ဆေးပင် စုဆောင်းတဲ့အခါမှာ အမြစ်ကို ချန်ခဲ့ပါ
Vol. 28 Ch. 416
ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ နှစ်ယောက်လုံးက ရဲ့လင်းချန်ကို ဆွံ့အစွာ ကြည့်နေကြသည်။
“ရှောင်ရင်၊ လင်းချန်က ဘယ်လို ချက်ပြုတ်ရမလဲ သိလား”
ဟူယွဲ့အာက မယုံနိုင်ဟန်ဖြင့် နူးညံ့စွာ မေးလာသည်။
ကျောက်လျန့်ရင်က ဟူယွဲ့အာကို သိပ်သဘောမကျသော်လည်း သူမ၏ မပျော်ရွှင်မှုကို စိတ်ထဲမှာသာ ထားထားရသည်။ ရဲ့လင်းချန်ရှေ့၌ သူမပုံရိပ်ကို ထိန်းသိမ်းချင်သဖြင့် ဟူယွဲ့အာက ထိုသို့ မေးလာသောအခါ သူမ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“သူ သိတယ်၊ ပြီးတော့ သိပ်အရသာ ရှိတယ်၊ အရင်တစ်ခါတုန်းက သူ ကျွန်မအတွက် ယာဂု လုပ်ပေးဖူးတယ်၊ အမျိုးအစား အများကြီး မပါပင်မယ့် အရသာ ရှိတယ်”
ကျောက်လျန့်ရင်သည် ထိုယာဂုကို တွေးမိရုံနှင့် အရသာကို လျှာပေါ်မှာ ပြန်ခံစားမိနေပါသေးသည်။ ယင်းက ငါးယာဂု ဖြစ်သည်ကိုလည်း သူမ မှတ်မိသည်။
ဟူယွဲ့အာက ကျောက်လျန့်ရင်ကို တောက်ပသော မျက်လုံးများနှင့် ကြည့်ကာ မေးလေသည်။
“မင်းတို့နှစ်ယောက်က ဆုံဖူးတာလား၊ သူနဲ့ နင့်ရဲ့ ဆက်ဆံရေးက ဘာလဲ”
ကျောက်လျန့်ရင်၏ မျက်လုံးများက မှုန်ဝါးလာပြီး စိတ်ထဲမှ ကျိတ်ပြုံးလိုက်မိသည်။ သူမ အတိုင်းအတာတစ်ခုအထိ သည်းခံထားပြီး ဖြစ်ကာ တစ်ဖက် မိန်းကလေး၏ စိတ်ဝင်စားမှုကို ရိုက်ထုတ် ချင်နေသည်။ သို့မှသာ သူမ မတတ်သာဘဲ နောက်ဆုတ်သွားပေလိမ့်မည်။
“ကျွန်မက လင်းချန်ရဲ့ ကုမ္ပဏီလက်အောက်မှာ အလုပ်လုပ်တာလေ၊ ကျွန်မတို့က မကြာခဏ တွေ့ဖူးတယ်၊ သူက ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်း ရှောင်ဖေးဖေးနဲ့ သိပ်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်”
ကျောက်လျန့်ရင်က အသံကို နှိမ့်ထားပြီး ဟူယွဲ့အာအား ဂုဏ်ယူသောအကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
ဟူယွဲ့အာ မသိမသာ မျက်မှောင်ကြုတ်နေပြီး အရာအားလုံးကို သူမဘာသာသူမ စဉ်းစားတွေးတောနေ၏။
ရဲ့လင်းချန်က ရှောင်ဖေးဖေးနှင့် အလွန် ရင်းနှီးနေသည်က အံ့ဩစရာပင်။ ဟူယွဲ့အာသည် ဖန်သားပြင်၏ ဘုရင်မ၊ ခေတ်တလျှောက် နတ်ဘုရားမ ဖြစ်ခဲ့သူ ဖြစ်သော ရှောင်ဖေးဖေးကို သိပါသည်။ ထို့အပြင် ရှောင်ဖေးဖေးက ရုပ်ရှင်နှင့် အနုပညာ ကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ခဲ့သည်။ ရှောင်ဖေးဖေးသည် အလှတရားနှင့် ခွန်အားတို့ ပေါင်းစပ်ထားသည့် ပြယုဂ်တစ်ခုပင်။
ထို့နောက် သူမသည် ကျောက်လျန့်ရင်အား သနားဟန်နှင့် မသိမသာ တစ်ချက် ကြည့်လိုက်သည်။
ဤအရူးမလေး၏ အတွေးကို သူမ အသာလေး သဘောပေါက်ပါသည်။ ကျောက်လျန့်ရင်က သူမကို ရဲ့လင်းချန်နှင့် ဝေးနိုင်သမျှ ဝေးဝေး ထားချင်နေခြင်းပင်။
သို့သော် ကျောက်လျန့်ရင်က ရှောင်ဖေးဖေး၏ ကုမ္ပဏီအောက်မှ ဖြစ်ပြီး ရှောင်ဖေးဖေးနှင့်လည်း အလွန် ရင်းနှီးသည်။ သူမ ယောက်ျားတစ်ယောက်၏ အချစ်ကို ရှောင်ဖေးဖေးနှင့် ယှဉ်လုသင့်၊ မသင့် တစ်ခါမှ မတွေးဖူး လေသလော။ ဟူယွဲ့အာသည် သူမနှင့် ယှဉ်လိုက်လျင် ဤအရူးမလေးက ပို၍ မျှော်လင့်ချက် မဲ့သည်ဟု တွေးမိသည်။ ကျောက်လျန့်ရင်က ယခုထိ ကျေနပ်၍ ဘဝင်ခိုက်နေသေးသည်က ရယ်ချင်စရာပင်။
နှစ်ယောက်သား ရန်စောင်သော အတွေးများ ရှိနေကြစဉ်တွင် ရဲ့လင်းချန်က ဆေးပင်များ စုဆောင်းရာ၌ အာရုံစိုက် နေ၏။ ခေါင်းလောင်းပုံ နှင်းပန်းအချို့ကို စုဆောင်းပြီးနောက် သူသည် နောက်ဆေးပင်ထံသို့ လျှောက်သွား လေသည်။
ထိုဆေးပင်၏ အရွက်များသည် ဘဲဥပုံစံ ရှိပြီး အရင်းက ကျယ်ဝန်းကာ အရွက် နှစ်ဖက်လုံးက ရင့်နေသည်။ ရဲ့လင်းချန်က အပင်ကို သေချာလေး ခွဲခြမ်း စိတ်ဖြာနေ၏။ အရွက်များသည် ကြီးမားပြီး အနားသတ်က လှသွားပုံစံ ရှီသည်။ ပုံသဏ္ဌာန်က တကယ်ပင် အခြားသော မြက်ပင်များနှင့် အလွန် ကွဲပြားနေ၏။ သို့သော် လူအများစုက ယင်းကို ဆေးဖက်ဝင် အပင်တစ်မျိုးဟု တွေးမိမည် မဟုတတ်ပေ။
“လင်းချန်၊ အဲ့ဒါက ဘာလဲ”
“နျိုရှီ”
ရဲ့လင်းချန်က ပြောပြီးနောက် အေးအေးလူလူ ဆက်ပြောလေသည်။
“ဒီအပင်ရဲ့ အမြစ်ကို ဆေးအဖြစ် သုံးလို့ရတယ်၊ ဒါက သွေးလည်ပတ်မှုကို ကောင်းစေပြီးတော့ ဓမ္မတာအတွက် အထောက်အကူ ဖြစ်တယ်၊ ဒါကို ဝမ်းဗိုက်နာကျင်တာ၊ ဓမ္မတာ မမှန်တာ၊ ဓမ္မတာ မလာခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားကိုက်ခြင်း၊ ဆဲလ်တစ်ရှူး မကောင်းတာတွေအတွက် အသုံးပြုလို့ ရတယ်၊ ဒါက အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးပြီးတော့ လူတစ်ယောက်ရဲ့ ခါးနဲ့ ဒူးခေါင်းကို သန်မာစေတယ်၊ ဒါကို ခါးနာ၊ ဒူးနာတဲ့ ဝေဒနာတွေကို ကုသဖို့၊ အသည်းနဲ့ ကျောက်ကပ် အားနည်းတာနဲ့ ပွန်းပဲ့ဒဏ်ရာအတွက်လည်း သုံးနိုင်တယ်”
“အံ့ဩဖို့ကောင်းလိုက်တာ”
ဟူယွဲ့အာသည် ရဲ့လင်းချန်၏ အသိပညာနှင့် ဆေးပင်များ အသုံးဝင်ပုံကြောင့် အံ့အားသင့်နေ၏။
သတိမထားမိသော ဆေးပင်အများက အသုံးဝင်ပုံများစွာ ရှိနေလိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။
တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲ၌ အတော်လေး စိတ်လှုပ်ရှားနေမိသည်။ အဘယ်ကြောင့်ဆိုသော ဤဆေးဖက်ဝင် အပင်၏ အသုံးဝင်ပုံကို ကြားပြီးနောက် ယင်းက သူမ၏ လက်ရှိ အခြေအနေအတွက် သင့်လျော်သည့်ပုံပင်။ သူ့အတွေးထဲ၌ သူမအတွက် နေရာရှိသည်ဟု သူမ ယုံကြည်နေ၏။
ထို့နောက် ရဲ့လင်းချန်က အချို့အပင်များကို ဆက်၍ စုစည်းနေပြီး ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့က စပ်စုတတ်သော ကလေးငယ်များကဲ့သို့ မေးခွန်းများ တရစပ် မေးလေသည်။ ရဲ့လင်းချန်၏ အပင်တစ်ပင်တိုင်း၏ အလေ့အထများ၊ ပုံသဏ္ဌာန်များနှင့် အသုံးဝင်ပုံကို အမြဲ ရှင်းပြနိုင်စွမ်း ရှိနေသည်။
[ရဲ့နတ်ဘုရားက တကယ် အံ့ဩဖို့ကောင်းတယ်ဆိုတာကို ငါ လက်ခံသွားပြီ]
[ရှက်မိတယ်၊ ရဲ့နတ်ဘုရားကို ကြည့်ပြီး ငါ့ကိုယ်ငါ ရှက်မိတယ်၊ ငါတို့အားလုံး မဖြစ်မနေ တက်ရမယ့် ကိုးနှစ် ပညာရေးကို တက်ခဲ့တာပဲ၊ ဒါပေမဲ့ ဘာလို့ သူက ဒီလောက် ထူးချွန်နေရတာလဲ]
[ပညာတတ်၊ တကယ် ပညာတတ်ပဲ၊ ငါက ဆေးတက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ကျောင်းသားပဲ၊ ဒါပေမဲ့ ဒီဆေးပင်ထဲက ဘာကိုမှ ငါ မသိဘူး]
[အပေါ်ကလူက အနောက်တိုင်း ဆေးပညာက ဆရာဝန်ပဲလေ၊ မင်း တရုတ်ဆေးပညာကို လေ့လာခဲ့တယ် ဆိုရင်တော့ ဒီဆေးပင်တွေနဲ့ ပတ်သက်ပြီး နည်းနည်းတော့ သိဦးမှာ]
[အိုက်ယား … တရုတ်ဆေးပညာက မကျဆင်းဘူးပဲ၊ ဒီပညာကို ရဲ့နတ်ဘုရားဆီမှာ တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားဘူး]
[အပေါ်ကလူ၊ မင်း နတ်ဆေးဆရာဝိုင်ကို မေ့နေတာလား၊ သူ့ရဲ့ တရုတ်ဆေးပညာ ဗဟုသုတက … တော်တော် ကောင်းတာ၊ တော်တော်လေး ကောင်းတာကွ]
[ရဲ့နတ်ဘုရားက တကယ် ဘတ်စကက်ဘော ကစားတာပဲ၊ မင်းတို့ ယုံနိုင်သလား၊ သူက တကယ် တော်တဲ့ ဘတ်စကက်ဘော ကြယ်ပွင့်တဲ့ကွာ]
…
“ရပြီ ပြန်ကြစို့”
ရဲ့လင်းချန် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။
“လင်းချန်၊ ကျွန်မတို့ ဒီဆေးပင် ပမာဏလောက်ကိုပဲ သယ်တော့မှာလား”
ကျောက်လျန့်ရင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ရဲ့လင်းချန်က ဆေးပင်တိုင်းကို နည်းနည်းစီသာ သယ်လာခဲ့ခြင်း ဖြစ်သည်။ တစ်ချို့ဆိုလျင် တဆိတ်စာ လောက်သာ ရှိသည်။ အချိန်ကြာကြာ ရွေးခဲ့တာတောင်မှ သူ့လက်နှင့် မပြည့်ချင်ပါ။
“ဒါက လုံလောက်ပါတယ်”
ရဲ့လင်းချန် ပြုံးလိုက်သည်။
“ဆေးပင် စုဆောင်းတာနဲ့ ပတ်သက်ပြီး စကားတစ်ခု ရှိတယ်၊ “အပင်ရဲ့ မြေကြီးပေါ်က အပိုင်းကို အသုံးပြုတဲ့ ဘယ်သူမဆို အမြစ်ကို အကောင်းအတိုင်း ချန်ထားခဲ့ရမယ်တဲ့၊ မြေကြီးအောက်က အပိုင်းကို သုံးတဲ့ ဘယ်သူမဆို သစ်ရွက်အသစ်တွေနဲ့ သစ်ရွက်ခြောက်တွေကို ထားခဲ့သင့်တယ်၊ များတာကို ယူပြီး ကျဲပါးနေတဲ့အရာကို ထားခဲ့ပါ၊ ဒီလို အပြုအမူကသာလျင် ဆေးပင်ရဲ့ ကြီးထွားမှု မပျက်ပြားသွားမှာ၊ ဒါမှ နောက်မျိုးဆက်ဆီကို လက်ဆင့်ကမ်း နိုင်မှာလေ”
[ဝိုး … ရဲ့နတ်ဘုရားက တကယ်ကို ပြည့်စုံတဲ့ မင်းသားချောလေးပဲ]
[ငါက အဲ့ဆေးပင်အားလုံးကို ယူပြီး ရောင်းစားဖို့ စဉ်းစားနေတာ၊ ငါ အရမ်း ရှက်မိတယ်]
[ဆေးပင်ကို စုဆောင်းတဲ့အခါမှာ အမြစ်ကို ထားခဲ့ရမယ်လို့ ရဲ့နတ်ဘုရား ပြောလိုက်တာက မှန်တယ်၊ ငါတို့ သဘာဝတရားရဲ့ လက်ဆောင်တွေကို လေးစားရမယ်၊ ဒါက ငါတို့ ဆက်လက် ရှင်သန်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ]
[ဟူး … အခု ကမ္ဘာကြီးပေါ်က သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာကို တွေးလိုက်မိတော့ ငါတို့အားလုံးသာ ရဲ့နတ်ဘုရားလို ဖြစ်မယ်ဆိုရင် နောက်ဆို တော်တော်များများက ပျက်သုဉ်းသွားမှာ မဟုတ်ဘူး]
…
“ဟီဟီဟိ မြန်မြန် ပြန်ကြတာပေါ့”
ကျောက်လျန့်ရင်က ပြုံးနေပြီး ရဲ့လင်းချန်က အမြဲတမ်း မှန်သည်ဟု ခံစားမိနေသည်။
ရဲ့လင်းချန်၏ စိတ်နေစိတ်ထားက မူလထက် သာလွန်လာသည်။ သို့သော် သူ သတိမထားမိပါ။ သူ၏ အရှိန်အဝါက တဖြည်းဖြည်း ပြောင်းလဲစ ပြုလာပြီး အခြေအနေ တော်တော်များများသည် သူသည် လောကကြီးအား သာမန်လူများ ကြည့်သကဲ့သို့ မကြည့်တတ်တော့ပါ။ ယင်းက သူ၏ ချီသန့်စင်မှုနှင့် သူ၏ ဗဟုသုတ နှံ့စပ်မှုတို့နှင့် ဆက်စပ်နေလောက်သည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျင် ယင်းက အမွေအနှစ် တစ်ခုပင်။
ထို့အပြင် သူ၏ အရှိန်အဝါက သူ့ဘေးနားမှ လူများကို အလွယ်တကူ သက်ရောက်နေပြီး အခြားသူများကို နားလည် လက်ခံလာအောင် လုပ်နိုင်လေသည်။
သုံးယောက်သား စကားပြောလိုက်၊ ရယ်လိုက်နှင့် အိမ်ပြန်ခရီးနှင်လာကြသည်။
ထိုသို့သောအချိန်၌ ဟွမ်လေ့၊ ဟယ်ကျားနှင့် ဝေ့တရွှင်းတို့သည် မှိုအိမ်လေးထဲ၌ စောင့်နေကြသည်။ သူတို့သည် ပြောင်းဖူးနှင့် အာလူးတို့ကို သွားခူး၍ နေ့လယ်စာအတွက် ဘယ်လိုချက်ရမလဲ တွေးနေကြလေသည်။
အပြင်ဘက်မှ ခြေသံများကို ကြားသောအခါ သူတို့အားလုံး ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။
“သူတို့ ပြန်လာပြီ”
ဟယ်ကျား ပြုံးလိုက်သည်။
“သူတို့ အမူအရာအရဆိုရင် သူတို့ တစ်ခုခု ရလာလောက်တယ်”
“ဝိုး … ငါးက ကြီးလိုက်တာ”
ဝေ့တရွှင်းက ပြေးထွက်သွားလေပြီ။ ပိုက်ကွန်ထဲမှ ငါးသုံးကောင်ကို မြင်သောအခါ သူ စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။
ငါးသုံးကောင်လုံးက အတော်လေး အားသန်သည်။ ၎င်းတို့သည် အသက်ရှိနေသေးသဖြင့် ယခုအထိ ပိုက်ကွန်ထဲတွင် ရုန်းကန်နေသေးသည်။
“မင်းတို့အားလုံးက အံ့ဩဖို့ကောင်းတာပဲ”
ဟယ်ကျားက သုံးယောက်လုံးကို လက်မထောင်ပြလိုက်သည်။ ပိုက်ကွန်တစ်ခုတည်းနှင့် ငါးဖမ်းရန် အလွန် ခက်ခဲပေသည်။
“ဟေး ဒီငါးတစ်ကောင်ချင်းစီတိုင်းက နှစ်ကီလိုမကဘူး ဟုတ်တယ်မလား၊ တော်တော် ဝတာပဲ”
ဟွမ်လေ့ကလည်း ပြောသည်။
“မင်းတို့ ဒီကောင်တွေကို ဘယ်လို ဖမ်းနိုင်တာလဲ”
“ဒီငါးသုံးကောင်က တော်တော် ရူးတာပဲ၊ ကျွန်တော်တို့ ပိုက်ကွန်ကို အဲ့မှာ ထားလိုက်တာနဲ့ သူတို့ဘာသာသူတို့ ကူးလာတာပဲ”
ရဲ့လင်းချန်က အေးအေးလူလူ ပြောပြီး ငါးကန်ထဲသို့ ငါးသုံးကောင်ကို လောင်းထည့်လိုက်သည်။
“ဝိုး တကယ်လား၊ ဒါဆို မင်းကံက တော်တော် ကံကောင်းလွန်းတာပဲ”
ဝေ့တရွှင်းက ပြောလိုက်သည်။
“ဟားဟားဟား ဒီနေ့ ဟင်းကတော့ ကောင်းတော့မှာပဲ”
ဟွမ်လေ့ကလည်း ပြုံးနေသည်။
ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့က ဘေးဘက်မှနေ၍ တခစ်ခစ်နှင့် ကျိတ်ရယ်နေပြီး ဘာမှမပြောချေ။
တိုက်ရိုက် ထုတ်လွှင့်မှု အခန်းတွင်လည်း ပွက်လောရိုက်နေပြီး စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေသည်။
[ဟားဟားဟား ရဲ့နတ်ဘုရားက နှိမ့်ချနေတာပဲ၊ သူတို့ ယုံလိမ့်မယ်လို့ ငါ ထင်မထားဘူး]
[ရဲ့နတ်ဘုရားက ရှင်းပြဖို့ အရမ်း ပျင်းနေတာပဲ၊ သူသာ အဲ့လို လုပ်ခဲ့ရင် နောက်ထပ် အံ့ဩတာတွေ ဖြစ်လာပြီးတော့ မေးခွန်းတွေ ထပ်လာတော့မှာ၊ သူ စိတ်ပျက်လို့ သေလောက်တယ်]
[ငါ့အထင်တော့ ရဲ့နတ်ဘုရားက ယောက်ျားကြီး သုံးယောက်ရှေ့မှာ ဟန်ထုတ်ပြဖို့ စိတ်မဝင်စားတာ ထင်တယ်၊ သူတို့နေရာမှာ မိန်းမလှလေး သုံးယောက်ဆိုရင်တော့ ဟီးဟီးဟီး …]
…