← Chapters

ခွဲခွာခြင်းဝေဒနာ

Vol. 26 Ch. 400

ခွဲခွာခြင်းဝေဒနာ

Vol. 26 Ch. 400

အချိန်များ ကုန်လွန်သွားသည်။

ရွှမ်ယုံဂိုဏ်းလေးသို့ ရောက်ရန် နှစ်ရက်လိုသေးသည်။ ကောင်းကင်ကြီး၌ ကြယ်ပွင့်လေးများ တလက်လက် တောက်ပနေသည်။ လမင်းကြီးသည် ပိတ်သားစတစ်ခု ဖြန့်ကျဲလိုက်သည့်အလား လင်းရောင်ခြည်များကို ထုတ်လွှတ်နေသည်။

ကြယ်ရောင်နှင့် လရောင်က လောကတစ်ခွင် ရောင်စုံခြယ်နေ၏။

ထိုရှူခင်းကြားတွင် သင်္ဘောကြီးဆီမှ သာယာချိုလွင်သော ပုလွေသံစဉ် လွင့်ပျံလာသည်။

ပုလွေသံစဉ်က ပြတ်တောင်းပြတ်တောင်း ဖြစ်မနေတော့ဘဲ စည်းချက်ညီလာသည်။ နတ်မိမယ်ကျစ်ရွှမ်၏ ပုလွေသံစဉ်နှင့် မတူဘဲ လူသတ်ချင်သည့်စိတ်ဆန္ဒများလည်း ပါဝင်နေသည်။

ထိုစိတ်ဆန္ဒသည် သံစဉ်မြန်ဆန်သွားရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လှံတံများနှင့် မြင်းများ ထိပ်တိုက်တွေ့ဆုံသွားသည်နှင့် ဆင်တူသည်။ သို့သော်လည်း မကြာခင်မှာပင် ပုလွေသံစဉ်က ပြောင်းလဲသွားပြန်သည်။ စစ်ပွဲကြီး ရက်ဆိုင်းသွားသည့်အလား မြေပြင်တစ်လွှား ဖုံးလွှမ်းနေသော အရိုးများစွာကို ကြည့်၍ အသက်ရှင်ကျန်ရစ်သူများက ကောင်းကင်ကြီးကို မော့ကြည့်လိုက်ကြပြီး လောကကြီးအပေါ် သံသယစိတ်များ ဝင်နေဟန်ပင်။

စိတ်ရှုပ်ထွေးသည့်ခံစားချက်များ ကြီးမားလာသည်။ လူတစ်ယောက်က ပုလွေသံစဉ်မှာ သူ၏အတွေးစများကို ပေါင်းစပ်နေသည့်အလားဖြစ်ပြီး ဆက်လက်ပဲ့တင်ထပ်နေသည်။

သို့သော်လည်း ပုလွေသံနှင့် အကျွမ်းတဝင်ရှိသည့် လူတစ်ယောက်၏နားထဲ ဝင်ရောက်သွားလျှင်မူ ထိုပုလွေသံစဉ်သည် ပုလွေအား မကျွမ်းကျင်သေးသော ပုလွေသင်ခါစလူတစ်ယောက် တီးမှုတ်နေခြင်းသာဖြစ်ကြောင်း အလွယ်တကူ သိနိုင်ပေသည်။

သို့သော်လည်း ရင်ထဲမှလာသော ပျော်ရွှင်မှုများကို ခံစားနိုင်သည်။ ပျော်ရွှင်ခြင်းအား သင်ယူရသည်မှာ မခက်ခဲပေ။ အနိမ့်ဆုံးအနေဖြင့် ရွှီချင်းအတွက်ပင်။

သူသည် လက်ထဲတွင် မြစိမ်းရောင်မိုးမခပုလွေကို ကိုင်ထားသည်။ သူ၏တာအိုဝတ်ရုံအနားစများက ကုန်းပတ်ပေါ် ပုံကျနေသည်။ သူ၏ဆံပင်ရှည်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး လရောင်အောက်၌ တဖျပ်ဖျပ်တောက်ပနေသည်။

သူသည် မိုးမခပုလွေကို နှုတ်ခမ်းဖျားတွင် တေ့၍ အာရုံစိုက်လိုက်သည်။ သူ၏ရုပ်သွင်နှင့် ပုလွေပေါ်ရှိ သေးသွယ်သောလက်များကို မြင်သည့်လူတိုင်း ချောမောသောလူငယ်ဟူ၍ ချီးကျူးကြပေမည်။

ပုလွေကို အလေးအနက် သူ တီးမှုတ်နေသည့်ပုံစံက ဖော်ပြ၍ မရနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေသည်။ နှစ်တစ်ထောင်သက်တမ်းရှိသော တိမ်လွှာသစ်သားဖြင့် လုပ်ထားသည့် ကျောမှီခုတင်ပေါ် လှဲနေသော နတ်မိမယ်ကျစ်ရွှမ်၏ မျက်လုံးများထဲ ထူးဆန်းသောအလင်းများ ဝင်းလက်သွားသည်။

ထိုအလင်းက တဖြည်းဖြည်း စူးရှလာရာ ပုလွေသံစဉ်က ပရမ်းပတာ ဖြစ်လာသည်။

ရွှီချင်းသည် မျက်လုံးများကို မှိတ်ရန် ရွေးချယ်လိုက်သည်။

သူ့အတွက် ဤအတောအတွင်း ဖော်ပြ၍မရနိုင်လောက်အောင် စိတ်ကိုချုပ်တည်းနေရသည်။ ထိုကဲ့သို့ အဖြစ်မျိုး သူ တစ်ခါမှ မကြုံခဲ့ဖူးသလို မည်သို့ဖြေရှင်းရမည်ကို မသိပေ။ ထို့ကြောင့် တရားထိုင်ခြင်းနှင့် ကျင့်ကြံခြင်းတို့မှလွဲ၍ ထိုအသိပညာအသစ်ပေါ်တွင် ပို၍ အာရုံစိုက်ခဲ့သည်။

ရွှီချင်းသည် အသိပညာကို အမြဲလေးစားခဲ့ပြီး သင်ယူရသည်ကို အလွန် စိတ်အားထက်သန်သည်။

ဥပမာအနေဖြင့် အမှတ်ခုနစ်သခင်ကြီးထံမှ ကျားကစားနည်း သင်ယူပြီးနောက် ကျားကွက်အကြောင်းကိုသာ ရွှီချင်း အမြဲတစေ တွေးနေတတ်သည်။

ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်သင်ပေးသည့် ပုလွေသံစဉ်ကို ပို၍ သဘောကျသည်။ သူသည် စကားကောင်းကောင်း ပြောတတ်သူတစ်ယောက် မဟုတ်၍ ပုလွေသံစဉ်က လောကကြီးထဲ သူ၏အတွေးများကို ဖော်ပြရာတွင် ပို၍ အသုံးဝင်နိုင်သည်။

သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်၏အကြည့်က သ့ူကို အနည်းငယ် ကူကယ်ရာမဲ့ဖြစ်သွားစေခဲ့သည်။

အနှီရွှမ်ယုံဂိုဏ်းစောင့်ဘိုးဘေးကို သူ နားမလည်အောင် ဖြစ်နေရသည်။

မည်သည့်အတွက်ကြောင့် သူ့ကို စနောက်ကျီစယ်နေရသည်ကိုလည်း သူ မတွေးတတ်ပေ။

ထိုကဲ့သို့ ကျင့်ကြံခြင်းအဆင့်၌ ရုပ်ရည်သွင်ပြင်က အရေးမကြီးတော့ဟု သူ ခံစားရသည်။ ယင်းအပြင် ထိုအတောအတွင်း နတ်မိမယ်ကျစ်ရွှမ် ခုနစ်ကြိမ် တိုက်ခိုက်ခဲ့သည်ကို သူ မြင်ခဲ့ရသည်။

အကြိမ်တိုင်းတွင် ညင်သာစွာ လှုပ်ရှားလိုက်ရုံဖြင့် အရာအားလုံး ထာဝရပျောက်ကွယ်သွားရသည်။

ရန်သူများသည် သွေးတစ်စက်မျှ မထွက်ဘဲ ဇီဝိန်ချုပ်သွားကြသည်။

တစ်ခါတရံ သတ်ဖြတ်ရသည့်အကြောင်းရင်းမှာ တစ်ဖက်လူက ကိုယ့်သေတွင်းကိုယ်တူးပြီး ရန်လိုသည့်အကြည့်ဖြင့် ကြည့်ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်၏ သဘောကျခြင်း၊ သဘောမကျခြင်းကြောင့် သတ်ဖြတ်ခဲ့သည့်အကြိမ်ရေများလည်း ရှိသည်။

ဥပမာအနေဖြင့် ယမန်နေ့က လူသားမဟုတ်သောမျိုးနွယ်ဝင်တစ်ယောက်က ဝေဟင်မှနေ၍ သူမကို ဖျတ်ခနဲသာ လှမ်းကြည့်လိုက်သည်။ ထို့နောက် ထိုသူမှာ ပြာဖြစ်သွားပြီး လောကကြီးထဲမှ ပျောက်ကွယ်သွားတော့သည်။

ထိုသို့ ဖြစ်ပျက်သွားသည့်အခါတိုင်း ရွှီချင်းမှာ ဆုံးရှုံးသွားရသည့် ဝိညာဉ်များအတွက် တဆစ်ဆစ်နာကျင်သွားရသည်။ သူ၏ဓမ္မတံခါးများထဲမှာ ဖိနှိပ်ရန် ဝိညာဉ်တစ်ရာ့နှစ်ဆယ် သူ လိုအပ်သည်။ သို့သော်လည်း ထိုအကြောင်းကို သူ အလွယ်တကူ ထုတ်ပြောမည်တော့ မဟုတ်ပေ။

နတ်မိမယ်ကျစ်ရွှမ်နှင့် တခြားသူများကြားရှိ ကွာခြားချက်များကိုလည်း ရွှီချင်းမြင်ခဲ့ရသည်။ နတ်မိမယ်ကျစ်ရွှမ်သည် မြစ်ကမ်းဘေးရှိ ဆင်းရဲနွမ်းပါးသော တိုင်းပြည်လေးများကို စိတ်ကောင်းစေတနာထားတတ်သည်။ သူတို့၏ အခက်အခဲများကို ဖြေရှင်းပေးတတ်သည်။

ဥပမာအနေဖြင့် ပြီးခဲ့သည့်ရက်အနည်းငယ်က သူခိုးတစ်ယောက်ကြောင့် ဒုက္ခရောက်နေရသော တိုင်းပြည်လေးတစ်ခုကို သူတို့ ဖြတ်သွားခဲ့ကြသည်။ ယင်းသည် သာမန်ကိစ္စတစ်ခုသာ ဖြစ်ပြီး ကျင့်ကြံသူများက ဂရုစိုက်ကြမည် မဟုတ်ပေ။ သို့သော် နတ်မိမယ်ကျစ်ရွှမ်က လက်ကိုဝှေ့ယမ်းကာ ထိုသူခိုးအား ဘဝပြောင်းသွားစေခဲ့သည်။

ထိုအခြင်းအရာအားလုံးသည် ရွှီချင်းကို စိတ်ရှုပ်ထွေးသွားစေသည်။

နတ်မိမယ်ကျစ်ရွှမ်၏ အကျင့်စရိုက်သည်လည်း ခန့်မှန်းမရပေ။ ရံဖန်ရံခါ သူမက မိန်းမပျိုလေးတစ်ယောက်နှင့် ဆင်တူသည်။ သူမ၏မျက်နှာပေါ်တွင် ပျော်ရွှင်ခြင်းများ အထင်းသား ပေါ်လွင်လာပြီး သင်္ဘောပေါ်မှ ဆင်းကာ တောင်ပေါ်ရှိ လှပသောပန်းတစ်ပွင့်ကို သွားရောက်ခူးတတ်သည်။

ရံဖန်ရံခါ သူမသည် သေရည်များကို သောက်နေတတ်ပြီး ရဲစွမ်းသတ္တိရှိသည့်မိန်းမပျိုတစ်ဦးနှင့် ဆင်တူသည်။ သူမ၏ဆံပင်ရှည်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး လရောင်အောက်၌ တောက်ပနေတတ်သည်။

သူမသည် အလွန်တင်းမာသောအမူအရာဖြင့် ပြတ်ပြတ်သားသား တိုက်ခိုက်တတ်သည့်အကြိမ်များလည်း ရှိသည်။

ဆွဲဆောင်မြူဆွယ်သည့်အမူအရာများဖြင့် ကြည့်တတ်သည့်အခါများလည်း ရှိသည်။ မျက်တောင်လေးတွန့်ကွေးသွားကာ ပြုံးလိုက်သည့်အခါတိုင်း ဖော်ပြ၍ မရနိုင်လောက်အောင် စွဲဆောင်မှုရှိပြီး ကြည့်မိသူကို မြူဆွယ်နေသည့်ခံစားချက် ဖြစ်စေသည်။

ကြင်နာသနားတတ်သောအခါများလည်း ရှိသည်။ ရွှီချင်း ပုလေတီးမှုတ်ရင်း အမှားလုပ်မိသည့်အခါတိုင်း ညင်သာစွာဖြင့် ရွှီချင်းကို ရှင်းပြတတ်ပြီး အမှန်ပြင်ပေးတတ်သည်။

အပြစ်ကင်းစင်သော၊ အေးစက်သော၊ သူရဲကောင်းဆန်သော၊ စွဲဆောင်မှုရှိသော၊ နွေးထွေးကြင်နာတတ်သော … ၊ လူတစ်ယောက်ထံမှ ထိုကဲ့သို့ စရိုက်အမျိုးမျိုးကို ရွှီချင်း တစ်ခါမှ မမြင်ဖူးခဲ့ပေ။

နှစ်ရက်ကြာပြီးနောက် နတ်မိမယ်ကျစ်ရွှမ်ထံမှ နောက်ထပ်အကျင့်စရိုက်တစ်မျိုးကို ရွှီချင်း မြင်ခဲ့ရသည်။

ထိုအကျင့်စရိုက်မှာ ရွှမ်ယုံဂိုဏ်းသို့ သူတို့ ရောက်သွားသောအခါတွင် ဖြစ်သည်။ တစ်ဂိုဏ်းလုံး သူတို့နှစ်ယောက်ကို တစ်ခါမှမကြုံဖူးသည့်လေးစားခြင်းမျိုးဖြင့် ကြိုဆိုခဲ့ကြသည်။ နတ်မိမယ်ကျစ်ရွှမ်သည် ထိုလူများကို ကြည့်၍ မျက်ဝန်းများထဲ အတိတ်ကို ပြန်လည်သတိရသည့်အရိပ်အယောင်များ ပေါ်လာသည်။

“ မင်းက ယွင်ကျစ်လေးလား ”

ယခင်က ထူးဆန်းစွာ ပြုမူနေခဲ့သော အဘိုးအိုသည် ခပ်တိုးတိုးဖြင့် ဖြေလိုက်သည်။

“ နတ်မိမယ်ကျစ်ရွှမ်ခင်ဗျား၊ ကျနော်က ယွင်ကျစ်လေး ဟုတ်ပါတယ် ”

အဘိုးအိုမှာ စိတ်ထဲတွင် ခါးသက်သက် ခံစားလိုက်ရပြီး ပြောင်းလဲခြင်းမရှိသေးသောလူရိပ်ကို သူ ကြည့်လိုက်သည်။

သူ့စိတ်ထဲတွင် အတွေးများစွာနှင့် ခံစားချက်များ ပေါ်လာသည်။ သူ ကလေးအရွယ်က သူ့ဆရာနောက် တကောက်ကောက်လိုက်ခဲ့ပြီး သူ့ဆရာ မည်မျှ အရူးအမူးစွဲလမ်းနေခဲ့သည်ကို သူ မှတ်မိသေးသည်။ သို့သော်လည်း နောက်ဆုံးတွင် ပန်းပွင့်သည်သာ အချစ်အတွက် စမ်းချောင်းထဲ ဆင်းသက်သွားခဲ့ပြီး စမ်းချောင်းက ပန်းပွင့်အပေါ် ခံစားချက်မရှိခဲ့ပေ။ ထိုအချိန်က နတ်မိမယ်ကျစ်ရွှမ်၏ ရင်ထဲ တစ်ယောက်မှ မဝင်ရောက်နိုင်ခဲ့ကြပေ။

“ မင်းဆရာရဲ့ဂူဆီ ငါ့ကို လိုက်ပြပေးပါဦး ”

နတ်မိမယ်ကျစ်ရွှမ်၏ခန္ဓာကိုယ်တွင် အချိန်၏တိုက်စားခြင်းများ ရှိမနေပေ။ သို့သော်လည်း ထိုအချိန်၌ အဘိုးအိုနှင့်ယှဉ်လျှင် အချိန်က နတ်မိမယ်ကျစ်ရွှမ်၏ကိုယ်ပေါ် အရှိန်အဝါတစ်ခု ချန်ရစ်ခဲ့ဟန်တူသည်။

ရွှီချင်းက နောက်မှ တိတ်ဆိတ်စွာ လိုက်သွားသည်။ မကြာခင် ရွှမ်ယုံဂိုဏ်း၏ နောက်ဘေးသို့ သူတို့ ရောက်လာကြသည်။ ထိုနေရာတွင် အုတ်ဂူတစ်ဂူရှိပြီး ဂူရှေ့တွင် မိုးမခသစ်ပင်တစ်ပင်ရှိသည်။ ထိုမိုးမခသစ်ပင်သည် နတ်မိမယ်ကျစ်ရွှမ် ရောက်လာခြင်းကြောင့် ယိမ်းနွဲ့လာဟန်တူသည်။

နတ်မိမယ်ကျစ်ရွှမ်သည် အနည်းငယ် တိုးကပ်သွားပြီး အုတ်ဂူကို ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ ဒီငါ့မိတ်ဆွေက လူကောင်းတစ်ယောက်လေ ”

ရွှီချင်းသည် သူ သိခဲ့သည့်အတိတ်ကို ပြန်တွေးမိလိုက်ပြီး နှုတ်ဆိတ်နေသည်။

ဘေးရှိ အဘိုးအိုသည် ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

မကြာခင် ရွှီချင်းနှင့် နတ်မိမယ်ကျစ်ရွှမ်တို့ ထွက်သွားသည်။

နတ်မိမယ်ကျစ်ရွှမ်က ထွက်မသွားခင် ရွှမ်ယုံဂိုဏ်းအား ဤနေရာမှ ထွက်ခွာပြီး မဟာမိတ်နှင့်ပူးပေါင်းရန် ပြောခဲ့သည်။ ရွှမ်ယုံဂိုဏ်းမှ အဘိုးအိုသည် အလွန် စိတ်ဝင်စားသွားပါသော်ငြား အုတ်ဂူကို ကြည့်၍ ခေါင်းယမ်းကာ ငြင်းဆန်လိုက်သည်။ သူတို့ ဖောက်ထားသည့် မြေအောက်တူးမြောင်းအား ထာဝရခွင့်ပြုပေးထားရန်သာ သူ တောင်းဆိုလိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်က သဘောတူလိုက်ပြီး ရွှမ်ယုံဂိုဏ်းတွင် မန္တန်အစီအရင်တစ်ခု ကိုယ်တိုင် တပ်ဆင်ပေးခဲ့သည်။ ယင်းနောက် ရွှီချင်းနှင့်အတူ သင်္ဘောဖြင့် ထွက်သွားသည်။

အပြန်ခရီးသည် အလာခရီးထက် ပို၍ မြန်ဆန်နေခဲ့သည်။ ရွှီချင်းသည် ပုလွေတီးမှုတ်ရာ၌ ကျွမ်းကျင်လာခဲ့ပြီး ရှစ်ဂိုဏ်းမဟာမိတ်နှင့် နီးကပ်သည်ထက် နီးကပ်လာခဲ့ကြသည်။

မဟာမိတ်သို့ ရောက်ရန် တစ်နာရီသာလိုသော ညနေခင်းအခါသမယတွင် ဆည်းဆာရှူခင်းအား ခံစားသက်ဝင်နေဟန်တူသော လက်ရန်းပေါ်ထိုင်နေသည့် နတ်မိမယ်ကျစ်ရွှမ်သည် ညင်သာစွာ ပြောလိုက်သည်။

“ ရွှီချင်း၊ အဲဒီသံစဉ် တီးမှုတ်ပြပါလား။ ငါ နားထောင်ချင်လို့ ”

ရွှီချင်းသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် ပုလွေကို ယူလိုက်ပြီး နှုတ်ခမ်းတွင် တေ့လိုက်သည်။ တဖြည်းဖြည်းနှင့် ပုလွေသံစဉ် လွင့်ပျံလာသည်။

ပုလွေသံစဉ်သည် သိုင်းလောက၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆောင်ကြဉ်းလာပြီး ဘဝ၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းများကို ဖော်ကျူးလိုက်လေသည်။ နောက်ဆုံးတွင် အရာအားလုံးက ယဇ်မူးစေတတ်သောသေရည်အိုးအဖြစ် ပြောင်းလဲသွားသည်။

အထီးကျန်ခြင်းထဲတွင် နစ်မျောရင်း သေရည်ကို သောက်လိုက်သည်။

သူတို့ မဟာမိတ်သို့ ရောက်လာကြပြီ ဖြစ်၏။

“ အဲဒီသံစဉ်ကို ခွဲခွာခြင်းဝေဒနာလို့ ခေါ်တယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ငါ ဖန်တီးထားတာ ”

နတ်မိမယ်ကျစ်ရွှမ်က ရှေ့တူရှုသို့ ကြည့်လိုက်သည်။ သူမသည် လေနှင့်အတူ ထွက်သွားတော့မည့်အလား အနက်ရောင်ဆံပင်ရှည်များနှင့် အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။

လေနှင့်အတူ အထီးကျန်ခြင်းအရိပ်အငွေ့များ တဖြည်းဖြည်း လွင့်ပါးသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး စိမ့်ဝင်သွားကာ နတ်မိမယ်ကျစ်ရွှမ်၏ မျက်လုံးများထဲ ရုပ်လုံးပေါ်လာဟန်တူသည်။

နတ်မိမယ်ကျစ်ရွှမ်၏အကြည့်က ပို၍ နက်နဲလာပြီး ရွှီချင်းကို လှည့်ကြည့်လိုက်သည်။ ရွှီချင်း၏ရုပ်သွင်ကို မြဲမြံစွာ မှတ်မိနေချင်သည့်အလား လေးလေးနက်နက်ဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးတွင် နတ်မိမယ်ကျစ်ရွှမ်က ညင်သာစွာ ပြုံးလိုက်သည်။

ရွှီချင်းက နတ်မိမယ်ကျစ်ရွှမ်ကို ကြည့်လိုက်သည်။

“ အရင်တုန်းက ငါ့ကို လက်ဆောင်တွေပေးခဲ့ကြတဲ့လူတွေ အများကြီးရှိတယ်။ ပုလွေအရေအတွက်တင် တစ်ရာကျော်ရှိတယ်။ ဒီမိုးမခပုလွေကို ဘယ်သူပေးခဲ့လဲ ငါ မမှတ်မိတော့ပေမဲ့ ဒီပုလွေကို ငါ သိပ်သဘောကျတာ။ ဒီလမ်းမှာ ငါနဲ့အတူ အဖော်လိုက်ပေးလို့ ကျေးဇူးပါပဲ။ ဒီပုလွေကို လက်ဆောင်အနေနဲ့ ယူထားလိုက် ”

နတ်မိမယ်ကျစ်ရွှမ်သည် သေရည်အိုးကို ယူကာ မော့သောက်လိုက်သည်။ ထို့နောက် လှပသောဆံပင်ရှည်များ ဝဲခါသွားပြီး သူရဲကောင်းဆန်သောအသွင်အပြင်ဖြင့် လေထဲသို့ လှမ်းတက်ကာ တဖြည်းဖြည်း ဝေးသည်ထက်ဝေးရာသို့ ပျံသန်းသွားသည်။

ရွှီချင်းသည် လက်ထဲရှိ ပုလွေကို ကြည့်လိုက်ပြီး ရွှမ်ယုံဂိုဏ်းရှိရာအရပ်သို့ ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ဖော်ပြ၍မရနိုင်သောအတွေးတစ်စ ပေါ်လာသည်။

အချိန်အတော်ကြာပြီးနောက် သူ သက်ပြင်းရှည်ကြီးချလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပေးလိုက်သည်။ ထို့နောက် မှော်သင်္ဘောကို ထိန်းချုပ်၍ ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်သွားသည်။

တချိန်တည်းမှာပင် ရွှမ်ယုံဂိုဏ်းထဲ၌ ဝတ်ရုံဖြူဝတ်နတ်မိမယ်ကျစ်ရွှမ်သည် စိတ်ကြည်လင်နေ၏။ သူမသည် မျှော်စင်ရှည်ကြီးဆီသို့ ပြန်သွားပြီး သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ ထို့နောက် ချီရွှဲ့ထုံဂိုဏ်းရှိရာအရပ်သို့ ငေးကြည့်လိုက်သည်။ အချိန်အတော်ကြာသောအခါ သူမ တီးတိုးရေရွတ်လိုက်သည်။

“ နင်သာ နှစ်တစ်ရာလောက် စောစောမွေးခဲ့ရင် … ”

“ အဲဒီတော့ ဘာဖြစ်မှာလဲ ”

နတ်မိမယ်ကျစ်ရွှမ်၏နောက်မှ ညင်သာသောယောက်ျားသံတစ်သံ ပေါ်လာသည်။ လေဟာနယ်ထဲမှ အပြာရောင်ဝတ်ရုံဝတ်မဟာမိတ်ခေါင်းဆောင် ပေါ်လာပြီး နတ်မိမယ်ကျစ်ရွှမ်ဘေးသို့ ရောက်လာသည်။ သူသည်လည်း ချီရွှဲ့ထုံဂိုဏ်းသို့ ကြည့်လိုက်သည်။

“ သူသာ နှစ်တစ်ရာလောက် စောစောမွေးလာခဲ့ရင် … ဆရာတူညီမလေး၊ အခုချိန်လောက်ဆို သူ အရိုးစုဖြစ်နေလောက်ပြီလို့ မထင်ဘူးလား ”

“ ဒါမှမဟုတ် အခု သူလည်း အရိုးစု ဖြစ်လာချင်ဖြစ်လာမှာပဲလေ ”

ရှစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင်က ပြောလိုက်ရင်း နတ်မိမယ်ကျစ်ရွှမ်ကို နူးညံ့စွာ ကြည့်လိုက်သည်။

“ ရှင် လုပ်ရဲရင်လုပ်ကြည့်လေ ”

နတ်မိမယ်ကျစ်ရွှမ်၏အမူအရာ အေးစက်တင်းမာသွားသည်။

မဟာမိတ်ခေါင်းဆောင်က နတ်မိမယ်ကျစ်ရွှမ်ကို စူးစိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ ဒီလိုကောင်းကင်လက်ရွေးစင်တစ်ယောက်ရှိနေတာ ငါ့မဟာမိတ်အတွက် ကံကောင်းခြင်းပဲလေ။ သူ့ကို ဘာလို့ အန္တရာယ်ပြုရမှာလဲ။ ဒါပေမဲ့ ဆရာတူညီမလေး၊ မင်းအတွက် ဆရာချန်ပေးခဲ့တဲ့ အသက်ဓာတ်ဝိညာဉ်က ငါ့ကို စိုးရိမ်စေတယ်ဆိုပေမဲ့ မင်းသက်တမ်းက ကုန်တော့မှာနော်။ အခုလိုအချိန်မှာမှ အလင်းကို မင်း တွေ့တာ နည်းနည်း ဝမ်းနည်းစရာပဲ ”

“ နှစ်သုံးဆယ်သက်တမ်းဆိုတာ မျက်တောင်တစ်ခတ်အတွင်း ကုန်သွားမှာပဲ။ သူက ဝိညာဉ်သိုက်အဆင့်ကို မရောက်ရင် မင်းနဲ့အတူ တာအိုကို ပြုပြင်နိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးကျရင် သေခြင်းနဲ့ ရှင်ခြင်းကို မင်း ရွေးချယ်ရမှာပဲ ”

“ နောက်လကျရင် မင်းကို ငါ ထပ်လာမေးမယ် ”

မဟာမိတ်ခေါင်းဆောင်သည် ပြုံးလိုက်ပြီး တဖြည်းဖြည်းနှင့် သူ ပျောက်ကွယ်သွားသည်။

All Chapters