မကောင်းဆိုးဝါးရတနာ
Vol. 27 Ch. 403
မနက်ခင်း ဝေလီဝေလင်းအချိန်တွင် ရွှီချင်းသည် ကိုယ်ယောင်ဖျောက်ထားသော သင်္ဘောကို ထိန်းချုပ်၍ မောင်းနှင်သွားသည်။
သူသည် ကြောက်ခမန်းလိလိ မြန်ဆန်သည်ဖြစ်၍ ပင်မမြို့ကြီးထဲမှ တခဏလေးအတွင်း ထွက်သွားသည်။
အစက အင်မော်တယ်အားတိုးမြစ်လမ်းသို့ သွားနေခဲ့ပါသော်လည်း မှော်သင်္ဘောက ဦးတည်ချက်ပြောင်းသွားပြီး ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးမှ ဝေးကွာသွားကာ ထိုက်စီရှန်းမုန်ဂိုဏ်းတည်ရှိရာအရပ်သို့ ခုတ်မောင်းသွားသည်။
“ အစ်ကိုရွှီချင်း၊ ဒါ ယင်ဟွမ်ပြည်နယ်ကို ညီမရောက်လာပြီး ပထမဆုံး အပြင်ထွက်ဖူးတာပဲ။ ညီမ သိသင့်တာတွေရှိရင်လဲ ပြောပြပေးပါနော် ”
မှော်သင်္ဘောပေါ်၌ တင်းရွှယ်၏လှပသောမျက်နှာလေး ရှက်သွေးဖြာနေသည်။ မျက်တောင်ကော့ကောအောက်ရှိ မျက်ဝန်းများက တဖျပ်ဖျပ်ဝင်းလက်တောက်ပနေသည်။
ယင်းနောက် တင်းရွှယ်သည် ဝိညာဉ်ကျောက်တုံးတစ်ရာတန်ကြေးရှိသော ဝိညာဉ်လက်မှတ်တစ်ထပ် ထုတ်လိုက်သည်။ စုစုပေါင်း ဝိညာဉ်လက်မှတ်အစောင်နှစ်ဆယ်၊ သုံးဆယ်ခန့်ရှိမည်ဖြစ်ပြီး ရွှီချင်းကို ပေးလိုက်လေသည်။
ရွှီချင်းသည် ထိုလက်မှတ်များကို အလိုလိုယူလိုက်ပြီး သူ့ရှေ့ရှိ တင်းရွှယ်ကို တစ်ချက်ကြည့်လိုက်သည်။
တင်းရွှယ်သည် တည်ငြိမ်စွာ အသက်ရှူသွင်းလိုက်သည်။
ယနေ့တွင် တင်းရွှယ်သည် ခါးတွင် အနီရောင်တိမ်လွှာပိုးဖဲကြိုးတစ်ချောင်းနှင့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆံပင်ရှည်များသည် ပခုံးနှစ်ဖက်ပေါ် ကျနေပြီး ရှေးဟောင်းဓားတစ်လက်ကို ကျောတွင် လွယ်ထားသည်။ နတ်မိမယ်ကျစ်ရွှမ်ကဲ့သို့ ဝိညာဉ်တုန်ခါသွားစေနိုင်လောက်အောင် စွဲဆောင်မှုမရှိပါသော်ငြား နုနယ်ပျိုမြစ်ခြင်းနှင့် နှင်းဆီရောင်မျက်နှာလေးက သူမကို ကြည့်မိသူတိုင်းအဖို့ ဖူးပွင့်စအလှတရားအား ခံစားမိကြမည် ဖြစ်သည်။
တိမ်လွှာပိုးဖဲကြိုးဖြင့် ချည်နှောင်ထားခြင်းကြောင့် ခါးလေးက ပို၍ နူးညံ့ချောမွေ့သော ခံစားချက်ကို ဖြစ်စေသည်။ ယင်းအပြင် ယခင်က အသိပညာအတွက် အမြတ်တနိုးထားသည့်အနေဖြင့် ပေးခဲ့သော ဝိညာဉ်ကျောက်တုံးများနှင့် သူမ၏မျက်နှာရှိ ရိုသေကျိုးနွံသောအမူအရာကြောင့် ရွှီချင်းသည် သူမကို လိုက်ပါခွင့်ပြုလိုက်သည်။
အမှတ်ခုနစ်သခင်ကြီးသည် သူတို့နှင့်အတူ လိုက်ပါမလာပေ။
သူသည် ငါးမျှားနေသည်ဖြစ်၍ ပုန်းအောင်းနေရမည် မဟုတ်ပါလား။ ထိုအါမှသာ ငါးစာကို ငါးက လာဟပ်ကြပေမည်။ ပို၍ ပီပြင်စေရန်အတွက်ပေလော၊ သို့တည်းမဟုတ် တင်းရွှယ်က အဒေါ်ဖြစ်သူအား နားပူနားဆာ လုပ်သည့်အတွက်ကြောင့်ပေလော ဤခရီးစဉ်မှာ တင်းရွှယ်နှင့် ရွှီချင်းတို့နှစ်ယောက် အတူသွားရသည့်ခရီး ဖြစ်သွားခဲ့သည်။
သူတို့တာဝန်က ချီရွှဲ့ထုံဂိုဏ်းအပေါ် မှီခိုရပ်တည်နေသော တိုင်းပြည်လေးတစ်ခုထဲတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော မကောင်းဆိုးဝါးများကို ရှာဖွေရန် ဖြစ်သည်။
ထို့အပြင် အမှတ်ခုနစ်သခင်ကြီးက သူနှင့်အတူ တင်းရွှယ်အား ခေါ်သွားစေလိုကြောင်းကိုလည်း သူ နားလည်သည်။ ဤလောကပျက်ကြီးထဲတွင် တင်းရွှယ်သည် အခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်ပါသော်ငြား ပထမဆုံးသက်စောင့်မီးလုံးကို မထုတ်ဖော်နိုင်သေးပေ။
ယင်းအပြင် သူမ၏စရိုက်ကို လေ့ကျင့်ပေးရန် လိုအပ်သည်။
အကောင်းဆုံးလေ့ကျင့်ခြင်းမှာ လောကကြီး၏ ဆိုးဝါးရက်စက်ပုံများကို ကိုယ်တွေ့ကြုံလိုက်ရခြင်း ဖြစ်သည်။
ရွှီချင်းကို အံ့အားသင့်သွားစေသည်မှာ ကျောက်ကျုံးဟန်ကို မမြင်ရခြင်း ဖြစ်သည်။
သို့သော်လည်း သူ မေးမနေဘဲ တင်းရွှယ်ထံမှ အကြည့်လွှဲကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ယင်ဟွမ်ပြည်နယ်က နန်းဟွမ်ကျွန်းကြီးကလို မဟုတ်ဘူး။ အပြင်လောကက အရမ်းအန္တရာယ်များတာ။ မင်း ဂရုစိုက်မှရမယ်။ ပြီးတော့ သင်္ဘောပေါ်က ပစ္စည်းတွေကို လျှောက်မထိနဲ့။ အကုန်လုံး အဆိပ်ရှိတယ် ”
စကားဆုံးသောအခါ သူသည် မျက်လုံးများကို မှိတ်၍ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ၏မျက်နှာနှင့် အရှိန်အဝါမှာ ပြောင်းလဲလိုက်ပြီ ဖြစ်သည်။
အမှတ်ခုနစ်သခင်ကြီးက ငါးမျှားချင်ပါသော်လည်း သူ့ကိုယ်သူ ရုပ်မဖျက်လျှင် ဟန်ဆောင်ထားသလို ဖြစ်သွားပေမည်။
တင်းရွှယ်က ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။ သူမ၏စိတ်ထဲတွင် စိတ်လှုပ်ရှားခြင်းများနှင့် သူမကိုယ်သူမ ဘဝင်ခိုက်နေခြင်းများဖြင့် ပြည့်နှက်နေသည်။ ဤခရီးစဉ်အတွက် သူမ၏အဒေါ်အား အခိန်အတော်ကြာသည်အထိ ကပ်ဖားရပ်ဖားလုပ်ခဲ့ရပြီး ထိုအခါမှသာ ဤအခွင့်အရေးကို ရရှိခဲ့ခြင်း ဖြစ်သည်။
ရွှီချင်း ကျင့်ကြံနေသည်ကို မြင်၍ အလိုက်သိစွာဖြင့် သူမ မနှောင့်ယှက်တော့ပေ။ ထိုအစား ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ပတ်ဝန်းကျင်ရှူခင်းကို ကြည့်လိုက်သည်။ ရံဖန်ရံခါ သူမ၏မျက်လုံးများသည် ရွှီချင်းထံ ရောက်သွားတတ်သည်။
ရွှီချင်း ရုပ်ဖျက်ထားသည့်တိုင်အောင် သူမ၏စိတ်ထဲတွင် ရွှီချင်း၏ရုပ်ရည်က အလိုလို ပေါ်နေပေသည်။ မိစ္ဆာဆန်သော ထိုနူးညံ့ချောမောသည့်ရွှီချင်း၏မျက်နှာကို တွေးမိသောအခါ လှပသောမျက်နှာလေး ရှက်သွေးဖြာသွားတတ်သည်။
ရှစ်ဂိုဏ်းမဟာမိတ်၏ ပင်မမြို့ကြီးသို့ ရောက်ရှိလာခဲ့ပြီး လူပေါင်းများစွာကို မြင်ခဲ့ရသည့်တိုင်အောင် ရုပ်ရည်အရာတွင် ရွှီချင်းကို တစ်ယောက်မှ မယှဉ်နိုင်ဟု သူမ ခံစားရသည်။
ယင်းကြောင့် ရွှီချင်းကို အပိုင်သိမ်းပိုက်လိုသည့်စိတ်ဆန္ဒများ ပို၍ ပြင်းထန်ကာ ခိုင်မြဲလာခဲ့သည်။
အချိန်များ ကုန်လွန်သွားပြီး သုံးရက်ကုန်ဆုံးသွားသည်။
ထိုသုံးရက်တာအတောအတွင်း ရွှီချင်းနှင့် တင်းရွှယ်တို့ စကားပြောဆိုသည်မှာ ရှားပါးသည်။ ရွှီချင်းသည် ကျင့်ကြံနေတတ်ပြီး တင်းရွှယ်က သူ့ကို ကြည့်နေတတ်သည်။ ရွှီချင်း မျက်လုံးပွင့်လာသည့်အခါတိုင်း တင်းရွှယ်က ဆေးလုံးများနှင့် ဝိညာဉ်လက်မှတ်များပေးကာ မေးခွန်းများ မေးတတ်သည်။ ထိုအခါမျိုးတွင် တင်းရွှယ်၏ပုံစံက သင်ယူရသည်ကို အလွန် စိတ်အားထက်သန်ပုံရသည်။
ထိုသို့ဆက်ဆံရေးမှာ အလွန် ကောင်းမွန်သည်ဟု ရွှီချင်း ခံစားမိသည်။ ထို့ကြောင့် သူသည် ဆေးလုံးများကို စားရင်း တင်းရွှယ်အား သူ သိသည့်ဗဟုသုတများကို ဂရုတစိုက်ဖြင့် ပြောပြလိုက်သည်။
တင်းရွှယ်သည် အကြိမ်တိုင်း အလေးအနက်ဖြင့် နားထောင်ပြီး မျက်လုံးများထဲတွင် လေးစားခြင်းများဖြင့် ပြည့်နှက်နေတတ်သည်။ အချိန်တိုင်း သူမက ညင်သာစွာ ပြောဆိုလေသည်။ သူမ၏စကားများကို ကြားရသူအဖို့ အလွန် စိတ်သက်သာရာရကာ ဆက်ပြောချင်စိတ်ကို ဖြစ်စေသည်။
ယင်းသည် ယခင်က တင်းရွှယ်မှာ မရှိသော အရည်အချင်း ဖြစ်သည်။ ထိုသည်ကို ရွှီချင်း သတိထားမိလိုက်ပြီးနောက် တင်းရွှယ်ကို မကြာခဏ ကြည့်တတ်သည်။
တင်းရွှယ်မှာ ကြိတ်၍ ပျော်သွားသည်။ ယင်းမှာ သူမ၏အဒေါ်က သင်ကြားပေးလိုက်ခြင်း ဖြစ်သည်။
တချိန်တည်းမှာပင် ကောင်းကင်ကြီးကို အမြဲ ကြည့်နေရင်း အခွင့်အရေးကို စောင့်နေလေသည်။ ထိုသို့ဖြင့် နောက်ထပ်ခုနစ်ရက် ကုန်လွန်သွားသည်။
နောက်ဆုံးတွင် သူမ မျှော်လင့်နေသော ရာသီဥတုကို ရလိုက်လေသည်။
ထိုညက ကောင်းကင်တွင် လျှပ်စီးများ ဝင်းလက်နေပြီး မိုးခြိမ်းသံများ တဂျိမ်းဂျိမ်း မြည်ဟည်းကာ မိုးကြီး သည်းကြီးမည်းကြီး ရွာသွန်းလာသည်။
တင်းရွှယ်၏ မျက်နှာလေး အနည်းငယ် ဖြူဖျော့သွားသည်။ သူမ ထိုင်နေသောနေရာသည် ရွှီချင်းနှင့် မဝေးပါသော်ငြား နီးကပ်သည်ဟူ၍လည်း မဆိုသာပေ။ မိုးခြိမ်းသွားသည့်အခါတိုင်း သူမ၏ခန္ဓာကိုယ်လေး အနည်းငယ် တုန်ရီသွားတတ်သည်။
ရွှီချင်း၏မျက်လုံးများ ပွင့်လာပြီး တင်းရွှယ်ကို ကြည့်လိုက်သည်။
“ အစ်ကိုရွှီချင်း၊ ညီမငယ်ငယ်လေးကတည်းက ညီမအဖေနဲ့အမေက ညီမဘေးမှာ မရှိခဲ့လို့ မိုးခြိမ်းတဲ့အခါတိုင်း ချောင်တစ်ချောင်မှာ အမြဲပုန်းနေရတာ။ ညီမက ကျင့်ကြံသူတစ်ယောက်ဆိုပေမဲ့ မိုးရွာတဲ့ညတွေဆိုရင် မိုးခြိမ်းတာ၊ လျှပ်စီးလက်တာတွေကို စိတ်ထဲက အလိုလိုကြောက်နေတာ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ညီမ သည်းခံနိုင်ပါတယ်။ အစ်ကိုရွှီချင်း၊ ဆက်ကျင့်ကြံပါ ”
တင်းရွှယ်၏အသံက အလွန်နူးညံ့ပြီး အနည်းငယ် ဖျော့တော့သောလေသံဖြင့် အဆုံးသတ်စကားပြောလိုက်သည်။
“ ညီမ အသားကျနေပါပြီ ”
တင်းရွှယ်သည် ပြောလိုက်ရင်း သနားစဖွယ်အမူအရာဖြင့် သင်္ဘောထိပ်ဦးရှိ ချောင်တွင် ခွေခွေလေးနေလိုက်သည်။
ရွှီချင်းသည် တွေးတောလိုက်ပြီး သေရည်အိုးတစ်အိုးကို ထုတ်၍ တင်းရွှယ်အား ပေးလိုက်သည်။
“ ဟင် … ”
တင်းရွှယ် ကြောင်သွားသည်။
“ နည်းနည်းလောက် သောက်လိုက်၊ ပိုနွေးလာလိမ့်မယ် ”
တင်းရွှယ်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ယူလိုက်သည်။ ထို့နောက် လက်ထဲရှိ သေရည်အိုးကိုတစ်လှည့်၊ တည်ငြိမ်သော ရွှီချင်းကို တစ်လှည့် ကြည့်လိုက်သည်။ သူမသည် အံတင်းတင်းကြိတ်လိုက်ပြီး သေရည်တစ်ကျိုက် မော့သောက်လိုက်သည်။
သူမသည် မြန်မြန် သောက်လိုက်သည်ဖြစ်၍ ချောင်းဆိုးသွားသည်။ ထိုအချိန်တွင် သူမထံသို့ ဆေးလုံးတစ်လုံး ပျံသန်းလာသည်။
“ အဲဒီဆေးက ချောင်းဆိုးတာ ပျောက်စေတယ် ”
တင်းရွှယ်မှာ မည်သို့ပြောရမည်မသိ ဖြစ်သွားရသည်။ အချိန်အတော်ကြာပြီးနောက် ဆေးလုံးကို ယူလိုက်ပြီး ရွှီချင်းအား သနားစဖွယ်အမူအရာဖြင့် ကြည့်လိုက်သည်။ ထိုအချိန်၌ မိုးခြိမ်းသွားပြီး ခန္ဓာကိုယ်လေး တုန်ရီသွားသည်။
ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ သူသည် အပြင်ဘက်ရှိ လျှပ်စီးများကို ကြည့်လိုက်ရင်း မိုးခြိမ်းသံနှင့် မိုးသံများကို နားစွင့်လိုက်သည်။ မည်သည့်အတွက်ကြောင့်မသိ ပြီးခဲ့သည့် မိုးသည်းသောညတစ်ညက ဤသင်္ဘောကြီးပေါ်မှာပင် လက်ရန်းပေါ်တွင် ထိုင်နေခဲ့သော ရဲစွမ်းသတ္တိရှိသည့်လူရိပ်ကို သူ တွေးမိလိုက်သည်။
ခဏအကြာ မိုးခြိမ်းသံများကြားတွင် ရွှီချင်းသည် မိုးမခပုလွေကို ထုတ်လိုက်ပြီး အသာအယာ မှုတ်လိုက်သည်။ သင်္ဘောကြီးပေါ် ချိုသာသော ပုလွေသံ လွင့်ပျံသွားပြီး ကောင်းကင်နှင့်မြေပြင်အကြား ပဲ့တင်ထပ်သွားသည်။ တဂျိမ်းဂျိမ်းမြည်ဟည်းနေသော မိုးခြိမ်းသံများသည် ပုလွေသံနှင့် လိုက်ဖက်ညီစွာဖြင့် ဗုံတီးသံ ဖြစ်သွားဟန်တူသည်။
ထိုပုလွေသံစဉ်တွင် သိုင်းလောက၏ အငွေ့အသက်များ ပါဝင်နေပြီး ရွှီချင်း၏ရင်ထဲမှ အတွေးစများလည်း ရောယှက်နေသည်။ ပုလွေသံ ထွက်ပေါ်လာသည့်အခါ တင်းရွှယ် မှင်သက်သွားသည်။
ဓားသွားပမာ ဖြောင့်တန်းသော မျက်ခုံးမွေးများနှင့် ကြယ်ပွင့်ပမာ တဖျပ်ဖျပ်လက်နေသော မျက်ဝန်းတစ်စုံအောက်ရှိ မြစိမ်းရောင်ပုလွေကို မှုတ်နေသော ခရမ်းရောင်တာအိုဝတ်ရုံဝတ်ရွှီချင်းကို သူမ ငေးကြည့်မိလိုက်သည်။ ထိုအချိန်၌ သူမ၏လောကကြီးထဲတွင် အချိန်ရပ်တန့်သွားဟန်တူသည်။
အချိန်တစ်ခုအရောက်တွင် ပုလွေသံ ရပ်တန့်သွားသည်။ ထိုအချိန်၌ အပြင်လောကကြီးတွင် မိုးသောက်ယံသို့ ရောက်နေပြီဖြစ်ပြီး မိုးကြိုးမုန်တိုင်းသည်လည်း ရပ်သွားပြီ ဖြစ်သည်။
“ အစ်ကိုရွှီချင်း၊ အဲဒီသံစဉ်နာမည်က ဘာလဲဟင် ”
တင်းရွှယ်သည် အသိဝင်လာပြီး အသက်ပြင်းပြင်းရှူကာ ခပ်တိုးတိုးမေးမြန်းလိုက်သည်။
ရွှီချင်းက ခေါင်းယမ်းလိုက်ပြီး မဖြေပေ။ သူသည် မတ်တတ်ရပ်ကာ မနက်ခင်းအလင်းရောင်ခြည်တန်းများ ကျရောက်နေသည့် မြေပြင်ကို ကြည့်လိုက်သည်။ သူ့အမြင်အာရုံထဲတွင် တိုင်းပြည်လေးတစ်ခု ပေါ်လာ၏။
ထိုတိုင်းပြည်သည် ဤခရီးစဉ်အတွက် သူတို့၏ ဦးတည်ရာနေရာ ဖြစ်ပေသည်။
စိတ်စက္ခုတိုင်းပြည်၊
စိတ်စက္ခုတိုင်းပြည်သည် လူသားတိုင်းပြည်လေးတစ်ခု ဖြစ်သည်။ ထိုတိုင်းပြည်သည် ချီရွှဲ့ထုံဂိုဏ်း ရောက်မလာခင်အချိန်အထိ မည်သည့်အင်အားစုများပေါ်တွင်မျှ မှီခိုခြင်း မရှိခဲ့ပေ။ ထိုတိုင်းပြည်၏ ဘုရင်ဟောင်းသည် ယခင်မျိုးဆက်များစွာက ချီရွှဲ့ထုံဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူ၏ပါရမီကြောင့် မဟာမိတ်က သူ့ကို ခေါ်ဆောင်ခဲ့ပြီး ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်မလွှတ်တော့ပေ။
သူ အသက်ကြီးရင့်ပြီး သေတော့မည့်အချိန်၌ ဤနေရာတွင် အခြေချရန် ရွေးချယ်ကာ ဤတိုင်းပြည်လေးကို တည်ထောင်ခဲ့သည်။ သူ အသက်ဆုံးပါးသွားသည့်တိုင်အောင် ချီရွှဲ့ထုံဂိုဏ်းသို့ မပြန်နိုင်ခဲ့ပေ။
သို့ဖြစ်၍ ချီရွှဲ့ထုံဂိုဏ်းက ထိုတိုင်းပြည်လေး၏ အရေးကိစ္စများကို အလွန် အလေးထားသည်။
မူလက သက်စောင့်မီးလုံးနှစ်လုံးနှင့် ကျင့်ကြံသူနှစ်ယောက်အား ထိုတိုင်းပြည်လေး၏ကိစ္စကို ကိုင်တွယ်ရန် သူတို့ စေလွှတ်ချင်ခဲ့ကြသည်။ သို့သော်လည်း အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို အပြင်သို့ ခေါ်သွားချင်နေသည်ဖြစ်၍ ထိုကိစ္စအား ရွှီချင်းလက်သို့ သူတို့ အပ်ခဲ့ကြခြင်း ဖြစ်သည်။
မနက်ခင်းရောင်ခြည်တန်းများအောက်တွင် ထိုတိုင်းပြည်လေးရှိ သာမန်လူများ၏ အိမ်များဆီမှ မီးခိုးငွေ့များ တလူလူ ပျံတက်နေသည်။ ထိုမြင်ကွင်းကိုကြည့်ရသည်မှာ အလွန် အေးချမ်းပေသည်။ ထိုတိုင်းပြည်ကို လုံခြုံအေးချမ်းသော တိုင်းပြည်အနည်းငယ်အနက် တစ်ခုအဖြစ် ယူဆနိုင်သည်။
ထိုသို့ဘေးကင်းလုံခြုံနေရသည့်အကြောင်းအရင်းမှာ ထိုတိုင်းပြည်အား တည်ထောင်ခဲ့သော ချီရွှဲ့ထုံဂိုဏ်း၏အကြီးအကဲက ဘေးပတ်လည်တွင် အကာအကွယ်မန္တန်အစီအရင်တစ်ခု တပ်ဆင်ထားခဲ့သောကြောင့် ဖြစ်သည်။ ထိုမန္တန်အစီအရင်ကြောင့် ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ ထိုတိုင်းပြည်လေးထဲသို့ ဝင်ရန် ခက်ခဲသည်။
သို့သော်လည်း မကြာသေးခင်က ထိုတိုင်းပြည်လေး၏ မန္တန်အစီအရင်မှာ အားနည်းချက်တစ်ခု ဖြစ်လာခဲ့ဟန်တူပြီး မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာခဲ့သည်။
ရွှီချင်းသည် မလာခင်က ဖိုင်တွဲကို ဖတ်ကြည့်ခဲ့သည်။ လွန်ခဲ့သော ရက်နှစ်ဆယ်ခန့်က ဤတိုင်းပြည်လေးထဲရှိ လူလေးဆယ့်ကိုးယောက်သည် အလောင်းကောင်များအဖြစ် ပြောင်းလဲသွားပြီး မြို့ထဲတွင် လမ်းလျှောက်နေကြသည်။ ထို့နောက် သူတို့က မန္တန်အစီအရင်များ တပ်ဆင်ကာ နာရီအနည်းငယ်အကြာတွင် စူးစူးဝါးဝါး အော်ဟစ်ပြီး သေဆုံးသွားကြသည်။
ချီရွှဲ့ထုံဂိုဏ်းသည် ထိုတိုင်းပြည်ထံမှ တင်ပြချက်ရရှိခဲ့ပြီးနောက် ဆဋ္ဌမမြောက်တောင်ထိပ်မှ အခြေတည်အဆင့်ဂိုဏ်းသားတစ်ယောက်ကို တာဝန်ပေးခဲ့သည်။ ထိုဂိုဏ်းသားမှာ သက်စောင့်မီးလုံး မရှိပါသော်လည်း သာမန်လေလွင့်ကျင့်ကြံသူများ သွားရှုပ်၍မရသောလူတစ်ယောက်ဖြစ်သည်။ သူ စူးစမ်းလေ့လာပြီးနောက် လက်သည်တရားခံကို ရှာတွေ့သွားခဲ့ပြီး သတ်ပစ်ခဲ့သည်။
သို့သော်လည်း ဆယ်ရက်အကြာတွင် အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်လာခဲ့သည်။ တရားခံမှာ ယခင်တရားခံပင် ဖြစ်သည်။
ထိုအချိန်တွင် ဆဋ္ဌမမြောက်တောင်ထိပ်မှဂိုဏ်းသားသည် မကောင်းဆိုးဝါးတစ်ကောင် လုပ်နေခြင်းဖြစ်ကြောင်း သိသွားပြီး ဂိုဏ်းထံသို့ တင်ပြကာ ဆယ်ရက်အတွင်း လူတစ်ယောက်ကို စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ဆယ်ရက်အကြာတွင် အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်မည်ဖြစ်ကြောင်း သူ မှန်းဆခဲ့သည်။
ရွှီချင်းရောက်သည့်နေ့မှာ ဆယ်ရက်မြောက်နေ့ ဖြစ်သည်။
သူ ရောက်ပြီးနောက် ဤတိုင်းပြည်လေး၏ ဘုရင်ကိုဖြစ်စေ၊ ဆဋ္ဌမမြောက်တောင်ထိပ်ဂိုဏ်းသားကိုဖြစ်စေ သတင်းမပို့ခဲ့ပေ။ ထိုအစား ထိုတိုင်းပြည်လေး၏ ပိုင်နက်အပြင်ဘက်သို့ မှော်သင်္ဘောကို ထိန်းချုပ်ကာ မောင်းနှင်လိုက်သည်။ အဝေးသို့ သူ ရောက်သောအခါမှသာ တင်းရွှယ်နှင့်အတူ မှော်သင်္ဘောပေါ်မှ ဆင်းလိုက်သည်။ သူသည် ခြေရာလက်ရာအားလုံးကို ဖျောက်ဖျက်လိုက်ပြီး ထိုတိုင်းပြည်လေး၏ မြို့တော်ထဲ လျှောက်ပတ်သွားလေသည်။
မြင်သမျှလူတိုင်းက သာမန်လူများသာ ဖြစ်ကြသည်။ တိုင်းပြည်ပတ်လည်ရှိ မန္တန်အစီအရင်ကြောင့် ဤနေရာရှိ လူများသည် ယခင်က ရွှီချင်း တွေ့ခဲ့သည့်လူများထက် အဆပေါင်းများစွာ အခြေအနေပိုကောင်းကြသည်။
သူတို့ကိုယ်များတွင် ဓာတ်နှောများ ရှိပါသော်လည်း အစိမ်းပုပ်ရောင်သမ်းကာ သန္ဓေပြောင်းသည့်အခြေအနေသို့ မရောက်ကြသေးပေ။ ယင်းအပြင် လမ်းများပေါ်တွင် လမ်းသွားလမ်းလာများစွာရှိပြီး အများစုက ပျော်ပျော်ပါးပါးဖြင့် သွားနေကြသည်။
တင်းရွှယ်သည် ဘေးပတ်ဝန်းကျင်ကို စူးစမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုကဲ့သို့ လူသားတိုင်းပြည်လေးတစ်ခုကို သူမ တစ်ခါမှ မရောက်ဖူးပါသော်လည်း မတုံးအပေ။ ဖိုင်တွဲများမှတစ်ဆင့် ဤလောကအကြောင်းကိုလည်း သူမ နားလည်ထားခဲ့ပြီး ယခု မကောင်းဆိုးဝါးကို ရှာဖွေနေခြင်းဖြစ်ကြောင်း သူမ သိသည်။ ထို့ကြောင့် ရွှီချင်းကို သူမ မနှောင့်ယှက်တော့ဘဲ နောက်မှ တိတ်ဆိတ်စွာ ကပ်လိုက်သွားသည်။
ရွှီချင်းသည် လမ်းများပေါ်တွင် လျှောက်သွားနေသည်။ အပြင်လူများအနေဖြင့် သူ့ကို မမြင်နိုင်ပေ။ ယင်းမှာ မဟာမိတ်ထဲရှိ အဆင့်နိမ့်ကိုယ်ယောင်ဖျောက်အဆောင်၏အစွမ်းကြောင့် ဖြစ်သည်။ အခြေတည်အဆင့်သို့ မရောက်သေးသော ကျင့်ကြံသူများအနေဖြင့် ထိုကိုယ်ယောင်ဖျောက်အဆောင်၏ အငွေ့အသက်များကို အာရုံခံမိမည် မဟုတ်ပေ။
ထိုသို့ဖြင့် နှစ်နာရီ ကုန်လွန်သွားသည်။ ရွှီချင်းသည် တိုင်းပြည်လေးပတ်လည် လျှောက်ပတ်နေခဲ့ပြီးနောက် အိမ်တစ်လုံးရှေ့တွင် ရပ်လိုက်သည်။ သူသည် ခေါင်းငုံ့၍ သူ့အရိပ်ကို ကြည့်လိုက်သည်။ အရိပ်လေးက ဤနေရာကို မကောင်းဆိုးဝါးတစ်ကောင်ကို အာရုံခံမိကြောင်း ခံစားချက်များ ပို့လွှတ်လိုက်သည်။
ထိုတာဝန်သည် တခြားသူများအတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပါသော်ငြား ရွှီချင်းအတွက် အလွန် လွယ်ကူသည်။ သူသည် တွေဝေတွန့်ဆုတ်မနေဘဲ အိမ်ထဲ ဝင်သွားသည်။ သူ ဝင်သွားသည်နှင့် သူ၏မျက်နှာကို လေအေးတစ်ချက် သုတ်ခနဲ တိုက်ခတ်လာသည်။
ရွှီချင်းမှာ မည်သည့်အရာကိုမျှ လုပ်နေစရာမလိုပေ။ အရိပ်လေးသည် ရုတ်တရက် ပြန့်ကားသွားပြီး အငမ်းမရ ဝါးမျိုလိုက်သည်။ အရိပ်လေး၏ပါးစပ်ထဲသို့ လေအေးမှာ ချက်ချင်း ဝင်ရောက်သွားသည်။ တဂျွမ်းဂျွမ်းမြည်သံများ လွင့်ပျံသွားပြီးနောက် ထိုနေရာရှိ မကောင်းဆိုးဝါး ပျောက်ကွယ်သွားသည်။
ထို့နောက် ရွှီချင်းသည် နေရာမှာပင်ရပ်၍ တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ၏မျက်ခုံးမွေးများ အပေါ်သို့ မြင့်တက်သွားသည်။ အရိပ်လေးထံမှ နောက်တစ်နေရာတွင် မကောင်းဆိုးဝါးတစ်ကောင်ကို ရှာတွေ့ပြီဖြစ်ကြောင်း သူ သတင်းရလိုက်သည်။
“ သဘာဝလွန်မိစ္ဆာမျိုးနွယ်ပဲလား ”
ရွှီချင်းသည် ငြိမ်သက်စွာဖြင့် တံခါးအပြင်ဘက်တွင် စောင့်နေသော တင်းရွှယ်ကို အရိပ်လေး ညွှန်ပြသည့်နေရာသို့ ခေါ်သွားလေသည်။ ထိုနေရာတွင် မကောင်းဆိုးဝါးတစ်ကောင်၏ အရှိန်အဝါကို သူ အာရုံခံမိလိုက်သည်။ မကြာခင် အရိပ်လေး၏ပါးစပ်ထဲ မကောင်းဆိုးဝါး ပျောက်ကွယ်သွားသည်။
“ ရတနာ … ကလေး … တစ်ခု … မဟုတ် …”
အရိပ်လေးသည် တဂျွမ်းဂျွမ်းစားနေရင်း ခံစားချက်များ ပို့လွှတ်လိုက်သည်။ ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အလျင်အမြန် ပြောပြလိုက်သည်။
“ သခင်လေး၊ အရိပ်လေးပြောတာက သဘာဝလွန်မိစ္ဆာမျိုးနွယ်က မဟုတ်ပါဘူး။ မတူညီတဲ့ တခြားမျိုးနွယ်တစ်ခုကပါ။ အရသာက သဘာဝလွန်မိစ္ဆာမျိုးနွယ်ကရတဲ့အရသာနဲ့ မတူလို့ သဘာဝလွန်မိစ္ဆာမျိုးနွယ် မဖြစ်နိုင်ပါဘူး။ ရတနာပစ္စည်းတစ်ခုကနေ ထုတ်လွှတ်လိုက်တဲ့ မကောင်းဆိုးဝါးနဲ့ ပိုတူတယ်လို့ သူ ထင်နေပါတယ် ”