လီယုံကျောက်တိုင် ( ၁ )
Vol. 26 Ch. 401
ဆည်းဆာနေရောင်ခြည်တန်းများ ပျောက်ကွယ်သွားသောအခါတွင် ရွှီချင်း၏မှော်သင်္ဘောသည် ဆိပ်ကမ်းသို့ ပြန်ရောက်သွားသည်။ သူ ပြန်ရောက်သည့်အချိန်မှာပင် ခေါင်းဆောင်ထံမှ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။
“ ချင်းလေး၊ ချိန်းတွေ့တာ ဘယ်လိုလဲ။ လာ၊ လာ၊ လာ … ငါ အခု မင်းပေးတဲ့ လျော့ဈေးနဲ့ အင်မော်တယ်ကန်မှာ ရှိတယ်။ ရေစိမ်ရင်း မင်းရဲ့အတွေ့အကြုံလေးတွေ ပြောပြပါဦးကွ။ ငါ့အတွေ့အကြုံတွေနဲ့ယှဉ်ပြီး မင်းကို ငါ နည်းနည်းလောက် အကြံပေးမယ် ”
“ နောက်ရက်မှတွေ့မယ် ”
ရွှီချင်းက ပြန်ဖြေလိုက်သည်။ အသံလွှင့်ခြင်းကို သူ အဆုံးသတ်ရန်ပြင်လိုက်စဉ် ခေါင်းဆောင်က ချောင်းဟန့်လိုက်သည်။
“ ဆရာလည်း ဒီကို ရောက်နေတယ်ကွ ”
“…”
ရွှီချင်း ငြိမ်သက်သွားသည်။
ခဏအကြာ အောက်ဘက်ရှိ ရေကန်ကြီးကို အပေါ်စီးမှ မြင်နိုင်သော ရွှီရှောင်ဟွေ့ဖွင့်ထားသည့် လျှို့ဝှက်ရေကန်လေးထဲတွင် ရွှီချင်း၊ ခေါင်းဆောင်နှင့် အမှတ်ခုနစ်သခင်ကြီးတို့ ရေစိမ်နေကြသည်။
ရွှီချင်းက သူတို့နှစ်ယောက်ကို နားလည်ရခက်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။
အမှတ်ခုနစ်သခင်ကြီးက ချောင်းဟန့်လိုက်ပြီး ခေါင်းဆောင်ကို မာန်မဲလိုက်သည်။
“ စောစောက ငါ တရားထိုင်နေတာကို မင်းက အနူးအညွှတ်တောင်းပန်ပြီး လာခိုင်းတယ်။ ဘာကိစ္စများ ရေးကြီးခွင်ကျယ်ရှိနေလို့တုံး ”
ခေါင်းဆောင် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
အမှတ်ခုနစ်သခင်ကြီးက အေးစက်စက်နှာမှုတ်လိုက်သည်။ ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ရွှီချင်းအား ပူဆွေးနေသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
“ ချင်းလေး၊ နတ်မိမယ်ကျစ်ရွှမ်နဲ့ ဒီတစ်ခေါက်ခရီးမှာ အခြေအနေ ဘယ်လောက်အထိ တိုးတက်လာခဲ့လဲ ”
အမှတ်ခုနစ်သခင်ကြီးသည် စိတ်မဝင်စားသည့်အလား ပုံမှန်အမူအရာအတိုင်းသာ ဖြစ်သည်။
ရွှီချင်းသည် သူ၏ဆရာကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ အတန်ငယ် သူ တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။
“ ဆရာမကျစ်ရွှမ်က ပုလွေဘယ်လိုမှုတ်ရလဲ သင်ပေးတယ် ”
အမှတ်ခုနစ်သခင်ကြီး နားစွင့်လိုက်သည်။
ခေါင်းဆောင်က အလျင်အမြန် မေးမြန်းလိုက်၏။
“ ပြီးတော့ကော … ”
“ အဲဒါပြီးတော့ ထိုက်စီကြမ္မာဆိုးတောင်ကြီးပေါ်က အဲဒီအဘိုးအိုရဲ့ဆရာဖြစ်တဲ့ သူ့မိတ်ဆွေဟောင်းကို ကျနော်တို့ အရိုအသေသွားပြုကြတယ် ”
ရွှီချင်းသည် မည်သည့်အရာကိုမျှ မကွယ်ဝှက်ဘဲ ခရီးစဉ်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။
အမှန်စင်စစ် ကွယ်ဝှက်နေစရာအကြောင်းအရာလည်း ရှိမနေသည် မဟုတ်ပါလား။
“ အဲဒါပဲလား ”
ခေါင်းဆောင်မှာ မယုံမကြည်ဖြစ်သွားသည်။
“ အဲဒါပဲ။ ကျနော်တို့ ပြန်ရောက်တော့ ဆရာမကျစ်ရွှမ်က ကျနော့်ကို ပုလွေ ပေးလိုက်တယ် ”
ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။
“ ဘာပုလွေတုံး ”
ခေါင်းဆောင် သိချင်စိတ်ပြင်းပြသွားသည်။
“ အဲဒါကို မိုးမခပုလွေလို့ ခေါ်တယ် ထင်တာပဲ ”
ရွှီချင်းက ပြန်ဖြေလိုက်သည်။
ခေါင်းဆောင် စကားမပြောနိုင်ခင် အမှတ်ခုနစ်သခင်ကြီးက ပင့်သက်ရှိုက်လိုက်သည်။
“ မိုးမခငွေစန္ဒာဝိညာဉ်ပုလွေလား ”
ထိုနာမည်ကို ရွှီချင်း အစိမ်းသက်သက်ဖြစ်နေ၍ ပုလွေကို ထုတ်ပြလိုက်သည်။
အမှတ်ခုနစ်သခင်ကြီးမှာ ထိုပုလွေကို မြင်သည်နှင့် အတန်ငယ် ငေးကြောင်သွားသည်။ အချိန်အတော်ကြာပြီးနောက် အသက်မဲ့နေသောအမူအရာဖြင့် ထရပ်လိုက်ပြီး ခေါင်းဆောင်ကိုမြည်တွန်တောက်တီးလိုက်သည်။
“ ငါ တရားထိုင်နေတုန်း နောက်တစ်ခါ နှောင့်ယှက်ရင် မင်းခြေထောက်တွေကို ငါ ချိုးပစ်မယ် ”
ခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး နာကြည်းသည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူ၏မျက်နှာအမူအရာအရ ‘ တရားလွန်သွားပြီအဘိုးကြီး၊ ရွှီချင်းကို ခင်ဗျားပဲ ခေါ်ခိုင်းခဲ့တာလေ ’ ဟူ၍ ပြောနေသည့်အလားပင်။
အမှတ်ခုနစ်သခင်ကြီး ချောင်းဟန့်လိုက်သည်။
“ ကောင်းပြီ။ နောက်ဆုံးတစ်ခေါက်က မင်းပြောတဲ့ကိစ္စကို လက်ခံလိုက်ပြီ ”
အမှတ်ခုနစ်သခင်ကြီးသည် အဝတ်အစားများကို ဝတ်ဆင်လိုက်ပြီး ရွှီချင်းအား ပြောလိုက်သည်။
“ အမှတ်လေး၊ အခု မင်းမှာ သက်စောင့်မီးလုံးလေးလုံးရှိပြီဆိုတော့ အချိန်ကျတော့မယ်။ ငါ့အလုပ်တွေ လက်စသတ်ပြီးရင် မင်းကို ခရီးတစ်ခု ခေါ်သွားမယ် ”
အမှတ်ခုနစ်သခင်ကြီးသည် လက်နှစ်ဖက်ကို နောက်ပစ်၍ တဖြည်းဖြည်း ထွက်သွားသည်။
အမှတ်ခုနစ်သခင်ကြီး ထွက်သွားပြီးနောက် ခေါင်းဆောင်၏အမူအရာက ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားသည်။ နာကြည်းသည့်ခံစားချက်များ နည်းနည်းမျှ မရှိတော့ပေ။ ထိုအစား သူက ရွှီချင်းကို ဂုဏ်ယူစွာဖြင့် ပြုံးပြလိုက်သည်။
“ ငါ့ဆီကနေ သင်ခန်းစာယူ ညီလေး။ အဘိုးကြီးနဲ့တွေ့ရင် ဒီလိုမျိုး လုပ်တတ်မှ။ အဘိုးကြီးက ခေါင်းမာပြီး အပြောဆိုးပေမဲ့ စိတ်သဘောထားနူးညံ့တယ်ကွ။ ငါ နာကြည်းတဲ့ပုံစံ လုပ်ပြလိုက်ရင် သဘောတူသွားတာပဲ ”
“ ဒါပေမဲ့ ဒီတစ်ခေါက် အဘိုးကြီး ဒေါပွပြီး ရှက်ရမ်းယမ်းသွားတာ သိသာတယ်။ ငါ့အထင် အဲဒီပုလွေနာမည်ကို သူ ကောင်းကောင်းသိနေတယ်ဆိုတော့ အရင်တုန်းက သူ ပေးခဲ့တာ ဖြစ်နိုင်ချေများတယ် ”
ရွှီချင်း မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ယခင်က သူမကို လူပေါင်းများစွာက လက်ဆောင်များ ပေးခဲ့ဖူးပြီး ထိုပုလွေအား မည်သူက ပေးခဲ့သည်ကို မသိတော့ကြောင်း နတ်မိမယ်ကျစ်ရွှမ်၏စကားကို သူ ပြန်တွေးမိလိုက်သည်။ စောစောက သူ့ဆရာ၏ ပုံစံကို တွေးမိသောအခါ ထိုသို့ဖြစ်နိုင်ချေများကြောင်း ခံစားလိုက်ရသည်။
ထိုသို့ဖြင့် အချိန်အတော်ကြာ ရေစိမ်နေပြီးနောက် ရွှီချင်းသည်လည်း မတ်တတ်ရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သူ ထွက်မသွားခင် ခေါင်းဆောင်က ပျင်းရိပျင်းတွဲဖြင့် မှီလိုက်ပြီး သဘောကျသည့်လေသံဖြင့် ပြောလိုက်သည်။
“ ချင်းလေး၊ နောက်ကျ ငါ့ကို ကျောက်စိမ်းပေလွှာတစ်ခုလောက် ရှာပေးဦး။ ဒီပတ်လည်မှာ ငါ မေးကြည့်ပြီးပြီ။ ဒီလိုနှစ်ဆယ်ရာခိုင်နှုန်းလျော့ဈေးပေးတဲ့ ကျောက်စိမ်းပေလွှာမျိုး မရှိဘူး။ ဒါက ရှားတဲ့ အထူးဝန်ဆောင်မှုပဲ။ မင်းက အတော်ကျွမ်းကျင်တဲ့ကောင်ပဲ ”
“ ခေါင်းဆောင်ဟာက ဘာဖြစ်လို့တုံး ”
ရွှီချင်းက မေးမြန်းလိုက်သည်။
“ ဝူကျန်းဝူကို ငါ ပေးလိုက်ပြီ ”
ခေါင်းဆောင်က နားလည်ရခက်သောအမူအရာဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။
“ ဝူကျန်းဝူကို ငါ အကူအညီတောင်းထားတာလေးရှိလို့။ မကြာခင် မင်း သိရမှာပါ။ ငါ အောင်မြင်သွားရင် အံ့သြဖို့ကောင်းသွားမှာ။ အဲဒီအချိန်ကျရင် အပြင်ထွက်ပြီး သိုသိုသိပ်သိပ်နေရမယ်။ ပြီးတော့ မင်းလည်း ငါ့အတွက် စကားကောင်းကောင်းပြောပေးဦးနော် ”
ရွှီချင်း အံ့သြမသွားပေ။ သူ၏သတင်းပေးသမားမှတစ်ဆင့် ခေါင်းဆောင်နှင့် ဝူကျန်းဝူတို့ ဤရေကန်သို့ မကြာခဏ လာရောက်တတ်ကြောင်း သူ သိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ခေါင်းဆောင်ပြောသည့် သိုသိုသိပ်သိပ်နေချင်သည်ဆိုသောစကားမှာမူ ပုံမှန်သာဖြစ်သည်ဟု သူ တွေးမိသည်။ ယခုတစ်ခေါက် ခေါင်းဆောင်၏ ပစ်မှတ်ကိုလည်း သူ အကြမ်းဖျင်း ခန့်မှန်းမိသည်။
‘ အဲဒီအစွယ်ပဲ ဖြစ်လောက်တယ် ’
ရွှီချင်းသည် ခေါင်းဆောင်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး အင်မော်တယ်ရေကန်မှ ထွက်သွားသည်။ သူ၏ဆိပ်ကမ်းသို့ ပြန်ရောက်သောအခါတွင် နောက်ကျနေပြီဖြစ်သည်။ သူ ထိုင်ချလိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်နှင့်အတူ အပြင်မှာ ရှိနေစဉ်အတောအတွင်း ကျင့်ကြံခြင်းတွင် သူ အာရုံမစိုက်နိုင်ခဲ့ပေ။ ထို့ကြောင့် ပြီးခဲ့သည့်ရက်အနည်းငယ်က လစ်ဟာသွားခဲ့သည့် ကျစ်ကြံခြင်းကို အာရုံစိုက်ရန် သူ စီစဉ်ထားခဲ့သည်။
သုံးရက်ကုန်လွန်သွားပြီ ဖြစ်သည်။
တတိယမြောက်ညပိုင်းတွင် တရားထိုင်နေသော ရွှီချင်း၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူ၏သိုလှောင်အိတ်ထဲမှ မူမမှန်သော လှုပ်ရှားမှုများကို အာရုံခံမိလိုက်၍ သူ၏မျက်လုံးများထဲ မျှော်လင့်သည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။
ထိုလှုပ်ရှားမှုများသည် အင်မော်တယ်ဂျယ်လီကို စားခဲ့ကြသော ပိုးကောင်နက်များထည့်ထားသည့် ပုလင်းမှ လာခြင်း ဖြစ်သည်။
ရွှီချင်းသည် ပုလင်းကို ထုတ်လိုက်ပြီး ပထမဦးစွာ အာရုံခံကြည့်လိုက်သည်။ မည်သည့်အမှားအယွင်းမျှ ရှိမနေကြောင်း အတည်ပြုပြီးနောက် ပုလင်းအား ဖွင့်ကြည့်လိုက်သည်။
ပုလင်းထဲတွင် မည်သည့်အရာမျှ ရှိမနေပေ။ ရွှီချင်းသည် ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်ပါသော်လည်း မည်သည့်အရာကိုမျှ အာရုံမခံမိချေ။
သို့သော်လည်း သူ့ပတ်လည်မှ ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို သူ ဝိုးတဝါး ခံစားမိလိုက်သည်။
ရွှီချင်းသည် ဘယ်လက်ကို တည်ငြိမ်စွာ မြှောက်၍ ညာလက်ဝါးအား လှီးဖြတ်လိုက်ရာ သွေးများ ပန်းထွက်လာသည်။ ဒဏ်ရာက ချက်ချင်း ကျက်သွားပါသော်လည်း ပန်းထွက်လာသော သွေးများက သူ့အတွက် လုံလောက်ပြီ ဖြစ်သည်။
ထို့နောက် လေထဲတွင် တဝီဝီမြည်သံများ ထွက်ပေါ်လာသည်။ အာရုံခံကြည့်ရန် ခက်ခဲသော မမြင်နိုင်သည့် သတ္တဝါတစ်စုက ရွှီချင်း၏လက်ဝါးပေါ်ရှိ သွေးများဆီသို့ အရပ်မျက်နှာအနှံ့မှ ဦးတည်လာကြသည်။ ရွှီချင်း၏ စောင့်ကြည့်နေခြင်းအောက်တွင် သူ့လက်ဝါးပေါ်ရှိ သွေးများ တဖြည်းဖြည်း ကျုံ့သွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။