← Chapters

ရန်စောင်နေသော မိန်းကလေး နှစ်ယောက်

Vol. 28 Ch. 419

ရန်စောင်နေသော မိန်းကလေး နှစ်ယောက်

Vol. 28 Ch. 419

အစီအစဉ်၏ ခေါင်းစဉ်က ဘဝ၏ ရုန်းကန်ခြင်း ဖြစ်သည်။ သို့သော် ဘာမှ ရုန်းကန်စရာ မရှိပေ။ လူတိုင်း စုဝေး၍ ထိုင်နေပြီး သက်တောင့်သက်သာ အနေအထားဖြင့် စကားပြောနေကြသည်။ အချိန်အများစုတွင် သူတို့က စားလျင်စား၊ မဟုတ်လျင် ကစားကြသည်။ ပတ်ဝန်းကျင်မှာ အလွန် ကောင်းမွန်လျက် ရှိသည်။ လူတိုင်း အလိုရှိသော ဘဝဟုပင် သတ်မှတ်နိုင်ပေသည်။

ရဲ့လင်းချန်က နေ့လယ်စာကို အသင့်အတင့် အရှိန်ဖြင့် ချက်ပြုတ်ခဲ့သည်။ ငါးက သုံးကောင် ရှိသဖြင့် မတူညီသော ချက်နည်းများသုံး၍ ငါးအားလုံးကို ချက်လိုက်သည်။

ဆီပြန်ချက်ခြင်း၊ ပေါင်းခြင်းနှင့် ငါးစွပ်ပြုတ်ဟင်းတို့ပင်။

ထိုငါးသုံးကောင်က အလွန် ကြီးသဖြင့် တစ်ပန်းကန်စီ၌ ငါးတစ်ကောင်တည်းသာ ရှိနေလျင်တောင်မှ မသင့်တော်ဟု မခံစားရပါ။

မိန်းကလေး နှစ်ယောက်က ရဲ့လင်းချန်နောက်သို့ ဆက်တိုက် လိုက်ကြည့်နေ၏။ ငါးက မချက်ရသေးသော်လည်း သူမတို့က ရဲ့လင်းချန်က ငါးများအား ကြိုတင်ပြင်ဆင်ပုံကို ကြည့်နေကြသည်။ ငါးနှင့်အတူ စုံလင်သော ဟင်းခတ် အမွှေးအကြိုင်များကို အစီအစဉ်တကျ ပြင်ဆင်လေသည်။

ရဲ့လင်းချန်၏ ချက်ပြုတ်ပုံက လူအများအား အေးချမ်းသလို ခံစားရစေသည်။ မောက်မာခြင်း၊ အလျင်လိုခြင်း မရှိဘဲ ကြော့ရှင်းသည်။

သူသည် ဟင်းမချက်ခင် ပါဝင်ပစ္စည်းများနှင့် အသုံးအဆောင်များကို အစီအစဉ်တကျ အမြဲ ပြင်ဆင်တတ်သည်။ သူ၏ ထိုအကျင့်က အလျင်စလို ပြုမူခြင်းအား ဟန့်တားပေးလေသည်။

မိန်းကလေးနှစ်ယောက်၏ နှုတ်ခမ်းထောင့်တွင် ကြည်လင်သော တံတွေးရည်တို့ ထွက်စပြုနေလေပြီ။ သူမတို့သည် စိတ်မရှည်တော့ဘဲ လောဘကြီးသော ကြောင်လေးများနှင့် တူနေလေ၏။

“လင်းချန်၊ ရှင် ဘာလို့ စမချက်သေးတာလဲ၊ ရှင် ဘယ်လောက်ကြာကြာ ပြင်ဆင်ဖို့ လိုမှာလဲ”

“ဒီငါးတွေက ကျွန်မတို့ ကြိုးစားပမ်းစား ဖမ်းထားရတဲ့ ငါးတွေလေ၊ ငါးတစ်ကောင်ချင်းစီက ကျွန်မတို့ ကြိုးစားမှုရဲ့ ရလဒ်ပဲ၊ ရှင်က ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ငါးဟင်းကို ချက်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်”

အမျိုးသမီး နှစ်ယောက်က ရဲ့လင်းချန်၏ နားနား၌ ဘုန်းတော်ကြီးက တရားပြသကဲ့သို့ ဆက်တိုက် ပြောနေသည်။

ရဲ့လင်းချန်သည် ဘာမှထပ်ပြောချင်စိတ် မရှိသလို ခံစားလိုက်ရသည်။ သူ ဟယ်ကျားကို လှမ်းကြည့်လိုက် လေသည်။

“ဆရာဟယ်၊ နားဆို့စရာ တစ်ခုခု မရှိဘူးလား၊ ကျွန်တော့်နားတွေ အသားမာတတ်တော့မယ်”

သူ့အနားမှ လူများက ရယ်မောလိုက်ကြပြီး ဟယ်ကျားက ပြန်ပြောလိုက်သည်။

“ကြည့်ပါဦး၊ အဲ့မိန်းကလေး နှစ်ယောက်က ရဲ့နတ်ဘုရားကို ရူးသွားအောင် ဖိအားပေးနေတာပဲ”

“လျန့်ရင်နဲ့ ယွဲ့အာ၊ မင်းတို့ ရပ်လိုက်သင့်ပြီ၊ ရဲ့နတ်ဘုရားကို အနားယူခိုင်းလိုက်ပါဦး၊ မင်းတို့ ပြောဆိုနေတာကို ငါ နားထောင်နေရတာ အနည်းဆုံး ဆယ်ခေါက်လောက် ရှိနေပြီ”

ဟယ်ကျားက ပြောသည်။

“ကျွန်မတို့ မစောင့်နိုင်တော့ဘူး၊ ဒီငါးတွေထဲမှာ ကျွန်မရဲ့ ကြိုးစားမှုတွေနဲ့ ချွေးတွေ ပါနေတာလေ၊ ကျွန်မ စောင့်ကြည့်တာ ဖြစ်သင့်ပါတယ်”

ကျောက်လျန့်ရင် နှုတ်ခမ်း စူသွားသည်။

ရဲ့လင်းချန် မချိပြုံး ပြုံးလိုက်ပြီး ခေါင်းခါ၍ မတတ်သာစွာ ပြောလိုက်သည်။

“ငါ မင်းကို တစ်ခွန်းပဲ မေးမယ်၊ မင်း ဒီငါးထဲကို ဘာကြိုးစားအားထုတ်မှုနဲ့ ချွေးတွေ ထည့်ထားတာလဲ”

ဟူယွဲ့အာ၏ မျက်နှာလေးက မသိမသာ ရှုံ့တွသွားပြီး ရဲ့လင်းချန်၏ စကားကို အလွန် မကျေမနပ် ဖြစ်သွားသည်။

“ရှင် ပြောတဲ့စကားကို ကျွန်မ နားထောင်ရတာ အဆင်မပြေဘူး၊ ရှင်က ကျွန်မရဲ့ အားထုတ်မှုကို လိုက်ဖျက်ဆီး နေတာပဲ”

“ဒါ ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုပဲ”

ကျောက်လျန့်ရင်က ဘေးမှနေ၍ ဖိပြောသည်။

“ဒါ ကျွန်မတို့ သုံးယောက်လုံးရဲ့ ကြိုးစားထားတဲ့ ရလဒ်ပဲ၊ ကျွန်မ ရေကန်ရဲ့ အအေးဓာတ်ကို အံတုပြီးတော့ ရေထဲမှာ ရပ်နေခဲ့တာ၊ ယွဲ့အာကလည်း ရှင့်ကို ကျောက်စိမ်းဆွဲကြိုး ပေးတယ်လေ၊ ရှင် ဒီငါးသုံးကောင်ကို ကျွန်မတို့ မပါဘဲ ဖမ်းနိုင်လား”

“သေချာပေါက် ဖမ်းနိုင်တာပေါ့”

ရဲ့လင်းချန်က အမှန်အတိုင်း ပြောချလိုက်သည်။

“မင်းတို့နှစ်ယောက်က ဘေးကနေ အံ့ဩနေတာက လွဲရင် ဘာမှ အထောက်အကူ မဖြစ်ဘူး၊ ရှင်းရှင်းပြောရရင် မင်းတို့ ပါခဲ့ပင်မယ့် မင်းတို့အလုပ် တစ်ခုမှ မရှိဘူး၊ ဒီလေးကောင်ကို ငါနဲ့အတူ ခေါ်သွားခဲ့ရင် အနည်းဆုံးတော့ သူတို့က မင်းတို့ နှစ်ယောက်ထက် ပိုအသုံးဝင်မှာပဲ”

သူက ပြောပြီး ထောင့်နားမှ Shiba အမျိုးအစား ခွေးလေးကောင်ကို လက်ညှိုးထိုးပြသည်။

မှိုအိမ်လေးထဲတွင် တိရစ္ဆာန် တော်တော်များများ ရှိသဖြင့် ကျေးလက်ဘဝနှင့် ပိုနီးစပ်စေပြီး ပတ်ဝန်းကျင်အား ပိုနွေးထွေးစေသည်။

“ရှင်က ကျွန်မတို့ကို စော်ကားတာပဲ၊ ရှင် ကျွန်မတို့ကို ဘယ်လိုလုပ် ခွေးနဲ့တောင် နှိုင်းနိုင်ရတာလဲ”

ဟူယွဲ့အာက စိတ်ဆိုးမာန်ဆိုး မေးသည်။

ရဲ့လင်းချန်က ချက်ချင်း ခေါင်းခါ၍ ငြင်းလိုက်သည်။

“မင်း ငါ့ကို မှားပြီး စွပ်စွဲနေတာပဲ၊ ငါ့စိတ်ထဲက အဲ့ခွေးလေးကောင်က မင်းတို့နှစ်ယောက်ထဲက တစ်ယောက် လောက်တောင် အရေးမကြီးပါဘူး”

“အဲ့လိုလုပ်စမ်းပါ”

ကျောက်လျန့်ရင်က ကျေနပ်သလို ခေါင်းညိတ်လိုက်သည်။

“ဟေ့ ခွေးတစ်ကောင်ထက် ပိုအရေးပါတယ်ဆိုတာက ဂုဏ်ယူစရာလို့ ထင်နေတာလား၊ အဲ့ဒါ ခွေးနဲ့ အတူတူလောက်ပဲလို့ ပြောနေတာပဲ မဟုတ်ဘူးလား”

ဟူယွဲ့အာ ရယ်ချင်နေသလို ကျောက်လျန့်ရင်ကဲ့သို့ ဆိုးရွားသော အသင်းဖော် ရှိနေသည့်အတွက် စိတ်ညစ် နေသည်။

[ခွီး … ဟားဟားဟား … ငါ မရတော့ဘူး၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်]

[ရှောင်ရင်က တော်တော် ရယ်ရတာပဲ၊ သူ နားမလည်တာလေးက ချစ်စရာလေး]

[သူ့ဦးနှောက်လေးက ကောင်းကောင်း မလုပ်နိုင်ဘူးပဲ၊ သူသာ ရဲ့နတ်ဘုရားနဲ့ တကယ် အတူတူ ရှိနေရင် သူ လည်နေလောက်မလား]

[အပေါ်ကလူက တကယ် သဘောကျပြီးတော့ အသည်းကွဲနေတဲ့ ပရိသတ်တစ်ယောက်ပဲ]

…

တိုက်ရိုက် ထုတ်လွှင့်မှုက လူများအားလုံး ရယ်နေသလို ရိုက်ကူးရေး အဖွဲ့သားများလည်း ထိုနည်းတူပင်။

“ကောင်းပြီလေ၊ မင်း ငါ့ကို တကယ် ကူညီတယ်ဆိုရင် မီးသွားမွှေးပေး၊ ငါ ပြီးတော့မယ်၊ ငါးသုံးကောင်က ချက်ဖို့ အသင့်ပဲ”

ရဲ့လင်းချန်က မိန်းကလေးနှစ်ယောက်က သူ့အား ဝိုင်းလာသည်ကို မြင်သောအခါ ခပ်သွက်သွက် ပြောလိုက်သည်။

သူတို့သာ ဆက်၍ စကားလာပြောနေပါက သူ ဟင်းချက်ရာ၌ ထိခိုက်လာမည်မှာ မလွဲမသွေပင်။

“ကောင်းပြီလေ”

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့၏ မျက်လုံးများ ဝင်းပသွားသည်။ နောက်ဆုံးတွင် သူမတို့ ရဲ့လင်းချန်ကို ကူညီပေးနိုင်ပေတော့မည်။

ရဲ့လင်းချန် စိတ်အေးသွားဟန်ဖြင့် အကြီးအကျယ် သက်ပြင်းချလိုက်ပြီး အိုးထဲသို့ ဆီထည့်ကာ ငါးအား အိုးထဲ အလုံပိတ်၍ အရင် နှပ်လိုက်သည်။

မှိုအိမ်လေးတွင် ဂတ်စ်မီးဖိုအစား ရှေးခေတ်အတိုင်း ထင်းချောင်းများ လိုအပ်သည့် ထင်းမီးဖိုကိုသာ အသုံးပြုသည်။ အားကောင်းသော ယပ်တောင်ဖြင့် အနားမှ အချိန်နှင့်အမျှ အပူချိန်ကို ထိန်းနေရပြီး မီးဖိုပေါ်၌ ကြီးမားသော အိုးတစ်အိုးကို တင်ထားသည်။

တည်ဆောက်ပုံက ဂတ်စ်မီးဖိုလောက် အဆင်မပြေသော်လည်း ၎င်းကို သုံး၍ ချက်ပြုတ်သော ဟင်းလျာသည် ဂတ်စ်မီးဖိုကို သုံးပြီး ချက်ထားသည့် ဟင်းလျာထက် ပို၍ အရသာ ရှိသည်။ ပဲငံပြာရည်နှင့် နှပ်ထားခြင်းက ပို၍ အရသာ ရှိလောက်သည်။

“လင်းချန် ဒီလောက်ဆို ဘယ်လိုလဲ၊ အပူချိန်က လုံလောက်ပြီလား”

ကျောက်လျန့်ရင်က မီးဖိုထဲ ထင်းတစ်ချောင်းထည့်၍ မေးလိုက်သည်။

“ရခါနီးပြီ၊ နည်းနည်းလောက် အပူတက်အောင် လုပ်လိုက်”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“ရတယ်လေ၊ ကြည့်ထားလိုက်”

ကျောက်လျန့်ရင်က ပြုံးနေပြီး သူမကိုယ်သူ အလွန် ကျေနပ်အားရနေသည်။ သူမသည် မီးဖိုထဲသို့ ထင်းကို ထပ်ထည့်လိုက်သည်။

*ရှိုးထုတ်နေတာပဲ*

ဟူယွဲ့အာ၏ နှာခေါင်းလေးက မသိမသာ ရှုံ့တွသွားပြီး မကျေနပ်သံ ပြုလိုက်သည်။ သူမသည်လည်း မီးဖိုထဲသို့ ထင်းတစ်ချောင်း ထပ်ထည့်လိုက်သည်။

*သူ လုပ်တာဆိုလို့ မီးလေး စမွှေးတာပဲ ရှိတာ မဟုတ်လား၊ အဲ့လိုလုပ်ဖို့ ဘာအရည်အချင်းမှ မလိုဘူးလေ၊ ဘာတွေများ အမှတ်ယူဖို့ လိုလို့လဲ*

အမျိုးသမီးများကြားမှ ရန်လိုရန်စောင်မှုသည် ဘာအကြောင်းပြချက်မှမရှိဘဲ ဖြစ်လာတတ်သည်။ အရေးအကြီးဆုံးမှာ သူတို့သည် အလွန် ခံစားချက် ပြင်းရှပြီး အထိမခံနိုင်ကြပေ။ ကျောက်လျန့်ရင်က ဟူယွဲ့အာ၏ မကျေနပ်ခြင်းကို ချက်ချင်း သတိထားမိသည်။

ဟူယွဲ့အာ မီးဖိုထဲ ထင်းထပ်ထည့်သည်ကို မြင်ပြီး သူမသည် ရုတ်တရက် မပျော်မရွှင် ဖြစ်လာပြီး ထင်းတစ်ချောင်းကို ကောက်ယူ၍ ထပ်ပစ်ထည့်လိုက်သည်။

ဟူယွဲ့အာကလည်း ငြိမ်ခံမနေချေ။ အမျိုးသမီး နှစ်ယောက်လုံးက တစ်ယောက်တစ်လှည့် ထင်းပစ်ထည့်ပြီး ပျော်နေကြသည်။

ရဲ့လင်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး တွေဝေသွားသည်။ အိုးထဲမှ အပူချိန်က မြန်ရမည့်အစား နှေးနှေးလာ၏။

“ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ မီးတောက်က သေးသေးလာတာလဲ”

သူ မိန်းကလေး နှစ်ယောက်ကို လှမ်းကြည့်လိုက်သောအခါ တစ်ယောက်စီက ထင်းတစ်ချောင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူမတို့၏ မျက်လုံးများက စိတ်အားထက်သန်မှုတို့နှင့်အတူ ဝင်းလက်နေပြီး အချိန်မရွေး ထင်းထပ်ထည့်ရန် အသင့်ဖြစ်နေသလိုပင်။

“ဘာလဲဟ၊ မင်းတို့ ဘာလုပ်နေကြတာလဲ”

ရဲ့လင်းချန်သည် ထင်းတို့နှင့် ပြည့်နေသော မီးဖိုကို ကြည့်ပြီး ဆွံ့အသွားသည်။

“မီးဆိုတာ အောက်စီဂျင် လိုအပ်တယ်၊ မင်းတို့ အဲ့လိုထည့်နေမှတော့ မီးက သေတော့မှာပေါ့”

သူ့နဖူး သူပြန်ရိုက်ကာ အောင့်သက်သက်နှင့် ပြုံးလိုက်ရသည်။

“ငါ မင်းတို့ကို မီးဖိုချောင်ထဲ မဝင်ခိုင်းလိုက်သင့်တာ”

“ကျွန်မက ဘယ်လိုလုပ် သိမှာလဲ၊ ထင်းတွေ ပြည့်နေပြီပဲကို”

ကျောက်လျန့်ရင်က နှုတ်ခမ်းလေးစူ၍ ဟူယွဲ့အာအား စိတ်ဆိုးမာန်ဆိုး ကြည့်သည်။

“ငါနဲ့ လိုက်ပြိုင်ဖို့ ကြိုးစားတဲ့ နင့်အပြစ်ပဲ

ဟူယွဲ့အာ၏ မျက်နှာက နီရဲလာပြီး သူမကလည်း အားနည်းချက်ကို မပြချင်ပါ။

“ထင်းတွေ အသည်းအသန် ထည့်နေတာ နင်လေ”

“ကဲ တော်လောက်ပြီ၊ မင်းတို့ နှစ်ယောက်လုံး သွားလိုက်တော့၊ စားပွဲဝိုင်းမှာ စားဖို့ သွားထိုင်စောင့်နေ”

ရဲ့လင်းချန် လက်ခါပြလိုက်သည်။

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ နှစ်ယောက်လုံး အနည်းငယ် စိတ်ထိခိုက်သလို ခံစားသွားရသော်လည်း နာခံစွာဖြင့် မီးဖိုချောင်ထဲမှ ထွက်သွားသည်။ နှစ်ယောက်သား စားပွဲဝိုင်းမှာ ထိုင်ရင်း အားပြိုင်နေသကဲ့သို့ အချင်းချင်း စိုက်ကြည့်နေကြလေသည်။

လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်က အလွန် အရေးကြီးသည်ကိုတော့ ဝန်ခံရပေမည်။

လှပသော အမျိုးသမီး နှစ်ယောက်က ရန်စောင်နေလျင်တောင်မှ လူအများက သူတို့ကို ချစ်စရာ ကောင်းပြီး မျက်စိထဲ၌ ကြည်နူးစရာကောင်းသည်ဟု တွေးနေဆဲပင်။

…

All Chapters