုံး ငယ်ရွယ်နုပျိုပြီး ဖြူဖွေးသောအသားအရေရှိကြသည်။

ရွှီချင်းကို ကျော်ဖြတ်သွားသည့်အခါ အများစုက သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ ရွှီချင်း၏ရုပ်ရည်သွင်ပြင်ကို သူတို့ သတိထားမိသွားကြပြီးနောက် တစ်ယောက်နှင့်တစ်ယောက် တီးတိုးတီးတိုးဖြင့် ဆိုကာ တခစ်ခစ်ရယ်မောသွားကြသည်။

ရွှီချင်းသည် နားမကြားယောင်ပြုကာ လှည့်ပင်မကြည့်ပေ။

အဘွားအိုသည် မျက်မှောင်ကြုတ်သွားပြီး ဒေါသရောင်လက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုအခါမှသာ အစေခံလေးများသည် ခပ်သွက်သွက်ဖြင့် ထွက်သွားကြသည်။

ထိုနေရာတွင် လှပသေသပ်စွာ စီရီထားသော ရောင်စုံကျောက်များလည်း ရှိသည်။ ထိုအလှဖော်ထားသော ရောင်စုံကျောက်များကြောင့် စံအိမ်ကို ပို၍ မျက်စိပသာဒဖြစ်စေသည်။

ချောင်းလေးတစ်ချောင်းပင် တူးဖော်ထားသည်။ ထိုချောင်းလေး၏ ဇစ်မြစ်ကို မသိရပါသော်လည်း ချောင်းလေးက ထိုနေရာမှနေ၍ တောင်အောက်သို့ စီးဆင်းသွားသည်။

ချောင်းထဲတွင် ရွှေငါးလေးများကို ရံဖန်ရံခါ မြင်နိုင်သည်။ ရွှေငါးလေးများတွင် ရှည်လျားသော နှုတ်ခမ်းမွေးများရှိပြီး တစ်ချက်ကြည့်ရုံဖြင့် သာမန်ငါးများမဟုတ်ကြောင်း သိသာသည်။

အမှန်စင်စစ် သစ်သားပုံများကြားထဲတွင် မြွေများကိုပင် ရွှီချင်း မြင်ရသည်။ ယင်းအပြင် မြွေတစ်ကောင်၊ နှစ်ကောင်သာ မဟုတ်ပေ၊ မြွေများစွာ ရှိနေခြင်း ဖြစ်သည်။ မြွေတချို့က လမ်းလေးပေါ်တွင် တွားသွားနေကြပြီး တချို့က သစ်ပင်ကြီးများကို ရစ်ပတ်နေကြကာ တချို့က ချောင်ကျသောနေရာတွင် ခွေနေကြသည်။

သို့သော်လည်း ထိုမြွေများ မည်သည့်အရာကို ပြုလုပ်နေသည်ဖြစ်စေ ရွှီချင်းကို မြင်လိုက်သည့်အခိုက်တွင် ထူးဆန်းသောဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။ ရွှီချင်းကို ဦးညွှတ်နေသည့်အလား မြွေများ၏ ခေါင်းများ ငုံ့သွားကြသည်။

ထိုဖြစ်ရပ်ကြောင့် အဘွားအို မှင်သက်သွားပြီး နောက်လှည့်ကာ ရွှီချင်းကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

ရွှီချင်းသည် မျက်နှာသေဖြင့် ရှိနေပါသော်လည်း စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားရသည်။ ထိုသို့ မြွေများ ဦးညွှတ်နေရသည့် အကြောင်းအရင်းကို သူ စဉ်းစားမရပေ။

သူ့စိတ်ထဲ သံသယများ ကြီးထွားလာစဉ် စံအိမ်၏အရှေ့ဘက်ခြမ်းသို့ သူ ရောက်လာသည်။ ထိုနေရာတွင် နတ်ရေကန်တစ်ကန် ရှိသည်။

အဝေးမှကြည့်ပါက ထိုရေကန်ထဲမှ မြူခိုးများ တလူလူပျံတက်နေပြီး လေထဲတွင် ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်နေသည်ကို မြင်နိုင်သည်။ ကန်ပတ်လည်တွင် အဖြူရောင်ပိတ်သားကန့်လန့်ကာတစ်ခု ရှိသည်။ ကန့်လန့်ကာအပြင်ဘက်တွင် အစေခံဒါဇင်ခန့်က ရေကန်ကို ကျောပေး၍ ခေါင်းများငုံ့ထားကြသည်။

အစေခံတစ်ယောက်ချင်းစီက အဝတ်အထည်များ၊ သစ်သီးများနှင့် အသုံးအဆောင်ပစ္စည်းများ ထည့်ထားသည့် ကျောက်လင်ပန်းတစ်ချပ်စီကို ကိုင်ထားကြသည်။ အသုံးအဆောင်ပစ္စည်းများသည် လက်ရာမြောက်ပြီး အဝတ်အထည်များမှာ သပ်သပ်ရပ်ရပ် ခေါက်ထားသည်။ သစ်သီးများအားလုံး ဝိညာဉ်သစ်သီးများ ဖြစ်ကြသည်။

ပတ်ဝန်းကျင်တစ်ခွင် သင်းပျံ့သောမွှေးရနံ့တစ်ခုလည်း ပျံ့လွင့်နေသည်။ ရွှီချင်း အနီးကပ်လာသည်နှင့် မြူခိုးများ၊ ရေသံများနှင့် မွှေးရနံ့များအားလုံး သူ့အာရုံငါးပါးထဲ တိုးဝင်လာသည်။ နတ်ဘုံနန်နန်းတစ်ခုသို့ သူ ချဉ်းနင်းဝင်ရောက်မိသွားသည့်ပမာပင်။

အနီးရောက်သောအခါတွင် ရွှီချင်း၏စိတ်ထဲ ရှက်ရွံ့စိတ်များ ပြန်ပေါ်လာသည်။ ထိုသို့ရှက်ရွံ့လာရခြင်းမှာ သူ့ရှေ့ရှိ အဖြူရောင်ပိတ်သားစနောက်ကွယ်မှ နတ်ရေကန်ထဲတွင် လှပကြော့ရှင်းသောလူရိပ်တစ်ရိပ် ရေချိုးနေသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။

ထိုမြင်ကွင်းကြောင့် ရွှီချင်း ချက်ချင်း အကြည့်လွှဲလိုက်သည်။ သူ နေရာမှာပင်ရပ်နေပြီး ဆက်လက်ချဉ်းကပ်မသွားတော့ပေ။

သူ့ရှေ့ရှိ အဘွားအိုက ရွှီချင်းကို ဂရုမစိုက်ဘဲ ပိတ်သားစအနီးသို့ တိုးကပ်သွားပြီး အရိုအသေပေးလိုက်သည်။

“ ဘိုးဘေး၊ သူ့ကို ခေါ်လာခဲ့ပါပြီ ”

“ ကျမ ဖိတ်ကြားထားတဲ့ကလေးကို ရှင် မလေးမစား လုပ်ခဲ့တယ်။ ကိုယ့်ကိုယ်ကို အပြစ်ပေးတဲ့အနေနဲ့ ပါးသုံးချက်ချလိုက် ”

အဖြူရောင်ပိတ်သားစအလွန်မှ နတ်မိမယ်ကျစ်ရွှမ်၏ ပျင်းရိပျင်းတွဲအသံ လွင့်ပျံလာသည်။

အဘွားအိုသည် တွေဝေတွန့်ဆုတ်မနေဘဲ အညှာအတာမဲ့စွာ သူ့ကိုယ်သူ ပါးရိုက်လိုက်လေသည်။ သူမ၏ပါးရိုက်ချက်က အလွန် ပြင်းထန်ပြီး ပါးပြင်တစ်ခြမ်း ဖူးယောင်လာကာ ပါးစပ်မှ သွေးများ စီးကျလာသည်။

သို့သော်လည်း သူမ၏မျက်လုံးများထဲတွင် နာကြည်းသည့်အရိပ်အယောင်များ ရှိမနေပေ။ သူမသည် ခေါင်းကို ငုံ့၍သာ ငြိမ်သက်နေသည်။

ထိုအခြင်းအရာအားလုံးကြောင့် ရွှီချင်း ပို၍ သတိထားသွားသည်။ သူသည် နေရာမှာပင် ရပ်၍ ခေါင်းငုံ့ကာ လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး ပိတ်သားစရှိရာသို့ အရိုအသေပေးလိုက်သည်။

“ တပည့်ရွှီချင်း၊ ဆရာမကြီးကျစ်ရွှမ်ကို နှုတ်ဆက်ပါတယ် ”

ရေချိုးသံများ ပျံ့လွင့်လာပြီး တခစ်ခစ် ရယ်မောသံ ထွက်လာသည်။

“ ကလေး၊ နင် ဘာလို့ ဒီနေ့ သိပ်လေးစားနေရတာတုံး။ ငါ့ကို လက်ဆောင်နဲ့အတူ ပေးခဲ့တဲ့ စာထဲမှာတော့ ဆရာမကြီးလို့ ခေါ်မထားပါဘူး ”

ရေသံများနှင့်အတူ နတ်မိမယ်ကျစ်ရွှမ်၏ ဆွဲဆောင်မှုရှိသောအသံလွင်လွင် ထွက်ပေါ်လာသည်။

ရွှီချင်းမှာ ရင်တစ်ချက်ခုန်သွားပြီး ခေါင်းဆောင်ကို စိတ်ထဲမှ တေးမှတ်လိုက်သည်။ ခေါင်းဆောင်၏ အကျင့်စရိုက်နှင့် နတ်မိမယ်ကျစ်ရွှမ်ကို စာထဲတွင် အမျိုးမျိုး ခေါ်ဝေါ်နိုင်ကြောင်း သူ တွေးမိလိုက်သည်။

သို့သော်လည်း ယခု သူ ရှင်းပြ၍ မရသည်ဖြစ်ရာ အားတင်းလိုက်ပြီး ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

“ ကျနော့်ကို ကယ်တင်ပေးလို့ ဆရာမကြီးကို ကျေးဇူးတင်ပါတယ် ”

“ သြော် … နင် ဒါကြောင့် ဒီလောက်ယဉ်ကျေးနေတာကိုး။ တကယ်က ငါ မကယ်ရင်တောင် ရွှယ်လျန့်ကျစ် ဝင်ကယ်မှာပဲ ”

နတ်မိမယ်ကျစ်ရွှမ်၏ ပျင်းရိပျင်းတွဲအသံ ထွက်ပေါ်လာသည်။ ထိုအသံသည် ကြားရသူအဖို့ အလိုလို ယားကျိကျိ ဖြစ်သွားစေနိုင်သည်။

ရွှီချင်းမှာ မည်သိ့ုပြောရမည်မသိ ဖြစ်သွားရသည်။ ယခုကဲ့သို့ အခြေအနေကို သူ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ အဖြူရောင်ပိတ်သားစနောက်ကွယ်ရှိ လူရိပ်က သူ့ကို ဖော်ပြ၍ မရနိုင်သော ခံစားချက်များ ဖြစ်စေသည်။ အထူးသဖြင့် ရေသံနှင့်အတူ ရောယှက်နေသော ထိုလူရိပ်၏ အသံလွင်လွင်ကလေးပင်။ ကျောက်သားပေါ်သို့ ပုတီးစေ့များ ပြုတ်ကျနေသည့်အလား အသံတိုင်းက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေတော့သည်။

“ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါ နင့်ကို ကူညီခဲ့တယ်လို့ စဉ်းစားလို့ရတာပဲ။ ဒီတော့ ငါ့ကိုလည်း ပြန်ကူညီပေးရမှာနော် ကလေး ”

ရေသံလွင့်ပျံလာပြန်ပြီး နတ်မိမယ်ကျစ်ရွှမ် ထရပ်လိုက်ဟန်တူသည်။

ရွှီချင်းမှာ ခပ်မြန်မြန် အကြည့်လွှဲလိုက်သည်။

သူ အကြည့်လွှဲလိုက်သည့်အခိုက် ရေကန်ထဲမှ လှပကြော့ရှင်းသောလူရိပ် ထရပ်လာသည်။ ပိတ်သားစပေါ် ထင်ဟပ်နေသည့်လူရိပ်မှာ နှိုင်းယှဉ်၍မရအောင် ပြီးပြည့်စုံသည်။

ကောင်းကင်ကြီးက ထိုလူရိပ်အား ချွင်းချက်ထားပြီး အမျိုးသမီးတစ်ယောက်တွင် ရှိအပ်သည့် အလှအင်္ဂါရပ်များအားလုံး ဖန်ဆင်းပေးခဲ့သည့်ပမာပင်။ ထိုလူရိပ်လေးသည်ပင် ဝိညာဉ်တုန်ခါသွားစေနိုင်လောက်အောင် ကြည့်မိသူကို၏နှလုံးသားကို ရင်ခုန်နှုန်းမြန်သွားစေနိုင်သည်။

ထိုလူရိပ်သည် ဖြူဖွေးနူးညံ့သောခြေတံသွယ်သွယ်ကို ညင်သာစွာ မြှောက်၍ နတ်ရေကန်ထဲမှ ထွက်လိုက်သည်။ အဖြူရောင်ပိတ်သားစက တဖျပ်ဖျပ်လွင့်သွားပြီး ရှည်လျားသော ဝတ်စုံတစ်ခုအသွင်ဖြင့် ထိုလူရိပ်ကို ရစ်ပတ်သွားသည်။

ပိတုန်းရောင်ဆံကေသာများသည် ပခုံးနှစ်ဖက်ပေါ် ကျဆင်းနေပြီး မဆိုစလောက် နီမြန်းနေသော မျက်နှာလေးက သူမကို ပို၍ ဆွဲဆောင်မှုရှိစေသည်။

ဘေးပတ်လည်ရှိ အစေခံများအားလုံး ဒူးထောက်လိုက်ကြပြီး လက်နှစ်ဖက်ဖြင့် ကျောက်လင်ပန်းကို မြှောက်လိုက်ကြသည်။

နတ်မိမယ်ကျစ်ရွှမ် ပြုံးလိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျောက်လင်ပန်းထဲမှ ဝိညာဉ်စပျစ်တစ်ခိုင်ကို ယူလိုက်ပြီး ရွှီချင်းထံသို့ လျှောက်သွားသည်။ ရွှီချင်းအနားသို့ မရောက်သေးခင်မှာပင် ရွှီချင်း၏မျက်နှာသို့ မွှေးရနံ့များ ရိုက်ခတ်ကျီစယ်သွားသည်။

နတ်မိမယ်ကျစ်ရွှမ်သည် အဖြူရောင်ပိတ်သားစကို ဝတ်ထားသည်။ ခန္ဓာကိုယ်က လှပကြော့ရှင်းပြီး ကောင်းကင်မှ နတ်မိမယ်လေးတစ်ပါး ဆင်းသက်လာသည့်ပမာ ခြေလှမ်းများက ညင်သာသည်။ သူမသည် ပြစ်မျိုးမှဲ့မထင် လှပပြီး နူးညံ့ချောမွတ်သည်။

နတ်မိမယ်ကျစ်ရွှမ် တဖြည်းဖြည်း တိုးကပ်လာနေသည်ကို မြင်၍ ရွှီချင်း၏နဖူးတွင် ချွေးများ စို့လာပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သို့သော် နတ်မိမယ်ကျစ်ရွှမ် ဝေဝါးသွားပြီး ပြန်ပေါ်လာသောအခါတွင် ရွှီချင်း၏ရှေ့သို့ ရောက်နေပြီဖြစ်သည်။ နတ်မိမယ်ကျစ်ရွှမ်က ရွှီချင်း၏နှုတ်ခမ်းထောင့်စွန်းတွင် စပျစ်သီးတစ်လုံး ထားလိုက်သည်။

ရွှီချင်း၏စိတ်ထဲ ဟာလာဟင်းလင်း ဖြစ်သွားသည်။

“ ကလေး၊ နင် အမြဲတမ်း ငါ့ကို ဆရာမကြီးလို့ ခေါ်တယ်။ ငါက အဲဒီလောက်တောင် အိုနေပြီလား။ နောက်တစ်ခေါက်တွေ့ရင် အစ်မရွှမ်လို့ ခေါ်နော် ”

နတ်မိမယ်ကျစ်ရွှမ်က တခစ်ခစ်ရယ်မောလိုက်သည်။ လှပသောမျက်ဝန်းများထဲတွင် မျှော်လင့်ချက်များဖြင့် ဝင်းလက်နေပြီး မျက်မှောင်လေးတွန့်သွားကာ ပြုံးလိုက်တိုင်း အပြစ်ဆိုရက်စရာမရှိအောင် ဆွဲဆောင်မှုရှိလှသည်။

ရွှီချင်း၏ရင်ခုန်သံ မြန်ဆန်လာသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက တားမြစ်နယ်မြေထဲတွင် ကြောက်မက်ဖွယ်သားရဲကြီးအား ထိပ်တိုက်တွေ့ဆုံလိုက်ရသကဲ့သို့ သူ စိုးရိမ်ထိတ်လန့်သွားရသည်။

ရွှီချင်း၏အမူအရာကိုကြည့်၍ နတ်မိမယ်ကျစ်ရွှမ် ပြုံးလိုက်ပြန်သည်။ သူမ၏ရယ်သံသည် ချိုလွင်နေပြီး ကြားရသူကို စိတ်ပေါ့ပါးသွားစေနိုင်သည်။ သူမက ရွှီချင်းကို ဆက်လက်စနောက်ကျီစယ်မနေတော့ဘဲ လှည့်ကာ အဝေးသို့ လျှောက်သွားသည်။ ထို့နောက် လေထဲတွင် သူမ၏အသံ လွင့်ပျံလာသည်။

“ ကလေး၊ နင် ငါ့ကို ကြောက်နေတာက ငါက နင့်ကို စားလိုက်မှာကို စိုးရိမ်နေလို့လား ”

“ နောက်ဆုံးတစ်ခေါက်တုန်းက နင်တို့ ကင်းလှည့်သွားတုန်းက ရွှမ်ယုံဂိုဏ်းကို တွေ့ခဲ့တယ်လို့ ကြားတယ်။ အဲဒါ ငါ့မိတ်ဆွေဟောင်းရဲ့ ဂိုဏ်းပဲ။ နင် တွေ့ခဲ့တယ်ဆိုတော့ ငါ့ကို အဲဒီ ခေါ်သွားပေးပါဦး။ ငါ သွားကြည့်ချင်တယ် ”

နတ်မိမယ်ကျစ်ရွှမ်က လှပကြော့ရှင်းစွာဖြင့် ထွက်သွားပြီး အစေခံများက နောက်မှ လိုက်သွားသည်။ အဘွားအိုကြီးသည်လည်း လိုက်သွားသည်။

အဝေးမှကြည့်ပါက အမျိုးသမီးများကြားထဲရှိ နတ်မိမယ်ကျစ်ရွှမ်သည် အစွမ်းကုန် တောက်ပပွင့်လန်းနေသော ပန်းတစ်ပွင့်ပမာပင်။ သူမသည် ထူးထူးခြားခြား လှပကာ ဆွဲဆောင်မုှရှိနေသည်။

ရွှီချင်းသည် အချိန်အတော်ကြာသည့်တိုင်အောင် ရပ်နေပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်ပြီး ရွှမ်ယုံဂိုဏ်းမှ ခံစားချက်များစွာဖြင့် ထွက်သွားသည်။ ရွှမ်ယုံဂိုဏ်းအပြင်ဘက်သို့ သူ ရောက်သွားသောအခါတွင် နတ်မိမယ်ကျစ်ရွှမ်သည် မျှော်စင်ကြီးထက်တွင် စပျစ်သီးများကို စားရင်း ရယ်မောလိုက်လေသည်။

“ ဘာမှမသိတဲ့ငတုံးလေး၊ သူ့ညာဖက်လက်ကောက်ဝတ်မှာ သက်စောင့်အချစ်ကြိုးလေးတစ်ချောင်းတောင် ရစ်ပတ်နေတယ်။ အဲဒါ လူသားမဟုတ်တဲ့မျိုးနွယ်က ပညာရပ်ပဲ။ ဘယ်မျိုးနွယ်က သနားစရာမိန်းကလေးက သက်စောင့်အချစ်ကြိုးကို ဘယ်လိုလုပ် ဒီလိုမျိုး ထားခဲ့နိုင်တာလဲ။ ပြီးတော့ အဲဒါက တစ်ဖက်သတ်ကြီး။ ဒီကလေး သေသွားရင် သက်စောင့်အချစ်ကြိုးကြောင့် သူလည်း သေမှာ ”

All Chapters