လူတွေကြားထဲမှာ အခြေခံအကျဆုံး ကိုယ်ကျင့်တရားက ဘာလဲ
Vol. 28 Ch. 417
“မင်းတို့ သုံးယောက် တော်တော်လေး ပင်ပန်းသွားခဲ့ရပြီပဲ၊ ပြီးတော့ မင်းတို့က ငါတို့ရဲ့ သူရဲကောင်းတွေပါပဲ၊ ကောင်းကောင်း နားကြပါ”
ဟယ်ကျားက ပြုံးနေသည်။
ငါးသည် အရသာ ရှိသော်လည်း ကိုင်တွယ်ရာ၌ အလွန် ဒုက္ခများသည်။ ၎င်းအား ကြေးခွံများ ဖယ်ရှားရမည် ဖြစ်ပြီး ကလီစာများကိုလည်း ရှင်းထုတ်ရမည်။ သို့မဟုတ်ပါက ငါးညှီနံ့က အသားထဲအထိ စိမ့်ဝင်နေနိုင်သည်။
ရဲ့လင်းချန်သည် ထိုသို့ကိစ္စများကို လုပ်ကိုင်ရာ၌ စိတ်ဝင်စားမှု မရှိပေ။ ထို့ကြောင့် ဟွမ်လေ့က လက်လွှဲယူ သွားသည်။
လူတိုင်း မနက်စောစော နိုးလာသဖြင့် လက်ရှိတွင် အချိန်က မနက် ကိုးနာရီသာ ရှိပေသေးသည်။ ရဲ့လင်းချန်နှင့် မိန်းကလေး နှစ်ယောက်သည် ပျင်းရိနေသဖြင့် အပြင်ဘက်၌ ထိုင်ပြီး မနက်ခင်း တောင်ပေါ်မှ ရှုခင်းအလှကို ခံစားနေကြသည်။
မနက်စောစောတွင် တောင်တန်းများသည် ကြည်လင်ပြတ်သားနေ၏။ တောင်တန်းတစ်ခုလုံးမှ စိမ်းလန်း စိုပြည်သော သစ်ပင်များကို မြင်နိုင်ပြီး လေထဲတွင် ပန်းမန်တို့၏ ရနံ့များနှင့် ပြည့်နေသည်ဟု ထင်မှတ်ရသည်။
“ရဲ့နတ်ဘုရား ဘာမှလုပ်စရာ မရှိဘူးဆိုတော့ ငါတို့ကို ပုံပြင် ပြောပြပါလား”
ဝေ့တရွှင်းက ထိုင်ခုံကို ရွှေ့၍ ဝင်ထိုင်ကာ ရဲ့လင်းချန်အား စိတ်လှုပ်ရှားစွာ ကြည့်လာသည်။
ယခင်က ရဲ့လင်းချန် ပြောခဲ့သော ပုံပြင်သည် သူ့စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေပြီး ညလယ်ခေါင်၌ သူ့အား အိပ်မပျော်နိုင် ဖြစ်စေခဲ့သည်။ သူ ကြောက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ ထိုအကြောင်းကို မတွေးဘဲ မနေနိုင် ဖြစ်ခဲ့သည်။ ဘာဆက်ဖြစ်သလဲ ဆိုသည်ကို သူ ကြားချင်သေးသည်။
“မပြောဘူး”
ရဲ့လင်းချန်က အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းခါလိုက်သည်။
“ဘာလို့လဲ”
ဝေ့တရွှင်းက ပြန်မေးလေသည်။
ရဲ့လင်းချန်က အလုပ်များနေသော ဟွမ်လေ့နှင့် ဟယ်ကျားကို လက်ညှိုးထိုးပြပြီး ပြုံး၍ ပြောလိုက်သည်။
“သူတို့ နှစ်ယောက်က နေ့လယ်စာအတွက် ပြင်ဆင်ရင်း အလုပ်များနေတာ၊ ကျွန်တော်တို့ သုံးယောက်ကလည်း ငါးဖမ်းပြီး ပြန်လာကာစပဲ ရှိသေးတယ်၊ ခင်ဗျားက ဘာလုပ်နေတာလဲ”
ဝေ့တရွှင်းသည် တစ်ခဏမျှ ငိုင်တွေသွားသည်။
“ငါ … ငါ စားဖို့ တာဝန်ယူထားတယ်လေ”
“ခစ်ခစ် … ဟားဟားဟား …”
ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ နှစ်ယောက်လုံး ရယ်မောလိုက်ကြသည်။
“စားဖို့ တာဝန်ယူထားတယ် ဟုတ်လား၊ ကျွန်တော် ဒါကို ပထမဆုံး ကန့်ကွက်ရမှာပဲ”
ထို့နောက် ရဲ့လင်းချန်က အားလုံးကို ပြောလိုက်သည်။
“ခင်ဗျားတို့ သူ စားဖို့ တာဝန်ယူထားတာကို သဘောတူလား”
“မတူဘူး”
ကျောက်လျန့်ရင်က နည်းနည်းလေးမှ မတွေးဘဲ ကန့်ကွက်သည်။
“ငါလည်း သဘောမတူဘူး”
ဟူယွဲ့အာက ခပ်သွက်သွက် ဝင်ပြောသည်။
“ဆရာဟယ်၊ ဖေဖေကြီး ဟွမ် …”
ဝေ့တရွှင်းက ဟွမ်လေ့နှင့် ဟယ်ကျားအား သနားကမားဟန်ဖြင့် ကြည့်လိုက်သည်။
“တရွှင်း၊ ဒီတစ်ခါတော့ ဖေဖေကြီးဟွမ် မင်းကို မကူညီနိုင်ဘူး၊ ဒါ ဘဝ၏ ရုန်းကန်ခြင်းလေ၊ မင်း ဘာမှမလုပ်ရင် တကယ်ကို ဘာမှစားရမှာ မဟုတ်ဘူး”
ဟွမ်လေ့က ပြုံးနေသည်။
ရဲ့လင်းချန်က ထရပ်၍ ကြံရာမရ ဖြစ်နေသော ဝေ့တရွှင်းကို လှမ်းခေါ်သည်။
“ခင်ဗျား စားချင်တယ်ဆိုရင် မြန်မြန် အလုပ်လာလုပ်လေ”
“အင်း”
ဝေ့တရွှင်း ပြန်တုံ့ပြန်ပြီးမှ မေးလိုက်သည်။
“ငါတို့ ဘာလုပ်ကြမလဲ ရဲ့နတ်ဘုရား”
“ထင်းခွဲမယ်”
“ထင်းခွဲမယ် ဟုတ်လား”
ဝေ့တရွှင်းက ထင်းပုံနားသို့ လျှောက်သွားသည်။
“ငါ ဘာလုပ်ဖို့ လိုလဲ”
ထိုအချိန်တွင် ရဲ့လင်းချန်က ပုဆိန်ကို ကောက်ယူ၍ ကိုင်နေပြီ ဖြစ်သည်။
“ခင်ဗျားတာဝန်က ထင်းကို တည့်တည့်ကိုင်ထားဖို့ပဲ၊ ကျွန်တော် ခွဲလိုက်မယ်”
“ဘာ”
ဝေ့တရွှင်း တွန့်သွားသည်။
“ရဲ့နတ်ဘုရား မင်း ငါ့ကို ဒါတွေကို ငါ့လက်နဲ့ ကိုင်ထားဖို့ ပြောနေတာတော့ မဟုတ်ဘူးမလား”
“ဟမ် ခင်ဗျား လက်နဲ့မကိုင်ရင် ခင်ဗျားမျက်နှာနဲ့ သုံးမလို့လား၊ မြန်မြန်လုပ်”
“ရဲ့နတ်ဘုရား၊ နည်းနည်းလောက် စိတ်လျှော့ပါဦး၊ မင်း … မင်း အရင်က ထင်းခွဲဖူးလား”
“ဟင့်အင်း၊ လူတိုင်းအတွက် အမြဲတမ်း ပထမဆုံးအကြိမ်ဆိုတာ ရှိတာပဲလေ၊ ဒါပေမဲ့ အဆင်ပြေပါတယ်၊ ကျွန်တော်တို့ ဖြည်းဖြည်းချင်း လုပ်တာပေါ့”
ရဲ့လင်းချန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထိုအဖြေက ဝေ့တရွှင်းကို ကြောက်လန့်သွားစေပြီး သူ့မျက်နှာက ပို၍ ဖြူရော်သွားစေသည်။
“မရဘူး၊ ငါ့လက်နဲ့ ထင်းကို ကိုင်ထားရင် ငါ့လက်ကို မခုတ်မိဖို့ မင်း သေချာလား”
ဝေ့တရွှင်းက တံတွေးမျိုချ၍ စိုးရိမ်စွာ မေးသည်။
ရဲ့လင်းချန်က ဝေ့တရွှင်းကို ပခုံးပုတ်လိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်တော် ခင်ဗျားကို မခုတ်မိဖို့ အကောင်းဆုံး ကြိုးစားမှာပါ”
*သူ … အကောင်းဆုံး ကြိုးစားမယ် ဟုတ်လား*
*ဘာလို့ ဒီစကားကို ကြားတာနဲ့ ငါ ဖြူရော်လာမိတာလဲ*
ဝေ့တရွှင်း တုန်ယင်နေပြီး ထင်းကို ထောင်လိုက်ကာ သူ့မျက်နှာက သွေးမရှိတော့ချေ။ သူသည် တံတွေးကို အပြည့် မျိုချပြီး တုန်နေသော အသံဖြင့် ပြောလေသည်။
“ရဲ့နတ်ဘုရား ငါက မင်းပရိသတ်ပါ၊ မင်း ငါ့ကို ထိခိုက်အောင် လုပ်လို့ မဖြစ်ဘူးနော်”
“ကျွန်တော့်မျက်လုံးကို ကြည့်”
ရဲ့လင်းချန်က သူ့မျက်လုံးသူ ပြန်၍ လက်ညှိုးထိုးပြသည်။
“အထဲမှာ ဘာရှိလဲ မြင်ရလား၊ အဲ့ဒါ ယုံကြည်မှုပဲ၊ လူတွေကြားထဲက အခြေခံအကျဆုံး ကိုယ်ကျင့်တရားက ဘာလဲသိလား၊ ယုံကြည်မှုပဲ”
သူသည် ထိုသို့ပြောပြီး ပုဆိန်ကိုမြှောက်ကာ ဝေ့တရွှင်း၏ ကြောက်ရွံ့နေသော အကြည့်အောက်မှာပင် ပုဆိန်ကို လွှဲချလိုက်သည်။
“ဒုတ်”
“အား….”
ဝေ့တရွှင်းသည် အလွန် ကြောက်လန့်နေသဖြင့် မိန်းမကဲ့သို့ အော်ဟစ်လေသည်။ သူ့တစ်ကိုယ်လုံး တုန်နေပြီး ပုဆိန်က သူ့လက်မောင်း ဘယ်ဘက်သို့ အတိအကျအားဖြင့် တစ်ပေခွဲမျှ အကွာ၌ ကျဆင်းသွားသည်။ ရဲ့လင်းချန်သည် ဝေ့တရွှင်း၏ လက်ကို မခုတ်မိပါ။ သို့သော် ထင်းကိုလည်း မခုတ်မိပေ။
“သိပ်မတိကျသေးဘူး၊ ထပ်ကြိုးစားကြည့်တာပေါ့”
ရဲ့လင်းချန်က ပြောပြီး ပုဆိန်ကို ထပ်မြှောက်လိုက်သည်။
“မရဘူး၊ ငါ ဒါကို တကယ် မလုပ်နိုင်ဘူး”
ဝေ့တရွှင်းက ထင်းကို ပစ်ချ၍ ပြန်ပြေးသွားသည်။
“ရဲ့နတ်ဘုရား ကျေးဇူးပြုပြီး ငါ့ကို သနားပါကွာ၊ ငါ ငါးကို ကူပြီး သန့်ရှင်းပေးပါ့မယ်”
သူ၏ နောက်ကျောပုံရိပ်ကို ကြည့်ပြီး ရဲ့လင်းချန် သက်ပြင်းချကာ ကရုဏာအပြည့်ဖြင့် ပြောလိုက်သည်။
“ဟူး … လူနှစ်ယောက်ကြားက အခြေခံအကျဆုံး ယုံကြည်မှုတောင်မှ ပျောက်ဆုံးသွားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ အခုခေတ်လူတွေက မယုံရပါလား”
[ခွီး … ရဲ့နတ်ဘုရားရေ ဒါတော့ တော်တော် များသွားပြီ]
[ဒီတစ်ခါတော့ ငါ ရဲ့နတ်ဘုရားကို ထောက်ခံတယ်၊ ဝေ့တရွှင်း မပြေးနဲ့လေ၊ အလွန်ဆုံး ရဲ့နတ်ဘုရားက လက်တစ်ဖက်ကို ခုတ်မိရုံလေးပါ၊ ယုံကြည်မှုနဲ့ ယှဉ်လိုက်ရင် လက်လေးတစ်ဖက်က ဘာမို့လို့လဲ]
[ဟားဟားဟား … အရမ်း သနားဖို့ ကောင်းတယ်ကွာ၊ ဝေ့တရွှင်း တော်တော် ကံဆိုးတာပဲ၊ မင်း သူ့ကို မြင်လိုက်လား၊ သူ လမ်းလျှောက်နေတုန်း လဲကျမတတ် ဖြစ်သွားတာပဲ၊ သူ ကြောက်လွန်းလို့ သတိလစ်မလို ဖြစ်သွားလောက်တယ်]
[သူ တကယ် အဆင်ပြေပါတယ်၊ ပုဆိန်သာ နည်းနည်းလေး လွဲသွားရင် သူ့လက်ကို ခုတ်မိသွားလောက်တယ်၊ ငါသာ သူ့နေရာမှာဆိုရင် ကြောက်လွန်းလို့ သေးပေါက်ချမိလောက်တယ်]
[အစ်ကိုကြီး ရဲ့နတ်ဘုရားက တော်တော် လွန်တာပဲ၊ ဒါပေမဲ့ ငါ သဘောကျတယ် …]
…
ဝေ့တရွှင်း ပြုံးပြီး ဟွမ်လေ့နားသို့ ပြန်သွားလိုက်သည်။
“ရဲ့နတ်ဘုရား၊ ငါ ရုတ်တရက်ကြီး ဟင်းချက်တဲ့ အရည်အချင်း နိုးထလာသလို ခံစားရတယ်၊ ငါ ဟင်းချက်တဲ့ နေရာမှာ တကယ် တော်တယ်လို့ သိလိုက်ရတယ်၊ ဖေဖေကြီးဟွမ် ကျွန်တော် ဘာများ ကူညီရမလဲ၊ ခင်ဗျား ကျွန်တော့်ကို သနားဖို့ မလိုပါဘူး၊ ကျွန်တော့်ကို တတ်နိုင်သမျှ လုပ်ခွင့်ပေးပါ”
ကျောက်လျန့်ရင် ပြုံးလိုက်သည်။
“ရှင်ကလား၊ ဟင်းချက်တဲ့ အရည်အချင်းတွေ နိုးထလာတယ် ဟုတ်လား၊ ဆီ၊ ဆား၊ အချဉ်ရည်နဲ့ ရှာလကာရည်က ဘာတွေ မတူတာလဲဆိုတာကိုတောင် မပြောနိုင်တာ၊ ရှင် မီးဖိုချောင်ကို ပြာကျအောင်ပဲ လုပ်မိမှာ”
“ငါ့ကို မဟုတ်တာတွေ လာမပြောနဲ့”
ဝေ့တရွှင်းက ဖြောင့်မတ်စွာ ပြောပြီး ဟွမ်လေ့ဘေးနား၌ အလုပ်စရှုပ်ချင်ယောင် ပေါ်လာသည်။ သူသည် ပြောင်းဖူးကို အခွံခွာ၍ တိုက်တွန်းလေသည်။
“ငါတို့ ကျောက်လျန့်ရင်နဲ့ ဟူယွဲ့အာကိုလည်း ကူညီခိုင်းသင့်တယ်ထင်တယ်၊ ဒါ မင်းရဲ့ ယုံကြည်မှုကို စမ်းသပ်နိုင်မယ့် အရေးကြီးတဲ့ အခိုက်အတန့်ပဲလေ”
“ကျွန်မ လင်းချန်ကို အယုံကြည်ဆုံးပဲလေ၊ စမ်းသပ်စရာ လုံးဝ မလိုဘူး”
ကျောက်လျန့်ရင်က စဉ်းစားမနေဘဲ ပြောလိုက်သည်။
“ကျွန်မရောပဲ”
ဟူယွဲ့အာကလည်း ခေါင်းညိတ်သည်။
“စကားနဲ့ သက်သေပြလို့မရဘူး၊ မင်းတို့ကိုယ်တိုင် သက်သေပြဖို့ အချိန်ရောက်လာပြီ”
ဝေ့တရွှင်းက ဆက်ပြောသည်။
“ဟွန့် ဒါဆိုလည်း သွားတာပေါ့”
ကျောက်လျန့်ရင်က ထရပ်ပြီး ရဲ့လင်းချန်အနားသို့ လျှောက်သွားသည်။ သူမ၏ သွယ်လျသော လက်ဖြင့် ထင်းကိုကိုင်၍ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“လုပ်လေ”
ဟူယွဲ့အာကလည်း ရောက်လာသည်။
ကျောက်လျန့်ရင်၏ ကြောက်စိတ်နှင့် တင်းခံနေသော စိတ်ကို မြင်ပြီး ရဲ့လင်းချန် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ထို့နောက် သူ စကားစလိုက်သည်။
“မင်း ထင်းကို လေထဲ ပစ်လိုက်ပါလား၊ အဲ့အခါကျမှ ငါ ခွဲလိုက်မယ်”
ကျောက်လျန့်ရင်က နူးညံ့စွာဖြင့် မကျေနပ်သံလေးပြု၍ ထင်းကို လေထဲ ပစ်တင်လိုက်သည်။ သူမက မျက်လုံးကို တင်းနေအောင် မှိတ်ထားပြီး အလွန် စိုးရိမ်နေဟန် ရှိသည်။
“ဘုတ်”
ထင်းက သူမရှေ့သို့ ပြန်ကျလာသည်။
“အစ်မကြီး မင်းကို ဒီလိုပစ်ပါလို့ ဘယ်သူ ပြောတာလဲ”
ရဲ့လင်းချန်က သူ့ခေါင်းသူပွတ်၍ အောင့်သက်သက် ပြုံးနေသည်။
“နည်းနည်း မြင့်မြင့်လေး ပစ်ပါလား၊ ပြီးတော့ ဝေးဝေးမှာ ရပ်နေလေ၊ ဘာလို့ ဒီမှာ နေနေတာလဲ”
“ဪ”
ကျောက်လျန့်ရင် လျှာလေးထုတ်ပြီး ထင်းကို ကောက်ကာ ခပ်လှမ်းလှမ်းသို့ ဆုတ်လိုက်သည်။ ထုိ့နောက် သူမက ရဲ့လင်းချန်ကို လှမ်းကြည့်သည်။
“ဒီလောက်ဆို အဆင်ပြေလား”
“အင်း လှမ်းပစ်လိုက်”
ရဲ့လင်းချန် ခေါင်းညိတ်ပြသည်။
ကျောက်လျန့်ရင်က လက်ကိုမြှောက်၍ ထင်းအား ရဲ့လင်းချန်ရှေ့သို့ လှမ်းပစ်လေသည်။
ရဲ့လင်းချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူသည် ပုဆိန်ကိုမြှောက်၍ လေထဲမှ ထင်းကို တန်းခွဲ လိုက်သည်။
…