← Chapters

ချိန်းတွေ့ခြင်း

Vol. 26 Ch. 398

ချိန်းတွေ့ခြင်း

Vol. 26 Ch. 398

ရွှီချင်းသည် တောင်အောက်သို့ တိတ်ဆိတ်စွာ ဆင်းသွားသည်။

သူသည် မပျံသန်းဘဲ လျှောက်သွားသည်။ လရောင်အောက်တွင် သူသည် ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးသို့ တစ်လှမ်းချင်း သွားနေသည်။

စောစောက မြင်ကွင်းကြောင့် သူ့စိတ်ထဲ ထူးဆန်းသော ခံစားချက်များ ပေါ်ပေါက်လာရသည်။ သူ့ဘဝတစ်လျှောက် သူ့ရင်ထဲတွင် ထိုကဲ့သို့ ခံစားချက်လှိုင်းများ ပေါ်လာခဲသည်။

ယင်းကြောင့် ရွှီချင်းမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။

ထို့ကြောင့် သူသည် သွားနေရင်း ဆေးကျမ်းထဲမှ စာသားများကို စိတ်ထဲမှ ရွတ်လိုက်သည်။ ဆေးပင်ဗဟုသုတများ သူ့စိတ်ထဲ တိုးဝှေ့ဝင်ရောက်လာသောအခါ သူ့နှလုံးသား တဖြည်းဖြည်း ငြိမ်သက်သွားသည်။

သူ၏မျက်နှာအမူအရာသည်လည်း ပုံမှန်အတိုင်း ဖြစ်လာပြီး သူ့ခြေလှမ်းများ တည်ငြိမ်လာသည်။ ထို့နောက် သူက အရှိန်တင်လိုက်သည်။

သူ၏ဆိပ်ကမ်းသို့ ရောက်သောအခါတွင် ရွှမ်ယုံဂိုဏ်းရှိရာအရပ်သို့ သူ လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် သံသယများနှင့် သတိထားခြင်းများ မြင့်တက်လာသည်။ နတ်မိမယ်ကျစ်ရွှမ်က သူ့ကို စနောက်ကျီစယ်နေခြင်းဖြစ်ကြောင်း သူ မသိသည် မဟုတ်ပေ။ လက်ရှိရွှီချင်းသည် မထီမဲ့မြင်နေတတ်သော ကလေးတစ်ယောက် မဟုတ်တော့ပေ။

သို့သော်လည်း ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ထိုကဲ့သို့ ဘိုးဘေးတစ်ယောက်၌ ယခုလို ရိုးရှင်းသောအတွေးများ ရှိနေမည်ဟု သူ မယုံကြည်ပေ။ တခြားအကြောင်းအရင်းတစ်ခု သေချာပေါက် ရှိရပေမည်။ ဤလောကကြီးထဲတွင် မြင်မြင်ချင်း ရင်းနှီးခြင်းမျိုး မရှိတတ်သည် မဟုတ်ပါလား။

အရာအားလုံးတွင် အကြောင်းအရင်းတစ်ခု ရှိပေသည်။

သို့သော်လည်း ထိုအကြောင်းအရင်းကို သူ တွေးမရပေ။ ထို့ကြောင့် သူ လက်ကိုဝှေ့ယမ်းလိုက်ပြီး မှော်သင်္ဘောကို ထုတ်လိုက်သည်။ သူ အခန်းလေးထဲ ဝင်သွားပြီး တင်ပျဉ်ခွေထိုင်၍ တွေးတောလိုက်သည်။

အပြင်ဘက်ရှိ ကောင်းကင်ကြီး တဖြည်းဖြည်း လင်းထိန်လာသည့်တိုင်အောင် ရွှီချင်းမှာ အဖြေရှာမရသေးပေ။ ထိုကိစ္စကို သူ့စိတ်ထဲတွင် မြှုပ်နှံလိုက်ပြီး မျက်လုံးများမှိတ်၍ တရားထိုင်လိုက်သည်။

အထူးလုံခြုံရေးဌာနမှအလုပ်ကို ရွှီချင်း မလုပ်ရတော့သည်မှာ ကြာပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်က သူ ပေးခဲ့သည့် နှစ်ဆယ်ရာခိုင်နှုန်းလျော့ဈေး ကျောက်စိမ်းပေလွှာအား နေ့စဉ်အသုံးပြုနေသောကြောင့် ဖြစ်သည်။

သတင်းပေးသမားထံမှ သတင်းစကားအရ ထိုအတောအတွင်း ခေါင်းဆောင်သည် ဝူကျန်းဝူကို နေ့စဉ် ဖိတ်ခေါ်နေခဲ့သည်။ သူတို့နှစ်ယောက် မည်သည့်စကားများ ပြောသည်ကို မသိရပါသော်လည်း ခေါင်းဆောင်က ဝူကျန်းဝူကို လှုံ့ဆော်နေဟန်တူပြီး ဝူကျန်းဝူမှာ စိတ်လှုပ်ရှားကာ ချီတုံချတုံ ဖြစ်နေဟန်တူသည်။

ရွှီချင်းမှာ အနည်းငယ် အံ့အားသင့်သွားရပါသော်လည်း သူ၏သိချင်စိတ်က မပြင်းထန်နေ၍ ဆက်မမေးတော့ပေ။ ထိုအစား သူ ဝါးမျိုခဲ့သည့် မြဲ့မုန်၏သွေးအား ရသည့်အချိန်တွင် သန့်စင်လိုက်သည်။ ထိုသို့ဖြင့် ရက်များစွာ ကုန်လွန်သွားသည်။

ညကောင်းကင်ကြီးကို အရှိန်တညီးညီး တောက်လောင်နေသော နေမင်းကြီးက ဝါးမျိုလိုက်သည်။ နေရောင်ခြည်အလင်းတန်းများ မှော်သင်္ဘောပေါ်သို့ ဖြာကျလာပြီး သင်္ဘော၏ မျက်နှာမဲ့ထိပ်ဦးပိုင်းကို ရောင်ပြန်ဟန်သွားသည်။ ရွှီချင်းသည် အသံလွှင့်ကျောက်စိမ်းပေလွှာထဲမှ စာတစ်စောင်ကို လက်ခံရရှိလိုက်သည်။

“ ကလေး၊ ပြင်ဆင်ထားတော့။ အစ်မ မင်းကို လာတွေ့မယ်။ အစ်မတို့ အပြင်သွားကြရအောင် ”

ထိုစာကို မြင်လိုက်သည့်အခိုက် ရွှီချင်း ငြိမ်သက်သွားသည်။ သူ တွေးတောလိုက်ပြီး အမှတ်ခုနစ်သခင်ကြီးထံသို့ လိုက်သင့်၊ မလိုက်သင့် မေးမြန်းကြည့်လိုက်သည်။

အမှတ်ခုနစ်သခင်ကြီးသည်လည်း ငြိမ်သက်သွားသည်။ အချိန်အတော်ကြာပြီးနောက် ရွှီချင်းကို သူ စကားအစ်လိုက်သည်။

“ ပထမဆုံးချိန်းတွေ့တာလား ”

“ ချိန်းတွေ့တာ … ”

ရွှီချင်း ကြောင်သွားသည်။

ရွှီချင်း၏အမူအရာကို အာရုံခံမိလိုက်၍ အမှတ်ခုနစ်သခင်ကြီး ရယ်မောလိုက်သည်။ ထို့နောက် ရွှီချင်းအား စိတ်ချလက်ချဖြင့် ရဲတင်းစွာ လိုက်သွားနိုင်ကြောင်း ပြောပြလိုက်သည်။

ရွှီချင်း ချီတုံချတုံ ဖြစ်နေစဉ်မှာပင် အခန်းလေးအပြင်ဘက်မှ နတ်မိမယ်ကျစ်ရွှမ်၏ ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသော အသံလေး ပဲ့တင်ထပ်လာသည်။

“ ကလေး၊ သွားကြစို့ ”

ရွှီချင်း အခန်းအပြင်ဘက်သို့ တိတ်ဆိတ်စွာ ထွက်လာသည်။ နတ်မိမယ်ကျစ်ရွှမ်က သူ့မှော်သင်္ဘော၏ လက်ရန်းပေါ်တွင် ထိုင်၍ သေရည်သောက်နေသည်ကို မြင်လိုက်ရသည်။

နတ်မိမယ်ကျစ်ရွှမ်၏ အနက်ရောင်ဆံပင်ရှည်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေ၏။ သူမသည် အဖြူရောင်စာပေသမားဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာက ပြစ်မျိုးမှဲ့မထင် လှပသော အစွမ်းကုန် ဖူးပွင့်နေသော ပန်းပွင့်တစ်ပွင့်နှင့် ဆင်တူသည်။

မျက်ခုံးမွေးများသည် ဇင်ယော်တောင်အလားဖြစ်ပြီး ဖြူနုသောအသားအရေကို လေပြေက တဟူးဟူး ထိတွေ့နေသည်။

နေရောင်အောက်၌ သူမသည် ကမ္ဘာကြီးထဲရှိ အလှတရားအားလုံး စုဆုံနေသည့်အလား အဖိုးမဖြတ်နိုင်အောင် ကြော့ရှင်းလှပသော ရတနာတစ်ပါးနှင့် ဆင်တူသည်။

ရွှီချင်း ထွက်လာသည်ကို မြင်၍ နတ်မိမယ်ကျစ်ရွှမ်သည် သေရည်ပုလင်းကို အောက်ချလိုက်ပြီး ညင်သာစွာ ခေါင်းလှည့်ကြည့်လိုက်သည်။

ထိုအချိန်၌ နေရောင်ခြည်က တဖျပ်ဖျပ်လွင့်နေသော ဆံပင်ရှည်များ၏ အကြားအလပ်များထဲ ဖြာကျသွားပေရာ သက်တန့်ရောင်စဉ်တစ်ခု ဖြစ်လာသည်။

နတ်အငွေ့အသက်များ ကိန်းအောင်းနေသော မျက်ဝန်းများဖြင့် ရွှီချင်းကို ကြည့်လိုက်သောအခါ နှုတ်ခမ်းထောင့်စွန်းနှစ်ဖက် ကွေးညွှတ်သွားပြီး အပြုံးတစ်ခု ဖြစ်လာသည်။

ထိုအပြုံးသည် ရွှီချင်း မြင်နေကြဖြစ်သော မုဆိုးတစ်ယောက်၏ အပြုံးမျိုးနှင့် ကွဲပြားသည်။ ရွှီချင်း၏စိတ်နှလုံးကို ရစ်နှောင်လိုက်သည့် နူးညံ့ကြင်နာသောအပြုံးဖြစ်သည်။

လူတစ်ယောက်သာ ဤနေရာတွင် ရှိနေပြီး ထိုမြင်ကွင်းကို မြင်လိုက်ရမည်ဆိုပါက ငေးကြောင်သွားမည်မှာ သေချာသည်။ သင်္ဘောပေါ်ရှိ လူနှစ်ယောက်အနက် အမျိုးသမီးသည် အဖိုးမဖြတ်နိုင်လောက်အောင် လှပသော ရတနာတစ်ပါးနှင့် ဆင်တူပြီး လုလင်ပျိုက ကြယ်များပမာ တဖျပ်ဖျပ်ဝင်းလက်နေသည်။ ထိုအချိန်၌ တရိပ်ရိပ်မြင့်တက်နေသော နေမင်းကြီးသည်ပင် နောက်ခံအဖြစ် ဝပ်တွားချင်နေသည့်ပမာပင်။

ရွှီချင်းသည် ခြေလှမ်းများ ရပ်လိုက်သည်။

ယနေ့တွင် နတ်မိမယ်ကျစ်ရွှမ်သည် သူ မြင်နေကျပုံစံနှင့် လုံးလုံးလျားလျား ကွဲပြားသည်။ ဆွဲဆောင်မှုရှိသည့်ဟန်အမူအရာထက် သူရဲကောင်းဆန်သောအမူအရာက ပိုကဲနေသည်။ မောက်မာသည့်အမူအရာထက် ညင်သာနူးညံ့သည့်အမူအရာက ပိုနေသည်။

ယခင်ကနှင့် ဆန့်ကျင်ဘက်ဖြစ်နေသောအရာလေးများ ရှိနေပါသော်လည်း နတ်မိမယ်ကျစ်ရွှမ်မှာ လှမြဲလှနေတော့သည်။

ပုံစံအပြောင်းအလဲကြောင့် ရွှီချင်းမှာ အကြိမ်အနည်းငယ်ခန့် အလိုလို ကြည့်လိုက်မိသည်။

“ ငါ လှလား ”

နတ်မိမယ်ကျစ်ရွှမ်က ခေါင်းလေးစောင်းငဲ့၍ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်သည် ခပ်လွင်လွင်ကလေး ရယ်မောလိုက်ပြီး သင်္ဘောလက်ရန်းကို ပုတ်လိုက်သည်။

“ နင့်သင်္ဘောက မဆိုးဘူး။ ဒီသင်္ဘောနဲ့ပဲ နင်မြင်ခဲ့တဲ့ ရွှမ်ယုံဂိုဏ်းဆီ သွားကြမယ် ”

ထိုသို့ပြောပြီးသည်နှင့် နတ်မိမယ်ကျစ်ရွှမ်သည် လှည့်၍ နေရောင်ခြည်အငွေ့အသက်များ ကိန်းအောင်းနေသော လေများကို ရှူရှိုက်လိုက်သည်။ ထို့နောက် သေရည်ပုလင်းကို ယူလိုက်ပြီး မော့သောက်လိုက်ပြန်သည်။

ရွှီချင်းသည် လက်ရန်းပေါ်တွင် ထိုင်နေသော နတ်မိမယ်ကျစ်ရွှမ်ကို ကြည့်လိုက်ရင်း စိတ်ထဲတွင် ချီတုံချတုံ ဖြစ်သွားရသည်။ သူ၏သင်္ဘောပေါ်တွင် အဆိပ်များစွာ ရှိသည်။ အနိမ့်ဆုံး အဆိပ်ဆေးနှစ်ရာခန့် သူ ဖြန့်ကျဲထားသည်။ သင်္ဘောကုန်းပတ်ပေါ်တွင်ဖြစ်စေ၊ သင်္ဘောလက်ရန်းပေါ်တွင် ဖြစ်စေ၊ သင်္ဘော၏အစိတ်အပိုင်းတိုင်းမှာ အဆိပ်များဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်၏ကျင့်ကြံခြင်းအဆင့်ဖြင့် သူ၏အဆိပ်များက မည်သို့မျှ ဖြစ်မည်မဟုတ်ကြောင်း သူ တွေးလိုက်မိသည်။ ထို့ကြောင့် သူ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သင်္ဘောကြီး တုန်ခါသွားပြီး လေထဲသို့ တဖြည်းဖြည်း မြင့်တက်သွားသည်။ သင်္ဘေကြီး၏ ဦးတည်ရာအရပ်ကို သူ ပြောင်းလဲလိုက်ပြီးနောက် အင်မော်တယ်အားတိုးမြစ်ရှိရာအရပ်သို့ သွားလိုက်သည်။

သင်္ဘောကြီး၏ ရွက်တိုင်များသည် ထည်ဝါစွာဖြင့် မြင့်တက်လာသည်။

ရွှီချင်းသည် သင်္ဘောထိပ်ဦးတွင် ရပ်နေသည်။ သူသည် သင်္ဘောကို ထိန်းချုပ်နေစဉ် သူ၏ခရမ်းရောင်တာအိုဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။

ဘေးရှိ လက်ရန်းပေါ်တွင် ပြိုင်စံရှားအလှနတ်မိမယ်ကျစ်ရွှမ် ထိုင်နေသည်။ သူမသည် အဝေးသို့ ငေးကြည့်ရင်း သွယ်လျသောခြေတံရှည်ရှည်လေးကို ညင်သာစွာ ဝှေ့ယမ်းနေသည်။ သူမသည် သေရည်သောက်နေရင်း လေညင်းလေးကို ခံစားနေသည်။ မဟူရာဆံပင်ရှည်များသည်လည်း တဖျပ်ဖျပ်လွင့်နေပေသည်။

ထိုမြင်ကွင်းကိုသာ ပန်းချီရေးဆွဲမည်ဆိုပါက နက်ရှိုင်းသောအနုပညာအယူအဆတစ်ခုပါဝင်နေသော လက်ရာမြောက်ပန်းချီကားတစ်ချပ် ဖြစ်သွားမည်မှာ သေချာသည်။

ဆိပ်ကမ်းရှိ ချောင်တစ်ချောင်မှ ခေါင်းဆောင်၏ခေါင်း ပြူထွက်လာသည်။ သူသည် လက်ထဲရှိ မှတ်တမ်းတင်ကျောက်စိမ်းပေလွှာကို ထုတ်လိုက်ပြီး ထိုမြင်ကွင်းအား အလျင်အမြန် မှတ်တမ်းတင်လိုက်သည်။

“ ဒါ ချင်းလေးရဲ့ ပထမဆုံးချိန်းတွေ့တာပဲ။ ဒီလိုအဖိုးတန်မြင်ကွင်းတစ်ခုကို ငါ သိမ်းထားရမယ်။ နောင်တစ်ချိန်ကျ မြင့်မားတဲ့ဈေးနှုန်းတစ်ခုနဲ့ ငါ ရောင်းလို့ရချင်ရမှာ ”

ခေါင်းဆောင်၏မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားခြင်းများဖြင့် ပြည့်နေသည်။

သို့သော်လည်း မနီးမဝေးရှိ အဆောင်တစ်ခုထဲတွင် အမှတ်ခုနစ်သခင်ကြီး မတ်တတ်ရပ်နေသည်ကို သူ သတိမထားမိပေ။ အမှတ်ခုနစ်သခင်ကြီးသည် သင်္ဘောပျံကြီးကို ကြည့်၍ သက်ပြင်းချလိုက်သည်။

“ အဲဒါ အရင်တုန်းက မရေမတွက်နိုင်တဲ့ ကောင်းကင်လက်ရွေးစင်တွေ စွဲလမ်းတပ်မက်ခဲ့ရတဲ့ နတ်မိမယ်ကျစ်ရွှမ်မှ ဟုတ်ရဲ့လား။ ဒီကလေးက ငါ ငယ်ငယ်တုန်းကလို စော်ကြည်တာပဲ ”

ဆရာတပည့်နှစ်ဦး၏ အကြည့်များအောက်တွင် သင်္ဘောကြီးသည် ချီရွှဲ့ထုံဂိုဏ်းမှ ထွက်ခွာကာ အင်မော်တယ်အားတိုးမြစ်လက်တက်ခွဲတစ်လျှောက် ဆန်တက်သွားသည်။

ကောင်းကင်ကြီး ကြည်လင်ကာ တိမ်များ ရှင်းလင်းနေသည်။ ကြည်ပြာရောင်ကောင်းကင်ကြီးသည် ကြည်လင်သောရေကန်နှင့် ဆင်တူပြီး မြင်ရသူ၏စိတ်ကို လွတ်လပ်ပေါ့ပါးသွားစေသည်။ သင်္ဘောထိပ်ဦးတွင် ရွှီချင်းသည် ဘေးဘီဝဲယာကို မကြည့်ဘဲ သင်္ဘောကို အတတ်နိုင်ဆုံး ထိန်းချုပ်နေသည်။

နတ်မိမယ်ကျစ်ရွှမ်နှင့် တစ်ယောက်တည်းရှိနေရခြင်းသည် ရွှီချင်းကို အနည်းငယ် စိုးရိမ်ကြောက်လန့်စေသည်။ နတ်မိမယ်ကျစ်ရွှမ်၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကြောင့်သာမက သူမ၏အပြုအမူများကြောင့်လည်း သူ စိတ်မသက်မသာ ခံစားနေရသည်။

ထို့ကြောင့် သူသည် သင်္ဘောအား ထိန်းချုပ်ရာတွင်သာ အာရုံစိုက်ထားသည်။

ထိုသို့ဖြင့် အချိန်များ စီးဆင်းသွားပြီး တစ်နေ့တာ ကုန်လွန်သွားသည်။

ရွှီချင်းမှာ စိုးရိမ်ပူပန်စိတ် မပြေသေးသော်လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအတောအတွင်း နတ်မိမယ်ကျစ်ရွှမ်က စကားတစ်ခွန်းမျှ မဆိုသောကြောင့် ဖြစ်ပေသည်။ နတ်မိမယ်ကျစ်ရွှမ်သည် သင်္ဘောလက်ရန်းပေါ်တွင်ထိုင်ကာ သေရည်သောက်နေရသည်ကို သဘောတွေ့နေဟန်တူသည်။ သူမသည် လေတဖြူးဖြူးတိုက်ခတ်သည်ကို ခံစားရင်း အဝေးသို့ ငေးကြည့်နေ၏။

နေ့ခင်းက ကောင်းကင်ကြီး ကြည်လင်နေခဲ့သည့်အတွက်ကြောင့်ပေလော၊ ညအခါတွင် ပုံမှန်ထက် ကြယ်အလင်းရောင်များ ပို၍ ဖြာကျလာပြီး နတ်မိမယ်ကျစ်ရွှမ်၏ ပတ်လည်တွင် အလိုလို စုစည်းသွားသည်။

ယင်းကြောင့် နဂိုကတည်းက လှပနေခဲ့သော နတ်မိမယ်ကျစ်ရွှမ်အား ကြယ်များကပါ ဝန်းရံထားဟန်တူနေသည်။ မျက်နှာလေးသည်လည်း တဖျပ်ဖျပ်ဝင်းလက်တောက်ပကာ အပြစ်ဆိုရက်စက်မရှိအောင် လှပနေသည်။ တချိန်တည်းမှာပင် လူသားလောကသို့ ဆင်းသက်လာသော ငွေစန္ဒာလမင်းကြီးပေါ်ရှိ နတ်မိမယ်အလား သူမသည် သန့်ရှင်းစင်ကြယ်ကာ ကျက်သရေရှိနေသည်။

သို့သော်လည်း ထိုနတ်မိမယ်သည် ညင်သာနူးညံ့နေဟန်မရှိတော့ဘဲ ထိုက်စီကြမ္မာဆိုးတောင်ကြီးဆီသို့ ကြည့်ရင်း သူမ၏ကိုယ်တွင် အအေးဓာတ်အရိပ်အငွေ့များ လွှမ်းခြုံလာပုံရသည်။

ရွှီချင်းသည်လည်း လှမ်းကြည့်လိုက်ရာ ထိုနေရာ၌ ဂိုဏ်းတစ်ဂိုဏ်းရှိနေပုံရသည်ကို သတိထားမိလိုက်သည်။ ထိုနေရာက အလွန်ဝေးကွာသည်ဖြစ်၍ သူ ရှင်းရှင်းလင်းလင်း မမြင်ရသောကြောင့် ဂိုဏ်းဟု ထင်မှတ်မိလိုက်ခြင်း ဖြစ်သည်။ လေအဝှေ့တွင် စူးစူးဝါးဝါးအော်ဟစ်သံများနှင့် ငိုကြွေးသံများကိုသာ သူ ခပ်ယဲ့ယဲ့ ကြားရသည်။

“ သွားကြည့်ကြစို့ ”

နတ်မိမယ်ကျစ်ရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ယင်းသည် နတ်မိမယ်ကျစ်ရွှမ်ထံမှ အေးစက်တင်းမာသောအမူအရာနှင့် လေသံကို ရွှီချင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူ၏စိတ်ထဲ တုန်ရီသွားပြီး မှော်သင်္ဘောကို လှည့်၍ ထိုက်စီကြမ္မာဆိုးတောင်ကြီးဆီသို့ ဦးတည်လိုက်သည်။

သူ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ဘဲ တောင်ထိပ်ပေါ်တွင် တည်ဆောက်ထားသော ခံတပ်ကြီးတစ်ခုဖြစ်ကြောင်း မြင်လိုက်ရသည်။ ယင်းခံတပ်ကြီးထဲတွင် လူသားများနှင့် လူသားမဟုတ်သောမျိုးနွယ်ဝင်များအပါအဝင် လေလွင့်ကျင့်ကြံသူတစ်ရာကျော်ရှိသည်။ အများစုထံမှ သွေးညှီနံ့များ ထွက်ပေါ်နေသည်။ ခံတပ်ကြီးထဲတွင် သွေးစွတ်ကြောင်းများစွာ ရှိပြီး အလယ်တွင် ထွင်းထားသော မန္တန်အစီအရင်ကြီးတစ်ခုပင် ရှိသည်။

ယဇ်ပူဇော်သည့်အလား မရေမတွက်နိုင်သော အလောင်းများကို မန္တန်အစီအရင်ကြီးပေါ်တွင် ပုံထားသည်။

ယဇ်ပူဇော်ခြင်းကို စတင်လိုက်စဉ် ဖော်ပြ၍မရနိုင်သော မိစ္ဆာအငွေ့အသက်များ မန္တန်အစီအရင်ကြီးထဲမှ ပျံ့လွင့်လာသည်။ တဂျွမ်းဂျွမ်းဝါးစားသံများလည်း ထွက်ပေါ်လာ၏။ ဘေးပတ်လည်ရှိ ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံသူတစ်ရာကျော်က ရူးနှမ်းသောအမူအရာများဖြင့် ပူဇော်လိုက်ကြသည့်အလား ဝမ်းလျားများ မှောက်လိုက်ကြသည်။

ရွှီချင်းသည် ကြည့်လိုက်ပြီး မျက်လုံးများ မှေးသွားသည်။ သူ့စိတ်ထဲ ထိတ်လန့်တုန်ရီသည့်ခံစားချက် ပေါ်လာသည်။

ထိုကျင့်ကြံသူတစ်ရာကျော်က ဘာမှမဟုတ်ပေ။ အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်သည်ပင် ကောင်းကင်နန်းတော်တစ်ခုနှင့် ရွှေအမြုတေအဆင့်သာ ဖြစ်သည်။ သူ၏စိတ်ကို တုန်ရီသွားစေသည်မှာ မန္တန်အစီအရင်ကြီးထဲမှ ထုတ်လွှတ်နေသော မိစ္ဆာအငွေ့အသက်များကြောင့် ဖြစ်ပေသည်။

“ ယင်ဟွမ်ပြည်နယ်ထဲက မိစ္ဆာတွေကို ယဇ်ပူဇော်ခြင်းလုပ်တာကို တင်းတင်းကြပ်ကြပ် တားမြစ်တယ်လို့ ဓားကိုင်တွေ ကြေညာခဲ့တယ်။ ရှစ်ဂိုဏ်းမဟာမိတ်ကလည်း အဲဒီလိုမျိုး ကြေညာချက် ထုတ်ပြထားတယ်။ မင်းတို့ကောင်တွေ အတင့်ရဲလှချည်လား ”

နတ်မိမယ်ကျစ်ရွှမ်၏အသံ တည်ငြိမ်နေသည်။ ညကောင်းကင်ယံတွင် ထိုအသံ လွင့်ပျံသွားစဉ် မန္တန်အစီအရင်ကြီးထဲမှ မိစ္ဆာအငွေ့အသက်များသည် ကြောက်လန့်တုန်ရီသွားသည့်အလား မငြိမ်မသက်ဖြစ်လာသည်။ ၎င်းမှာ နောက်ဆုတ်ချင်နေသည့်အလား အလျင်အမြန် ကျုံ့ဝင်သွား၏။

ဘေးပတ်လည်ရှိကျင့်ကြံသူများမှာ မျက်နှာများ ပျက်သွားကြသည်။ သို့သော်လည်း မှော်သင်္ဘောကြီးကို သူတို့ ရှင်းရှင်းလင်းလင်း မမြင်ရသေးဘဲ စကားပြန်မပြောနိုင်ခင်မှာပင် နတ်မိမယ်ကျစ်ရွှမ်က ဖြူဖွေးသွယ်လျသောလက်ကို မြှောက်၍ ညင်သာစွာ အောက်ချလိုက်သည်။

သူမ လက်ကိုအောက်ချလိုက်သည့်ပုံတွင် ဖော်ပြ၍ မရနိုင်သော ဝိညာဉ်စိတ်ဆန္ဒတစ်ခု ပါဝင်နေသည်ဟု ရွှီချင်း ထင်လိုက်သည်။ သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ ထိုလက်ကလေး ဝှေ့ယမ်းလိုက်ခြင်းတွင် လောကနိယာမများအား နှိုးဆွလိုက်သည်ဟူ၍သာ ခံစားလိုက်ရသည်။ မည်သည့်နတ်အစွမ်းမျှ ရှိမနေသလို ဂါထာမန္တန်များ ရွတ်ဖတ်လိုက်ခြင်းလည်း မဟုတ်ပေ၊ သို့သော် …

တုန်ရီနေသော ကျင့်ကြံသူတစ်ရာကျော် ကျုံ့သွားသည်။ မန္တန်အစီအရင်ကြီးနှင့် အထဲရှိ မိစ္ဆာအရှိန်အဝါပင် ကျုံ့သွားပြီး တောင်တစ်ခုလုံးသည်ပင် မျက်တောင်တစ်ခတ်အတွင်း ကျုံ့ဝင်သွားကာ ရွှီချင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကြောင့် ရွှီချင်း၏စိတ်ထဲ တုန်ရီသွားသည်။ ကျောက်စရစ်ခဲတစ်လုံး ပျံသန်းလာပြီး နတ်မိမယ်ကျစ်ရွှမ်၏ လက်ချောင်းများကြားထဲ ဆင်းသက်သွားသည်။

ရွှီချင်းသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို လှည့်ပတ်လိုက်ပြီး ကျောက်စရစ်ခဲကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံးတွင် ကျောက်စရစ်ခဲက တောင်တစ်လုံးပုံစံရှိသည်ကို သူ မြင်လိုက်ရသည်။ ထိုတောင်သည် သူ စောစောက မြင်ခဲ့ရသော တောင်ပင်။

တောင်ပေါ်ရှိ ကျင့်ကြံသူများနှင့် မန္တန်အစီအရင်သည် အဆပေါင်းမရေမတွက်နိုင်လောက်အောင် ကျုံ့သွားခဲ့သည်။ ထိုအချိန်၌ သူတို့အားလုံး ကြောက်လန့်တုန်ရီကာ သွေးပျက်ချောက်ချားနေကြသည်။

နတ်မိမယ်ကျစ်ရွှမ်က အသာအယာ ဖိလိုက်သည်။

ဖျစ်ခနဲ မြည်သံနှင့်အတူ ကျောက်စရစ်ခဲမှာ ဖုန်မှုန့်များဖြစ်ကာ ပျောက်သွားသည်။

“ ကလေး၊ ဘာစောင့်နေတာလဲ။ ဆက်သွားကြမယ်။ တောင်တန်းတစ်လျှောက် သွားလိုက်။ တောင်ရှူခင်းကို ငါ ကြည့်ချင်တယ် ”

သင်္ဘောလက်ရန်းပေါ် ထိုင်နေသော နတ်မိမယ်ကျစ်ရွှမ်သည် ရွှီချင်းကို တစ်ချက်ကြည့်ကာာ ပေါ့ပါးစွာ ပြုံးပြလိုက်သည်။

ထိုအပြုံးသည် အအေးဓာတ်နေရာတွင် အစားထိုးသွားပြီး လရောင်ထက်ပင် ပို၍ ဆွဲဆောင်မှုရှိနေပေသည်။

#ဒီနေ့လည်း တစ်ပိုင်းပဲ လာပါမယ်။ မနေ့ကနဲ့ ဒီနေ့ တစ်နေ့လုံး တုတ်ကွေးမိနေလို့ပါ။ နည်းနည်းတော့ ပြန်သက်သာလာပါပြီ။ ရောင်းရင်းတို့လည်း ဒီရက်ထဲ ဂရုစိုက်ကြပါ။

All Chapters