← Chapters

သင်ယူရန် မန္တန်

Vol. 27 Ch. 407

သင်ယူရန် မန္တန်

Vol. 27 Ch. 407

ဝိညာဉ်စွမ်းအားအစိတ်အပိုင်းငါးဆယ့်ကိုးခုကြောင့် ရွှီချင်း၏တစ်ကိုယ်လုံး တဂျိမ်းဂျိမ်းမြည်ဟည်းသွားသည်။ သူ့ကိုယ်ထဲရှိ ဓမ္မတံခါး ( ၅၉ ) မှာ ထိုဝိညာဉ်များကို အဆက်မပြတ် ဖိနှိပ်ရင်း အရှိန်ပြင်းစွာ လည်ပတ်လာသည်။

တစ်ကြိမ်တည်း ဝိညာဉ်စွမ်းအားပမာဏများစွာ ထည့်သွင်းလိုက်သည်ဖြစ်၍ ၎င်းတို့အား သန့်စင်ရန် အချိန်ကြာမည်ဖြစ်သည်။ ထို့ကြောင့် ရွှီချင်းသည် ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်ပြီး ထိုဝိညာဉ်စွမ်းအားများအား စုပ်ယူရာတွင် အာရုံစိုက်လိုက်သည်။

အမှတ်ခုနစ်သခင်ကြီးသည် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

“ ဒီအသေးအမွှားလေးတွေပဲဆိုတော့ နည်းနည်းပျင်းဖို့တောင် ကောင်းတယ် ”

အမှတ်ခုနစ်သခင်ကြီးသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် သာမန်ပုံစံရှိသော မှော်သင်္ဘောတစ်စီး ပေါ်လာသည်။ ထိုမှော်သင်္ဘော၏ ပုံပန်းသဏ္ဍာန်သည် ရွှီချင်း၏မှော်သင်္ဘောနှင့် ဆင်တူပါသော်လည်း အပြင်ပန်းကြည့်လျှင် ပို၍ စုတ်ပြတ်နေဟန်တူသည်။

သို့သော်လည်း သင်္ဘောပေါ်တွင် ပြင်းထန်သော နတ်စွမ်းအားများ လှည့်ပတ်နေသည်။

တင်းရွှယ်သည်လည်း မှော်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် လှဲနေသည်။ အဘိုးအိုကို ရင်ဆိုင်တိုက်ခိုက်ရန် ရွှီချင်း ပြေးထွက်သွားစဉ်အခါက တင်းရွှယ်အား အမှတ်ခုနစ်သခင်ကြီးက ယူဆောင်သွားခဲ့သည်မှာ သိသာသည်။

တင်းရွှယ်သည် ယခုလေးတင် နိုးလာပြီး မျက်နှာတွင် စိတ်ရှုပ်ထွေးခြင်းများဖြင့် ပြည့်နေသည်။ သူမက ခေါင်းငုံ့ကြည့်လိုက်သောအခါ မှော်သင်္ဘောအပြင်ဘက်ရှိ အမှတ်ခုနစ်သခင်ကြီးကို မြင်၍ အံ့အားသင့်သွားသည်။

“ ဦးလေး … ”

ယင်းနောက် အမှတ်ခုနစ်သခင်ကြီးဘေးတွင် တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းကို မြင်သွားသည်။ ရွှီချင်း၏နဖူးမှ ချွေးများ စီးကျနေပြီး သူ့ကိုယ်မှ မမြင်နိုင်သော မီးတောက်များ တဟုန်းဟုန်း ထွက်ပေါ်နေသည်ကို သတိထားမိလိုက်သည်။ တင်းရွှယ်မှာ ချီတုံချတုံ ဖြစ်သွားသည်။

“ ဦးလေး၊ ဘာဖြစ်သွားခဲ့တာလဲ။ ဦးလေး … ဦးလေးလည်း ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ ပြီးတော့ အစ်ကိုရွှီချင်းက ဘာဖြစ်လို့လဲဟင် ”

တင်းရွှယ် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ စိတ်ထဲတွင် မကောင်းသောခန့်မှန်းချက်တစ်ခု ရှိနေပြီး ထိုခန့်မှန်းကြောင့် မျက်နှာလေး ချက်ချင်း နီမြန်းသွားသည်။

‘ မဟုတ်မှလွဲရော ဦးလေးက လမ်းတစ်လျှောက်လုံး လိုက်လာတာလား။ ဒါဆို ငါ့အပြုအမူတွေအားလုံး မြင်သွားခဲ့မှာပေါ့ …’

တင်းရွှယ်၏မျက်နှာ ပို၍ပင် နီမြန်းလာသည်။ သူမ၏ဆွေမျိုးများက သူမ ချစ်စဖွယ်ပြုမူနေသည်ကို မြင်သွားသည်ဆိုသော ခံစားချက်မှာ သူမကို ရှက်ရွံ့ကာ ဒေါသထွက်သွားစေသည်။

တင်းရွှယ်၏အမူအရာကို မြင်၍ အမှတ်ခုနစ်သခင်ကြီး ရယ်မောလိုက်သည်။ သူ တင်းရွှယ်တွေးနေသည့််အတိုင်း အရာအားလုံး မြင်ခဲ့ပေသည်။

အမှတ်ခုနစ်သခင်ကြီး၏ ရယ်မောသံကို ကြား၍ တင်းရွှယ် ရှက်သွေးဖြာသွားပြီး ခြေကလေးဆောင့်၍ ချစ်စဖွယ်ပြောလိုက်သည်။

“ ဦးလေးနော် ”

“ ငါ ဘာမှမမြင်ပါဘူး ”

အမှတ်ခုနစ်သခင်ကြီး ချောင်းဆိုးသွားသည်။ ကလေးတစ်ယောက်မျှမရှိသော သူသည် သူ၏တူမချောကို များစွာ ချစ်မြတ်နိုးသည်။

အမှတ်ခုနစ်သခင်ကြီးသည် ရယ်မောရင်း အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှီချင်းကို မှော်သင်္ဘောပေါ်သို့ ပစ်တင်လိုက်သည်။ ရွှီချင်းအား ဘေးသို့ ပစ်တင်ပြီးနောက် အမှတ်ခုနစ်သခင်ကြီးသည် ညာလက်ကိုမြှောက်လိုက်ရာ လက်ထဲတွင် ဝိညာဉ်ပုလဲလုံးတစ်လုံး ပေါ်လာသည်။ သူ စကားပြောရန် ပြင်လိုက်စဉ် တင်းရွှယ်သည် ရွှီချင်းအား နာကျင်နေသောအမူအရာနှင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

တင်းရွှယ်၏အမူအရာအရ ရွှီချင်းအား သင်္ဘောပေါ် ပစ်တင်လိုက်သည့်အတွက် နာကျင်နေဟန်တူမှန်း သိသာသည်။

“ သူ့အသားက ကြမ်းပြီး ထူပါတယ်ဟ။ ကိစ္စမရှိပါဘူး ”

အမှတ်ခုနစ်သခင်ကြီး အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

“ ဦးလေး၊ အစ်ကိုရွှီချင်းက ငယ်ငယ်လေးရှိသေးတာ။ နောက်တစ်ခေါက်ဆိုရင် ကောင်းကောင်းမွန်မွန်ဆက်ဆံပါနော်။ သမီး ပြန်ရောက်ရင် ဒေါ်လေးကို ကောင်းကောင်းမွန်မွန် ပြောပေးပါ့မယ် ”

တင်းရွှယ်က အမှတ်ခုနစ်သခင်ကြီး၏ဘေးသို့ ပြေးသွားကာ လက်ကိုဆွဲလိုက်သည်။

အမှတ်ခုနစ်သခင်ကြီးသည် တင်းရွှယ်ကို ကြည့်လိုက်ပြီးနောက် ဝိညာဉ်များကို သန့်စင်နေဆဲဖြစ်သော ရွှီချင်းအား ကြည့်လိုက်သည်။ ထို့နောက် သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ့အကြီးဆုံးတပည့်၏ နေ့စဉ်ခံစားချက်များကို သူ အကြမ်းဖျင်း နားလည်သွားသည်။

သူသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ပြီး တင်းရွှယ်၏နဖူးကို လက်ထဲရှိ ဝိညာဉ်ပုလဲဖြင့် ဖိကာ ညင်သာစွာ ပုတ်လိုက်သည်။

“ အေး အေး အေး၊ မြန်မြန်ကျင့်ကြံလိုက်ဦး။ ဒီဝိညာဉ်ပုလဲက သက်စောင့်မီးလုံးတစ်လုံး မြန်မြန်ပေါ်ထွက်လာအောင် လုပ်ပေးနိုင်တယ် ”

“ ကျေးဇူးတင်ပါတယ် ဦးလေး ”

တင်းရွှယ် ပျော်သွားသည်။ ရွှီချင်း၏အနီးအနားရှိ နေရာတစ်ခုကို ရှာတွေ့သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူမသည် ပျော်ရွှင်စိတ်များဖြင့် မျက်လုံးများကို မှိတ်၍ ကျင့်ကြံလိုက်သည်။

အမှတ်ခုနစ်သခင်ကြီးသည် ထိုင်နေသောနှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး ရင်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းလှည့်လိုက်ပြီး သင်္ဘောထိပ်ဦးတွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသည်။ သူသည် အဝေးသို့ ကြည့်လိုက်ရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူ အေးစက်စက်နှာမှုတ်လိုက်ပြီး မှော်သင်္ဘောကို ထိန်းချုပ်၍ ရှေ့ဆက်သွားလေသည်။

မှော်သင်္ဘောထွက်သွားပြီးနောက် ဟင်းလင်းပြင် တွန့်ကွေးသွားပြီး ရွှေရောင်ဝတ်ရုံဝတ် ဝိုးတဝါးလူရိပ်နှစ်ရိပ် ပေါ်လာသည်။ သူတို့ကိုယ်များထဲတွင် ဓားချီများ စီးဝင်နေပါသော်လည်း သူတို့အမူအရာက ခါးသက်သက်ဖြစ်နေသည်။

“ ဒီချီရွှဲ့ထုံဂိုဏ်းချုုပ်က … ”

“ သူ ရှိနေရင် ငါတို့ လှုပ်ရှားလို့ရမှာ မဟုတ်ဘူး။ ဒီတစ်ခေါက် ငါတို့နှစ်ယောက်ကို သူ မတိုက်ခိုက်တာ မဟာမိတ်ကြောင့်ပဲ။ ပြီးတော့ ဒီဖြစ်ရပ်ကို ပြန်တင်ပြစေချင်လို့လည်း ပါတယ်။ ဒါ သူ့ဘက်က သတိပေးလိုက်တာပဲ ”

သူတို့နှစ်ယောက်က တိမ်လွှာဓားဂိုဏ်းမှ ရောက်လာကြခြင်း ဖြစ်သည်။

“ ဒီရွှီချင်းက အစကတည်းက သာမန်ထက်ထူးခြားပြီး ဒီလိုမျိုး နောက်ခံအင်အားနဲ့ဆိုတော့ နောင်တချိန်မှာ ဖြေရှင်းဖို့ ပိုခက်သွားမှာပဲ။ ဒီမတော်တဆဖြစ်ရပ်ပြီးတော့ နောင်တချိန်မှာ သူ တစ်ယောက်တည်း ရှိနေရင်တောင် သူ့နောက်ကွယ်မှာ ဒီလိုမျိုး ထိပ်သီးကျင့်ကြံသူတစ်ယောက် ရှိနေမလား ငါတို့ ဘယ်တော့မှ မသိတော့ဘူး ”

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းများတယမ်းယမ်းဖြင့် ထွက်သွားကြသည်။

သူတို့ထွက်သွားပြီးနောက် ပတ်ဝန်းကျင်ရှိ လေဟာနယ်ထဲတွင် အရှိန်အဝါအနည်းငယ် ဝင်ရောက်လာပြီး လူရိပ်ခုနစ်ရိပ်အဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်ပူပန်စွာဖြင့် တိတ်ဆိတ်စွာ ရပ်နေကြသည်။

အစောပိုင်းက လူနှစ်ယောက်နှင့် မတူသည်မှာ သူတို့သည် မဟာမိတ်ကျင့်ကြံသူများ မဟုတ်ကြဘဲ လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ယခုတစ်ခေါက်တွင် သက်စောင့်မီးအိမ်နှစ်လုံးရှိသော ရွှီချင်းက အပြင်သို့ ထွက်လာခဲ့ကြောင်း သူတို့ သတင်းရခဲ့သည်ဖြစ်၍ လုယူရန် အခွင့်အရေးရမလား သိချင်စိတ်ဖြင့် သူတို့ ထွက်လာကြခြင်း ဖြစ်သည်။

သို့သော်လည်း ရွှီချင်း၏နောက်ခံအင်အားကို သူတို့ သိကြသည်ဖြစ်၍ ရပ်ကြည့်ကာ အလျဉ်စလို မပြုမူခဲ့ပေ။ သူတို့ မြင်ခဲ့ရသည့်မြင်ကွင်းက သူတို့ကို သွေးပျက်သွားစေသည်။ ယခုလောလောဆယ်တွင် တိမ်လွှာဓားဂိုဏ်းမှ ကျင့်ကြံသူနှစ်ယောက်ကဲ့သို့ သူတို့ တွေးနေမိကြသည်။

“ ဒါ ချီရွှဲ့ထုံဂိုဏ်းရဲ့ သဘောထားပဲ …”

“ လူအားလုံးကို သတိပေးလိုက်တာ ”

“ မကြာသေးခင်တုန်းက ရှစ်ဂိုဏ်းမဟာမိတ် ကြေညာခဲ့တဲ့ မဟာမိတ်အကာအကွယ်ဆိုတာလည်း ရှိသေးတယ်။ ရွှီချင်းကို သတ်ရင် အဖိုးအခများတယ် ”

“ သက်စောင့်မီးအိမ်က ကောင်းတယ်ဆိုပေမဲ့ ကျုပ်မှာ အသက်တစ်သက်ပဲ ရှိတယ် ”

လူအားလုံး အတွေးကိုယ်စီဖြင့် ခွဲသွားကြသည်။ သူတို့ ထွက်သွားကြစဉ် ထိုကိစ္စအကြောင်း ကောလာဟလများ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။

ယင်းသည် ရွှီချင်းကို အမှတ်ခုနစ်သခင်ကြီး ပေးသော အကာအကွယ်ဖြစ်ပြီး တခြားလူများကို သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။ ခုနစ်ရက်ကြာပြီးနောက် ညနေစောင်းအချိန်တွင် ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။

သူ့မျက်လုံးများ ပွင့်လာသည့်အခိုက် သူ၏ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးခြောက်ဆယ်မှ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး သူ့စိတ်ထဲ မိုးခြိမ်းသံ မြည်ဟည်းသွားသည်။

ယခုလောလောဆယ်တွင် ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်အနက် တစ်ဝက်က ဝိညာဉ်များကို ချုပ်နှောင်နေသည်။ ထိုသို့ အဆက်မပြတ် ချုပ်နှောင်ခြင်းအောက်တွင် သူ၏ကျင့်ကြံခြင်းအခြေခံက သိသိသာသာ အနည်းငယ် မြင့်တက်လာခဲ့သည်။ မီးတောက်များပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မိစ္ဆာမီးတောက်ထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်းအရှိန်အဝါတစ်ခု ထပ်လောင်းပါရှိလာသည်။ ယင်းသည် ဝိညာဉ်များကို လောင်ကျွမ်းခြင်းများဖြင့် ထွက်ပေါ်လာသော ပြင်းထန်သည့် ဝမ်းနည်းကြေကွဲစိတ်မှ ဖြစ်တည်လာခြင်း ဖြစ်သည်။

ယင်းသည် အမှောင်ဝိညာဉ်မီးတောက် ဖြစ်သည်။

အမှောင်ဝိညာဉ်မီးတောက်သည် ခံစားချက်များကိ သက်ရောက်နိုင်သည်။ ထိုမီးတောက်ဖြင့် ရန်သူများကို လောင်ကျွမ်းလိုက်သည့်အခါ အပေါ့ဆုံးအနေဖြင့် ခံစားချက်များကို ယောက်ယက်ခတ်သွားစေမည် ဖြစ်သည်။ အပြင်းထန်ဆုံးအနေဖြင့် ဝိညာဉ်များကို ဒဏ်ရာရကာ ပြိုကွဲသွားစေမည်ဖြစ်သည်။

“ ဘယ်လိုခံစားရလဲ ”

သင်္ဘောထိပ်ဦးတွင် ရပ်နေသော အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းကို လှည့်ကြည့်လိုက်သည်။

“ ကျေးဇူးတင်ပါတယ် ဆရာ ”

ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။

“ အခုကစပြီး မင်း အပြင်ထွက်ရင် ပိုပြီး လုံခြုံသွားပြီ။ ဒီတော့ မင်းကို ဒုတိယမြောက်တစ်ခုဆီ ငါ ခေါ်သွားမယ်။ အဲဒါကလည်း ဒီခရီးရဲ့ အဓိက ရည်ရွယ်ချက်ပဲ ”

“ မင်းကို ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းအတတ် သင်ပေးမယ် ”

ထိုစကားကို ကြားသောအခါ ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။

“ ဒါပေမဲ့ အဲဒီအတတ်က အဆင်သင့်မဖြစ်သေးဘူး။ မင်း စိတ်မပူနဲ့။ အဲဒီအတတ်ကို ဆရာ စဉ်းစားဖို့ လိုနေသေးတယ် ”

အမှတ်ခုနစ်သခင်ကြီးသည် စကားဆုံးပြီးနောက် ဘေးတွင် တရားထိုင်နေဆဲဖြစ်သော တင်းရွှယ်ကို လှမ်းကြည့်လိုက်သည်။ သူသည် ညာလက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ တင်းရွှယ်ပတ်လည်တွင် အကာအကွယ်ပေါ်လာသည်။ ထို့နောက် မှော်သင်္ဘောပေါ်မှ သူ ထွက်သွားသည်။

“ ငါ့နောက်လိုက်ခဲ့ ”

ရွှီချင်းသည် နောက်မှ ချက်ချင်းလိုက်သွားပြီး သင်္ဘောပေါ်မှ ထွက်သွားသည်။ ထို့နောက် အမှတ်ခုနစ်သခင်ကြီးနှင့်အတူ အောက်ဘက်ရှိ တောင်တန်းသို့ ဦးတည်သွားလိုက်သည်။

ထိုနေရာသည် ထိုက်စီရှန်းမုန်တောင်တန်း မဟုတ်ပါသော်လည်း တောင်များစွာဖြင့် ပြည့်နှက်နေသည်။ တောင်များက ချောက်ချားစရာကောင်းပြီး အထူးသဖြင့် မှောင်ရီပျိုးစအချိန်တွင် ပို၍ ဆိုးပေသည်။

တောင်တန်းများကြားတွင် ဂိုဏ်းတစ်ဂိုဏ်း ရှိသည်။

ထိုဂိုဏ်းသည် ဂိုဏ်းသေးတစ်ဂိုဏ်း မဟုတ်ပေ။ ဂိုဏ်းပိုင်နက်သည် တောင်သုံးထောင်အထိ ရှိပေသည်။ ဂိုဏ်းသားများစွာက တောင်များကြားတွင် သွားလာနေကြသည်။

“ ဒါက ကောင်းကင်ဝိညာဉ်ဂိုဏ်းပဲ။ အလယ်အလတ်ဂိုဏ်းတစ်ဂိုဏ်းပဲ။ မဟာမိတ်က ဂိုဏ်းမဟုတ်ဘူး။ ဒီဂိုဏ်းက သာမန်ဂိုဏ်းဖြစ်ပေမဲ့ ဒီဂိုဏ်းမှာ နည်းနည်းထူးဆန်းတဲ့ ကျင့်ကြံခြင်းအတတ်တွေ ရှိတယ် ”

အမှတ်ခုနစ်သခင်ကြီးသည် ပြောလိုက်ရင်း ရွှီချင်းကို ဂိုဏ်းဆီသို့ ခေါ်သွားသည်။

ရွှီချင်းမှာ အနည်းငယ် နားလည်ရခက်သွားသည်။ သူ၏ဆရာသည် ဂိုဏ်း၏မန္တန်အစီအရင်အကာအကွယ်ကို လျစ်လျူရှုကာ ဂိုဏ်းထဲသို့ တန်းဝင်သွားသည်။ လမ်းတစ်လျှောက်ရှိ ဂိုဏ်းသားများသည် သူတို့ကို မမြင်သည့်အလား လျစ်လျူရှုသွားကြသည်။

အမှတ်ခုနစ်သခင်ကြီးသည် ဝေ့ကြည့်လိုက်ပြီးနောက် ရွှီချင်းကို ဂိုဏ်း၏ကျမ်းစာဆောင်သို့ ခေါ်ဆောင်သွားသည်။ ကျမ်းစာဆောင်ကို စောင့်ကြပ်နေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်သည်လည်း မည်သည့်အရာကိုမျှ သတိမထားမိပေ။ ရွှီချင်းနှင့် အမှတ်ခုနစ်သခင်ကြီးတို့သည် သူတို့နှစ်ယောက်ကို ဖြတ်ကျော်သွားပြီး သာမန်ဂိုဏ်းသားများ ဝင်ရောက်ခွင့်မရှိသော အမြင့်ဆုံးအထပ်သို့ ဝင်သွားကြသည်။

ဤနေရာရှိ အတားအဆီးများအားလုံး အမှတ်ခုနစ်သခင်ကြီးကို မစစ်ဆေးနိုင်သည့်အလား အမှတ်ခုနစ်သခင်ကြီးရှေ့တွင် အသုံးမဝင်ဖြစ်သွားသည်။ အမှတ်ခုနစ်သခင်ကြီးသည် လေထဲတွင် မျောလွင့်နေသော ကျင့်ကြံခြင်းအတတ် ကျောက်စိမ်းပေလွှာများကို ဖမ်းဆုပ်လိုက်ပြီး လေ့လာလိုက်သည့်အလား တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်လိုက်သည်။

ရွှီချင်းသည် အမှတ်ခုနစ်သခင်ကြီးကို ကြည့်လိုက်ပါသော်လည်း စကားမဆိုပေ။

“ ဘာစောင့်နေတာတုံး။ မင်း သေချာလေ့လာရမှာဟ။ အရင်တုန်းက ငါလည်း လေ့လာရင်းနဲ့ အဲဒီမန္တန်ကို ရခဲ့တာပဲ ”

အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို ဆူငေါက်လိုက်ပြီး ပို့ချလိုက်သည်။

ရွှီချင်းက အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ဖမ်းဆုပ်ကာ အာရုံစိုက်၍ ဖတ်ရှုလိုက်သည်။

ထိုသို့ဖြင့် ဆရာတပည့်နှစ်ယောက်သည် ကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ကျမ်းစာဆောင်ပထမထပ်တွင် အာရုံစိုက်၍ လေ့လာနေကြသည်။ အမှတ်ခုနစ်သခင်ကြီးသည် အလွန် လေးနက်တည်ကြည်နေပြီး ရွှီချင်းသည်လည်း ပို၍ပင် လေးနက်နေ၏။ အထူးသဖြင့် ယင်ဟွမ်ပြည်နယ်ရှိ အပင်နှင့်အသီးအရွက်အကြောင်း မှတ်တမ်းတင်ထားသော ကျောက်စိမ်းပေလွှာအနည်းငယ်ကို သူ မြင်ရသောအခါတွင် ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် အမှတ်ခုနစ်သခင်ကြီးသည် ဤနေရာရှိ ကျောက်စိမ်းပေလွှာအားလုံးကို ဖတ်ရှုပြီးသွားပြီဖြစ်ပြီး ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

“ မဆိုးဘူး၊ မဆိုးဘူး။ ခန့်မှန်းထားသလို ကောင်းကင်ဝိညာဉ်ဂိုဏ်းက ဓမ္မစွမ်းအားတွေကို ထိန်းချုပ်တဲ့နေရာမှာ ထူးဆန်းတာပဲ။ တခြားကဏ္ဍတွေမှာ အားနည်းလွန်းနေတာ နှမျောစရာပဲ ”

ရွှီချင်းသည်လည်း မကျေနပ်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဤနေရာတွင် အပင်နှင့်ပတ်သက်သော ဗဟုသုတများစွာ ရှိပါသာ်လည်း ဖော်ပြချက်က ရှင်းလင်းခြင်း မရှိပေ။ သို့သော်လည်း သူ့ကို ကြီးစွာသော အကျိုးကျေးဇူး ရစေခဲ့ပြီး အသီးအရွက်ကဏ္ဍတွင် ဗဟုသုတများစွာကို သူ ဖမ်းဆုပ်နိုင်ခဲ့သည်။

“ ဆေးပညာမှာလည်း အတူတူပါပဲ ဆရာ။ ဒီဂိုဏ်းက အရင်က တာအိုဆေးပညာကို လိုက်စားတဲ့ကျင့်ကြံသူတွေ မွေးထုတ်ခဲ့လောက်တယ်။ နောက်ပိုင်းမှာ တာအိုဆေးပညာကို လေ့လာခဲ့သူတွေ နည်းပါးခဲ့တော့ စာအုပ်တွေမှာ မှတ်စုနည်းနည်းနဲ့ ဖြည့်စွက်ချက်တွေ နည်းလာတယ် ”

ရွှီချင်းက သက်ပြင်းချ၍ ပြောလိုက်သည်။

အမှတ်ခုနစ်သခင်ကြီးက လေးစားသောအကြည့်ဖြင့် ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

“ မင်းက လေ့လာရတာ ကြိုက်တယ်ပေါ့။ အဲဒါ အကျင့်ကောင်းပဲကွ ”

သူသည် စကားပြောရင်း လက်ကိုနောက်ပစ်၍ ရွှီချင်းအား ကျမ်းစာဆောင်အပြင်ဘက်သို့ ခေါ်သွားသည်။

လမ်းတွင် ရွှီချင်းသည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် ပြောလိုက်သည်။

“ ဆရာ၊ ကျနော် သင်ယူရတာကို တကယ် သဘောကျပါတယ်။ ပြီးတော့ သင်ယူဖို့အတွက် အထူးအသုံးပြုရတဲ့ မန္တန်ကို ဆရာ ကျနော့်ကို သင်ပေးလို့ရမလားခင်ဗျ ”

အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းအား ကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် လေးစားသည့်အရိပ်အငွေ့များ ရှိနေသည်။ ထို့နောက် သူက သဘောကျသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ မင်းရဲ့လက်ရှိကျင့်ကြံခြင်းအခြေခံနဲ့ အဲဒီမန္တန်ကို မင်း ဖမ်းဆုပ်နိုင်ဦးမှာ မဟုတ်သေးဘူး။ ယွမ်ယင်အဆင့်ကို ရောက်ရင် အဲဒီနည်းလမ်းကို မင်းကို သင်ပေးမယ် ”

“ တခြားဂိုဏ်းတွေကို သွားကြည့်ကြဦးစို့။ မင်းတစ်ယောက်တည်း ကျင့်ကြံနိုင်တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းအတတ်ကို ဖန်တီးဖို့ ဆရာ လေ့လာနေတာ အချိန်အတော်ကြာနေပြီ။ ဒီတစ်ခေါက်က ဆရာ မှတ်သားထားတဲ့ ဂိုဏ်းတွေအများကြီးဆီသွားပြီး အဲဒီဂိုဏ်းတွေက ကျင့်ကြံခြင်းအတတ်တွေနဲ့ ချိန်ညှိကြည့်တာပဲ ”

“ ဒီတော့ နောက်ကျ မင်း ပြင်းပြင်းထန်ထန် ကြိုးစားမှ ရမယ် ”

ထိုသို့ပြောပြီးသည်နှင့် ဂိုဏ်းထဲမှ အမှတ်ခုနစ်သခင်ကြီး ထွက်သွားသည်။

ရွှီချင်းသည် လေးပင်စွာ ခေါင်းညိတ်ပြလိုက်ပြီး နောက်မှ လိုက်သွားသည်။ သူသည် အမှတ်ခုနစ်သခင်ကြီးနှင့်အတူ လေထဲသို့ ပျံတက်ကာ မှော်သင်္ဘောဆီသို့ ပြန်သွားသည်။

မှော်သင်္ဘောပေါ်၌ အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို ခေါ်လိုက်သည်။

“ ဆရာတို့ကျင့်ကြံသူတွေဆိုတာ သင်ယူရတဲ့အခါ ကျေးဇူးတင်ဖို့ကို မမေ့ရဘူး။ အဲဒီအချက်ကို မင်း မှတ်ထား။ လာ ဒီဂိုဏ်းကို ဆရာတို့ အရိုအသေပေးကြစို့။ ဒါဆိုရင် နောက်တချိန်မှာ ဆရာတို့ ရန်သူတွေ ဖြစ်လာခဲ့ရင်တောင် စိတ်အေးလက်အေးနဲ့ သတ်ဖြတ်လို့ရပြီ ”

အမှတ်ခုနစ်သခင်ကြီးသည် ပြောလိုက်ရင်း လက်နှစ်ဖက်ကို ဆုပ်၍ အောက်ဘက်ရှိ ဂိုဏ်းအား အရိုအသေပေးလိုက်သည်။

ရွှီချင်းသည် လေးနက်တည်ကြည်သွားသည်။ သူ့ဆရာ၏ အပြုအမူသည် မှန်ကန်သည်ဟု သူ ခံစားရသည်။ ထို့ကြောင့် ထိုအမူအကျင့်ကို မှတ်သားထားလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်၍ အောက်ဘက်ရှိဂိုဏ်းအား အရိုအသေပေးလိုက်သည်။

ထို့နောက် သူတို့ ထွက်သွားကြသည်။

သူတို့ ရောက်လာသောအခါမှာ တိတ်ဆိတ်ခဲ့သည်။

သူတို့ ထွက်သွားသောအခါမှာလည်း တိတ်ဆိတ်နေပေသည်။

မကြာခင် မိုးကုတ်စက်ဝိုင်းထဲ မှော်သင်္ဘောကြီး ပျောက်ကွယ်သွားသည်။ ရက်အနည်းငယ်ကြာပြီးနောက် ဂိုဏ်းတစ်ဂိုဏ်းအပြင်ဘက်တွင် ရပ်သွားသည်။ အမှတ်ခုနစ်သခင်ကြီးသည် သင်ယူရန် ဆုံးဖြတ်ချက်ဖြင့် ရွှီချင်းကိုခေါ်၍ မှော်သင်္ဘောအောက်သို့ ဆင်းလိုက်သည်။ ထို့နောက် ထိုဂိုဏ်း၏ ကျမ်းစာဆောင်သို့ သူတို့ သွားလိုက်ကြသည်။

သူတို့ အဆက်မပြတ် လေ့လာလိုက်ကြသည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။ မှော်သင်္ဘောက ထိုက်စီကြမ္မာဆိုးတောင်တန်းကြီး၏ အနောက်စူးစူးသို့ ဆက်လက်ခရီးနှင်သွားသည်။

သူတို့သည် လမ်းတွင် ရံဖန်ရံခါ ရပ်တန့်ခဲ့ပြီး တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း လေ့လာလိုက်သည်။

“ သင်ယူတယ်ဆိုတာ အဆုံးမရှိဘူး။ အမှတ်လေး၊ မဆိုးဘူး။ အရင်တုန်းက နမော်နမဲ့နေတတ်တဲ့ မင်းရဲ့ဆရာတူအစ်ကိုသုံးကို ဒီအတွေ့အကြုံရအောင် ခေါ်လာခဲ့တယ်။ ဒါပေမဲ့ သူက သင်ယူရတာကို မကြိုက်ဘူး။ မင်းရဲ့အကြီးဆုံးဆရာတူအစ်ကိုလည်း အတူတူပဲ။ အဲဒီတုန်းက သူက ဂိုဏ်းတွေရဲ့ ရတနာတွေအကြောင်းပဲ တွေးနေတာ ”

“ အမှတ်လေး၊ မင်းက ဆရာနဲ့ အတူဆုံးပဲ ”

အမှတ်ခုနစ်သခင်ကြီးသည် လေးဆယ့်ခုနစ်ခုမြောက်ဂိုဏ်း၏ ကျမ်းစာဆောင်တွင် ရှိနေပြီး အလေးအနက် ဖတ်ရှုနေသော ရွှီချင်းကို ကြည့်၍ စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။

ရွှီချင်းသည် ဂုဏ်ယူဝင့်ကြွားသွားခြင်းမရှိသလို အလောသုံးဆယ်ဖြစ်သွားခြင်းလည်း မရှိပေ။

ဆရာ၏စကားများကို ကြား၍ လက်ထဲရှိ ကျောက်စိမ်းပေလွှာကို အောက်သို့ ချလိုက်ပြီး အတန်ငယ် စဉ်းစားတွေးတောကာ ညင်သာစွာ ပြောလိုက်သည်။

“ ဆရာ၊ ယင်ဟွမ်ပြည်နယ်မှာ အဆိပ်တာအိုကို ဦးစားပေးလေ့လာတဲ့ဂိုဏ်းရှိလား။ ကျနော် အဲဒီဂိုဏ်းကို သွားပြီး လေ့လာချင်လို့ ”

All Chapters