← Chapters

လူသားလောကသံစဉ်

Vol. 26 Ch. 399

လူသားလောကသံစဉ်

Vol. 26 Ch. 399

ရွှီချင်းသည် လေနှင့်အတူ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသော ဖုန်မုှန့်များကို ကြည့်လိုက်သည်။ ထိုလူများ၏ သေဆုံးခြင်းကို သူ ဂရုမစိုက်ချေ။ သူ တည်ကြည်လေးနက်သွားရသည်မှာ ဗလာနတ္ထိအဆင့်၏ နည်းလမ်းကြောင့် ဖြစ်သည်။

ထိုနည်းလမ်းသည် ရိုးရှင်းပါသော်ငြား ထိုနည်းလမ်းတွင် ပါဝင်နေသော နက်နဲဆန်းကြယ်မှုသည် ရွှီချင်း၏နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး တောင်တည်ရှိရာနေရာကို ကြည့်လိုက်သည်။

ထိုနေရာသည် ပြားချပ်နေပြီ ဖြစ်၏။

ရွှီချင်းသည် တိတ်ဆိတ်စွာဖြင့် သင်္ဘောကို မောင်းလိုက်သည်။ နတ်မိမယ်ကျစ်ရွှမ်မှာ စိတ်ကောင်းဝင်နေဟန်တူသည်။ အချိန်တိုင်း သေရည်အိုးကို နီစွေးသောနှုတ်ခမ်းဖျားတွင် တေ့ကာ သောက်နေတတ်သည်။

သူမ၏ပုံစံက ချစ်စဖွယ်အမူအရာလျော့နည်းသွားပြီး ပို၍ ရဲရင့်လာဟန်တူသည်။

သို့သော် ထိုပုံစံသည် သူမ၏အလှကို နည်းနည်းမျှ လျော့မသွားစေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လွတ်လပ်ပေါ့ပါးစွာ သေရညသောက်နေသည့် သူမ၏ပုံစံက ပို၍ပင် စွဲဆောင်မှုရှိစေသည်။

ရွှီချင်းသည် သေရည်သောက်နေသော နတ်မိမယ်ကျစ်ရွှမ်ကို မကြာခဏ ကြည့်တတ်သည်။

သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်၏ ကျင့်ကြံခြင်းအဆင့်ကို သူ တွေးမိသွားပြီး မည်မျှပင် သောက်သည်ဖြစ်စေ မူးမည်မဟုတ်ကြောင်း တွေးမိကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ရွှီချင်း၏အကြည့်ကို သတိထားမိ၍ နတ်မိမယ်ကျစ်ရွှမ် ပြုံးလိုက်ပြီး ရွှီချင်းအား သေရည်အိုး ကမ်းပေးလိုက်သည်။

“ နည်းနည်းလောက် သောက်မလား ”

ရွှီချင်း ခေါင်းယမ်းပြလိုက်သည်။

“ ကလေး၊ နင်က နည်းနည်း ငြီးငွေ့စရာပဲ ”

နတ်မိမယ်ကျစ်ရွှမ်သည် တခစ်ခစ် ရယ်မောလိုက်ပြီး နောက်တစ်ကျိုက် သောက်လိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်စွန်းမှ သေရည်စက်အနည်းငယ်က လေနှင့်အတူ လွင့်ပါသွားသည်။

တိုက်ဆိုင်ခြင်းပေလော၊ သေရည်တစ်စက်က သေရည်၏အနံ့များကို ဆောင်ကြဉ်းလျက် ရွှီချင်း၏မေးပေါ်သို့ ကျသွားသည်။ ရွှီချင်း၏နှာခေါင်းထဲ သေရည်နံ့တိုးဝင်သွားစဉ် နတ်မိမယ်ကျစ်ရွှမ်သည် မြစိမ်းရောင်ပုလွေတစ်လက်ကို ထုတ်လိုက်ပြီး လွတ်လပ်ပေါ့ပါးစွာဖြင့် မှုတ်လိုက်သည်။

ထိုပုလွေသံစဉ်သည် အလွန် နားဝင်ချိုသည်။ ရွှီချင်းသည် ဂီတကို နားမလည်ပါသော်ငြား ထိုသံစဉ်က စိတ်ဓာတ်တက်ကြွစေကြောင်း သူ ပြောနိုင်သည်။

ထိုပုလွေသံစဉ်သည် လူသားလောကကြီးထဲ လျှောက်လှမ်းနေသော ကောက်ရိုးမိုးကာအင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ဓားရှည်တစ်လက်ကို ကိုင်ဆွဲ၍ အတိတ်အကြောင်း ပြောပြနေသည့်ဟန်တူသည်။

ထိုသံစဉ်တွင် နောင်တရနေသည့်အရိပ်အယောင်များလည်း ပါဝင်နေ၏။

ရွှီချင်းသည် နားထောင်နေစဉ်း တဖြည်းဖြည်း စိတ်လက်ပေါ့ပါးလာပြီး သံစဉ်ထဲ နစ်မျောသွားသည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။

လရောင်အောက်၌ အဖြူရောင်ဝတ်စုံဝတ် နတ်မိမယ်ကျစ်ရွှမ်သည် လူသားလောကသို့ သက်ဆင်းလာသော နတ်မိမယ်တစ်ပါးနှင့် ဆင်တူသည်။ သူမ၏မျက်လုံးများသည် ဝေဝါးနေပြီး သံစဉ်က လွင့်မျောနေသည်။

တောင်လေပြေက သံစဉ်ကို အဖော်ပြုကာ ဝေးသည်ထက်ဝေးရာသို့ သယ်ဆောင်သွားသည်။

ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးသည် ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် အမြဲတစေ ပြည့်နှက်နေတတ်ပါသော်ငြား ယခုအခါတွင် ပုလွေသံစဉ်ထဲ နစ်မျောသွားပုံရပြီး တိတ်ဆိတ်ငြိမ်သက်လာသည်။

လောကကြီးတစ်ခုလုံးတွင် နတ်မိမယ်ကျစ်ရွှမ်တစ်ယောက်သာ ကျန်ရှိနေသည့်အလားပင်။ တဖြည်းဖြည်းနှင့် ပုလွေသံစဉ်ထဲရှိ နောင်တရခြင်းအရိပ်အငွေ့များက အထီးကျန်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ရွှီချင်းသည် ပုလွေသံစဉ်ထဲရှိ အထီးကျန်ခြင်းများကို ခံစားမိလိုက်ပြီး နတ်မိမယ်ကျစ်ရွှမ်ကို ကြည့်လိုက်မိသည်။ ပြောင်ရှင်းနေသော တောင်ကြားတစ်ခုထဲရှိ ထီးထီးကြီး ပွင့်လန်းနေသော သစ်ခွပင်တစ်ပင်အလား နတ်မိမယ်ကျစ်ရွှမ်၌ နူးညံ့သောအရိပ်အယောင်များအပြင် အထီးကျန်ခြင်းများလည်း ရှိနေသည်။

သူမ ဖူးဖွင့်ချိန် သို့မဟုတ် သူမ၏အလှကို မျက်မြင်ကြုံတွေ့ရသောအချိန်တွင် သူမကို လေးစားရန် တစ်ယောက်မှ မလိုအပ်ခဲ့ပေ။ သူမသည် သူမအတွက်သာ ပွင့်လန်းနေခြင်းဖြစ်ပြီး စိတ်ထဲတွင်လည်း မဆုတ်မနစ်ကြိုးစားစိတ်သာ ရှိခဲ့သည်။

ရွှီချင်းသည် သူ၏မျက်လုံးများထဲရှိ လှပသောပုံရိပ်ကို ကြည့်၍ နတ်မိမယ်ကျစ်ရွှမ် ငယ်စဉ်အခါက မရေမတွက်နိုင်သော လူငယ်များစွာ၏ အရူးအမူးစွဲလမ်းခြင်း ခံခဲ့ရကြောင်း ခေါင်းဆောင်၏စကားကို ရုတ်တရက် နားလည်သွားသည်။

ရွှီချင်းမှာ နတ်မိမယ်ကျစ်ရွှမ်ကို အရူးအမူးစွဲလမ်းသည်မဟုတ်ဘဲ ပုလွေသံစဉ်ထဲတွင် ရောယှက်နေသည့် နောင်တရခြင်းများကို ကြိုက်နှစ်သက်ခြင်းသာ ဖြစ်သည်။ ပုလွေသံစဉ်ထဲရှိ အထီးကျန်ခြင်းကိုလည်း သူ သဘောကျသည်။

သူ မျက်လုံးများ မှိတ်လိုက်သည်။ ယင်းသည် သူ၏ကလေးဘဝ၊ ရုန်းကန်နေရသော သူ့ဘဝ၊ ခေါင်းဆောင်လဲ့နှင့် သမားတော်ကြီးပိုင်တို့ကို သတိရသွားစေသည်။

သူ သေရည်သောက်ချင်လာသည်။

အချိန်အတော်ကြာပြီးနောက် မိုးသောက်ယံသို့ ရောက်လာသည်။

ပုလွေသံစဉ်က တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသည်။ နေမင်းကြီး မြင့်တက်လာသည့်အခိုက် နတ်မိမယ်ကျစ်ရွှမ်သည် ရွှီချင်းကို ကျောပေး၍ သင်္ဘောထိပ်ဦးမှာ ရပ်လိုက်ပြီး ကောင်းကင်ကြီး လောင်ကျွမ်းနေသည့်မြင်ကွင်းကို ကြည့်လိုက်သည်။

“ ရွှီချင်း၊ နေထွက်တာကို ကြည့်ရတာ ကြိုက်လား ”

“ တစ်ခါတလေတော့ ကြိုက်ပါတယ် ”

ရွှီချင်းသည် တွေးတောလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ နေထွက်လာတဲ့အချိန်ကို ငါ ကြိုက်တယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ထွက်လာတဲ့အလင်းက အလှဆုံး ဖြစ်နေလို့ ”

နတ်မိမယ်ကျစ်ရွှမ်က ညင်သာစွာ ပြောလိုက်သည်။ သူမသည် ရပ်နေရင်း ကောင်းကင်ကြီးကို ငေးကြည့်နေသည်။ ရွှီချင်းသည်လည်း ကောင်းကင်ကြီးကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက်သည် နေမင်းကြီး အထက်ကောင်းကင်ယံသို့ ရောက်လာသည့်တိုင်အောင် နှုတ်ဆိတ်နေကြသည်။ မရေမတွက်နိုင်သော နေရောင်ခြည်တန်းများ လောကတစ်ခွင် ဖြန့်ကျက်လာပြီး ညအမှောင်ထုကို အရည်ပျော်ကျစေကာ ထိုက်စီကြမ္မာဆိုးတောင်တန်းကြီး၏ အမှောင်လွှာကို မ,တင်နေပေရာ ထိုအချိန်၌ လောကကြီး လင်းထိန်လာဟန်တူသည်။

ထိုနေ့သစ်တွင် ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးထဲမှ ရန်လိုသောအကြည့်တစ်စက ရွှီချင်း၏ မှော်သင်္ဘောပေါ် ရုတ်တရက် ကျရောက်လာသည်။

ထို့ကြောင့် နတ်မိမယ်ကျစ်ရွှမ်၏ မျက်နှာပေါ်တွင် မနှစ်မြို့သောအရိပ်အယောင်တစ်ခု ပေါ်လာသည်။

ထို့နောက် ထိုရန်လိုသောအကြည့်သည် နတ်မိမယ်ကျစ်ရွှမ်ပေါ်သို့ ကျရောက်သွားသောအခါ ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံ့ခြင်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

သို့သောလည်း နတ်မိမယ်ကျစ်ရွှမ်ကို နှောင့်ယှက်လိုက်သည့်အကျိုးဆက်က အလွန် ပြင်းထန်ပေသည်။

နတ်မိမယ်ကျစ်ရွှမ်သည် နှင်းပွင့်ပမာဆွတ်ဆွတ်ဖြူသော လက်သွယ်သွယ်လေးကို မြှောက်၍ အသာအောက်ချလိုက်သည်။ မနီးမဝေးရှိ တောင်လေးတစ်လုံးမှာ ပကတိမျက်စိနှင့် မြင်နိုင်သည့်နှုန်းဖြင့် လောင်ကျွမ်းလာပြီး ချက်ချင်းပင် ပြာဖြစ်သွားသည်။

ဖြစ်စဉ်တစ်ခုလုံး မျက်တောင်တစ်ခတ်သာ ကြာလိုက်သည်။ ယင်းသည် အလွန် မြန်ဆန်ပြီး စူးစူးဝါးဝါးအော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။ တောင်အပါအဝင် တောင်ပေါ်ရှိ အရာအားလုံး လောကကြီးထဲမှ ပျောက်ကွယ်သွားတော့သည်။

ယင်းနောက် နတ်မိမယ်ကျစ်ရွှမ်သည် အကျောဆန့်လိုက်ပြီး ရွှီချင်းထံသို့ လျှောက်သွားသည်။ ရွှီချင်း စိုးရိမ်ထိတ်လန့်သွားစဉ် နတ်မိမယ်ကျစ်ရွှမ်သည် သူ့ရှေ့သို့ ရောက်လာပြီး သူ၏မျက်လုံးများထဲသို့ ကြည့်လိုက်သည်။ သူမ၏အကြည့်သည် နက်ရှိုင်းပြီး သူမအား ကြည့်မိသူကို ငေးကြောင်သွားစေရန် အလွန် လွယ်ကူသည်။

ရွှီချင်းသည် သူမ၏အကြည့်ကို အလိုလို ရှောင်လွှဲလိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်သည် ပေါ့ပါးစွာ ပြုံးလိုက်ပြီး စကားတစ်ခွန်းမဆိုဘဲ အခန်းလေးထဲသို့ လျှောက်သွားသည်။

ရွှီချင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ဂိုဏ်းထဲမှ ထွက်လာပြီးနောက် အချိန်များက အလွန်နှေးကွေးစွာ သွားနေသည်ဟု သူ တွေးမိလိုက်သည်။ ထိုအချိန်၌ သူသည် မှော်သင်္ဘောကို အပြည့်အဝ အသက်သွင်းလိုက်ပြီး နတ်စွမ်းအားကိုပင် နှိုးဆွကာ အရှိန်အဟုန်ပြင်းစွာ မောင်းနှင်လိုက်သည်။

တစ်ရက်တာ မြန်ဆန်စွာ ကုန်လွန်သွားပြီး ညအချိန် ရောက်လာပြန်သည်။

ထိုညက နတ်မိမယ်ကျစ်ရွှမ်သည် လက်ရန်းပေါ်တွင် ထိုင်မြဲထိုင်နေပြီး ရံဖန်ရံခါ သေရည်ကို မော့သောက်ကာ ပုလွေကို မှုတ်နေသည်။ ပုလွေသံစဉ်သည် လွတ်လပ်ပေါ့ပါးနေသည်။ ရွှီချင်းသည် ယမန်နေ့ညက အချိန်ကြာမြင့်စွာ နားထောင်ခဲ့သည့်တိုင်အောင် ပုလွေသံစဉ်ကို သဘောကျနေဆဲပင်။

ညသန်းခေါင်ယံတွင် ကောင်းကင်တစ်ခွင် တိမ်မည်းများဖြင့် ပြည့်နှက်နေပြီး လင်းထိန်နေသော လမင်းကြီးကို ကွယ်ဝှက်ထားသည်။ မိုးရွာတော့မည့်အလား မိုးခြိမ်းသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ပုလွေသံစဉ်ပျောက်ကွယ်သွားပြီး နတ်မိမယ်ကျစ်ရွှမ်က သေရည်ကို သောက်လိုက်စဉ် ရွှီချင်းမှာ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

“ ဆရာမ၊ အဲဒီသံစဉ်မှာ နာမည်ရှိလားခင်ဗျ ”

“ နင် ကြိုက်လို့လား ”

နတ်မိမယ်ကျစ်ရွှမ်သည် သေရည်အိုးကို အောက်ချလိုက်ပြီး ရွှီချင်းအား ကြည့်လိုက်သည်။

ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။

“ နင် ပုလွေမှုတ်တတ်လား ”

ရွှီချင်း ခေါင်းယမ်းပြလိုက်သည်။

“ ငါ သင်ပေးမယ် ”

နတ်မိမယ်ကျစ်ရွှမ်သည် ပြောရင်းဆိုရင်း လျှောက်သွားသည်။ နတ်မိမယ်ကျစ်ရွှမ်ကို ရွှီချင်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပင် နတ်မိမယ်ကျစ်ရွှမ်က သူ့ဘေးသို့ ရောက်နေပြီဖြစ်ပြီး ပုလွေကို သူ့ရှေ့မှာ ထားလိုက်သည်။

ရွှီချင်းသည် ချီတုံချတုံဖြစ်နေလျက် ပုလွေကို ယူလိုက်စဉ် နတ်မိမယ်ကျစ်ရွှမ်က သူ့နောက်သို့ ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ဖက်တစ်ချက်စီမှ သူမ၏လက်နှစ်ဖက် ဆန့်ထွက်လာပြီး သူ၏လက်ပေါ် ဖိလိုက်သည်။ သူတို့ အသားချင်းထိသွားစဉ် သူ တုန်ရီသွားသည်။ အထူးသဖြင့် သူတို့နှစ်ယောက် ထိကပ်လုနီးပါး ဖြစ်နေသောအခါတွင် ဖြစ်ပေသည်။ သူ့နောက်မှ လာနေသော ကိုယ်သင်းနံ့ကြောင့် သူ၏နဖူးတွင် ချွေးများ ရွှဲနစ်လာသည်။ ပုလွေသံစဉ်နာမည် မေးမြန်းခဲ့သည်ကို သူ ချက်ချင်း နောင်တရမိသွားသည်။

“ ဒီပုလွေမှာ အပေါက်ဆယ့်နှစ်ပေါက်ရှိတယ်။ ခန္ဓာကိုယ်ဘယ်ခြမ်းမှာ ပုလွေကို ကိုင်ရမယ် ”

နတ်မိမယ်ကျစ်ရွှမ်၏ အသံချိုချိုလေးထဲတွင် ကိန်းအောင်းနေသော ဆွဲဆောင်မှုရှိသည့်အငွေ့အသက်က ရွှီချင်း၏စိတ်ထဲ ပျံ့လွင့်သွားသည်။ နတ်မိမယ်ကျစ်ရွှမ်သည် ရွှီချင်း၏လက်များကို မ,လိုက်ပြီး ပုလွေ၏အစွန်းတစ်ဖက်တွင် ထားလိုက်သည်။

သူမသည် သူ့ကို တစ်ဆင့်ချင်း အသေးစိတ်သင်ပြလိုက်သည်။ ရွှီချင်း၏ခန္ဓာကိုယ် တောင့်တင်းနေစဉ် နတ်မိမယ်ကျစ်ရွှမ်က ရွှီချင်း၏လက်များကို မ,၍ မှန်ကန်သော ကိုယ်ဟန်အနေအထားအတိုင်း သူ့နှုတ်ခမ်းများရှေ့မှာ ပုလွေကို ထားလိုက်သည်။

“ ကလေး၊ နင် သေချာသင်မှာရမှာ။ စိတ်ပျံ့လွင့်လို့မရဘူးနော်။ အခု လေထုတ်လိုက် ”

ရွှီချင်းသည် သူ့နားထဲတိုးဝင်လာသော နတ်မိမယ်ကျစ်ရွှမ်၏ ခပ်တိုးတိုးစကားသံများနှင့် လေပူတစ်ချက်ကို ခံစားမိလိုက်သည်။

ရွှီချင်း၏ခန္ဓာကိုယ် တဖြည်းဖြည်း တောင့်တင်းလာသည်။ စိုးရိမ်ပူပန်စိတ်အမြင့်ဆုံးသို့ ရောက်ရှိနေခြင်းကြောင့် သူ့နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူ အသက်ရှူချိန်အနည်းငယ်ခန့် ငြိမ်သက်နေပြီးနောက် သူ၏စိတ်ကို ခက်ခက်ခဲခဲဖြင့် ထိန်းချုပ်နိုင်သွားသည်။ နတ်မိမယ်ကျစ်ရွှမ်၏ သင်ပြပေးမှုအရ လေကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။

နားစည်ကွဲလုမတတ် စူးရှသောပုလွေသံ လေထဲ လွင်ပျံသွားသည်။

နတ်မိမယ်ကျစ်ရွှမ်သည် ရယ်မောလိုက်ပြီး သူ့ရှေ့သို့ လျှောက်လာသည်။ ထို့နောက် ဖြူနုသောလက်ချောင်းများကို မြှောက်လိုက်ပြီး သူ့ရှေ့ရှိ ပုလွေပေါ်မှာ ကြော့ရှင်းစွာ တင်လိုက်ပြီး အသံပေါက်တစ်ပေါက်ကို ပိတ်ဆို့လိုက်သည်။

“ ဒီလိုမျိုးလေ ”

နတ်မိမယ်ကျစ်ရွှမ်သည် စကားပြောရင်း ရွှီချင်းကို ကြည့်လိုက်သည်။ အပြုံးကြောင့် နီစွေးသောနှုတ်ခမ်းနှစ်လွှာက အနည်းငယ် ပွင့်အာသွားပြီး မျက်လုံးများထဲတွင် နက်နဲသောအရိပ်အယောင်များ ရှိနေသည်။ ပြစ်မျိုးမှဲ့မထင် နူးညံ့ချောမောသောမျက်နှာလေးကို အနီးကပ်မြင်ရသည်ဖြစ်၍ ရွှီချင်း၏မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် စိတ်ရှုပ်ထွေးခြင်းများ ပေါ်လာသည်။

ထိုစဉ် ကောင်းကင်ယံမှ မိုးခြိမ်းသံ မြည်ဟည်းသွားပြီး မိုးရေစက်များ လောကကြီးပေါ် ဆင်းသက်လာပြီး မှော်သင်္ဘော၏ အကာအကွယ်အလွှာပေါ်သို့ ကျရောက်သွားသည်။ တဖြောက်ဖြောက်မြည်သံများကြောင့် ရွှီချင်း၏ခန္ဓာကိုယ် တုန်ခါသွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။

“ ကျေးဇူးတင်ပါတယ် ဆရာမ။ ကျနော် နားလည်ပါပြီ။ ကျနော့်ဘာသာ ကြိုးစားကြည့်လိုက်ပါမယ် ”

နတ်မိမယ်ကျစ်ရွှမ် ပြုံးလိုက်သည်။ အထူးသဖြင့် ရွှီချင်း၏ စိုးရိမ်ထိတ်လန့်နေသောပုံစံအား မြင်ရသည်ကို သူမ သဘောကျဟန်တူသည်။ ထိုစကားကို ကြားသောအခါတွင် ရွှီချင်း၏မျက်လုံးများကို လှပသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ထို့နောက် ဘေးတွင် ထိုင်လိုက်ပြီး မေးထောက်၍ ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပုလွေကို ယူကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်၍ နတ်မိမယ်ကျစ်ရွှမ် သင်ပေးခဲ့သည့်နည်းလမ်းကို ပြန်စဉ်းစားကြည့်လိုက်သည်။ ခဏအကြာ သူ၏မျက်လုံးများ ပွင့်လာပြီး ညင်သာစွာ မှုတ်ထုတ်လိုက်သည်။ ယခုတစ်ခေါက်တွင် ပုလွေသံက စူးစူးဝါးဝါး ဖြစ်မနေတော့ဘဲ ခပ်တိုးတိုးသာ ဖြစ်နေပြီး မည်သည့်အလှတရားမျှ ရှိမနေပေ။

“ အချိန်ယူလိုက်ဦး၊ အလျဉ်မလိုနဲ့ ”

နတ်မိမယ်ကျစ်ရွှမ်က ညင်သာစွာ ပြုံးလိုက်သည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။

မိုးက ဆက်လက်ရွာသွန်းနေဆဲပင်။ တဖြောက်ဖြောက်မိုးသံများနှင့်အတူ မိုးခြိမ်းသံများသည်လည်း တဂျိမ်းဂျိမ်းမြည်ဟည်းနေ၏။

မှော်သင်္ဘောကြီးပေါ်၌ နတ်မိမယ်ကျစ်ရွှမ်သည်ကို ရွှီချင်းအား ကြည့်နေဆဲပင်။ သူမ၏အကြည့်သည် တဖြည်းဖြည်း နူးညံ့ပျော့ပျောင်းလာပြီး ရံဖန်ရံခါ ရွှီချင်းကို အမှန်ပြင်ပေးတတ်သည်။

ရွှီချင်းသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး အလေးအနက် လေ့လာလိုက်သည်။ မိုးသောက်ယံသို့ ရောက်သောအခါ မိုးများ စဲသွားပြီး သူသည်လည်း ပို၍ ကျွမ်းကျင်လာခဲ့သည်။ ပုလွေသံစဉ်က အတွေ့အကြုံနုနယ်သေးသည့်ခံစားချက်များကို ဆောင်ကြဉ်းလျက် အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။

ပုလွေသံက လေနှင့်အတူ မျောလွင့်သွားပြီး ထိုက်စီကြမ္မာဆိုးတောင်ကြီးပေါ် ကျရောက်သွားသည်။ အင်မော်တယ်အားတိုးမြစ်ကမ်းနဖူးများဆီသို့လည်း ပျံ့လွင့်သွားပေရာ မိုးရွာပြီးနောက် ဓာတ်နှောများ သန့်စင်နေသော သာမန်လူများ၏ ငေးကြောင်ကြောင့်မျက်ဝန်းများထဲ ခံစားချက်လှိုင်းများ ဖြစ်ပေါ်လာသည်။ သူတို့သည် ခေါင်းများမော့၍ ကောင်းကင်ကြီးကို ကြည့်လိုက်ကြသည်။

နတ်မိမယ်ကျစ်ရွှမ်သည် ယမန်နေ့ညကတည်းက ပထမဆုံးအကြိမ်အဖြစ် ရွှီချင်းထံမှ အကြည့်လွှဲသွားသည်။ မြစ်ကမ်းနဖူးဆီ သူမ ကြည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

“ ခဏလောက် စောင့်ဦး ”

နတ်မိမယ်ကျစ်ရွှမ်သည် မတ်တတ်ရပ်လိုက်ပြီး သင်္ဘောပေါ်မှ ဆင်းကာ ကမ်းခြေသို့ လျှောက်သွားသည်။

သာမန်လူများ၏အမြင်တွင် နတ်မိမယ်ကျစ်ရွှမ်သည် ဤလောကကြီးထဲ သူတို့ မြင်ဖူးသမျှ အရာများအနက် အလှပဆုံးဖြစ်ဟန်တူသည်။ ထို့ကြောင့် သူတို့ရင်ထဲတွင် သေးနုပ်သိမ်ဖျင်းသောခံစားချက်များ တဖွားဖွား ပေါ်လာသည်။

ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို နတ်မိမယ်ကျစ်ရွှမ် ပထမဆုံး ကြုံဖူးခြင်း မဟုတ်သည်မှာ သိသာပေသည်။ မည်သို့ ကိုင်တွယ်ရမည်ကို သူမ ကောင်းစွာ သိထားပြီး နွေးထွေးကြင်နာသောအမူအရာတစ်ခု ဆင်မြန်းလိုက်သည်။ ကြင်နာသောအပြုံးကြောင့် လူအားလုံး၏ စိတ်မသက်မသာခံစားချက်များ လွင့်စဉ်ပျောက်ကွယ်သွားသည်။

နတ်မိမယ်ကျစ်ရွှမ်သည် ဆိပ်ကမ်းပေါ် လှဲနေသော သေလုမျောပါးဖြစ်နေသည့် မိန်းကလေးတစ်ယောက်ဆီသို့ လျှောက်သွားသည်။

မိန်းကလေး၏ ခန္ဓာကိုယ်တစ်ဝက်ကျော်က ပုပ်သိုးဆွေးမြေ့နေပြီဖြစ်ပြီး ဓာတ်နှောများနှင့် ပြည့်နှက်နေကာ သွေးညှီနံ့များ တထောင်းထောင်းထနေသည်။ သို့သော်လည်း ငယ်ရွယ်နုပျိုစဉ်ကလေးတစ်ယောက်တွင် ရှိတတ်သော ဝင်းလက်တောက်ပသည့်မျက်ဝန်းများ ရှိနေဆဲပင်။ သို့သော် အသက်ဝိညာဉ်ဓာတ် ချုပ်ငြိမ်းလာသည်နှင့်အမျှ မျက်ဝန်းများထဲရှိ အလင်းက မှိန်ဖျော့လာနေသည်။

နတ်မိမယ်ကျစ်ရွှမ်သည် ရွံရှာအထင်သေးစိတ် စိုးစဉ်းမျှမရှိဘဲ မိန်းကလေးဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ မိန်းကလေး၏နဖူးကို ညင်သာစွာ ပွတ်သပ်လိုက်ရာ မိန်းကလေး၏ခန္ဓာကိုယ်မှ ပုပ်သိုးဆွေးမြေ့ခြင်းများ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။

“ လောကကြီးက ကြမ်းတမ်းပေမဲ့ ရင်ထဲမှာ မျှော်လင့်ချက်ရှိနေရမယ်နော် ”

နတ်မိမယ်ကျစ်ရွှမ်က နူးညံ့စွာ ပြောလိုက်သည်။ သူမသည် နွေးထွေးသောအမူအရာဖြင့် သကြားလုံးတစ်လုံးကို ထုတ်၍ မိန်းကလေး၏ ပါးစပ်ထဲ ထည့်လိုက်သည်။

ခဏအကြာ မိန်းကလေး၏ မျက်လုံးများ တဖန် ဝင်းလက်လာပြန်သည်။

နတ်မိမယ်ကျစ်ရွှမ် ပြုံးလိုက်သည်။ သို့သော်လည်း ဘေးပတ်ဝန်းကျင်ကို သူမ ဝေ့ကြည့်မိသောအခါ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ဂိုဏ်းတစ်ဂိုဏ်း၏ ကံကြမ္မာကို ပြောင်းလဲအောင်လုပ်နိုင်သော သူမကဲ့သို့ တန်ခိုးကြီးမားသည့်လူတစ်ယောက်ပင် ဤလောကကြီးကို မပြောင်းလဲနိုင်ပေ။

ရွှီချင်းသည် သင်္ဘောပေါ်မှနေ၍ ထိုမြင်ကွင်းအား တိတ်ဆိတ်စွာ ကြည့်နေသည်။

All Chapters