အဖိုးတန်ရတနာလေး ပိုင်မျန်မျန်.......
Vol. 23 Ch. 309
[TN/ ကြယ်လေးပွင့်ဖော်မြူလာနဲ့ကြယ်လေးပွင့်ဝိဉာဉ်ရည်ဆိုတာ တူမလိုလိုနဲ့မတူပါဘူး.....ဉပမာအလွယ်ပေးရရင် ဆေးရည်ရဲ့အဆင့်နဲ့ အဲ့ဆေးရည်ကို ဖော်စပ်တဲ့ဆေးညွှန်းအဆင့်လိုပါပဲ.....]
အရှက်ရမိသည့်အတွက် လီလော့ အခန်းသို့ပြန်ခဲ့သော်လည်း ကံကောင်းမှုက ခန်းတံခါးဝကိုတည့်တည့်ကြီးရောက်လာခဲ့ပါသည်။
နောက်နေ့မနက်မှာတော့ အခန်းတံခါးခေါက်သံကြောင့် နိုးတစ်ဝက် အိပ်တစ်ဝက်ဖြင့် အခန်းတံခါးသွားဖွင့်လိုက်သည့်အခါ ပိုင်မျန်မျန်ကိုမြင်တွေ့လိုက်ရသည်။
မည်းနက်နေသော မျက်ကွင်းနှစ်ဖက်ကြောင့် ပန်ဒါပုံပေါက်နေသော်လည်း သူမ ပြောလိုက်သည့်စကားကြောင့် ထိုအရာများကို မရယ်နိုင်သေးပေ။
" ခေါင်းဆောင်....ငါလုပ်နိုင်ခဲ့ပြီ.....ငါလုပ်နိူင်ခဲ့ပြီ!!!!!"
" ဘာကိုပြောနေတာလဲ....."
"ကြယ်လေးပွင့်ဝိညာဉ်ရည်ဖော်မြူလာ!"
မှော်ဆန်သော ထိုစကားလုံးများသည် လီလော့ကို အပြည့်အဝအိပ်ယာနိုးထစေခဲ့သည်။
" ဟမ်....လုပ်နိုင်ပြီလား....."
"အင်း...."
ပိုင်မျန်မျန်ကတော့ ထုံးစံအတိုင်း ရှက်ရွံနေဟန်ဖြင့် ခေါင်းငုံ့နေရှာသည်။
"ငါ အဝတ်အစားလဲလိုက်ဉီးမယ်...."
လီလော့က စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး သူမလက်ကိုဆွဲကာ အခန်းတံခါးကိုပိတ်လိုက်သည်။
လသာဆောင်တွင်......
ဤထူးဆန်းသောမြင်ကွင်းကို ရှင်းဖူ အစအဆုံး မြင်လိုက်ရသည့်အတွက် မျက်လုံးအပြူးသားဖြစ်နေရှာသည်။
မကြာမီ ကျယ်လောင်သော အသံနှင့်အတူ တံခါးပွင့်လာပြီး ပိုင်မျန်မျန် ခုန်ထွက်လာကာ နားရွက်ထိပ်များ နီရဲလာနေလေ၏။
"ခေါင်းဆောင် ငါ့ကို ဘာလို့ အခန်းထဲကို ခေါ်သွားတာလဲ... "
ပိုင်မျန်မျန် တိုးတိုးလေးပြောရင်း သူမရဲ့ နွေးထွေးတဲ့ ပါးပြင်တွေကို ထိလိုက်သည်။
"ဒါပေမယ့်...ခေါင်းဆောင်က တော်တော်ကြည့်ကောင်းသားပဲ...."
ထိုအချိန်တွင် အခန်းတံခါးပွင့်လာပြီး လီလော့က သူမကို အရှက်ပြေပြုံးပြလိုက်ပြီ.....
"တောင်းပန်ပါတယ်....အရမ်းစိတ်လှုပ်ရှားနေလို့ပါ...."
သူမလည်း စိတ်လှုပ်ရှားနေသည့်အတွက် ကျန်တာတွေကို ခေါင်းထဲသိပ်မထည့်ထားခဲ့ပေ။
"သန့်စင်ရေးအလုပ်ခန်းကိုသွားရအောင်..... ဖော်မြူလာတွေရဖို့ မစောင့်နိုင်ဘူး......"
လီလော့က သူမလက်ကို သတိလက်လွတ်လှမ်းဆွဲလိုက်ပြီး ဝရံတာတွင်ရှိနေသော ရှင်းဖူကိုလည်း ပြုံးပြလိုက်သေးသည်။
ရှင်းဖူကလည်း သူ့ကို တောက်ပသော ပြုံးဖြင့်ပြန်ပြုံးပြနေ၏။
ရှင်းဖူကို မြေမြှုပ်ပစ်ဖို့အထိ စိတ်ဆိုးခဲ့ဖူးသော်လည်း ယခုချိန်တွင် စိတ်ကောင်းဝင်နေသဖြင့် လျှော်ပစ်လိုက်ပါပြီ။
နှစ်ယောက်သား သန့်စင်ရေးအလုပ်ရုံကို ရောက်သည့်အခါ ပိုင်မျန်မျန်က စာလိပ်တစ်ခု ထုတ်ပေးလေ၏။
ထိုစာလိပ်သည် ရေဒဏ်မီးဒဏ်ခံနိုင်အောင် အထူးစီမံထားသော စာလိပ်ဖြစ်သည်။
သူမသည် ထိုစာလိပ်ကို ရတနာတပါးသဖွယ် တယုတယဖြင့် လီလော့ဆီ လွှဲပြောင်းပေးလိုက်သည်။
" ဒါက အဆင့်သုံးဝိဉာဉ်ရည်အတွက် ကြယ်လေးပွင့်ဖော်မြူလာ..... "
လီလော့ကလည်း ထိုစာလိပ်ကို မွေးကင်းစကလေးကဲ့သို့ ဂရုတစိုက်လှမ်းယူလိုက်သည်။ ဤစာလိပ်ပေါ်တွင် ဝိညာဉ်ရည်များကို ဖန်တီးပေးနိူင်သည့် အဖိုးတန်အသိပညာတစ်ခုရှိနေသည်မဟုတ်လော......
လီလော့ကိုယ်တိုင်ကလည်း အဆင့်သုံးပညာရှင်ဖြစ်သည့်အတွက် ထိုဖော်မြူလာ၏အဖိုးတန်မှုကို အသေအချာနားလည်နေပါသည်။
ထိုစာလိပ်ပေါ်ရှိ ညွှန်ကြားချက်တစ်ခုစီသည် မရေမတွက်နိုင်သော စမ်းသပ်မှုများကို ကိုယ်စားပြုသည်။ စမ်းသပ်မှုတစ်ခုစီတိုင်းကို ကောင်းမွန်သောစိတ်စေတနာဖြင့် ဂရုတစိုက်ဖန်တီးထားပြီး ပါဝင်ပစ္စည်းတစ်ခုစီ၏ ဂုဏ်သတ္တိများနှင့် ၎င်းတို့၏ပေါင်းစပ်မှုအတွက် သဘာဝကျသော နည်းလမ်းများကို အသေးစိတ်ရေးသားပေးထားသည်။
"ကြယ်လေးပွင့်ဖော်မြူလာ ပီသပါပေတယ်....."
ရှပြည်ထောင်စုတွင် ဝိညာဉ်ရည်ဖော်မြူလာများကို ကြယ်ငါးပွင့်အထိ အဆင့်ခွဲခြားထားသည်။ ကြယ်ပွင့်အဆင့်မြင့်လေ၊ ရှားပါးပြီး စွမ်းအားပိုပြင်းလေဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ကြယ်ပွင့်အဆင့်မြင့်လေ သန့်စင်မှုနှုန်း ကန့်သတ်ချက် မြင့်မားလေဖြစ်သည်။
ဥပမာ.... တတိယတန်း ဝိညာဉ်ရည်ကို ကြယ်နှစ်ပွင့်ဖော်မြူလာသုံးပြီး သန့်စင်မည်ဆိုပါက သန့်စင်မှု 60% ခန့်အထိ ရောက်ရှိနိုင်သည်။
ကြယ်သုံးပွင့်ဖော်မြူလာသုံးမည်ဆိုပါက သန့်စင်မှု 65% ထိရောက်ရှိနိုင်သည်။
ကြယ်လေးပွင့်ဖော်မြူလာတစ်ခုသည် ကန့်သတ်ချက်မြင့်မားသော သန့်စင်မှု 70% အထိရောက်ရှိစေနိုင်သည်။
ဆိုလိုသည်မှာ ယေဘူယျအားဖြင့် ဖော်မြူလာ၏ အရည်အသွေးသည် ဝိညာဉ်ရည်များ၏ အစွမ်သတ္တိ၊ တန်ဖိုးနှင့် သန့်စင်မှြများကို ဆုံးဖြတ်ပေးသည်။
ညံ့ဖျင်းသော ဖော်မြူလာသုံးလျှင် အကောင်းဆုံး ရေအရင်းအမြစ်ရှိသည့်တိုင် အကောင်းဆုံး ပညာရှင်များပင်လျှင် သတ်မှတ်ထားသော ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။
ကျွမ်းကျင်တဲ့ စားဖိုမှူးတစ်ယောက်လို ဟင်းချက်စရာမလိုဘဲ ဟင်းမချက်နိုင်သည့်သဘောပင်......
ထို့ကြောင့် စံအိမ်ကြီးများတွင် ဖော်မြူလာကောင်းများ ရှိရန် အလွန်အရေးကြီးသည်။
လီလော့သည် တန်ယွမ် နှင့်ယှဉ်ပြိုင်ခဲ့စဉ်က ကြယ်နှစ်ပွင့်ဖော်မြူလာဖြင့် တတိယတန်းဝိညာဉ်အရည်ကို ဖန်တီးခဲ့သည်။ထို့ကြောင့်ကန့်သတ်ချက်မှာ 60% ဖြစ်သော်လည်း 58% ရောက်သည်အထိသာသန့်စင်နိုင်ခဲ့သည်။
"ဒီဖော်မြူလာသာ ကြယ်သုံးပွင့်အဆင့်ဆို ငါကိုယ်တိုင် စမ်းသပ်ကြည့်လိုက်ချင်တယ်....."
လီလော့ စိတ်အားထက်သန်စွာ ပြောလိုက်သည်ကို ပိုင်မျန်မျန်က ခေါင်းညိတ်ထောက်ခံနေ၏။
သူမ၏ကိုယ်ပိုင်အရည်အချင်းများသည် သုတေသနပြုခြင်းတွင်သာ အားကောင်းသော်လည်း လက်တွေ့လုပ်ဆောင်မှုစွမ်းရည်များမှာ ထင်သလောက် အံ့သြစရာမရှိခဲ့ပေ။ သူမသည် ဤဖော်မြူလာကို ဖန်တီးသူဖြစ်ခဲ့သော်လည်း ကိုယ်တိုင် မစမ်းသပ်ကြည့်ရသေးပေ။
ပါဝင်ပစ္စည်းများ၏ ဂုဏ်သတ္တိများကိုတွက်ချက်ပြီးသာ ဖော်မြူလာဖန်တီးခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် သန့်စင်ရေးအလုပ်ရုံထဲတွင် ကြယ်လေးပွင့်ဖော်မြူလာအတွက်လိုအပ်သော ပါဝင်ပစ္စည်းအပြည့်အစုံရှိနေသေးသည်။
ထို့ကြောင့် လီလော့ ချက်ချင်းစမ်းသပ်ဖို့ပြင်လိုက်သည်။
စစချင်းကတည်းက စိတ်အားထက်သန်မှုကြောင့် စိုးရိမ်သောကတွေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ရှီးယန်စံအိမ်တွင် ကြယ်သုံးပွင့်ဖော်မြူလာများ ရှိသော်လည်း ၎င်းတို့သည် ပိုင်မျန်မျန်၏ ဖော်မြူလာနှင့် နှိုင်းယှဉ်လျှင် ပို၍ ရိုးရှင်းလွန်းလှသည်။
လီလော့ အကြိမ်ပေါင်းများစွာ ကျရှုံးနေသည့်အတွက် ပိုင်မျန်မျန်က အားပေးသည့်အနေဖြင့်
" အခုမှပထမဆုံး စသုံးတာဆိုတော့ ဘယ်ကျွမ်းကျင်ပါ့မလဲ....တဖြည်းဖြည်း အောင်မြင်လာမှာပါ....."
လီလော့ စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး ခေါင်းအေးအေးနဲ့ ခွဲခြမ်းစိတ်ဖြာပြီး ပြဿနာကို စတင်ဖြေရှင်းဖို့ကြိုးစားသည့်အခါ လုပ်ငန်းစဉ်များတဖြည်းဖြည်းဖြင့်အဆင်ချောလာခဲ့သည်။
နှစ်နာရီကြာပြီးနောက် အလုပ်ရုံရှိ ပါဝင်ပစ္စည်းများအားလုံးနီးပါးကို မီးရှို့လိုက်သည်သော်လိုက် သန့်စင်ရေး လုပ်ငန်းစဉ် ပြီးဆုံးလုနီးပါးဖြစ်နေခဲ့ပြီ။
သူ့ရှေ့တွင် မတူညီတဲ့ စမ်းသပ်ပြွန် ၁၈ ခု ရှိနေပြီး တစ်ခုချင်းစီတွင် ရာနှင့်ချီသော ပါဝင်ပစ္စည်းများကို ပေါင်းစပ်ထည့်သွင်းထားသည်။
လီလော့ အသက်ပြင်းပြင်းရှူကာ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို ဖန်ပြွန်များဆီသို့ပို့လွှတ်လိုက်သည့်အခါ......
ဖန်ပြွန် ၁၈ခုလုံးသည် လေထုထဲတွင်ဝဲပျံနေပြီး ပဲ့တင်ထပ်သံစွမ်းအားများကြောင့် ဖန်ပြွန်ထဲမှအရည်များစတင်ရောနှောကုန်ကြသည်။
မိနစ်အနည်းငယ်ကြာအောင် ဤလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ခပ်မှိန်မှိန်လင်းလက်နေသောအရည်များကို ဖန်ပုလင်းတစ်လုံးထဲသို့ လောင်းထည့်လိုက်လေတော့သည်။
"ငါလုပ်နိူင်ခဲ့ပြီ....."
ပိုင်မျန်မျန်သည်လည်း လီလော့နှင့်ထပ်တူပျော်ရွှင်နေပြီး သန့်စင်မှုနှုန်းစမ်းသပ်သည့်အပ်ကို ပုလင်းထဲသို့နှစ်လိုက်သောအခါညွှန်ပြချက်သည် 60% အမှတ်အသားသို့ ချက်ချင်းခုန်တက်သွားသည်။
ထိုရလဒ်ကြောင့် လီလော့ ပင့်သက်ရှိုက်လိုက်မိသည်။ ထိုရလဒ်သည် တန်ယွမ်တို့နှင့်ယှဉ်ပြိုင်ခဲ့စဉ်က သန့်စင်ခဲ့သော် လမ်းပြငှက်ဝိဉာဉ်ရည်ထက်ပင် ပိုမိုသန့်စင်နေသည်။
ဖော်မြူလာကို ကျွမ်းကျင်သောအခါတွင် ပို၍ပင် အားကောင်းလာမည်မှာ သေချာပင်....
ယခုလို ပိုင်မျန်မျန်၏ဖော်မြူလာ ထိရောက်မှုကို သက်သေပြလိုက်နိုင်ခြင်းကသာလျှင် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းနေလေ၏
"ဝိုးးးးငါလုပ်နိုင်ခဲ့ပြီ....."
သူမ၏ ဖော်မြူလာအောင်မြင်သည့်အတွက် ပျော်ရွှင်နေရှာသည့် ပိုင်မျန်မျန်ကို လီလော့ လှည့်ကြည့်လိုက်ပြီး စိတ်ထဲတွင် မှတ်ချက်ပေးလိုက်သည်က......
တကယ့်ကိုအဖိုးတန်ရတနာလေးပဲ......
***