ကွေ့ယုံသိုတောက်ပညာရပ်
Vol. 27 Ch. 408
အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းက အဆိပ်တာအိုဂိုဏ်းများသို့ သွားရောက်သင်ယူချင်ကြောင်း တည်ငြိမ်စွာ ပြောသည်ကို မြင်၍ ပို၍ လေးစားသွားသည်။ သူ ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ ရတာပေါ့။ သွားကြစို့။ ဆရာ မင်းကို ခေါ်သွားမယ် ”
အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းနှင့်အတူ ဂိုဏ်းထဲမှ ထွက်သွားသည်။
ကောင်းကင်ယံတွင် ရွှီချင်းသည် အမှတ်ခုနစ်သခင်ကြီး သတိပေးရန် မလိုဘဲ လှည့်၍ အောက်ဘက်ရှိဂိုဏ်းကို လေးနက်စွာဖြင့် အရိုအသေပေးလိုက်သည်။
အမှတ်ခုနစ်သခင်ကြီး ပို၍ သဘောကျသွားသည်။ သူသည်လည်း အရိုအသေပေးလိုက်ပြီးနောက် မှော်သင်္ဘောဆီသို့ ရွှီချင်းကို ခေါ်သွားသည်။
တင်းရွှယ်မှာ ကျင့်ကြံနေဆဲပင်။ တင်းရွှယ်၏ပါရမီက သာမန်သာ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ပုလဲအကူအညီဖြင့်ပင် ဓမ္မတံခါးများကို ဖွင့်ရာတွင် အခက်အခဲ ဖြစ်နေဆဲပင်။
ရွှီချင်းနှင့် အမှတ်ခုနစ်သခင်ကြီးတို့ လေ့လာနေကြစဉ် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ တစ်လကြာပြီးနောက် ယင်ဟွမ်ပြည်နယ်အနောက်ဘက်ဒေသသို့ မှော်သင်္ဘောကြီး ဝင်ရောက်သွားပြီး အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းအတွက် ဖန်တီးပေးခဲ့သော ကျင့်ကြံခြင်းအတတ် ပြီးမြောက်သွားစဉ် ထိုလေ့လာရေးလုပ်ငန်းစဉ်မှာ ဆုံးခန်းတိုင်သွားခဲ့သည်။
ရွှီချင်းသည် အပင်နှင့်အသီးအရွက်ပညာရပ်တွင် အသိအမြင်များစွာ ရခဲ့ပြီး သူ၏အဆိပ်တာအိုအတွက် အတော်လေး အထောက်အကူ ဖြစ်ခဲ့သည်။ အထူးသဖြင့် အဆိပ်တာအိုမိစ္ဆာဂိုဏ်းများရှိ အဆိပ်နှင့်ပတ်သက်သော စာအုပ်များက အကျိုးရှိခဲ့သည်။
ဥပမာ အဆိပ်ပင်အတတ်ဖြစ်သည်။ ထိုနည်းလမ်းသည် အသွေးအသားကို ဆေးပေါင်းဖိုကြီးအဖြစ် ပြောင်းလဲ၍ သွေးမျိုးဆက်ကို ကျိန်စာအဖြစ် အသုံးချကာ ပြင်းထန်သောအဆိပ် ဖော်စပ်ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအချိန်၌ ထိုအခြင်းအရာအားလုံးသည် ရွှီချင်း၏အဓိကအာရုံစိုက်ရာ မဟုတ်ပေ။ သူသည် တဖျပ်ဖျပ်ဝင်းလက်နေသောမျက်ဝန်းများဖြင့် အမှတ်ခုနစ်သခင်ကြီး၏ လက်ဝါးထဲတွင် မြင့်တက်နေသော အနက်ရောင်အလုံးတစ်လုံးကို ကြည့်လိုက်သည်။
ထိုအလုံလေးသည် မရေမတွက်နိုင်သော ကမ္ပည်းစာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကြောက်ခမန်းလိလိအငွေ့အသက်များ ကိန်းအောင်းနေသည်။ ပို၍ ထူးဆန်းသည်မှာ တစ်ချက်ကြည့်ရုံဖြင့် မရေမတွက်နိုင်သော သတင်းအချက်အလက်များ သူ့ခေါင်းထဲ စီးဆင်းသွားသည့်အလားပင်။
“ အမှတ်လေး၊ အဲဒီကလေးမစီမာယွီရဲ့ မိစ္ဆာငရဲနှလုံးသားကို ငါ့ကို ပေး ”
အမှတ်ခုနစ်သခင်ကြီးက တည်ကြည်သောအမူအရာဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ထိုနှလုံးသားက ကောင်းစွာ အသုံးဝင်မည်ဖြစ်ကြောင်း သူ့ဆရာ ပြောခဲ့သည်ကို ပြန်တွေးမိလိုက်သည်။ ထို့နောက် သူ၏သိုလှောင်အိတ်ထဲမှ စီမာယွီ၏ မိစ္ဆာငရဲနှလုံးသားကို ချက်ချင်း ထုတ်လိုက်ပြီး အမှတ်ခုနစ်သခင်ကြီးကို ပေးလိုက်သည်။
အမှတ်ခုနစ်သခင်ကြီးသည် အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ပြီး မိစ္ဆာငရဲနှလုံးသားကို အနက်ရောင်အလုံးလေးနှင့် ပေါင်းစည်းလိုက်သည်။ ရုတ်တရက် အနက်ရောင်အလုံးလေး အသက်ဝင်လာသည့်အလား ဝိညာဉ်တုန်ခါစေနိုင်သော ဟိန်းသံများ ထုတ်လွှတ်လာသည်။
“ အမှတ်လေး၊ မင်းအတွက် ငါ ဖန်တီးပေးလိုက်တဲ့ ကျင့်ကြံခြင်းအတတ်က မင်းရဲ့အကျင့်စရိုက်တွေအပေါ်မှာ အခြေခံထားတယ်။ အဲဒီအတတ်က မင်းစိတ်ထဲမှာ အမှတ်အသားတစ်ခုအဖြစ် ပေါ်လာလိမ့်မယ် ”
“ အဲဒီလိုအမွှေလွှဲပြောင်းခြင်းနည်းလမ်းက ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်တစ်ခုကို အတုယူပြီး ဖန်တီးထားတာ ”
အမှတ်ခုနစ်သခင်ကြီး ပြောလိုက်စဉ် သူ့လက်ထဲရှိ အနက်ရောင်အလုံးလေးသည် မာန်ဖီလိုက်ပြီး လွင့်ပျယ်သွားကာ အနက်ရောင်အရည်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လက်ကိုဝှေ့ယမ်းလိုက်ရာ အနက်ရောင်အလုံးက ရွှီချင်းထံသို့ ပျံသန်းသွားသည်။
“ ခေါင်းမော့လိုက် ”
အမှတ်ခုနစ်သခင်ကြီး၏အသံ ပဲ့တင်ထပ်သွားသည်။ ရွှီချင်းသည် ခေါင်းမော့၍ ပျံသန်းလာနေသော အနက်ရောင်အရည်များကို ကြည့်လိုက်သည်။
ထို့နောက် အနက်ရောင်အရည်များသည် ရွှီချင်း၏နဖူးနှင့် ထိသွားသည်။ စူးရှသောနာကျင်ခြင်းတစ်ရပ် ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး အနက်ရောင်အရည်များက သူ၏အရေပြားထဲ စိမ့်ဝင်ကာ အရိုးများနှင့် ပေါင်းစည်းသွားသည်။ ထို့နောက် ထူးဆန်းသော စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲ၍ သူ၏နတ်အာရုံထဲ စုစည်းသွားသည်။ ထိုသို့စွမ်းအင်စီးကြောင်းများ စုစည်းသွားပြီးနောက် အနက်ရောင်အမှတ်အသားတစ်ခု ဖြစ်သွားသည်။
ထိုအမှတ်အသား ပေါ်လာသည်နှင့် ရွှီချင်း၏စိတ်ထဲ မိုးခြိမ်းသံ မြည်ဟည်းသွားပြီး ခံစားချက်လှိုင်းများ ရိုက်ခတ်လာသည်။ သူ့ခန္ဓာကိုယ်က ဒေါသအမျက်ချောင်းချောင်းထွက်နေသော ပင်လယ်ပြင်ထဲရှိ လူးလွန့်နေသော အထီးကျန်လှေတစ်စီးဖြစ်သွားဟန်တူသည်။
ထိုအမှတ်အသားသည် သက်မဲ့ပစ္စည်းတစ်ခုမဟုတ်ဘဲ တဒုတ်ဒုတ် ခုန်နေသည်။
ထိုအမှတ်အသား၏ ခုန်နှုန်းက သူ၏နှလုံးခုန်နှုန်းနှင့် တစ်ထပ်တည်းပင်။
တဒုတ်ဒုတ်မြည်သံများ ပဲ့တင်ထပ်လာစဉ် ကမ္ပည်းစာအမှတ်အသားမှ အချက်အလက်အမြောက်အမြား စီးဆင်းလာပြီး ရွှီချင်း၏အသိပင်လယ်ထဲ ပြည့်နှက်သွားသည်။ ရွှီချင်းသည် အလိုလို မျက်စိမှိတ်၍ နားလည်ရန် အာရုံစိုက်လိုက်သည်။
သူ၏အသိပင်လယ်ထဲတွင် အမှတ်ခုနစ်သခင်ကြီး၏ ရှေးဆန်ပြီး သြဇာအာဏာဖြင့် ပြည့်ဝသောအသံကြီး ဟိန်းထွက်လာသည်။
“ အမှတ်လေး၊ ဆရာ့တပည့်တစ်ယောက်ချင်းစီက မတူညီတဲ့ ကျင့်ကြံခြင်းအတတ်တွေကို လေ့ကျင့်ကြတယ်။ အဲဒီကျင့်ကြံခြင်းအတတ်တွေက ဆရာကိုယ်တိုင် သေချာလေ့လာပြီး ဖန်တီးထားတာတွေပဲ ”
“ မင်းရဲ့ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းအတတ်အတွက် အခြေခံအုတ်မြစ်အဖြစ် မိစ္ဆာငရဲနှလုံးသားကို ဆရာ အသုံးပြုလိုက်တယ်။ ပြီးတော့ ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းအတတ်ရာချီပြီး ဆရာ လေ့လာခဲ့တယ်။ အထူးသဖြင့် ရှေးဘုရင်ရွှမ်ယုံဆီက ဆင်းသက်လာခဲ့တဲ့ အတတ်တွေပဲ ”
“ ဒီပညာရပ်က အင်မတန် ကြီးစိုးချယ်လှယ်နိုင်ပြီး မင်းရဲ့အရှိန်အဟုန်နဲ့ လိုက်ဖက်တယ်။ မင်းတိုက်ခိုက်တဲ့ပုံစံနဲ့ ကိုက်ညီပြီး အင်မတန် ရက်စက်ကြမ်းကြုတ်တယ်။ ပြီးတော့ ဒီပညာရပ်က မင်းရဲ့သတ်ဖြတ်ချင်တဲ့ဗီဇနဲ့လည်း သင့်တော်တယ် ”
“ အဲဒီအတတ်ကို ‘ ကွေ့ယုံသိုတောက် ’ လို့ ခေါ်တယ် ”
“ အဲဒီအတတ်ကို အသုံးပြုလိုက်တဲ့အခါ မင်းလက်တစ်ဖက်က တစ္ဆေလက်တစ်ဖက် ဖြစ်သွားမယ်။ အဲဒီတစ္ဆေလက်နဲ့ ရန်သူရဲ့အသိပင်လယ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး ကောင်းကင်နန်းတော်ထဲက ရွှေအမြုတေကို လုယူနိုင်တယ် ”
“ ပြီးရင် အဲဒီရွှေအမြုတေကို သန့်စင်ပြီး အနှစ်သာရကို မင်းရဲ့ ကောင်းကင်နန်းတော်ထဲမှာ မွေးမြူထားနိုင်တယ်။ အဲဒီလိုမျိုး ရွှေအမြုတေတွေကို လုယူပြီး အနှစ်သာရကို စုဆောင်းထားရင် မင်းရဲ့ရွှေအမြုတေကို ဖွဲ့စည်းတဲ့နှုန်းက မြန်ဆန်သွားမယ် ”
“ ဒါဆိုရင် မင်း ပိုပြီး တိုက်ခိုက်သတ်ဖြတ်နိုင်လေ ပိုအစွမ်းထက်လာလေ ဖြစ်လာမှာပဲ ”
“ မင်းရဲ့ အနာဂတ်လမ်းစဉ်က သတ်ဖြတ်ပြီး သွေးတွေနဲ့ လမ်းစဉ်ကို သက်သေပြရင်း ကျင့်ကြံဖို့ပဲ ”
“ အဆုံးစွန်ထိ ကျင့်ကြံပြီးတဲ့အခါ သဘာဝလွန်မိစ္ဆာမျိုးနွယ်ရဲ့ စရိုက်လက္ခဏာတွေထဲကတစ်ခုကို ပိုင်ဆိုင်သွားပြီး မင်းတစ်ကိုယ်လုံး ဝိညာဉ်တစ္ဆေတစ်ကောင်လို ဖြစ်သွားမယ်။ ခန္ဓာသိမ်းပိုက်ခြင်းနဲ့ မသေနိုင်ခြင်းဆိုတာတွေက မွေးရာပါအစွမ်းတွေဖြစ်ပြီး ရယူဖို့ ခက်ပေမဲ့ တချို့မန္တန်တွေကို မင်း မှုစရာမလိုတော့ဘဲ ဝိညာဉ်နဲ့ ဒြပ်ထုကြားမှာ အကူးအပြောင်း လုပ်နိုင်လာမယ် ”
အမှတ်ခုနစ်သခင်ကြီး၏ စကားများသည် မိုးခြိမ်းသံနှင့် ဆင်တူသည်။ ရွှီချင်း၏စိတ်ထဲ စကားသံများ ပဲ့တင်ထပ်သွားစဉ် ကမ္ပည်းစာအမှတ်အသားသည်လည်း ပြိုးပြိုးပြက်ပြက် ဝင်းလက်လာသည်။ ‘ ကွ့ယုံသိုတောက်အတတ် ’ နှင့် ပတ်သက်သော အချက်အလက်များ သူ့စိတ်ထဲ စီးဆင်းသွားသည်။
ယခင်က ကျင်းဝူလျန့်ဝမ့်လင်အတတ်အား သင်ယူစဉ်အချိန်ကအတိုင်းပင်။ စာသားများသည် သူ့စိတ်ထဲ တံဆိပ်ခပ်နှိပ်ပြီးသား ဖြစ်သွားသည်။
ထိုအမှတ်အသားတွင် အမွေသစ်စေ့ကဲ့သို့ တခြားလူများ လုယူခြင်း မပြုနိုင်သောလက္ခဏာတချို့ ရှိပေသည်။ ထိုအတတ်သည် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကဲ့သို့ အစွမ်းမထက်ပါသော်ငြား တုန်လှုပ်ချောက်ချားစရာကောင်းနေဆဲပင်။
ရွှီချင်း၏မျက်လုံးများ ပွင့်လာပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူက တဖျပ်ဖျပ်ဝင်းလက်နေသော မျက်လုံးများဖြင့် အမှတ်ခုနစ်သခင်ကြီးကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူသည် မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ လေးလေးနက်နက် အရိုအသေပြုလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဆရာ ”
ရွှီချင်းသည် ထိုကျင့်ကြံခြင်းအတတ်ကို အာရုံခံမိပြီးနောက် ကြောက်ခမန်းလိလိ အစွမ်းထက်သည်ကို နားလည်လိုက်သည်။ ယင်းအပြင် ထိုပညာရပ်သည် သူ၏ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေရှိပြီး သူ၏တိုက်ခိုက်သည့်ပုံစံကို ပြောင်းလဲရန် မလိုတော့ပေ။ ယင်းသည် သူ၏မူလအခြေခံအုတ်မြစ်အပေါ်သို့ တူညီသောဦးတည်ချက်ဖြင့် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ရွှေအမြုတေအဆင့်သို့ သူ ရောက်သွားသည်နှင့် ဤပညာရပ်ကို သူ ချက်ချင်း ကျွမ်းကျင်သွားမည် ဖြစ်သည်။
ထိုအချိန်၌ ညဉ့်လေများ တဖြူးဖြူးတိုက်ခတ်လာပြီး အမှတ်ခုနစ်သခင်ကြီး၏ ဆံပင်ဖြူများ လွင့်သွားသည်။ သူသည် ရပ်နေရင်း ရွှီချင်းကို ပြုံး၍ ကြည့်လိုက်သည်။
“ အပျော်မစောသေးနဲ့ဦး။ ဒီကျင့်ကြံခြင်းအတတ်က ကြီးစိုးချယ်လှယ်လွန်းလို့ ကျင့်ကြံရင်း လမ်းပျောက်သွားဖို့ သိပ်လွယ်တယ်။ မင်း လုယူလိုက်တဲ့ ရွှေအမြုတေတွေထဲ ကိန်းအောင်းနေတဲ့ နတ်အာရုံကြောင့် မင်းရဲ့စိတ်က ရှုပ်ထွေးသွားပြီး သတ်ဖြတ်တာတစ်ခုတည်းသိတဲ့ အရူးတစ်ယောက်လို ဖြစ်သွားနိုင်တယ် ”
“ ဒီတော့ အဲဒီပညာရပ်ကို ကျင့်ကြံချင်ရင် မင်းရဲ့သက်စောင့်ဝိညာဉ်ကို ခိုင်မာအောင် လုပ်ထားရမယ်။ အဲဒါမှ မင်း လုယူလိုက်တဲ့ ရွှေအမြုတွေထဲက မကောင်းတဲ့အတွေးတွေက မင်းကို ကယောင်ချောက်ချားဖြစ်အောင် မလုပ်နိုင်မှာ ”
“ အဲဒါကြောင့် မင်းကို နောက်တစ်နေရာဆီ ခေါ်သွားမယ်။ အရင်တုန်းက မင်းကို ပြောပြထားတဲ့ နန်ယွဲ့တစ္ဆေတောင်ပဲ ”
အမှတ်ခုနစ်သခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။
မန္တန်များကို လွှဲပြောင်းပေးစဉ်အခါက အမှတ်ခုနစ်သခင်ကြီး ရေးဆွဲနေခဲ့သော မြေပုံပေါ်ရှိ နန်ယွဲ့တစ္ဆေတောင်ကို ကိုယ်စားပြုသည့် လူပုံစံအမှတ်အသားကို ရွှီချင်း ချက်ချင်း တွေးမိလိုက်သည်။
ထိုအချိန်က နန်ယွဲ့တစ္ဆေတောင်သည် သူ့အတွက် အောင်မြေဖြစ်လာနိုင်ကြောင်း သူ့ဆရာက ပြောပြခဲ့ဖူးသည်။
ယခုတွင် ထိုစဉ်က သူ့ဆရာ၏ ပြောစကားကို သူ နားလည်သွားသည်။
အမှတ်ခုနစ်သခင်ကြီးသည် ထိုအချိန်ကတည်းက သူ့အတွက် ကျင့်ကြံခြင်းအတတ်ကို စဉ်းစားပြီးပြီ ဖြစ်သည်။ ထိုအချက်ကို သူ နားလည်လိုက်သောအခါ ရင်ထဲတွင် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်သွားသည်။
“ နန်ယွဲ့တစ္ဆေတောင်ကို သွားကြစို့။ အဲဒီကိုသွားပြီး မင်းရင်ထဲမှာ ဘုရားတည်မယ် ”
အမှတ်ခုနစ်သခင်ကြီး၏ စကားများသည် နက်ရှိုင်းသောအဓိပ္ပာယ်များဖြင့် ပြည့်ဝနေသည်။ ရွှီချင်း မမေးနိုင်ခင်မှာပင် သူက အင်္ကျီလက်ကို ခါယမ်းလိုက်ရာ မှော်သင်္ဘောကြီး ဂျိမ်းခနဲ မြည်ဟည်းသွားပြီး နန်ယွဲ့တစ္ဆေတောင်ရှိရာအရပ်သို့ ဦးတည်သွားလေသည်။ လတ်တလောတွင် သူတို့သည် အနောက်ဘက်ဒေသတွင် ရှိနေသည်ဖြစ်ပြီး နန်ယွ့ဲတစ္ဆေတောင်သို့ ရောက်ရန် မလိုတော့ပေ။
လမ်းတွင် တင်းရွှယ် နိုးလာသည်။
တင်းရွှယ်သည် နောက်ဆုံးတွင် ဓမ္မတံခါးသုံးဆယ်ကို ဖွင့်နိုင်ခဲ့ပြီး သက်စောင့်မီးလုံးတစ်လုံးကို အောင်မြင်စွာ ထွန်းညှိနိုင်ခဲ့သည်။ သူမသည် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို စိတ်လှုပ်ရှားစွာဖြင့် အသက်သွင်းလိုက်ပြီး ယခင်ကထက် သာလွန်သွားသော အရှိန်နှင့် အစွမ်းတို့ကြောင့် ပျော်ရွှင်သွားသည်။
တင်းရွှယ်ကိုကြည့်၍ ရွှီချင်းသည် ခံစားချက်များဖြင့် ကြိတ်၍ သက်ပြင်းချလိုက်သည်။ ပထမမြောက်သက်စောင့်မီးလုံးရရှိရန် သူ ရင်ဆိုင်ခဲ့ရသည့်အခက်အခဲကို တွေးမိလိုက်သည်။ အထူးသဖြင့် အမှတ်ခုနစ်သခင်ကြီးက တင်းရွှယ်အား ချစ်မြတ်နိုးစွာ ကြည့်၍ ဝိညာဉ်ပုလဲကိုပင် ပေးသည်ကို မြင်သောအခါတွင် ဖြစ်သည်။
ခေါင်းဆောင် မည်ကဲ့သို့ ခံစားခဲ့ရသည်ကို သူ ကြုံတွေ့လိုက်ရသည်။
“ မိန်းကလေးဆိုတာ ချမ်းချမ်းသာသာနဲ့ ပြုစုပျိုးထောင်ရတယ်။ ဒါပေမဲ့ ယောကျ်ားလေးက ဆင်းဆင်းရဲရဲနဲ့ ပြုစုပျိုးထောင်ရတယ် ”
အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို ကြည့်လိုက်သည်။
တင်းရွှယ်သည် ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်မောလိုက်သည်။ ထို့နောက် မုန့်များထည့်ထားသော ဘူးလေးကို ထုတ်လိုက်ပြီး အမှတ်ခုနစ်သခင်ကြီးကို တစ်ခု ပေးလိုက်သည်။ အမှတ်ခုနစ်သခင်ကြီး အလွန် သဘောကျသွားစဉ် တင်းရွှယ်က ပိုကြီးသော မုန့်တစ်ခုအား ရွှီချင်းကို တိုးတိုးတိတ်တိတ် ပေးလိုက်သည်။
ရွှီချင်းက ယူလိုက်ပြီး အမှတ်ခုနစ်သခင်ကြီးကို ကြည့်လိုက်သည်။
အမှတ်ခုနစ်သခင်ကြီးက စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
ရွှီချင်းသည် ဘာမှမဆိုဘဲ တစ်ကိုက်ကိုက်လိုက်ပြီး မျက်လုံးများကို မှိတ်၍ တရားထိုင်လိုက်သည်။ သူသည် ကျင့်ကြံခြင်းအတတ်ကို အာရုံခံလိုက်ရင်း တစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးအကြောင်းကိုလည်း တွေးနေသည်။
အမှတ်ခုနစ်သခင်ကြီး ရှိနေသည့်အတွက်ကြောင့်ပေလော၊ တင်းရွှယ်သည် အနည်းငယ် ထိန်းချုပ်နေပေသည်။ ယခင်ကကဲ့သို့ ရွှီချင်းကို မေးခွန်းများမေးကာ ဝိညာဉ်လက်မှတ်များ မပေးတော့ပေ။ ထိုအစား ပျော်ရွှင်နေသောအမူအရာဖြင့် အချိန်တိုင်း အသံတစာစာဖြင့် ဆိုနေပြီး အမှတ်ခုနစ်သခင်ကြီး၏ ရယ်မောသံများလည်း ထွက်ပေါ်နေသည်။
သို့သော်လည်း နန်ယွဲ့တစ္ဆေတောင်အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ တင်းရွှယ်၏စကားသံများ နည်းပါးသည်ထက် နည်းပါးလာသည်။ ထိုနေရာသည် သွေးပျက်ချောက်ချားစရာကောင်းသည်ဖြစ်၍ အမှတ်ခုနစ်သခင်ကြီး၏ ရယ်မောသံများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာသည်။
မရေမတွက်နိုင်သော အပျက်အစီးများကို မြေပြင်တွင် မြင်နိုင်သည်။ အရိုးများနှင့် အသားစားငှက်များကို နေရာအနှံ့ မြင်နိုင်သည်။ ထိုနေရာတွင် မကောင်းဆိုးဝါးများဖြင့် ပြည့်နှက်နေပြီး လူတိုင်းကို သွေးပျက်ချောက်ချားသွားစေနိုင်သည်။
လူသားလောက၏ ခါးသီးခြင်းများက ဖိအားများဖြင့် လောကကြီးနှင့် ပေါင်းစပ်နေပြီး ဤနယ်မြေသို့ ပျံသန်းလာသော မှော်သင်္ဘောများထဲသို့ စိမ့်ဝင်နေသည်။ ရွှီချင်းသည် အဝေးရှိ ထည်ဝါသောတောင်ကြီးတစ်လုံးကို မြင်လိုက်ရသည်။
ထိုတောင်သည် ကောင်းကင်နှင့်မြေပြင်တွင် ထီးထီးကြီး ရပ်နေသော တန်ခိုးရှင်တစ်ဦးနှင့် ဆင်တူသည်။ အနီးကပ်ကြည့်ပါက ထိုတောင်သည် တင်ပျဉ်ခွေထိုင်နေသော လူတစ်ယောက်ပုံစံနှင့် ဆင်တူသည်ကို မြင်နိုင်သည်။
၎င်း၏ရုပ်ရည်သွင်ပြင်အား ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းထားပါသော်ငြား ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များကို ဖုံးကွယ်ခြင်းငှာ မတတ်သာပေ။ ၎င်းသည် မည်းနက်တောက်ပြောင်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်၍ လက်ထဲတွင် ဓားကြီးတစ်လက် ကိုင်ထားသည်။ ၎င်း၏ပခုံးနှစ်ဖက်ပေါ်တွင် စကားနှစ်လုံး ရှိသည်။
၎င်းသည် မိစ္ဆာနတ်ဘုရားတစ်ပါး၏ ဝိညာဉ်အလားပင်။
တစ်ချက်ကြည့်ရုံဖြင့် ရွှီချင်း၏စိတ်ထဲ တုန်ခါသွားသည်။ ထိုတောင်သည် တောင်တစ်လုံးသာ မဟုတ်ဘဲ တင်ပျဉ်ခွေထိုင်နေသော တစ္ဆေတစ်ကောင်အလား သူ့စိတ်ထဲ အံ့သြစရာကောင်းစွာ ခံစားလိုက်ရသည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ထိုမိစ္ဆာကြီး၏ စွမ်းအားများကို နက်နက်နဲနဲ ခံစားမိမည် ဖြစ်သည်။ တခြားတစ်ဖက်တွင် သာမန်လူများသည် ဤတောင်ကို တောင်တစ်လုံးအဖြစ်သာ မြင်ကြမည်ဖြစ်၍ ထူးထူးထွေထွေ ခံစားသွားရမည် မဟုတ်ပေ။
ရွှီချင်း၏အမြင်၌ ထိုလူရိပ်မှ ကြောက်ခမန်းလိလိဖိအားများ ထုတ်လွှတ်နေသည်။ ၎င်း၏ချပ်ဝတ်တန်ဆာမှ တစ်လက်မစီတိုင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အစွမ်းများ ကိန်းအောင်းနေသည့်ပမာပင်။
၎င်း၏ပခုံးပေါ်ရှိ စကားနှစ်လုံးမှာမူ အသက်ဝင်နေပြီး မရေမတွက်နိုင်သော နတ်ဆိုးများ၊ တစ္ဆေများနှင့် မွန်းစတားများ ကိန်းအောင်းနေဟန်တူသည်။ မိစ္ဆာစိတ်ဆန္ဒများ ကောင်းကင်ယံသို့ ထိုးတက်နေပြီး ယင်းမှာ ချောက်ချားစရာမြင်ကွင်းတစ်ရပ် ဖြစ်ပေသည်။
ထိုတောင်ကြီးသည် ယင်ဟွမ်ပြည်နယ်ရှိ နန်ယွဲ့တစ္ဆေတောင် ဖြစ်ပေသည်။
ထိုမိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ကိုမူ နန်ယွဲ့တစ္ဆေဧကရာဇ်အဖြစ်လည်း သိကြသည်။
၎င်း၏ပခုံးနှစ်ဖက်ရှိ စကားနှစ်လုံးက ဂုဏ်အရှိန်အဝါထွန်းပြောင်ခဲ့သည့်နေ့ရက်များတွင် မည်သို့ ရှိခဲ့မည်ကို မသိပါသော်လည်း ယခုတွင် မျိုးနွယ်အသီးသီးမှ မိစ္ဆာများ အခြေချနေထိုင်နေကြသည်။ တစ္ဆေတောင်၏ မိစ္ဆာခုနစ်ဖော်က ခေါင်းဆောင်အဖြစ် ဦးဆောင်ခြင်းနှင့်အတူ သူတို့သည် ယင်ဟွမ်ပြည်နယ်ရှိ အင်အားကြီးအုပ်စုခြောက်စုအနက် တစ်စု ဖြစ်လာခဲ့သည်။
“ အမှတ်လေး၊ မင်းတာဝန်က အဲဒီနတ်ဘုရားကို မင်းစိတ်ထဲရောက်အောင်လုပ်ပြီး အဲဒါကို နောင်တချိန်မှာ မင်း လုယူလိုက်တဲ့ ရွှေအမြုတေတွေထဲက မိစ္ဆာစိတ်တွေကို ချုပ်နှောင်မယ့် ထောက်တိုင်ဖြစ်လာအောင် လုပ်ရမယ် ”
“ မင်း လုပ်နိုင်ရင် မင်းကို ကျင့်ကြံခြင်းအတတ် ငါ လေ့ကျင့်ခွင့်ပြုမယ် ”
“ မင်း မလုပ်နိုင်ရင် မင်းကို အရန်ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းအတတ်ကိုပဲ ငါ သင်ပေးနိုင်မယ် ”