← Chapters

ဆရာ၊ ကယ်ပါဦး

Vol. 27 Ch. 406

ဆရာ၊ ကယ်ပါဦး

Vol. 27 Ch. 406

ရွှီချင်း ပျောက်ကွယ်သွားစဉ် ပတ်ဝန်းကျင်ရှိ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်မျှ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခြင်းမရှိသလို ရွှီချင်းနောက်သို့ လိုက်သွားခြင်းလည်း မရှိပေ။ သူတို့မျက်နှာများပေါ်ရှိ လောဘစိတ်များနှင့် လူသတ်ချင်စိတ်များ တခဏလေးအတွင်း ပျောက်ကွယ်သွားသည်။ ပို၍ပင် အံ့သြစရာကောင်းသည်မှာ သူတို့မျက်နှာအမူအရာများ ပြောင်းလဲသွားစဉ် သူတို့၏လူရိပ်များသည်လည်း တဖြည်းဖြည်း ဝေဝါးလာသည်။

ခဏအကြာ သူတို့အားလုံး ချေဖျက်ခံလိုက်ရဟန်တူပြီး နေရာမှ ပျောက်ကွယ်သွားသည်။

တစ်ဖန်ပြန်လည်အေးချမ်းသွားခဲ့သည်။ နောက်ထပ်တစ်နာရီ ကျော်လွန်သွားပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးကြီးတစ်တုံးမှာ ရုတ်တရက် တွန့်လိမ်ရှုံ့တွသွားပြီး ကျောက်ပေါက်မာမျက်နှာနှင့် အစိမ်းရောင်တာအိုဝတ်ရုံဝတ်အဘိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ထိုအဘိုးအိုသည် ပတ်ဝန်းကျင်ကို ဂရုတစိုက်ဖြင့် စစ်ဆေးကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ နက်နဲသောအလင်းများဖြင့် ဝင်းလက်သွားသည်။

“ ဒါက ပုံရိပ်ယောင်တစ်ခု ဆိုပေမဲ့ စောစောက တိုက်ခိုက်မှုတွေအားလုံးက အစစ်အမှန်တွေပဲ။ ရွှီချင်းရဲ့ပုံစံကိုကြည့်ရတာ သူ့နောက်မှာ တကယ်ပဲ တာအိုအစောင့်အရှောက်တစ်ယောက်တောင် မရှိတာလား ”

“ ဒါပေမဲ့ တာအိုအစောင့်အရှောက်မရှိရင် ဘယ်လိုလုပ် အပြင်ထွက်ဝံ့မှာလဲ ”

“ ဒါပေမဲ့ သူ ရုပ်ဖျက်ထားတာပဲ။ သူသွားမယ့်နေရာကို ငါ မသိရင် သူ့ကို ချောင်ပိတ်အောင်လုပ်ဖို့ သိပ်ခက်သွားမှာပဲ ”

အဘိုးအို တွေးတောလိုက်ရင်း လှစ်ခနဲ လှုပ်ရှားသွားပြီး အစအနရှာမရအောင် ပျောက်သွားသည်။

တချိန်တည်းမှာပင် အတန်ငယ်ဝေးသောနေရာရှိ ဖုန်ဆိုးမြေထဲတွင် ရွှီချင်း ပြန်ပေါ်လာသည်။ သူ ပေါ်လာသည်နှင့် သွေးတစ်လုတ်စာ အန်လိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်၍ ဂိုဏ်းဆီသို့ အသံလွှင့်အကြောင်းကြားလိုက်သည်။

သို့သော်လည်း ကျောက်စိမ်းပေလွှာကို သူ ထုတ်လိုက်သည်နှင့် မြေပြင်ချိုင့်ဝင်သွားပြီး ချောက်ချားစရာကောင်းသော ပါးစပ်ကြီးအဖြစ် ပြောင်းလဲကာ သူ့ကို အညှာအတာမဲ့စွာ ဝါးမျိုလိုက်လေသည်။

ရွှီချင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ လေထဲသို့ အလျင်အမြန် ပျံတက်လိုက်သောအခါတွင် မြေပြင်မှ ဂျိမ်းခနဲ မြည်ဟည်းသံ ပျံ့လွင့်လာသည်။ ထိုဧရာမပါးစပ်ကြီးသည် ဧရာမလူ့ဘီလူးကြီးတစ်ယောက်၏ ပါးစပ်ကြီး ဖြစ်သည်။ လူ့ဘီလူးကြီး ရပ်လိုက်သောအခါ ပေတစ်ထောင်အမြင့်သို့ အလွယ်တကူ ရောက်သွားသည်။ လူ့ဘီလူးကြီးက လက်ကြီးကို မြှောက်၍ ရွှီချင်းအား ဖမ်းဆုပ်လိုက်သည်။

ရွှီချင်းက မြန်ဆန်စွာ ထွက်ပြေးလိုက်ပါသော်လည်း သူ့နောက်ရှိ ဟင်းလင်းပြင် တွန့်ကွေးသွားသည်။ ကျောက်ပေါက်မာအဘိုးအိုသည် ခြေတစ်လှမ်းတိုးသွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့နောက်မှ ကောင်းကင်နန်းတော်ငါးဆောင်အစွမ်းများ ပေါ်လာပြီး ရွှီချင်းထံ ဝင်ရောက်သွားသည်။

ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ အကာအကွယ်အလွှာမှာ အရှိန်ပြင်းစွာ တုန်ခါသွားပြီး ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကို အလျင်အမြန် ထုတ်ကာ ချိုးဖျက်ရန် ပြင်လိုက်သည်။

သို့သော်လည်း သူ့နောက်မှ တည်ငြိမ်သောအသံတစ်သံ ထွက်ပေါ်လာသည်။

“ ချုပ်နှောင်စေ ”

ထိုစကားသံ ပျံ့လွင့်လာသည်နှင့် ကောင်းကင်တွင် ဧရာမရွှေရောင်မန္တန်အစီအရင်ကြီး ပေါ်လာပြိး မြေပြင်ကို ကရုဏာတရားကင်းမဲ့စွာဖြင့် ဖိနှိပ်လိုက်သည်။

ရွှီချင်း၏တည်နေရာရွှေ့ပြောင်းခြင်း အရေးနိမ့်သွားပြီး သူ့ခန္ဓာကိုယ်ကို ကြီးမားသောအားကြီးဖြင့် ဖိနှိပ်ခြင်းခံလိုက်ရကာ လေထဲသို့ မပျံတက်နိုင်တော့ပေ။

သူ့မျက်နှာသွေးဆုတ်ဖြူရော်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာ ထိုရွှေရောင်မန္တန်အစီအရင်ကြီးပေါ်တွင် ထိုင်နေသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။

ထိုလူငယ်လေးသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ခေါင်းအထက်ရှိ ကောင်းကင်နန်းတော်ငါးဆောင်က ကြောက်ခမန်းလိလိအစွမ်းများကို ထုတ်လွှတ်နေပေရာ မန္တန်အစီအရင်ကြီးက မြေပြင်သို့ အဆက်မပြတ် ဖိနှိပ်နေတော့သည်။ ထိုသို့ဖိနှိပ်ခြင်းကြောင့် ရွှီချင်း၏ခန္ဓာကိုယ်တစ်ခုလုံးမှ တဖျစ်ဖျစ်မြည်သံများ ပျံ့လွင့်လာသည်။ ခရမ်းရောင်ကောင်းကင်သရဖူ၏ အကာအကွယ်သည်လည်း ချိုင့်ဝင်သွားပြီး သူ့ခန္ဓာကိုယ်မှာ အောက်သို့ ဆက်ပြုတ်ကျနေသည်။

နောက်ဆုံးတွင် ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရွှီချင်းမှာ မြေပြင်တွင် ဖိနှိပ်ခံလိုက်ရသည်။

ထို့နောက် ရွှီချင်းပတ်လည်ရှိ မြေပြင်မှ မရေမတွက်နိုင်သော ဆံပင်များ ထွက်လာပြီး သူ့ကို ရစ်ပတ်လိုက်သည်။ ထိုဆံပင်များမှ တိုက်စားစွမ်းအားများ ထွက်ပေါ်လာပြီး ကောင်းကင်သရဖူအကာအကွယ်အလွှာကို တိုက်စားလိုက်သည်။

“ တကယ်ပဲ တာအိုအစောင့်အရှောက်တွေ မရှိတဲ့ပုံပဲ ”

“ မင်းတို့ကောင်တွေ သိပ်အစိုးရိမ်ကြီးကြတာပဲ။ သူ့မှာ တာအိုအစောင့်အရှောက်တွေ ရှိနေရင်ကော ဖြစ်သွားမှာမလို့လဲ။ အလွန်ဆုံး ငါတို့ကိုယ်ပွားတွေ ဖျက်ဆီးခံလိုက်ရတာပဲ ရှိမှာ။ ဘာကိုကြောက်လန့်နေရမှာလဲ ”

“ ထားလိုက်တော့၊ တာအိုအစောင့်အရှောက်တွေ ရှိနေနေ၊ မရှိနေနေ ဒီတာဝန်ကို ငါတို့ ပြီးစီးအောင် လုပ်ရမှာ။ ချီရွှဲ့ထုံဂိုဏ်းက ငါးမျှားနေတယ်ဆိုရင်တောင် ငါတို့လည်း ပြင်ထားတာပဲ ”

ရွှီချင်း၏အကာအကွယ်အလွှာ မြန်ဆန်စွာ တိုက်စားခံနေရစဉ် လူငယ်လေး၊ အစိမ်းရောင်တာအိုဝတ်ရုံဝတ်အဘိုးအိုနှင့် ပေတစ်သောင်းရှည်သော လူ့ဘီလူးကြီးတို့ ပြောဆိုလိုက်ကြသည်။

ထို့နောက် တစ်ယောက်ချင်းစီက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ကြသည်။ ရုတ်တရက် သူတို့ခန္ဓာကိုယ်များထဲမှ အစွမ်းများစွာ ထွက်ပေါ်လာပြီး ရွှီချင်းအပေါ်သို့ အားလှိုင်းကြီးအဖြစ် ပြောင်းလဲကာ ကျရောက်သွားသည်။

ထိုအန္တရာယ် ချဉ်းကပ်သွားနေစဉ် သဘောမကျသည့်လေသံ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသည်။

“ လူက နည်းလှပါလား။ ပြီးတော့ ကိုယ်ပွားတွေ။ ပျင်းစရာကောင်းလိုက်တာ ”

ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် ရွှီချင်းရှေ့ရှိ ဟင်းလင်းပြင်ထဲမှ အမှတ်ခုနစ်သခင်ကြီး ထွက်လာသည်။

သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ရွှီချင်းပတ်လည်ရှိ ဆံပင်များ ပြာဖြစ်သွားသည်။ ထို့နောက် သူ လှည့်ပတ်ကြည့်လိုက်ပြီး သူ့အကြည့်က ပေတစ်သောင်းမြင့်သော လူ့ဘီလူးကြီးထံ ရြောက်သွားသည်။ လူ့ဘီလူးကြီး မျက်နှာပျက်သွားပြီး ခန္ဓာကိုယ်တုန်ခါသွားသည်။ လူ့ဘီလူးကြီးမှာ အနည်းငယ်မျှပင် ခုခံနိုင်ခြင်းမရှိဘဲ ပျက်စီးသွားသည်။

ထို့နောက် အမှတ်ခုနစ်သခင်ကြီး ကျောက်ပေါက်မာမျက်နှာနှင့် အဘိုးအိုကို ကြည့်လိုက်သည်။ ထိုအဘိုးအို၏တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး မျက်တောင်တစ်ခတ်အတွင်း အမှတ်ခုနစ်သခင်ကြီး၏အကြည့်အောက်တွင် ပြာဖြစ်သွားသည်။

လူငယ်လေး၏မျက်လုံးများသည်လည်း ပြူးကျယ်သွားသည်။ အမှတ်ခုနစ်သခင်ကြီး လှမ်းကြည့်လိုက်သောအခါ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ သူ ပေါက်ကွဲသွားပြီး သွေးမိုးများအဖြစ် ပြောင်းလဲသွားသည်။

အမှတ်ခုနစ်သခင်ကြီး၏ အကြည့်အောက်တွင် အရာအားလုံး ပျက်စီးသွားခဲ့သည်။

ရွှီချင်းသည် ယခင်ကလောက် သုန်မှုန်မနေတော့ဘဲ မူလအတိုင်း ပြန်ဖြစ်သွားသည်။ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများသည်လည်း ချက်ချင်း အကောင်းပကတိပြန်ဖြစ်သွားသည်။ ကောင်းကင်ကြီးကို သူ မော့ကြည့်လိုက်သောအခါ အမှတ်ခုနစ်သခင်ကြီး၏စကားသံများ သူ့နားထဲ ပဲ့တင်ထပ်သွားသည်။

“ ဒါ လက်ခံလို့ရပါတယ်။ တစ်ယောက်မှ ငတုံးမဟုတ်ဘူးလေ။ ဒါပေမဲ့ ကိုယ်ပွားတွေပဲ စေလွှတ်ရင်တောင် ထွက်ပြေးနိုင်မှာလား ”

အမှတ်ခုနစ်သခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် ညာလက်ကို မြှောက်၍ ဖမ်းဆုပ်လိုက်သည်။ ရုတ်တရက် လူ့ဘီလူးကြီး ပျက်စီးသွားသည့်နေရာရှိ ဟင်းလင်းပြင်မှာ တွန့်လိမ်ရှုံ့တွသွားသည်။ အချိန်များ နောက်ပြန်ဆုတ်သွားဟန်တူပြီး မရေမတွက်နိုင်သော အသွေးအသားများ ပျံတက်လာကာ လူ့ဘီလူးကြီး ပြန်ဖြစ်သွားသည်။ လူ့ဘီလူးကြီးမှာ တုန်လှုပ်ချောက်ချားနေပြီး မယုံမကြည်ဖြစ်နေသည်။

“ မင်း … ”

သူ့စကားမဆုံးခင် အမှတ်ခုနစ်သခင်ကြီးက လက်ကိုမြှောက်၍ ခုတ်ပိုင်းလိုက်သည်။

ထိုလက်ဝါးခုတ်ချက်နှင့်အတူ ကြိုးအမျှင်တန်းတစ်ခု ပြတ်တောက်သံ ထွက်ပေါ်လာသည်။ ထို့နောက် လူ့ဘီလူးကြီး၏ ခေါင်းအထက်တွင် ခပ်ရေးရေးမြင်ရသော ကြိုးတစ်ချောင်း ပေါ်လာသည်။ ထိုကြိုးသည် အဆက်မပြတ် အက်ကွဲနေပြီး ဇစ်မြစ်နောက်သို့ လိုက်နေသည့်အလား ဟင်းလင်းပြင်ထဲအထိ ပျံ့နှံ့သွားသည်။

နောက်ဆုံးတွင် လူ့ဘီလူးကြီး၏ မယုံကြည်နိုင်ခြင်းနှင့် ထိတ်လန့်ကြောက်ရွံ့ခြင်းကြားတွင် ဟင်းလင်းပြင်ထဲမှ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။

ထိုအချိန်၌ လူ့ဘီလူးကြီး၏ခန္ဓာကိုယ် ညှိုးခြောက်သွားပြီး သွေးတစ်ပွက်အန်လိုက်သည်။ လူ့ဘီလူးကြီးသည် သွေးပျက်ချောက်ချားစရာကောင်းလောက်အောင် အော်ဟစ်မြည်တမ်းလိုက်ပြီး ထပ်မံပြိုကွဲသွားကာ အပိုင်းအစများအဖြစ် ပျောက်ကွယ်နေသည်။

ထိုအချိန်၌ တစ်နေရာရာတွင် ပုန်းအောင်းနေသော လူ့ဘီလူးကြီး၏ ခန္ဓာနှင့် ဝိညာဉ်မှာလည်း အမှတ်ခုနစ်သခင်ကြီး၏ လျှို့ဝှက်အတတ်ဖြင့် ယူဆောင်ခြင်း ခံလိုက်ရသည်။

ထိုမြင်ကွင်းကြောင့် ရွှီချင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ ကိုယ်ပွားများသည်ပင် ကောင်းကင်နန်းတော်ငါးဆောင်အဆင့်ရှိနေခဲ့လျှင် ခန္ဓာကိုယ်အစစ်မှာ မည်သည့်ကျင့်ကြံခြင်းအဆင့် ရှိနေမည်ကို သူ မသိပေ။ အနိမ့်ဆုံး ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ရမည်ဟု သူ ခံစားလိုက်ရသည်။

ရွှီချင်း၏စိတ်ထဲ တုန်ရီသွားသည်။ အမှတ်ခုနစ်သခင်ကြီးက ကျောက်ပေါက်မာအဘိုးကြီး ပျောက်ကွယ်သွားသည့်နေရာကို လက်ဝှေ့ယမ်းလိုက်သည်။ တူညီသောဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပြန်သည်။

ပြန်လည်ပေါ်ပေါက်လာသော အစိမ်းရောင်ဝတ်ရုံဝတ်အဘိုးအိုမှာ မျက်နှာပျက်သွားပြီး စူးစူးဝါးဝါး အော်ပြောလိုက်သည်။

“ အမှတ်ခုနစ်သခင်ကြီး၊ ကျုပ်အသက်ကို ချမ်းသာပေးပါ။ ကျုပ် … ”

သူ့စကားမဆုံးခင် အမှတ်ခုနစ်သခင်ကြီးက လက်ကိုဝှေ့ယမ်းလိုက်ပြန်ရာ လောကကြီး ပြိုကွဲလာဟန်တူသည်။ ရွှီချင်းသည် ပင့်သက်ရှိုက်လိုက်ပြီး ပျောက်ကွယ်နေသော ဝိညာဉ်ကို ကြည့်၍ စကားအစ်ကြည့်လိုက်သည်။

“ ဆရာ၊ ကျနော့်ဓမ္မတံခါးတွေထဲ ချုပ်နှောင်ဖို့ အဲဒီဝိညာဉ်တွေ ချန်ပေးလို့ရမလားခင်ဗျ ”

“ မင်း မုဆိုးတစ်ယောက်ဖြစ်ချင်ရင် ကိုယ်တိုင်အမဲလိုက်ရမယ်။ သားကောင်ကို ငါ မင်းကို ပေးမှာ မဟုတ်ဘူး။ မင်း အမဲလိုက်နိုင်ဖို့ လက်နက်တွေနဲ့ တန်ခိုးစွမ်းအားတွေပေးဖို့ပဲ ငါ့မှာ တာဝန်ရှိတယ် ”

အမှတ်ခုနစ်သခင်ကြီးသည် တည်ငြိမ်စွာ ပြောလိုက်ပြီး လက်ကိုမြှောက်လိုက်သည်။ ရုတ်တရက် အစိမ်းရောင်ဝတ်ရုံဝတ်အဘိုးအို၏ ခေါင်းအထက်တွင် ကြိုးတစ်ချောင်း ပေါ်လာပြီး ဟင်းလင်းပြင်ထဲသို့ တစ်ဆင့်ချင်း ပျက်စီးသွားသည်။ နောက်ဆုံးတွင် ခါးသီးခြင်းများနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နေသော ကြောက်လန့်တုန်ရီနေသည့်အော်ဟစ်သံ ပျံ့လွင့်လာသည်။ အဘိုးအို၏ ခန္ဓာကိုယ်နှင့် ကိုယ်ပွား အတူတကွ ပျက်စီးသွားပြီး အမှတ်ခုနစ်သခင်ကြီး၏ အဝေးသို့ ယူဆောင်ခြင်း ခံလိုက်ရသည်။

ယင်းနောက် အမှတ်ခုနစ်သခင်ကြီးက အင်္ကျီလက်ကို ခါယမ်းလိုက်သည်။ လူငယ်လေး ချန်ရစ်ခဲ့သည့် သွေးရေကန်မှာ ပြန်လည်စီးဆင်းလာပြီး လူငယ်လေး ပေါ်လာသည်။ လူငယ်လေးမှာ သွေးပျက်ချောက်ချားနေ၏။

“ ဝိညာဉ်သိုက်တစ်ယောက်က ဘယ်လိုလုပ်ခန္ဓာကိုယ်အစစ်ကို ရှာတွေ့နိုင်လောက်အောင် အစွမ်းထက်ရတာတုံး။ ခင်ဗျား … ခင်ဗျားရဲ့ကျင့်ကြံခြင်းအဆင့်က ဘာလဲ ”

လူငယ်လေးသည် စကားပြောရင်း ချက်ချင်း နောက်ဆုတ်လိုက်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော မန္တန်အစီအရင်များ ဝင်းလက်သွားသည်။ သူ အဝေးသို့ ထွက်ပြေးသွားစဉ် အမှတ်ခုနစ်သခင်ကြီးက လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် အမည်မသိနေရာတွင် ပုန်းအောင်းနေသော လူငယ်လေး၏ ခန္ဓာအစစ်မှာ ပျက်စီးကွဲကြေသွားသည်။ ထိုကိုယ်ပွားသည်လည်း အလျင်အမြန် ပျောက်ကွယ်သွားပြီး အမှတ်ခုနစ်သခင်ကြီး၏ ဆွဲယူခြင်း ခံလိုက်ရသည်။

ဘေးတွင်ရှိနေသော ရွှီချင်းသည် အင်မော်တယ်ရေကန်ဘေးတွင် သူ့ဆရာ၏ စိတ်သဘောထားနူးညံ့ပုံအကြောင်း ခေါင်းဆောင် ပြောပြခဲ့သည်ကို ရုတ်တရက် အမှတ်ရလိုက်သည်။ ထို့ကြောင့် ခေါင်းဆောင်ကို တုပလိုက်ပြီး နာကျင်သောလေသံဖြင့် ပြောလိုက်သည်။

“ ဆရာ၊ ကျနော့်မှော်သင်္ဘော နှစ်ခါ ပေါက်ကွဲသွားပြီး ကျပန်းအဆောင်နှစ်ခုလည်း သုံးလိုက်ရတယ်ဗျ ”

အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းအား အဓိပ္ပာယ်ပါသောအပြုံးဖြင့် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ ဒါဆိုရင် မင်းကို ငါ အစားပြန်ပေးရမှာပေါ့ ”

သူသည် ပြောလိုက်ရင်း လက်ကိုဝှေ့ယမ်းလိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ရုတ်တရက် ပျောက်ကွယ်နေသော ကိုယ်ပွားမှာ တုန်ရီသွားပြီး အကြွင်းအကျင်ဝိညာဉ်အမျှင်တန်းတစ်ခုကို ဆွဲနှုတ်လိုက်သည်။

အမှတ်ခုနစ်သခင်ကြီးသည် ထိုဝိညာဉ်အမျှင်တန်းကို ဖမ်းဆုပ်လိုက်ပြီး ဖိချေပစ်လိုက်ရာ ဝိညာဉ်စွမ်းအားအစိတ်အပိုင်း ( ၅၉ ) ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ရွှီချင်း၏ခန္ဓာကိုယ်ကို သူ ပုတ်လိုက်သည်။

ရွှီချင်း၏ခန္ဓာကိုယ် တုန်ခါသွားသည်။ ထိုဝိညာဉ်စွမ်းအားအစိတ်အပိုင်း ( ၅၉ ) ခု၏ အစိတ်အပိုင်းတိုင်းက ကောင်းကင်နန်းတော်တစ်ဆောင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်နှင့် ယှဉ်နိုင်သည်။ ထိုအချိန်၌ ထိုဝိညာဉ်များသည် သူ၏ဓမ္မတံခါးများထဲ ပြန့်ကျဲသွားပြီး ဓမ္မတံခါးများထဲရှိ မီးတောက်များ ပို၍ အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာတော့သည်။

All Chapters