ဆရာ၊ ကယ်ပါဦး ( ၁ )
Vol. 27 Ch. 405
ထိုလူများက သူ သတ်ခဲ့သည့်အဘိုးအို၏ အဖော်များလားဆိုသည်ကို ရွှီချင်း မသိပေ။
သူတို့အဝတ်အစားများတွင် သံသယဖြစ်စရာတစ်ခုမျှ သူ မတွေ့ပေ။ ပျံသန်းလာနေသော လူရိပ်ခုနစ်ရိပ်ဖြစ်စေ၊ နန်းတော်သုံးဆောင်နှင့် သက်လတ်ပိုင်းရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်စေ သူတို့အားလုံး လူစိမ်းများဖြစ်ကြသည်။
သို့သော်လည်း ရိုးရှင်းစွာ စစ်ဆေးကြည့်ပြီးနောက် ထိုလူများသည် အဘိုးအို၏ အဖော်များ မဟုတ်ကြောင်း ရွှီချင်း တွေးမိလိုက်သည်။ သူတို့သည် ဤနေရာတွင် ချုံခို၍ သူ ထွက်ပေါ်လာမည့်အချိန်ကို စောင့်နေကြခြင်းသာ ပို၍ ဖြစ်နိုင်သည်။
ယင်းအပြင် သူ့မှာ တာအိုအစောင့်အရှောက်များ မရှိကြောင်း သူတို့ အတည်ပြုခဲ့ကြဟန်တူသည်။
ထိုသို့လုပ်နိုင်စွမ်းရှိသည်မှာ သူတို့က သူ့အကြောင်းကို တိတိကျကျသိထား၍သာ ဖြစ်ပေမည်။
မဟာမိတ်မှလူများသည်သာ သူ့အကြောင်းကို အလွယ်တကူ စုံစမ်းနိုင်ကြမည် ဖြစ်သည်။
ထိုသု့ိမဟုတ်ပါက ရုပ်ဖျက်ထားသည့်သူ့ကို လမ်းခရီးတွင် မြင်တွေ့သွားသည့်တိုင်အောင် သူ့တာဝန်၏ ဦးတည်ရာအရပ်ကို သိကြမည် မဟုတ်ပေ။
‘ တိမ်လွှာဓားဂိုဏ်းက ဒီသတင်း ဖြန့်လိုက်တာလား ’
ရွှီချင်း ချက်ချင်း နောက်ဆုတ်လိုက်သည်။
သူက သွေးဆာနေသော အပြုံးများဖြင့် လူရိပ်ခုနစ်ရိပ်ကို ရှောင်ထွက်သွားနိုင်ပါသော်လည်း နန်းတော်သုံးဆောင်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူထက် ပို၍ မမြန်ပေ။
“ အိပ်မက်မက်မနေနဲ့ ”
အေးစက်စက်အသံ ပျံ့လွင့်လာသည်။ ရွှီချင်း ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့် အမြန်နှုန်းဖြင့် နန်းတော်သုံးဆောင်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူက လူသတ်ချင်စိတ်အပြည့်ဖြင့် သူ့ရှေ့သို့ ရိပ်ခနဲ ရောက်လာသည်။
ထိုသေရေးရှင်ရေးအခြေအနေတွင် ရွှီချင်း၏ခေါင်းအထက်ရှိ ခရမ်းရောင်ကောင်းကင်သရဖူက အလင်းလွှာတစ်ခု ဖြစ်သွားပြီး ကောင်းကင်နန်းတော်သုံးဆောင်စွမ်းအားကို တားဆီးလိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရွှီချင်း၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ ကောင်းကင်နန်းတော်သုံးဆောင်စွမ်းအားကို သူ ခုခံလိုက်ပါသော်လည်း တန်ပြန်အားများကြောင့် သူ ဒဏ်ရာရသွားသေးသည်။
သူတို့နှစ်ယောက်ကြားတွင် ကွာခြားချက် အလွန်ကြီးမားသည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး ဆက်လက်နောက်ဆုတ်ကာ အဝေးသို့ ထွက်ပြေးသွားသည်။
ကောင်းကင်နန်းတော်သုံးဆောင်ရွှေအမြုတေအဆင့်ကျင့်ကြံသူက ထွက်ပြေးသွားသော ရွှီချင်းကို အေးတိအေးစက် ကြည့်လိုက်သည်။ သူသည် ချက်ချင်း လိုက်မသွားသေးဘဲ ရွှီချင်း၏တာအိုအစောင့်အရှောက်များ ပေါ်လာ၊ မလာကို အတည်ပြုရန် ပတ်ဝန်းကျင်အား အလျင်အမြန် အကဲခတ်လိုက်သည်။
တခြားလူများမှာမူ လောဘကြီးစွာဖြင့် ဆက်လက်ပြေးလိုက်သွားကြသည်။
ထိုသူများအားလုံး ကြောက်ခမန်းလိလိကျင့်ကြံခြင်းအခြေခံများ ပိုင်ဆိုင်ထားကြသည်။ သူတို့အားလုံး ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အနက် ငါးယောက်က နန်းတော်တစ်ဆောင်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး နှစ်ယောက်က နန်းတော်နှစ်ဆောင်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ တစ်ယောက်ချင်းစီက အံ့သြစရာကောင်းလောက်အောင် မြန်ဆန်စွာဖြင့် ရွှီချင်းအား လေးဘက်လေးတန်မှ ဝန်းရံလိုက်ကြသည်။
မန္တန်စွမ်းအားများ သက်ရောက်သွားပြီး မြေပြင်တုန်ခါသွားသည်။
အသံလှိုင်းများ အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားကာ ဟင်းလင်းပြင်ကြီး တွန့်ကွေးနေသည်။
ပတ်ဝန်းကျင်တစ်ခွင် ရိုက်ခတ်သွားသော စွမ်းအင်လှိုင်းများကြောင့် အနီးအနားရှိ တောင်များ ပျက်စီးသွားသည်။
ထိုသို့ဝန်းရံတိုက်ခိုက်ခြင်းနှင့် မြောက်မြားစွာသော မန္တန်များကြောင့် ရွှီချင်းသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ မြန်ဆန်စွာ ဖော်လိုက်သည်။ သူ့လက်များမှ မန္တန်တစ်ခုပြီးတစ်ခု ပေါ်လာပြီး ရေငွေ့လှိုင်းများက ပင်လယ်သားရဲအသွင် ပြောင်းလဲကာ ရန်သူများထံ ပြေးဝင်သွားသည်။
တခဏလေးအတွင်း တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး ရွှီချင်းမှာ သွေးတစ်လုပ်စာ အန်လိုက်သည်။ သူ၏မျက်လုံးများထဲ လူသတ်ချင်စိတ်များဖြင့် ဆူဝေနေသည်။ သို့သော်လည်း ရန်သူများလွန်းသည်ဖြစ်ပြီး တစ်ယောက်မှ သာမန်မဟုတ်ပေရာ တန်ပြန်တိုက်စစ်ကို ထိထိရောက်ရောက် မလုပ်နိုင်အောင် ဖြစ်နေရသည်။
ထိုအချိန်၌ သူသည် တရစပ် ခုခံနေရပြီး မြန်မြန် ဝေးသွားစေရန်သာ လုပ်လိုက်သည်။ ထို့နောက် သူသည် အနည်းငယ် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောအမူအရာဖြင့် ဆက်လက်ထွက်ပြေးသွားသည်။
ခရမ်းရောင်ကောင်းကင်သရဖူမှ အကာအကွယ်စွမ်းအားမှာ မန္တန်များစွာကို ခုခံခဲ့ရသည်ဖြစ်၍ အရှိန်အဟုန်ပြင်းစွာ တုန်ခါနေသည်။
အဝေးမှ ဤနေရာကို ကြည့်မည်ဆိုပါက ကြောက်ခမန်းလိလိစွမ်းအင်လှိုင်းများကို မြင်တွေ့ရပေမည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူများမှာ အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်ကြပြီး မလွတ်မြောက်နိုင်သော ပိုက်ကွက်တစ်ခုသဖွယ် ဖြစ်လာသည်။
ရွှီချင်း၏မျက်နှာ အရုပ်ဆိုးသွားသည်။ အလွှာကိုးလွှာပင်လယ်ကြီး ထွက်ပေါ်လာပြီး ရေလှိုင်းများအသွင်ဖြင့် အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားသည်။
ထိုစဉ် မိုးကုတ်စက်ဝိုင်းဆီမှ စူးရှသောအော်ဟစ်သံ လွင့်ပျံလာသည်။ ထိုအသံပိုင်ရှင်မှာ ကောင်းကင်နန်းတော်သုံးဆောင်နှင့် ရွှေအမြုတေအဆင့် သက်လတ်ပိုင်းလူမှလွဲ၍ တခြား မဟုတ်ပေ။
သူ့ခန္ဓာကိုယ်ပတ်လည်တွင် အလင်းတန်းများ ဖြာထွက်နေပေရာ သူ့ပုံစံက ကြီးကျယ်မြင့်မြတ်သည့်ပုံ ပေါက်နေသည်။ သို့သော်လည်း ထိုအချိန်၌ သူ၏မျက်လုံးများထဲ သံသယအရိပ်အယောင်များ ပေါ်လာသည်။
“ တကယ်ပဲ တာအိုအစောင့်အရှောက်တွေ မရှိတာလား ”
သူ ပြောလိုက်သည့်အချိန်မှာပင် ရွှီချင်းက ခေါင်းမော့လိုက်သည်။ သူက ဝင့်ဝါသည့်အကြည့်ဖြင့် မိုးကုတ်စက်ဝိုင်းဆီသို့ ကြည့်ကာ အော်ဟစ်လိုက်သည်။
“ ဆရာ၊ ဆရာ ကျနော့်ကို ကယ်ပါဦး ”
သူ၏စကားဆုံးသည်နှင့် လူအားလုံး မျက်နှာပျက်သွားကြသည်။ သူတို့ အဝေးသို့ ပြိုင်တူကြည့်လိုက်ကြစဉ် ရွှီချင်းသည် သူ့ကိုယ်ထဲရှိ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို အစွမ်းကုန် လှည့်ပတ်လိုက်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပို၍ မြန်ဆန်စေရန် မှော်သင်္ဘောကိုပင် ထုတ်လိုက်သည်။ မှော်သင်္ဘော၏ နတ်စွမ်းအားကို အသုံးပြုလိုက်ပြီးနောက် မှော်သင်္ဘောမှာ အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားသည်။
“ ကလေးကွက်တွေ … ”
ကောင်းကင်နန်းတော်သုံးဆောင်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူက နှာမှုတ်လိုက်ပါသော်လည်း ပြေးမလိုက်သေးပေ။
သို့သော်လည်း ရွှီချင်း၏ရှေ့ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် လှိုင်းထသွားသည်။ ဟင်းလင်းပြင်ထဲမှ ဧရာမလက်ကြီးတစ်ဖက် ရုပ်လုံးပေါ်လာပြီး ရွှီချင်း၏မှော်သင်္ဘောပေါ်သို့ ကျဆင်းသွားသည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ မှော်သင်္ဘော ပျက်စီးသွားသည်။ သို့သော် မှော်သင်္ဘောက အလုံးစုံ ပျက်စီးမသွားပေ။ ရွှီချင်း၏ ထိန်းချုပ်မှုအောက်တွင် မှော်သင်္ဘောသည် ဦးတည်ချက်ပြောင်းကာ တခြားအရပ်သို့ ပျံသန်းသွားသည်။
အစောပိုင်းက ပေါ်လာခဲ့သော လက်ဝါးကြီး လွင့်ပါးပျောက်ကွယ်သွားပြီး နီမြန်းနေသောမျက်နှာနှင့် အနက်ရောင်တာအိုဝတ်ရုံဝတ်အဘိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ထိုအဘိုးအိုမှာလည်း ကောင်းကင်နန်းတော်သုံးဆောင် ရှိပေသည်။
သူသည်လည်း ရွှီချင်းနောက်သို့ မလိုက်ဘဲ ပတ်ဝန်းကျင်ကို သံသယစိတ်ဖြင့် အာရုံခံကြည့်လိုက်သည်။
ထိုစဉ် ရွှီချင်း ထွက်ပြေးသွားသည့်အရပ်ရှိ ဟင်းလင်းပြင်ကြီးမှာ လှိုင်းထသွားပြန်ပြီး ဧရာမမျက်နှာကြီး ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုမျက်နှာကြီးတွင် ဆံပင်များမရှိဘဲ မျက်လုံးများက နီမြန်းနေသည်။ မျက်နှာကြီးက ပါးစပ်ကြီးကိုဟ၍ ရွှီချင်း၏မှော်သင်္ဘောကို ရက်စက်ကြမ်းကြုတ်စွာ ဝါးမျိုလိုက်သည်။
ဂျိမ်းခနဲ မြည်ဟည်းသံနှင့်အတူ ရွှီချင်း၏မှော်သင်္ဘော ပေါက်ကွဲသွားပြန်သည်။
ရွှီချင်း၏စိတ်ထဲ နာကျင်သွားရပြီး မှော်သင်္ဘောကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။ သူက အံတင်းတင်းကြိတ်၍ ဦးတည်ချက် ပြောင်းလဲလိုက်ပြန်သည်။
သို့သော်လည်း လူရိပ်တစ်ရိပ်ပေါ်လာပြီး အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် သက်လတ်ပိုင်းလူတစ်ယောက်အဖြစ် ပြောင်းလဲသွားကာ ကြက်သီးထဖွယ် ရယ်မောလိုက်ရင်း ကောင်းကင်နန်းတော်သုံးဆောင်ဖိအားများဖြင့် ရှေ့မှ တားဆီးလိုက်သည်။
ရွှီချင်း၏ခန္ဓာကိုယ် အပြင်းအထန် တုန်ရီသွားပြီး သွေးတစ်လုပ်စာ အန်လိုက်သည်။ သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ ကောင်းကင်သရဖူ၏ အကာအကွယ်အလွှာမှာ ပို၍ပင် ရှုံ့တွလာသည်။
ကောင်းကင်နန်းတော်သုံးဆောင်နှင့် သက်လတ်ပိုင်းအရွယ်ရွှေအမြုတေအဆင့်ကျင့်ကြံသူသည်လည်း လျှောက်လာနေပြီ ဖြစ်၍ သူ ရှေ့ဆက်မပြေးနိုင်တော့ပေ။
ထိုအချိန်၌ ရွှီချင်း၏ပတ်လည်တွင် ကောင်းကင်နန်းတော်သုံးဆောင်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူလေးယောက် ရှိနေပြီ ဖြစ်သည်။
တချိန်တည်းမှာပင် လေလွင့်ကျင့်ကြံသူဒါဇင်ခန့် တစ်ယောက်ပြီးတစ်ယောက် ပျံထွက်လာကြသည်။ သူတို့အားလုံး စိတ်စက္ခုတိုင်းပြည်ပတ်လည်တွင် ပုန်းခိုနေကြခြင်း ဖြစ်သည်။
ရွှီချင်း၏မျက်နှာ မည်းမှောင်သွားသည်။ ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကို သူ ဆတ်ခနဲ ထုတ်လိုက်ပြီး ချိုးလိုက်သည်။
တခဏလေးအတွင်း တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး ရွှီချင်းမှာ နေရာမှ ပျောက်သွားသည်။