ဝိညာဉ်သိုက်၊ ဗလာနတ္ထိ၊ ဝိညာဉ်စုစည်းအဆင့်
Vol. 27 Ch. 409
အမှတ်ခုနစ်သခင်ကြီး၏စကားများ ရွှီချင်း၏နားထဲ ပဲ့တင်ထပ်သွားသည်။
သူသည် နားထောင်နေရင်း အဝေးရှိ နန်ယွဲ့တစ္ဆေဧကရာဇ်မှ ဖြစ်ပေါ်လာသော တောင်ကြီးကို ကြည့်လိုက်သည်။
သူ့စိတ်ထဲ ခံစားချက်လှိုင်းများ မြင့်တက်လာပြီး ထိန်းချုပ်၍မရအောင် ကြီးမားသည်ထက် ကြီးမားလာသည်။
ထိုတောင်ကြီးကို ငေးစိုက်ကြည့်ခြင်းသည် သူ၏မျက်လုံးများကို နာကျင်စေသည့်တိုင်အောင် သူ မြဲမြံခိုင်မာစွာဖြင့် အလေးအနက် ကြည့်လိုက်သည်။
ထိုနတ်ဘုရားက ဇီဝိန်ချုပ်ပြီးနောက် တောင်တစ်လုံးအဖြစ် ပြောင်းလဲနိုင်လောက်အောင် မည်သည့်ကျင့်ကြံခြင်းအဆင့်မျိုး ပိုင်ဆိုင်ထားခဲ့သည်ကို သူ မမှန်းနိုင်ပေ။
ယင်းသည် သူ မြင်ဖူးသမျှ အရာအားလုံးအနက် အစွမ်းထက်ဆုံးနတ်ဘုရားဟူ၍ ပြောနိုင်သည်။
ကျူးယင်နတ်ဘုရားသည်ပင် မယှဉ်နိုင်ချေ။ တားမြစ်ပင်လယ်ထဲတွင် သူ မြင်ခဲ့ဖူးသည့် ပင်လယ်ဖွတ်ကျွန်း၏ ဘိုးဘေးသည်ပင် နန်ယွဲ့တစ္ဆေဧကရာဇ်နှင့်ယှဉ်လျှင် နှိုင်းဆ၍မရအောင် နိမ့်ကျနေပုံရသည်။
နန်ယွဲ့တစ္ဆေဧကရာဇ်အား ယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရေသူမကျွန်းပေါ်တွင် ရွှီချင်းမြင်ခဲ့ရသည့် နံရံဆေးရေးပန်ချီထဲရှိ ရေသူမမျိုးနွယ်၏ နတ်ဘုရားဖြစ်သော မီအဲ့နတ်ဘုရား ဖြစ်သည်။
ထိုနံရံဆေးရေးပန်းချီထဲမှ ပထမဆုံးသက်စောင့်မီးအိမ်ကို သူ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ရွှီချင်း၏မှတ်ဉာဏ်များထဲတွင် မီအဲ့နတ်ဘုရားသည် လောကကြီးနှစ်ခုကို ထမ်းပိုးထား၏။
ထိုအချက်သည် မြင့်မားသော အဆင့်တစ်ခုရောက်သည့်အခါ ထူးခြားသော အပြောင်းအလဲလား ဆိုသည်ကို သူ မသိပါသော်လည်း သူ၏အတွေးများ ယောက်ယက်ခတ်နေခြင်းမျိုး မရှိပေ။
အမှတ်ခုနစ်သခင်ကြီးက ဆက်၍ ပြောလိုက်သည်။
“ အမှတ်လေး၊ ဒီနေ့ ဝမ်ကူးဒေသကြီးက ကျင့်ကြံခြင်းအသိပညာဂိတ်တံခါးကို ဖွင့်ပြီး မင်းကို ရှင်းရှင်းလင်းလင်း သိအောင် ပြမယ် ”
“ ကျင့်ကြံသူတွေအနေနဲ့ ကောင်းကင်နန်းတော်ရွှေအမြုတေအဆင့်ပြီးရင် ယွမ်ယင်အဆင့်လာတယ်။ အဲဒီအဆင့်မှာ အဆင့်လေးတွေလည်း အများကြီး ရှိတယ်။ နောင်ကျရင် မင်း သိလာလိမ့်မယ်။ အဓိကပြောချင်တာက ယွမ်ယင်အဆင့်နောက်ပိုင်းပဲ ”
“ ယွမ်ယင်အဆင့်ပြီးရင် အဆင့်တိုင်းကို အဆင့်လေးတွေ ခွဲထားတယ်။ အဆင့်တွေရဲ့ကြားက ကွာခြားချက်က မိုးနဲ့မြေလို ကြီးမားတယ်။ ကျင့်ကြံခြင်းအဆင့်နောက်ပိုင်းကို ရောက်လာလေလေ အဲဒီလို ဖြစ်လာလေလေပဲ ”
“ တကယ်က အဲဒီအဆင့်လေးတိုင်းကို အဆင့်ကြီးတွေအဖြစ်တောင် မြင်လို့ရတယ် ”
“ ယွမ်ယင်အဆင့်ပြီးရင် ဝိညာဉ်သိုက်အဆင့်လာတယ် ”
“ ဝိညာဉ်သိုက်အဆင့်ကို လျှို့ဝှက်သိုက်ငါးသိုက် ခွဲထားတယ်။ အဲဒီလျှို့ဝှက်သိုက်ငါးသိုက်ပြီးရင် ဗလာနတ္ထိအဆင့် ရောက်တယ် ”
“ ဗလာနတ္ထိအဆင့်ကို အဆင့်လေးဆင့် ခွဲခြားထားတယ်။ စတုတ္ထမြောက်အဆင့်ပြီးရင် ဝိညာဉ်စုစည်းအဆင့်ကို ရောက်တယ် ”
ရွှီချင်း၏စိတ်ထဲ တုန်ခါသွားသည်။ ထိုနေရာအရောက်တွင် အမှတ်ခုနစ်သခင်ကြီးသည် လက်ကိုမြှောက်၍ နန်ယွဲ့တစ္ဆေဧကရာဇ်မှ ဖြစ်လာသော တောင်ကြီးကို ညွှန်လိုက်သည်။
“ သူ့ပခုံးနှစ်ဖက်မှာ လောကကြီးနှစ်ခုကို ထမ်းပိုးထားတယ်ဆိုတာ အဲဒါ ဒုတိယမြောက်ဝိညာဉ်စုစည်းအဆင့်ရဲ့ အစွမ်းဆိုတာပဲ ”
“ ဘိုးဘေးရွှယ်လျန့်ကျစ်က စွေ့ကုံချန်းတာအိုဆိုတဲ့ ဗလာနတ္ထိအဆင့်တစ်မှာ ရှိတယ်။ မဟာမိတ်ခေါင်းဆောင်က အစစ်အမှန်နဲ့ပုံရိပ်ယောင် အသင်္ချေပြောင်းလဲခြင်းဆိုတဲ့ ဒုတိယအဆင့်မှာ ရှိတယ်။ အဲဒီအဆင့်နှစ်ဆင့်လွန်ရင် တတိယအဆင့်နဲ့ စတုတ္ထအဆင့်ရှိတယ်။ အဲဒီအဆင့်တွေနဲ့ နန်ယွဲ့တစ္ဆေဧကရာဇ်ကြားက ကွာခြားချက်ကို မှန်းဆကြည့်လို့ ရတယ် ”
“ နောင်တချိန် ဘိုးဘေးမှာ အခွင့်အရေးကြီးတစ်ခု ရှိလာရင် ဗလာနတ္ထိအဆင့်နှစ်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးရှိချင်ရှိသွားမှာပဲ။ ဗလာနတ္ထိစတုတ္ထအဆင့်ကို မပြောနဲ့ ဗလာနတ္ထိတတိယအဆင့်တောင် ကောင်းကင်ဘုံကို တက်လှမ်းရသလို ခက်ခဲတယ် ”
“ ဝိညာဉ်စုစည်းအဆင့်ကိုတော့ ထားလိုက်ကြစို့။ ငါ မှန်းဆကြည့်ရသလောက် ယင်ဟွမ်ပြည်နယ်တစ်ခုလုံးမှာ အသက်ရှင်နေတဲ့ ဝိညာဉ်စုစည်းအဆင့်ကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး။ ဖုန်းဟိုင်မြို့ကြီးတစ်ခုလုံးမှာတောင် ဝိညာဉ်စုစည်းအဆင့်ကျင့်ကြံသူ မရှိဘူး ”
“ ဒီနိုးတစ်ဝက်ဖြစ်နေတဲ့ တစ္ဆေဧကရာဇ်တစ်ပါးပဲ ဝိညာဉ်စုစည်းအဆင့်ရဲ့ ဒုတိယအဆင့်ကို ရောက်နေတာ ”
“ ဒါပေမဲ့ သူက ယင်ဟွမ်ပြည်နယ်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး။ ဒီမှာ လာသေနေတာ။ အဲဒီအဆင့်က ဘယ်သက်ရှိမဆို နတ်ဘုရားလို့ ခေါ်တဲ့အဆင့်မှာ ရှိတယ် ”
ရွှီချင်း၏စိတ်ထဲ တုန်ခါသွားသည်။ အမှတ်ခုနစ်သခင်ကြီး ရှင်းပြပြီးနောက် ဝမ်ကူးဒေသကြီး၏ ကျင့်ကြံခြင်းအဆင့်များကို သူ ရှင်းရှင်းလင်းလင်း နားလည်လာသည်။
“ ဒီတစ္ဆေဧကရာဇ် မသေခင်က ယင်ဟွမ်ပြည်နယ်ဆိုတာ ဖုန်းဆိုးမြေတစ်ခုပဲ။ ဂိုဏ်းတွေအများကြီး ရှိပေမဲ့ ဖရိုဖရဲ ဖြစ်နေတာ။ ထိပ်သီးကျင့်ကြံသူတွေ အနည်းအကျဉ်းလောက်ပဲ ရှိတယ်။ ဒီနေရာကို တစ္ဆေဧကရာဇ်ကြီး သေဆုံးသွားတဲ့အချိန်မှာတော့ သူ့သက်စောင့်အားတွေက သက်ရှိတွေအားလုံးနဲ့ မျိုးနွယ်တွေကို အားဖြည့်ပေးတဲ့ အာဟာရတွေအဖြစ် ပြောင်းလဲသွားတယ် ”
“ ယင်ဟွမ်ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ အင်အားစုကြီးခြောက်စုလုံးနီးပါးက တစ္ဆေဧကရာဇ်ကြီးနဲ့ ဆက်စပ်နေတယ်လို့တောင် ပြောနိုင်တယ် ”
“ ထိုက်စီရှန်းမုန်ဂိုဏ်းနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ရှိပေမဲ့ တကယ်က တစ္ဆေဧကရာဇ်ကြီးရဲ့ အမွေတစ်စိတ်တစ်ပိုင်းကို သူတို့ ရသွားခဲ့လို့ ဒီလောက် အင်အားတောင့်တင်းလာတာပဲ ”
“ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်က ဝိညာဉ်သုံးဖော်က ဒီတစ္ဆေဧကရာဇ်ကြီးရဲ့ ယင်ဝိညာဉ်သုံးပါးကနေ ပြောင်းလဲသွားခဲ့တာပဲ။ လူဝိညာဉ်က ဝိညာဉ်သခင်မ ယုံကျင်း၊ ဝိညာဉ်သခင်မကြွယ်ယန်က မြေဝိညာဉ်၊ ဝိညာဉ်သခင်က ထိုက်ကွမ်က ကောင်းကင်ဝိညာဉ်ပဲ ”
“ တစ္ဆေဧကရာဇ်ကြီးရဲ့ ပခုံးပေါ်က လောကကြီးနှစ်ခုပေါ်မှာ ရှိနေတဲ့ မိစ္ဆာခုနစ်ဖော်က တစ္ဆေဧကရာဇ်ကြီးရဲ့ ယန်ဝိညာဉ်ခုနစ်ပါးကနေ ဖြစ်လာတာပဲ ”
“ မြောက်စူးစူးမှာ ဓားကိုင်တွေ ထိန်းချုပ်နေတဲ့ လီယုံကျောက်တိုင်လည်း ရှိသေးတယ်။ တကယ်က အဲဒီကျောက်တိုင်က တစ္ဆေဧကရာဇ်ကြီး မသေခင် မြေပြင်ပေါ်ကို စိုက်သွားခဲ့တဲ့ လက်နက်ပဲ ”
အမှတ်ခုနစ်သခင်ကြီး၏ စကားများသည် မိုးခြိမ်းသံအလား ရွှီချင်း၏စိတ်ထဲ အဆုံးအစမဲ့ မြည်ဟည်းနေသည်။ ယင်းကြောင့် ဝိညာဉ်စုစည်းအဆင့်က မည်မျှ တုန်လှုပ်ချောက်ချားစရာ ကောင်းသည်ကို ရွှီချင်း ရှင်းရှင်းလင်းလင်း နားလည်သွားသည်။
ဒုတိယမြောက်ဝိညာဉ်စုစည်းအဆင့် တန်ခိုးရှင်တစ်ပါး သေဆုံးသွားခြင်းသည် ပြည်နယ်ကြီးတစ်ခုလုံးကို ကံကြမ္မာကောင်း ဖြစ်စေခဲ့ပြီး အင်အားစုများစွာ ပေါ်ပေါက်လာစေခဲ့သည်။
ထိုကဲ့သို့ ကျင့်ကြံသူတစ်ယောက်ကို နတ်ဘုရားဟူ၍ ခေါ်နိုင်ပေသည်။
ထိုအချိန်၌ မီအဲ့ကျွန်း၏ နတ်ဘုရားဖြစ်သော မီအဲ့နတ်ဘုရားသည်လည်း ထိုအဆင့်ရှိသော တန်ခိုးရှင်တစ်ပါး ဖြစ်ကြောင်း ရွှီချင်း နားလည်သွားသည်။
“ ဝိညာဉ်စုစည်းအဆင့်အထက်မှာ ဘာရှိတာလဲ ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး တွေဝေတွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်သည်။
အမှတ်ခုနစ်သခင်ကြီးသည် အဝေးရှိ ကောင်းကင်ကြီးအား ကြည့်လိုက်သည်။ သူ ကြည့်နေသည်မှာ နတ်ဘုရား၏ မျက်နှာပျက်ကြီးမဟုတ်ဘဲ ကြယ်တာရာကောင်းကင်ကြီးသာ ဖြစ်သည်။
“ ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေ ဖန်တီးခဲ့တဲ့ မြင့်မြတ်တဲ့နယ်မြေတွေနဲ့ မျိုးနွယ်ကြီးတွေမှာတော့ အဲဒါနဲ့ ပတ်သက်ပြီး မှတ်တမ်း ရှိလောက်မယ် ”
အမှတ်ခုနစ်သခင်ကြီးက ညင်သာစွာ ပြောလိုက်သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ မှော်သင်္ဘောပျောက်ကွယ်သွားပြီး ရွှီချင်းနှင့် ငေးကြောင်နေသော တင်းရွှယ်အား မြေပြင်သို့ ခေါ်ဆောင်သွားသည်။
တင်းရွှယ်သည် စကားအားလုံး ကြားပါသော်လည်း ထိုအချက်အလက်များကို စိတ်ထဲတွင် ထိန်းသိမ်းမထားပေ။
တချို့ဗဟုသုတများသည် လုံလောက်အောင် ကျင့်ကြံခြင်းအဆင့် မြင့်မားမနေပါက အန္တရာယ်ရှိပေသည်။
မိစ္ဆာနယ်မြေထဲ ရောက်သည့်အချိန်တိုင်အောင် ရွှီချင်း၏ခံစားချက်များ မငြိမ်မသက် ဖြစ်နေဆဲပင်။
အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းကို လှမ်းကြည့်လိုက်ပြီး ထိုအသိများအား မှတ်သားနေသည်ကို သိလိုက်သည်။ ထို့ကြောင့် ရှေ့တူရှုရှိ မြို့လေးတစ်မြို့သို့ သူတို့ကို ခေါ်သွားသည်။ ထိုမြို့လေးသည် အမှတ်ခုနစ်သခင်ကြီး ရွေးချယ်ထားသည့် မြို့လေးဖြစ်သည်။
ထိုမြို့လေးသည် နန်ယွဲ့တောင်ခြေတွင် တည်ရှိသည်။ ထိုမြို့လေးသည် နန်ယွဲ့တစ္ဆေဧကရာဇ်တောင်နှင့် အလွန် ဝေးကွာနေသေးသော်လည်း နန်ယွဲ့တစ္ဆေဧကရာဇ်၏ ခန္ဓာကိုယ်ကို မြင်နိုင်သည်။
ယင်းအပြင် ထိုနေရာသည် တစ္ဆေဧကရာဇ်တောင်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည်ဖြစ်၍ သေချာလေ့လာကြည့်ရှုရန် လွယ်ကူသည်။
“ ငါတို့ ဒီမြို့မှာ နေရမယ်။ ရွှီချင်း တစ္ဆေဧကရာဇ်ရဲ့ရုပ်ပုံကို မင်းစိတ်ထဲမှာ အကြမ်းဖြစ်တည်လာတဲ့အထိ တစ္ဆေဧကရာဇ်ကို နေ့တိုင်း ကြည့်ရမယ်။ ရက်တစ်ရာ အချိန်ရမယ် ”
အမှတ်ခုနစ်သခင်ကြီးသည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ သူ၏အသံ ပဲ့တင်ထပ်သွားစဉ် သူသည် ရွှီချင်းနှင့် လေးနက်တည်ကြည်နေသော သူ့အမူအရာကို မြင်၍ စကားမပြောဝံ့သော တင်းရွှယ်တို့ကို မြို့လေးဆီသို့ ခေါ်သွားသည်။
ထိုမြို့လေးသည် မကြီးမားဘဲ မြေပြင်မှာ ရွှံ့နွံထူထပ်နေသည်။ ဆောင်းနှောင်းချိန်ခါ ဖြစ်၍ အအေးဓာတ် ပိုကဲသည်။ ဆောင်းလေအေးများက သစ်ရွက်ကြွေများစွာကို သယ်ဆောင်၍ နံရံအစွန်းများတွင် စုပုံထားပေရာ တစ်မြို့လုံးကို အနည်းငယ် အုံ့မှိုင်းသွားစေသည်။
သို့သော်လည်း မတူကွဲပြားနေသည့်အရာတစ်ချို့လည်း ရှိသည်။ ဤမြို့လေးတွင် လူငယ်များသာမက သက်ကြီးရွယ်အိုများလည်း ရှိသည်။
ထိုအချက်သည် ရွှီချင်း၏စိတ်အာရုံကို ဆွဲဆောင်သွားသည်။
ထိုမြင်ကွင်းက မည်သည်အား ဖော်ပြသည်ကို တင်းရွှယ် မသိပါသော်လည်း ရွှီချင်းက သဲလွန်စများကို မြင်နေရသည်။ သို့သော်လည်း သူ ဂရုတစိုက် စစ်ဆေးမနေတော့ပေ။ သူ့အတွက် ယခုလောလောဆယ် အရေးကြီးနေသည်မှာ နန်ယွဲ့တစ္ဆေတောင်ကြီးကို ပုံကြမ်းဖော်ရန်သာ ဖြစ်သည်။
သူတို့သုံးယောက် ရောက်လာခြင်းသည် မြို့လေးထဲမှ မြို့သူမြို့သားများကို သိချင်စိတ် ဖြစ်သွားစေသည်။
ဤမြို့လေးသို့ လာရောက်သူ အလွန် နည်းပါးသည်။ သို့သော်လည်း ရွှီချင်းနှင့် တင်းရွှယ်တို့သည် ရုပ်ဖျက်ထားခဲ့ကြပြီး အမှတ်ခုနစ်သခင်ကြီးသည်လည်း ရုပ်ဖျက်ထား၏။ သို့ဖြစ်၍ တခြားလူများ၏ အမြင်တွင် သူတို့မိသားစုသုံးယောက်သည် သာမန်နှင့် ကွဲထွက်မနေပေ။
သို့သော်လည်း ဤလူသားစားလောကကြီးတွင် လူတိုင်း သတိရှိကြသည်ဖြစ်၍ အပြင်လူများကို သူတို့ ခပ်တန်းတန်း နေကြသည်။
အမှတ်ခုနစ်သခင်ကြီးက ဤနေရာတွင် နေအိမ်တစ်လုံး ဝယ်ခဲ့သည့်တိုင်အောင် ခပ်တန်းတန်း နေကြဆဲပင်။
ထိုကိစ္စနှင့် ပတ်သက်၍ ရွှီချင်းမှာ အထွေအထူး ခံစားမနေပေ။ သူသည် နေ့တိုင်း သူ့အိမ်မှာ ထိုင်တတ်သည်။ သူ ခေါင်းမော့လိုက်သည့်အခါ ခံ့ညားထည်ဝါသော တစ္ဆေဧကရာဇ်တောင်ကြီးကို မြင်ရသည်။ ယခင်က အစွန်းရောက်ကောင်းကင်ဓားမော့အား နားလည်ရန် ကြိုးစားခဲ့စဉ်ကအတိုင်း ထိုတစ္ဆေတောင်ကြီးကို စိတ်ထဲတွင် ပုံတူကူးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုဖြစ်စဉ်သည် ကောင်းကင်ဓားမော့အား နားလည်ရန် ကြိုးစားသည်ထက် အလွန် ခက်ခဲသည်။ ရွှီချင်းသည် စိုးရိမ်ကြောင့်ကြမနေဘဲ နေ့တိုင်း စူးစိုက်ကြည့်လေသည်။ သူ့တစ်ကိုယ်လုံး တဖြည်းဖြည်း ငြိမ်သက်လာပြီး သူ့စိတ်က ဗလာကျင်းလာသည်။
အမှတ်ခုနစ်သခင်ကြီးမှာမူ တင်းရွှယ်ကို ခေါ်ကာ မြို့လေးထဲ နေ့စဉ် လှည့်ပတ်သွားလာလေသည်။ သူသည် ပြုံးရွှင်ပြီး ကြင်နာသောအမူအရာဖြင့် လူများနှင့် ဆက်ဆံလေသည်။ တဖြည်းဖြည်းနှင့် သူတို့သည် အိမ်နီးနားချင်းများဖြင့် ရင်းနှီးလာခဲ့သည်။
လူတစ်ယောက်က သူတို့ ဇစ်မြစ်ကို မေးလာသည့်အခါတိုင်း အမှတ်ခုနစ်သခင်ကြီးသည် ခါးသီးသောအမူအရာဖြင့် စကားမပြောတော့ပေ။ ထိုအခြင်းအရာကို တခြားသူများ မြင်သောအခါ အတွေးနက်သွားကြပြီး ထိုအဘိုးအိုက ဆိုးဝါးသောအဖြစ်အပျက်တစ်ခုနှင့် ကြုံတွေ့ခဲ့ရမည်ဖြစ်ကြောင်း တွေးမိလိုက်ကြသည်။
သို့သော်လည်း သူ့ဘေးရှိ မိန်းကလေးအကြောင်း မေးသောအခါတွင်မူ အမှတ်ခုနစ်သခင်ကြီးသည် ခါးသီးသောအမူအရာ ရှိမနေတော့ဘဲ သူ၏သမီးဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလေသည်။ အခန်းထဲတွင် နေ့ထိုင်း နေသော ကလေးကိုမူ သူ၏သားမက်ဖြစ်ကြောင်း ပြောပြလေသည်။
တင်းရွှယ်သည် အမှတ်ခုနစ်သခင်ကြီး ထိုသို့ ပြောသည်ကို ကြားသည့်အခါတိုင်း အလွန် ပျော်ရွှင်သွားပြီး ရှက်ရွံ့သောအမူအရာ ဖြစ်သွားတတ်သည်။
ထိုသို့ဖြင့် မြို့ငယ်လေးထဲတွင် သူတို့သုံးောက် နေလာခဲ့ကြသည်။
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာခဲ့ပြီး အရာအားလုံး ပကတိငြိမ်သက်နေခဲ့သည်။ ရွှီချင်းသည် နေ့တိုင်း နားလည်ရန် ကြိုးစားပြီး အမှတ်ခုနစ်သခင်ကြီး တင်းရွှယ်ကို ခေါ်ကာ အပြင်ထွက်လေသည်။
ထိုမြို့လေးကို သူတို့ အသားကျလာသည်နှင့် မြို့သူ၊ မြို့သားများက ခပ်တန်းတန်း မနေကြတော့ပေ။
ထိုမြို့လေး၏ ထူးဆန်းသောအချက်က တဖြည်းဖြည်း ပေါ်ထွက်လာသည်။
မြို့သူမြို့သားများသည် ဒုက္ခများ ခံစားရပါသော်လည်း အလွန် စည်းလုံးညီညွတ်ကြသည်။ ယင်းအပြင် အစက အမှတ်ခုနစ်သခင်ကြီးနှင့် တခြားနှစ်ယောက်ကို ရန်စောင်နေခဲ့ကြပါသော်လည်း သူတို့ကို လက်ခံလိုက်ပြီးနောက် ပို၍ နွေးထွေးကြင်နာလာကြသည်။
ဤလောကကြီးထဲတွင် ထိုမြင်ကွင်းမှာ အလွန် ရှားသည်။
ယင်းအပြင် မြို့လေးထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများစွာ ရှိသည်။ ထိုအချက်အရ နှစ်ပေါင်းများစွာတစ်လျှောက် ဤမြို့လေးသည် အန္တရာယ်အနည်းအကျဉ်းသာ ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြနေပေသည်။ သို့ဖြစ်၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိကြသော သက်ကြီးရွယ်အိုများနှင့် ကလေးများက အသက်ရှင်နိုင်စွမ်း ရှိခဲ့ကြသည်။
မြို့၏ ချောင်တစ်ချောင်တွင် ကျောင်းတစ်ကျောင်းလည်း ရှိသည်။ ထိုကျောင်းတွင် တစ်မြို့လုံးရှိ ကလေးများကို စာသင်ကြားရန် ဆရာတစ်ယောက် ခန့်အပ်ထားသည်။
နေ့စဉ်နေ့တိုင်း စာသင်ကျောင်းဆီမှ စာအံသံများက မြို့သူမြို့သားများကို ပြုံးရွှင်သွားစေသည်။
ထိုကလေးများအနက် အမှတ်ခုနစ်သခင်ကြီး သဘောကျသော ကလေးတစ်ယောက် ရှိသည်။
ထိုကလေးသည် အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်ခန့်ရှိပြီး အလွန် ရုပ်ရည်ချောမောသည်။
သူ၏ခန္ဓာကိုယ်နှင့် မျက်နှာက သန့်ရှင်းစင်ကြယ်သည်ဖြစ်၍ တခြားကလေးများနှင့် အနည်းငယ် ကွဲပြားသည်။ သူသည် သားရေလွယ်အိတ်လေးတစ်အိတ်ကို လွယ်၍ နေ့တိုင်း ကျောင်းသွားကျောင်းပြန်လုပ်သည်။ သူ မြင်သည့်လူတိုင်းကို ယဉ်ကျေးစွာ နှုတ်ဆက်တတ်သည်။
ရံဖန်ရံခါ အမှတ်ခုနစ်သခင်ကြီးက တင်းရွှယ်ကို ခေါ်၍ မြို့ထဲ ပတ်သွားရင်း ထိုကလေးကို တွေ့သည့်အခါ ထိုကလေးက တင်းရွှယ်ကိုကြည့်၍ ရှက်ရွံ့ကာ ခေါင်းငုံ့သွားတတ်သည်။ အမှတ်ခုနစ်သခင်ကြီးကိုလည်း မဝံ့မရဲဖြင့် သူ ကြည့်တတ်သည်။ သို့သော်လည်း သူသည် ယဉ်ကျေးစွာဖြင့် ခေါင်းငုံ့သွားဆဲဖြစ်ပြီး အိမ်သို့ အမြန်ပြေးသွားတတ်သည်။
သူ၏အိမ်က အမှတ်ခုနစ်သခင်ကြီး၏အိမ်ဘေးတွင် ရှိသည်။ သူ့အဖေက လက်သမားတစ်ယောက်ဖြစ်ပြီး သူ့အမေက အဝတ်အစားများ ရက်လုပ်သည်။ မနက်ခင်းတွင် သူတို့သည် ကလေး ကျောင်းသွားသည်ကို ကြည့်တတ်သည်။ နေဝင်ချိန်တွင် တံခါးဘေးတွင် ရပ်ကာ ကလေးပြန်အလာကို စောင့်မျှော်နေတတ်သည်။
ညတိုင်း ထိုအိမ်လေးက မီးလင်းနေတတ်သည်။ တံခါးအရိပ်မှနေ၍ ထိုမိသားစုသုံးယောက်၏ နွေးထွေးသောမြင်ကွင်းကို မြင်နိုင်သည်။
မည်မျှပင် ထိုမိသားစုကို ကြည့်သည်ဖြစ်စေ သာမန်သာ ဖြစ်သည်။
သို့သော်လည်း အမှတ်ခုနစ်သခင်ကြီး၏ မျက်လုံးများ တောက်ပသည်ထက် တောက်ပလာသည်။ သူသည် ရွှီချင်း၏ဘေးတွင် ထိုင်၍ တစ္ဆေဧကရာဇ်တောင်ကြီးကို စူးစိုက်ကြည့်နေသော ရွှီချင်းကို ကြည့်လိုက်သည်။
“ အမှတ်လေး၊ ပဉ္စမမြောက်ညီလေးရမယ်ဆိုရင် ဘယ်လိုသဘောရလဲ ”
ရွှီချင်းသည် မကြားဘဲ တစ္ဆေဧကရာဇ်တောင်ကြီးကို ဆက်ကြည့်နေသည်။ သူ၏မျက်လုံးများ တဖြည်းဖြည်း အသက်မဲ့လာပြီး နောက်ဆုံးတွင် အလိုလို ပိတ်သွားသည်။ သူ့စိတ်ထဲတွင် တစ္ဆေဧကရာဇ်၏ ပုံကြမ်း လျင်မြန်စွာ ပေါ်လာသည်။
သို့သော်လည်း ယင်းသည် အဆုံးသတ် မဟုတ်ပေ။ ပုံကြမ်းပေါ်လာပြီးနောက် နတ်ဘုရား၏ညှို့ဓာတ် ဖြစ်တည်လာနေသည့်အလား ပို၍ ကြည်လင်ပြတ်သားလာသည်။
“ ဟေ … ”
စကားပြောနေသော အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းကို လှည့်ကြည့်လိုက်ပြီး အံ့သြရိပ်များ သူ့မျက်လုံးများထဲ ပေါ်လာသည်။
“ မြန်လှချည်လား။ တစ်လတောင် မရှိသေးဘူး။ မဆိုးဘူး။ အရင်တုန်းက ငါနဲ့ယှဉ်ရင်တော့ နည်းနည်း နှေးသေးတယ်ကွ … ”
အမှတ်ခုနစ်သခင်ကြီး၏ စကားများ ရပ်သွားသည်။ ထို့နောက် ရွှီချင်းကို ပြူးကျယ်သောမျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။ သူ၏အမူအရာ တဖြည်းဖြည်း ပြောင်းလဲလာသည်။
“ ဒီကလေး ဘာလုပ်နေတာတုံး။ သူ့ကို စိတ်ထဲမှာ ဘုရားတည်ဖို့ပဲ ပြောထားတာ။ ပုံကြမ်းဖြစ်လာရင် လုံလောက်နေပြီပဲ။ သူ … နတ်ဘုရားရဲ့ကျက်သရေတော်ကို တကယ်ကြီး ပုံတူကူးနေတာပဲ ”