မျက်နှာမဲ့ တစ္ဆေတောင်
Vol. 27 Ch. 410
“ ထားလိုက်တော့။ သူက ငယ်သေးတယ်။ နံရံကို ပြေးဆောင့်တာ ကောင်းပါတယ် ”
“ တစ္ဆေဧကရာဇ်ရဲ့ တာအိုကျက်သရေကို ဘယ်လိုလုပ် ဒီလိုကူးယူနိုင်မှာလဲ။ ဒီအမှတ်လေးက ရည်မှန်းချက် သိပ်ကြီးတယ် ”
အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းကို အကြိမ်အနည်းငယ်ခန့် စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။
ထိုအချိန်၌ ရွှီချင်းသည် သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ အရာအားလုံးနှင့် အချိန်များ ကုန်လွန်နေသည်ကို မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။ သူ့စိတ်ထဲတွင် တစ်ခုတည်းသာ ရှိပြီး ယင်းသည် ထိုတစ္ဆေဧကရာဇ်အား သူ့အသိပင်လယ်ထဲ ရွှေ့ပြောင်းရန် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုသို့ရွှေ့ပြောင်းနိုင်မှသာ ကွေ့ယုံသိုတောက်အတတ်အား သူ ကျင့်ကြံနိုင်မည်ဖြစ်ကြောင်း သူ့ဆရာပြောခဲ့သောကြောင့်ပင်။
ထိုကျင့်ကြံခြင်းအတတ်က သူနှင့် အလွန် သင့်တော်သည်ဟု ရွှီချင်း ခံစားရသည်။ ရွှေအမြုတေအဆင့်ကို ရောက်သည့်အချိန်တွင် ထိုအတတ်ကို သူ ကျင့်ကြံချင်သည်။ ထို့ကြောင့် နတ်ဘုရားအား ရွှေ့ပြောင်းမှဖြစ်မည်ဟု သူ တွေးမိသည်။
ပုံကြမ်းကို ပြောင်းရွှေ့ခြင်းသည်ပင် မလုံလောက်မည်ကို ရွှီချင်း စိတ်ပူသည်။ ထို့ကြောင့် သူသည် ပို၍ နက်သည်ထက် နက်နဲစွာ တိုးဝင်သွားခဲ့ပြီး တစတစ အာရုံစိုက်လာကာ နန်ယွဲ့တစ္ဆေဧကရာဇ်၏ အသေးစိတ်တိုင်းကို နားလည်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
ကျက်သရေဆိုသည်ကို ရွှီချင်း နားမလည်ပေ။ သူ့အတွေးများက အလွန် ရိုးရှင်းသည်။ သူ၏အသိပင်လယ်ထဲတွင် တစ္ဆေဧကရာဇ်တောင်နှင့် တစ်ထပ်တည်းနီးပါးတူသော နတ်ဘုရားကို အသက်ဝင်နေသည့်ပုံစံဖြင့် သူ ထားချင်သည်။
သူက မူရင်းပန်းချီကို ပုံတူကူးကာ ရေးဆွဲနေသည့်အလားပင်။
ထို့ကြောင့် ပုံကြမ်းရေးဆွဲပြီးနောက် အထဲတွင် အသေးစိတ်အချက်အလက်များနှင့် ရောင်စုံများကို စတင်ထည့်သွင်းလိုက်သည်။ သို့သော်လည်း ထိုဖြစ်စဉ်သည် အဆပေါင်းများစွာ ခက်ခဲသည်။
အခြေခံမရှိသော လူတစ်ယောက်က ပန်းချီဆွဲနေသည်နှင့် ဆင်တူသည်။ ထိုသူအား ပုံကြမ်းရေးဆွဲရန် တောင်းဆိုပါက ရေးဆွဲနိုင်သည်။ သို့သော်လည်း အသေးစိတ်ခြယ်မှုန်းသောအခါတွင် အမှားများစွာ ကြုံတွေ့လာမည် ဖြစ်သည်။
ယခုလောလောဆယ်တွင် ရွှီချင်းသည် အသေးစိတ်များကို ပုံတူကူးယူလိုက်သောအခါ အမှားတစ်ခု ပေါ်လာသည်။ ထိုအမှားသည် ခန္ဓာကိုယ်အသေးစိတ် ဖြည့်လိုက်သောအခါ ပေါ်လာခြင်း ဖြစ်သည်။ သူက ခန္ဓာကိုယ်အား အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်း ပုံတူကူးထားခဲ့ပါသော်လည်း သူ ကူးယူထားခဲ့သည့်ပုံတူမှ ထူးဆန်းသောခံစားချက်များ ရနေသည်။
ထို့ကြောင့် ရွှီချင်းသည် အလိုလို ဖျက်ပစ်လိုက်ပြီး စတင်ရေးဆွဲလိုက်ပြန်သည်။
ရွှီချင်း၏အသိပင်လယ်ထဲ ထိုမြင်ကွင်း ပေါ်လာသည်။ ယင်းသည် သူ၏နားလည်ခြင်းမှ ဖြစ်တည်လာနေသည်ဖြစ်၍ အပြင်လူများအနေဖြင့် သတိထားမိရန် အလွန် ခက်ခဲသည်။ သို့သော်လည်း အမှတ်ခုနစ်သခင်ကြီး၏ မြင့်မားသောကျင့်ကြံခြင်းအဆင့်ကြောင့် သဲလွန်စတချို့ကို သူ တွေ့သွားခဲ့သည်။
ထိုသဲလွန်စကြောင့်လည်း အမှတ်ခုနစ်သခင်ကြီးသည် ထွက်သွားမည်ပြုပြီးမှ ရုတ်တရက် ခြေလှမ်းများ ရပ်သွားသည်။ သူ ဆတ်ခနဲ လှည့်ကာ ရွှီချင်းကို ပြန်လည်စူးစိုက်ကြည့်လိုက်သည်။
“ ဘယ်လိုအခြေအနေကြီးလဲ ”
“ ငါ ဘာလို့ တာအိုကျက်သရေကို ခံစားနေရတာတုံး ”
အမှတ်ခုနစ်သခင်ကြီးသည် ဇဝေဇဝါဖြစ်နေသည့်အမူအရာဖြင့် အနီးကပ်ကြည့်လိုက်သည်။
“ ကျက်သရေ ပျက်ပျယ်သွားပြီလား။ ဘာလို့သူ့စိတ်ထဲက ပုံကြမ်းလည်း ပျောက်သွားရတာတုံး ”
“ အမှတ်လေး ဘာတွေလုပ်နေတာတုံး ”
အမှတ်ခုနစ်သခင်ကြီး သိချင်စိတ်ပြင်းပြသွားသည်။ အချိန်အတော်ကြာ လေ့လာပြီးနောက် အရာအားလုံး ငြိမ်ကျသွားသည်ကို တွေ့လိုက်ရပြီး စိတ်ရှုပ်ထွေးစွာဖြင့် အပြင်ဘက်သို့ ထွက်သွားသည်။ သို့သော်လည်း တစ်ရက်ကြာ လျှောက်လည်နေပြီးနောက် ဘေးတွင် ရှိနေ၍ အနည်းငယ် ပျော်ရွှင်နေရပါသော်လည်း ရွှီချင်း၏အခြေအနေကို သူ စိတ်ရောက်ရောက်နေခဲ့သည်။ ထို့ကြောင့် နေဝင်ဆည်းဆာချိန်တွင် သူ ပြန်ရောက်ပြီးနောက် ရွှီချင်းထံသို့ ခပ်သွက်သွက် သွားလိုက်သည်။
အမှတ်ခုနစ်သခင်ကြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ ပုံကြမ်းပေါ်လာပြန်ပြီ။ မြန်လှချည်လားဟ ”
“ ကျက်သရေအရိပ်အငွေ့လည်း ပါနေသေးတယ်။ ဟမ် … ပျောက်သွားပြန်ပြီလား ”
အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို မကျေမချမ်းဖြင့် ကြည့်လိုက်သည်။ ရွှီချင်းကို ပိတ်ရိုက်ကာ နှိုးမေးချင်ပါသော်လည်း သည်းခံနေရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။
ဒုတိယမြောက်လတွင် ရွှီချင်း၏အပြောင်းအလဲများကြောင့် အမှတ်ခုနစ်သခင်ကြီးမှာ ကူကယ်ရာမဲ့စွာ ခံစားနေရသည်။ နေ့စဉ်နေ့တိုင်း ပုံကြမ်းကို အောင်မြင်စွာ ပုံဖော်ခဲ့ပြီးနောက် ပျောက်ကွယ်သွားသည်ကို သူ အာရုံရနေသည်။
နောက်ဆုံးတွင် သဲလွန်စတချို့ကို သူ မြင်လိုက်ရသည်။
“ ငါ မင်းကို ပုံကြမ်းဖော်ဖို့ပဲ ပြောခဲ့တာပါ။ အမှတ်လေး၊ မင်း ဒီလိုကြီး လုပ်ဖို့ မလိုပါဘူးဟ ”
“ ဘာတွေလုပ်နေတာတုံး။ မင်းရဲ့ နားလည်နိုင်စွမ်းကို ကြွားလုံးထုတ်နေတာလား ”
အမှတ်ခုနစ်သခင်ကြီးက ခါးသီးစွာ ပြုံးလိုက်သည်။ သို့သော်လည်း ထိုတစ်လအတွင်း သူ၏မျက်လုံးများထဲတွင် လေးစားခြင်းများ တိုးပွားလာနေခဲ့သည်။ အမှတ်လေးတပည့်၏ နားလည်နိုင်စွမ်းကိုလည်း သူ ပို၍ သိလာခဲ့သည်။
“ ဒီကလေးက တကယ်က တစ္ဆေဧကရာဇ်ရဲ့ အမွေတွေဆီကလာတဲ့ ထိုက်စီရှန်းမုန်ဂိုဏ်းရဲ့ တာအိုအတတ်တွေနဲ့ အသင့်တော်ဆုံးပဲ။ ပြောရရင် နန်ယွဲ့တစ္ဆေဧကရာဇ်ရဲ့တာအိုကို ကျင့်ကြံဖို့ အင်မတန် ကိုက်ညီတယ် ”
“ အဲဒါကြောင့်လည်း တစ္ဆေဧကရာဇ်ကို ဒီလောက်အံ့သြစရာကောင်းတဲ့အထိ နားလည်နေရတာလား ”
အမှတ်ခုနစ်သခင်ကြီး အတွေးနက်နေစဉ် ရွှီချင်း၏ နားလည်ခြင်းသည်လည်း အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေပြီ ဖြစ်သည်။ သူသည် အသိပင်လယ်ကို ပိတ်ကားချပ်အဖြစ်၊ နားလည်နိုင်စွမ်းကို စုတ်တံအဖြစ် အသုံးချလိုက်သည်။ သူသည် တစ္ဆေဧကရာဇ်တောင်ကို ထပ်ဖန်တလဲလဲ ရေးဆွဲကာ ထပ်ခါထပ်ခါ ဖျက်နေသည်။
ထိုသို့ဖြင့် သူ၏အသိပင်လယ်ထဲရှိ တစ္ဆေဧကရာဇ်တောင်ကြီးက ပို၍ အသက်ဝင်လာသည်။ ရွှီချင်းက ချိန်ညှိရင်း ထပ်ခါထပ်ခါ ပုံတူကူးရင်းဖြင့် အသေးစိတ်အချက်အလက်များလည်း ပို၍ ပြည့်စုံလာခဲ့လာသည်။ ထိုတစ္ဆေဧကရာဇ်ကြီးမှာ မျက်နှာတော့ မရှိပေ။
သို့သော်လည်း မျက်နှာကို ရွှီချင်း သဘောမကျပေ။ အမှန်စင်စစ် ခန္ဓာကိုယ်ကိုလည်း သူ အားရသေးသည်တော့ မဟုတ်။
အပြင်လူများသာ ထိုအခြင်းအရာကို သိသွားကြလျှင် သေချာပေါက် တုန်လှုပ်သွားကြပေမည်။ အဘယ်ကြောင့်ဆိုသော် အခြေတည်အဆင့်ဖြင့် ထိုသို့လုပ်ဆောင်နိုင်သူ အလွန် ရှားပါးပေသည်။
ယင်းအတွက် အလွန် မြင့်မားသော နားလည်နိုင်စွမ်း ရှိရမည် ဖြစ်သည်။
သို့သော်လည်း တစ်ဆယ်ရာခိုင်နှုန်းပင် ပြီးစီးသေးခြင်း မရှိဟု ရွှီချင်း ခံစားနေရသည်။ သူ၏အသိပင်လယ်ထဲရှိ တစ္ဆေဧကရာဇ်တောင်ကြီးက အသက်ဝင်နေဟန်ရှိပါသော်လည်း အခွံထည်ကြီးသာ ဖြစ်သည်။
အလွန်ဆုံးဆိုရလျှင် အလွန် လက်ရာမြောက်သော အခွံထည်သာ ဖြစ်သည်။
ပြီးပြည့်စုံသော ပုံတူကူးခြင်းဖြင့် နှိုင်းယှဉ်ပါက တစ်ရာခိုင်နှုန်းကိုပင် မပြီးစီးသေးကြောင်း ရွှီချင်း ယူဆနေသည်။
သူ တစ္ဆေဧကရာဇ်တောင်ကြီးအား အတတ်နိုင်ဆုံး ပုံတူကူးချင်ပါသော်လည်း သူ့စိတ်က တောင့်မခံနိုင်တော့ပေ။ တစ္ဆေဧကရာဇ်တောင်ကြီး၏ပုံပန်းသွင်ပြင်ကို ရေးဆွဲပြီးနောက် သူ၏အသိပင်လယ်က ဆွဲဆန့်သွားခဲ့ပြီး သူ့အသိပင်လယ်ကို ထိန်းထားနိုင်ရန် သူ့အတွက် ခက်ခဲလာရသည်။
ထို့ကြောင့် ခြောက်ဆယ့်ခုနစ်ရက်မြောက်နေ့တွင် ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။ သူ၏မျက်လုံးများသည် နက်ရှိုင်းသော ကျက်သရေဖြင့် ပြည့်နှက်နေပြီး ယခင်ကထက် ပို၍ စူးရှနေသည်။
သို့သော်လည်း ရွှီချင်း သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
ယင်းနောက် သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့နောက်တွင် တည်ငြိမ်သောအမူအရာဖြင့် ထိုင်နေသော အမှတ်ခုနစ်သခင်ကြီးကို ပြောလိုက်သည်။
“ ဆရာ၊ ကျနော် ဆက်နားလည်အောင် လုပ်လို့ မရတော့ဘူး ”
“ အားမလိုအားမရ မဖြစ်နဲ့။ အရင်တုန်းက ဆရာ့လို သုံးရက်တည်းနဲ့ နတ်ဘုရားကို ရွေ့အောင် မလုပ်နိုင်ပေမဲ့ မင်း အကောင်းဆုံး လုပ်ခဲ့တာ ဆရာသိတယ် ”
အမှတ်ခုနစ်သခင်ကြီးက ‘ အဆင်ပြေတယ် ’ ဟူသောအကြည့်ဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် ထိုအချိန်၌ သူ့စိတ်ထဲ အတော်လေး ယောက်ယက်ခတ်နေသည်။ ရွှီချင်းထံမှ တစ္ဆေဧကရာဇ်တောင်၏ စစ်မှန်သော ကျက်သရေတော်အရိပ်အငွေ့ကို သူ အာရုံရနေသည်။
ယင်းသည် အရိပ်အငွေ့သာ ဖြစ်ပါသော်လည်း ထိုသတင်းသာ ပျံ့နှံ့သွားခဲ့ပါက ထိုက်စီရှန်းမုန်ဂိုဏ်းကို ရူးသွပ်သွားစေရန် လုံလောက်ပေသည်။
“ ဆရာ၊ ကျနော့်နားလည်နိုင်စွမ်းက အကန့်အသတ်ရှိတာ ဆိုးတာပဲ။ ကျနော့်ကန့်သတ်ချက်ကို ရောက်သွားပြီ ”
ရွှီချင်းက ခေါင်းငုံ့လိုက်သည်။ သူ၏ဆရာကို သူ မယှဉ်နိုင်ကြောင်း သူ သိသည်။ သူ့စိတ်ထဲတွင် သူ့ဆရာ၏ တန်ခိုးစွမ်းအားများသည် အောက်ခြေကို ဘယ်တော့မှ မမြင်ရနိုင်သော နက်ရှိုင်းသော ကန်ကြီးတစ်ခုသဖွယ် ဖြစ်သည်။
ရက်ပေါင်းခြောက်ဆယ်ကျော်သာ သူ နားလည်နိုင်ခဲ့ပြီး ဆက်လက် မလုပ်ဆောင်နိုင်ခဲ့သည့်အတွက်သာ သူ နောင်တရနေမိသည်။
ထိုအချိန်၌ သူ့စိတ်ထဲရှိ မိစ္ဆာဧကရာဇ်တောင်ကြီးက ကြောက်ခမန်းလိလိအငွေ့အသက်များ ထုတ်လွှတ်ကာ အနက်ရောင်အလင်းတန်းများ ဖြာထွက်နေသည်။ သို့သော်လည်း ယင်းသည် ရွှီချင်း တွေးထားသည့် ပြီးပြည့်စုံသောအဆင့်နှင့် အလှမ်းဝေးနေသေးသည်။
ထိုတစ္ဆေဧကရာဇ်ကြီး၏ပုံကြမ်းအား ဖော်ပြရန်အတွက်သာ သူ အတတ်နိုင်ဆုံး ကြိုးစားကြည့်နိုင်သည်။
အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို ကြည့်၍ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ၏အမြင်တွင် ရွှီချင်းမှာ စစ်မှန်သော ကျက်သရေတော် ရှိနေသည်သာမက သူ့ကိုယ်ပေါ်ရှိ အရှိန်အဝါသည်လည်း ယခင်နှင့် သိသိသာသာ ကွာခြားသွားပြီ ဖြစ်သည်။ တစ္ဆေအရှိန်အဝါလည်း ရှိနေသည်။
ထိုတစ္ဆေအရှိန်အဝါသည် သေမင်း၏အရှိန်အဝါမျိုး မဟုတ်ဘဲ ထူးဆန်းပြီး ဖော်ပြရန် ခက်ခဲသော ခံစားချက် ဖြစ်စေသည်။ ထိုအရှိန်အဝါသည် အမှတ်ခုနစ်သခင်ကြီးအတွက် ဘာမှမဟုတ်ပါသော်လည်း ရွှီချင်း၏ကျင့်ကြံခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူများအပေါ် များစွာ သက်ရောက်ရှိစေသည်။
အမှန်စင်စစ် ထိုအရှိန်အဝါသည် မိစ္ဆာများကိုပင် အဟန့်အတား ဖြစ်စေနိုင်သည်။ တခြားလူများသာ ရွှီချင်းကို ကြည့်မိပြီး ပျော့ညံ့သောစိတ်ဓာတ်ရှိနေခဲ့လျှင် စိတ်ထဲတွင် တဝီဝီမြည်ဟည်းသွားမည် ဖြစ်သည်။
အမှတ်ခုနစ်သခင်ကြီးသာ ထိုအခြင်းအရာကို အာရုံခံမိလိုက်သည်သာမက အရိပ်လေးသည်လည်း ပို၍ပင် ပြင်းထန်စွာ အာရုံရလိုက်သည်။ ဘေးတွင် အမှတ်ခုနစ်သခင်ကြီး ရှိနေသည်ဖြစ်၍ အရိပ်လေးမှာ မည်သည့်အရာကိုမျှ မပြသဝံ့ချေ။ သို့သော်လည်း ရွှီချင်း နိုးလာစဉ် ၎င်း၏စိတ်ထဲရှိ ကြောက်လန့်တုန်ရီစိတ်က ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။
ယခုအခါ ရွှီချင်း၌ ၎င်းကို စားနိုင်သော အစွမ်း ပိုင်ဆိုင်သွားသည်ဟု အရိပ်လေး ခံစားလိုက်ရသည်။
အမှတ်ခုနစ်သခင်ကြီး၏ မျက်နှာရှုံ့မဲ့သွားပြီး ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားကာ အပြုံးဖြင့် ပြောလိုက်သည်။
“ ငါနဲ့ယှဉ်ရင် မင်းရဲ့နားလည်နိုင်စွမ်းက သာမန်ပဲရှိနေပေမဲ့ လူသားမျိုးနွယ်ထဲမှာတော့ မဆိုးဘူးကွ ”
“ ဆရာ၊ ကျနော့်လက်ရှိအခြေအနေနဲ့ ကွေ့ယုံသိုတောက်အတတ်ကို ကျင့်ကြံလို့ရပြီလား ”
ရွှီချင်းသည် အနည်းငယ် စိုးရိမ်ကြောင့်ကြနေသော အမူအရာဖြင့် ခေါင်းမော့၍ အမှတ်ခုနစ်သခင်ကြီးကို ကြည့်လိုက်သည်။
အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းကို ကြည့်လိုက်ပြီး စိုးရိမ်ကြောင့်ကြနေသော အမူအရာကို မြင်လိုက်သည်။ ရုတ်တရက် သူ စကားမပြောချင်လောက်အောင် ဖြစ်သွားရသည်။ အနည်းငယ် စိတ်ပင်ပန်းသွားသလို ခံစားလိုက်ရပြီး မတ်တတ်ရပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ရလောက်ပါတယ် ”
ထိုစကားကို ရွှီချင်း ကြားသောအခါ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ သို့သော်လည်း နောင်တွင် သူ၏နေ့စဉ်ကျင့်ကြံရေးအစီအစဉ်များထဲ တစ္ဆေဧကရာဇ်တောင်ကြီးအား ပုံတူကူးရေးကို ထည့်သွင်းရန်လည်း တွေးတောနေသည်။ ထိုတစ္ဆေဧကရာဇ်တောင်ကြီးကို သူ၏အသိပင်လယ်ထဲ ပြောင်းရွှေ့နိုင်ရန် နေ့ရောညပါ သူ ကြိုးစားမည် ဖြစ်သည်။
ထိုအတွေးနှင့်အတူ ရွှီချင်းက မြန်မြန် ထရပ်လိုက်သည်။ သူ အိမ်အပြင်ဘက်သို့ ထွက်မည်ပြုစဉ် တင်းရွှယ်က မုန်များနှင့် ရောက်လာသည်။ ရွှီချင်းကို မြင်သောအခါ မျက်လုံးများ ဝင်းလက်သွား၏။
“ အစ်ကိုရွှီချင်း၊ နောက်ဆုံးတော့ နိုးလာပြီပဲ ”
တင်းရွှယ်သည် စကားပြောရင်း ရွှီချင်းဆီသို့ မြန်မြန် ပြေးသွားကာ မုန့်များ ပေးလိုက်သည်။
ရွှီချင်းသည် မုန့်များကို မြင်သောအခါ ဗိုက်ထဲမှ ဆာလောင်စိတ်ကို ခံစားလိုက်ရသည်။ သူသည် သာမန်မုန့်များကို မစားဘဲ နေနိုင်သော အဆင့်သို့ ရောက်နေပြီဖြစ်ပါသော်လည်း စားရသည်ကို သဘောကျနေဆဲပင်။
ထို့ကြောင့် ထိုမုန့်များကို စားရသည့်အခါတိုင်း သူ အားရကျေနပ်သွားတတ်သည်။ ဆင်းရဲသားရပ်ကွက်ထဲတွင် ကြီးပြင်းခဲ့ရသော သူ့အတွက် ယင်းသည် အရိုးများထဲအထိ တံဆိပ်ခတ်နှိပ်ထားသောာ အလိုလိုသိစိတ်ဖြစ်သည်။
ထို့ကြောင့် ရွှီချင်းက မုန့်တစ်ခု ယူကာ စားလိုက်သည်။ သူ အတန်ငယ် တွေးတောပြီးနောက် နောက်ထပ်မုန့်တစ်ခုကို ကောက်ယူလိုက်သည်။
တင်းရွှယ်၏ မျက်လုံးများမှာ အပြုံးများဖြင့် ရွှန်းလဲ့သွားပြီး အလွန် သဘောကျသွားသည်။ ထို့နောက် သစ်သီးများဖြင့် ချက်လုပ်ထားသော ဆေးရည်ပုလင်းတစ်ပုလင်းကို ထုတ်၍ ဆေးပင်များကို ထပ်ထည့်ကာ ရွှီချင်းရှေ့တွင် အလိုက်သိစွာ ချထားလိုက်သည်။
ရွှီချင်းက တင်းရွှယ်ကို ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ”
ယင်းကြောင့် တင်းရွှယ် အလွန် စိတ်လှုပ်ရှားလာသည်။ တင်းရွှယ် စကားပြောရန် ပြင်လိုက်စဉ် တံခါးအပြင်ဘက်မှ အမှတ်ခုနစ်သခင်ကြီး၏ အေးစက်စက်နှာမှုတ်သံ လွင့်ပျံလာသည်။
“ နောက်ထပ် နားလည်အောင်မလုပ်နိုင်ဘူးဆိုမှတော့ သွားကြမယ် ”
တင်းရွှယ်သည် မကျေမနပ်ဖြစ်သွားပြီး နှုတ်ခမ်းစူသွားသည်။ သို့သော်လည်း မည်သို့မျှ မပြောဝံ့ချေ။ ထိုစကားကို ရွှီချင်း ကြားသောအခါ တင်းရွှယ်နောက်မှ လိုက်၍ အိမ်အပြင်သို့ ထွက်သွားသည်။
ထိုအချိန်၌ အပြင်ဘက်တွင် ဆည်းဆာချိန် ရောက်နေပြီဖြစ်သည်။ အိမ်အပြင်ဘက်တွင် ဆည်းဆာရောင်ခြည်များ ဖြာကျနေပြီး ခြံဝန်းထဲတွင် သဘောမကျသည့်အမူအရာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသော အမှတ်ခုနစ်သခင်ကြီးပေါ်သို့လည်း ဖြာကျနေသည်။
တင်းရွှယ်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး မုန့်ဘူးနောက်တစ်ဘူးကို ထုတ်လိုက်ပြီး အလျင်အမြန် ပြေးသွားသည်။ ထိုအခါမှသာ အမှတ်ခုနစ်သခင်ကြီး၏ မျက်နှာမှ သဘောမကျသည့်အမူအရာများ ပျောက်သွားသည်။
ထိုအမူအရာကို ရွှီချင်းမှာ အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ ပြန်လည်တွေးတောကြည့်ပြီးနောက် ပန်းချွမ်လမ်းမှ အဘိုးအိုကို တွေးမိလိုက်သည်။
ထို့နောက် တည်းခိုခန်းထဲရှိ မြွေဖြူကို တစ်ဆက်တည်း တွေးမိလိုက်သည်။
ရွှီချင်း ပြန်တွေးနေစဉ် အမှတ်ခုနစ်သခင်ကြီးက မုန့်တစ်ကိုက် ကိုက်လိုက်သည်။ ထို့နောက် အဖြူရောင်ဂိုဏ်းတံဆိပ်ပြားကို ထုတ်၍ ရွှီချင်းကို ပစ်ပေးလိုက်သည်။
“ ဒီဂိုဏ်းတံဆိပ်ပြားကို ဘေးကပ်ရပ်က ကျောင်းက ပြန်ရောက်လာတော့မယ့် ကလေးကို ပေးလိုက် ”
“ ဒီယင်ဟွမ်ပြည်နယ်က အပြန်လမ်းမှာ ပဉ္စမမြောက်ကို တွေ့မလား ကြည့်ကြတာပေါ့ ”
“ ဆရာ မင်းကို မြို့ပြင်ကနေ စောင့်နေမယ် ”
အမှတ်ခုနစ်သခင်ကြီးသည် ပြောပြီးသည်နှင့် တင်းရွှယ်ကို ခေါ်လိုက်သည်။ တင်းရွှယ်သည် မလိုက်ချင်လိုက်ချင်ဖြင့် သူနှင့်အတူ လိုက်သွားသည်။
ပုစွန်ဆီရောင်ဆည်းဆာရောင်ခြည်တန်းများက မြေပြင်ပေါ် ဖြာကျနေသည်။ ရွှီချင်း၏ခန္ဓာကိုယ် လှစ်ခနဲ လှုပ်ရှားသွားပြီး ဘေးရှိ နံရံလေးပေါ် ထိုင်လိုက်သည်။ သူသည် ခေါင်းမော့၍ ဝင်လုဆဲ နေမင်းကြီးကို ကြည့်ကာ တိတ်ဆိတ်စွာ စောင့်နေသည်။
သူသည် အိမ်နီးချင်း၏အိမ်နှင့် လမ်းများ ဆုံရာနေရာကို ရွေးထားသည်။
များမကြာမီ သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို ဝတ်ဆင်၍ ကျောင်းလွယ်အိတ်ကို လွယ်ထားသော ကလေးတစ်ယောက်က ခုန်ပေါက်၍ ပြန်လာသည်။ သူသည် လမ်းတွင် အိမ်နီးနားချင်းများကို တွေ့သည့်အခါ ယဉ်ကျေးစွာဖြင့် အရိုအသေပေးတတ်သည်။ သူ ခေါင်းမော့လိုက်သည့်အခါ သူ့မျက်နှာက ပြုံးရွှင်နေသည်။
သူ့အိမ်သို့ ရောက်ခါနီးအချိန်တွင် နံရံပေါ် ထိုင်နေသော ရွှီချင်းကို မြင်သွားပြီး ခြေလှမ်းများ ရပ်သွားသည်။
“ အစ်ကိုကြီး ”
ကလေးမှာ အတန်ငယ် တွေဝေတွန့်ဆုတ်သွားသည်။ သူသည် အနည်းငယ် အားတင်းကာ ပြုံးပြလိုက်ပါသော်လည်း ထိုအပြုံးထဲတွင် ကြောက်ရွံ့စိတ်အနည်းငယ် ကွယ်ဝှက်နေသည်။
သို့သော်လည်း ရွှီချင်း အာရုံခံမိရသရွေ့ ထိုကြောက်ရွံ့စိတ်မှာ စစ်မှန်ပါသော်လည်း အနက်ရှိုင်းဆုံးတစ်နေရာတွင် ဖိနှိပ်ထားသော ရက်စက်ကြမ်းကြုတ်ခြင်းများ ရှိနေပေသည်။