ဘဝသံသရာ
Vol. 27 Ch. 411
ကလေး ပြောလိုက်သည့်တချိန်တည်းမှာပင် ဘေးရှိ အိမ်တံခါး တိတ်ဆိတ်စွာ ပွင့်လာသည်။
ကလေး၏ မိဘများ မျက်နှာသေဖြင့် ထွက်လာကြပြီး ရွှီချင်းကို အေးတိအေးစက် စူးစိုက်ကြည့်လိုက်သည်။
မကြာခင် မိုးရွာချတော့မည့်အလား ဆည်းဆာနေမင်းကြီးကို တိမ်မည်းများ ဖုံးလွှမ်းသွားသည်။ မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားပြီး လျှပ်စီးတန်းများ အရပ်မျက်နှာအနှံ့ တဖျပ်ဖျပ်လက်နေသည်။
မုန်တိုင်းဝင်လာတော့မည့်လက္ခဏာကြောင့် မြို့သူမြို့သားများသည် အိမ်အသီးသီးသို့ ပြန်သွားကြသည်။ ထိုအခိုက် လေပြင်းများ တိုက်ခတ်လာသည်ဖြစ်၍ မြေပြင်မှ ကျောက်စရစ်ခဲလေးများ တုန်ခါလာပြီး သစ်ရွက်ကြွေများ လေနှင့်အတူ လွင့်မျောသွားသည်။
အပြင်လူများအတွက် ထိုအခြင်းအရာအားလုံးသည် သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏မျက်လုံးများထဲတွင် ဤမြင်ကွင်း၏ အရင်းခံသည် သူ့ရှေ့ရှိ ကလေးထံမှ လာနေခြင်း ဖြစ်သည်။
“ စိတ်ဝင်စားစရာပဲ ”
ရွှီချင်းသည် လူငယ်လေး၏ မိဘနှစ်ပါးကို ခေါင်းငဲ့၍ ကြည့်လိုက်သည်။ သူ၏အသိပင်လယ်ထဲရှိ တစ္ဆေဧကရာဇ်တောင်သည် တဖျပ်ဖျပ်ဝင်းလက်လာပြီး သူ၏မျက်လုံးအိမ်များထဲ ပေါ်လာသည်။
ထို့နောက် ကလေး၏ မိဘနှစ်ပါး တုန်ရီသွားပြီး အေးစက်စက်မျက်ဝန်းများထဲ ထိတ်လန့်ကြောက်ရွံ့ခြင်းများ ပေါ်လာသည်။ ကလေး၏ မျက်လုံးများသည်လည်း အတူတူပင်။ သူတို့၏အကြည့်များက တစ်ထပ်တည်းပင်။
ရွှီချင်းက ဖိအားများကို မထုတ်လွှတ်ပေ။ ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် တစ္ဆေဧကရာဇ်တောင်၏ ဖိအားများကို ရုတ်သိမ်းလိုက်ပြီး ကလေး၏မိဘနှစ်ပါးကို မကြည့်တော့ပေ။
ထိုလူနှစ်ယောက်က အဓိပ္ပာယ်မရှိပေ။
သူသည် အားတင်းကာ ပြုံးပြနေသော ကလေးကို အာရုံစိုက်လိုက်သည်။ ထို့နောက် ခုန်ဆင်းကာ ကလေးရှေ့တွင် ရပ်လိုက်သည်။
ကလေး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အလျင်အမြန် နောက်ဆုတ်သွားသည်။
ရွှီချင်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး အမှတ်ခုနစ်သခင်ကြီးပေးခဲ့သည့် အဖြူရောင်ဂိုဏ်းတံဆိပ်ပြားကို ပစ်ပေးလိုက်သည်။
“ အဲဒါ ရှစ်ဂိုဏ်းမဟာမိတ်က ချီရွှဲ့ထုံဂိုဏ်းရဲ့ ဂိုဏ်းဝင်ခွင့်တံဆိပ်ပြားပဲ ”
ကလေးသည် ဂိုဏ်းတံဆိပ်ပြားကို မဖမ်းလိုက်သည်ဖြစ်၍ ဂိုဏ်းတံဆိပ်ပြားက သူ့ရှေ့ရှိ မြေပြင်ပေါ် ကျသွားသည်။ ထို့နောက် ကျောက်စရစ်ခဲများနှင့် ထိတွေ့မိသွားပြီး ချွင်ခနဲ မြည်သံ လွင့်ပျံလာသည်။
ရွှီချင်းသည် စိတ်ထဲမထားဘဲ ရှေ့လျှောက်သွားပြီး ကလေးကို ကျော်ဖြတ်သွားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ မင်း လူသားတစ်ယောက် ဖြစ်လာချင်လား ”
ထိုသို့ပြောပြီးသည်နှင့် ရွှီချင်းသည် ရှေ့ဆက်လျှောက်သွားပြီး မြို့လေးနှင့် ဝေးသည်ထက် ဝေးရာသို့ ရောက်သွားသည်။
သူ ထွက်သွားသည့်အခိုက် မြို့လေးပေါ်သို့ မိုးများသည်းကြီးမည်းကြီး ရွာချလာသည်။
မိုးတဖြောက်ဖြောက်မြည်သံများက မိုးခြိမ်းသံများနှင့်အတူ မြေပြင်ရှိ အရာအားလုံးကို ဆေးကြောသန့်စင်လိုက်လေသည်။
မိုးရေထဲတွင် ကလေးနှင့် သူ့မိဘနှစ်ပါးသည်သာ ကျောက်ရုပ်ပမာ မြဲမြံစွာ ရပ်နေကြသည်။ သူတို့သည် မိုးရေစိုစွတ်ခြင်းမရှိသေးသော မြေပြင်ရှိ အဖြူရောင်ဂိုဏ်းတံဆိပ်ပြားကို စူးစိုက်ကြည့်နေကြသည်။
အချိန်အတော်ကြာပြီးနောက် ကလေးက ရုတ်တရက် ပြောလိုက်သည်။
“ ကျုပ် သွားကြည့်သင့်တယ်လို့ ခင်ဗျားတို့ ထင်လား ”
ကလေး၏ မိဘနှစ်ပါး ငြိမ်သက်နေသည်။
“ ခင်ဗျားတို့ကို ကျုပ် ဖန်တီးခဲ့တာ မေ့သွားတယ်။ ခင်ဗျားတို့အတွေးတွေကလည်း ကျုပ်နဲ့ တစ်ထပ်တည်းပဲလေ။ ဒီတော့ ကျုပ်မေးခွန်းကို ခင်ဗျားတို့ ဘယ်လိုလုပ်ဖြေနိုင်မှာလဲ ”
ကလေးက တီးတိုးရေရွတ်လိုက်ပြီး ဂိုဏ်းတံဆိပ်ပြားကို ပြန်ကြည့်ကာ စိတ်ဝင်စားသည့်အမူအရာတစ်ခု ပေါ်လာသည်။
သူသည် လူသားတစ်ယောက်မဟုတ်သလို လူသားမဟုတ်သောမျိုးနွယ်ဝင်တစ်ယောက်လည်း မဟုတ်ပေ။ သူသည် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ တိတိကျကျဆိုရလျှင် ထူးခြားသော မကောင်းဆိုးဝါး ဖြစ်သည်။
သူ၏တိုက်ရည်ခိုက်ရည်က အစွမ်းမထက်ပါသော်လည်း မျိုးနွယ်စုအားလုံးကဲ့သို့ ရှင်းလင်းသော အတွေးများနှင့် အသိဉာဏ်ရှိသည်။ တချိန်တည်းမှာပင် မည်သည့်အတွက်ကြောင့်မသိ သူ အသိဝင်လာကတည်းက လူသားဘဝကို တမ်းတနေခဲ့သည်။
ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ဤမြို့လေးသို့ ရောက်လာခဲ့ပြီး လူသားတစ်ယောက်အဖြစ် ပြောင်းလဲကာ သူ့မိဘများကို ဖန်တီးခဲ့သည်။
သူသည် နေ့စဉ် ပျော်ရွှင်စွာ ကျောင်းသွားခဲ့ပြီး ထိုသံသရာက လည်ပတ်နေခဲ့သည်။
ယင်းအပြင် နှစ်အနည်းငယ်ကြာတိုင်း ဤမြို့ငယ်လေးထဲရှိ လူများ၏ မှတ်ဉာဏ်များကို ဖျက်ပစ်တတ်ပြီး အရာအားလုံးကို အစမှ ပြန်လည်စတင်ခဲ့သည်။
ထိုသို့ဖြင့် သူသည် နေ့စဉ်နေ့တိုင်း ကျောင်းကို ပျော်ရွှင်စွာ သွားခဲ့သည်။
ထိုကဲ့သို့ နေ့ရက်များ မည်မျှ ကျော်လွန်သွားခဲ့ပြီကို သူ မမှတ်မိတော့ပေ။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် …
သူ့အဖော်များ ကြီးပြင်းကာ အသက်ကြီးရင့်လာပြီး သေဆုံးသွားကြသည်ကို ကြည့်ခဲ့သည်။ သို့သော် သူကတော့ ပုံမှန်အတိုင်းပင်။
သူ၏လျှို့ဝှက်ကာကွယ်ပေးမှုကြောင့် မြို့လေးက အေးချမ်းနေခဲ့သည်။ ထို့ကြောင့်လည်း မြို့လေးထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများ ရှိနေရခြင်း ဖြစ်သည်။
စောစောက တစ္ဆေဧကရာဇ်တောင်၏ ပုံရိပ်ကို မျက်လုံးထဲတွင် ရွှီချင်း ပုံဖော်လိုက်စဉ်အခါက ထိုအခြင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်သွားခဲ့သည်။ သူသည်လည်း စိတ်ထဲမှာ ယူဆချက်တစ်ခု ရှိနေခဲ့သည်။ ယင်းအပြင် အမှတ်ခုနစ်သခင်ကြီးက ထိုကလေးအား ဂိုဏ်းတံဆိပ်ပြားပေးခဲ့သည်ဖြစ်၍ အကြောင်းအရင်း ရှိရမည်ကို သိနေခဲ့သည်။
နောက်ဆုံးတွင် ချီရွှဲ့ထုံဂိုဏ်းသို့ ထိုကလေး ရောက်လာသည်ဖြစ်စေ၊ ရောက်မလာသည်ဖြစ်စေ ထိုကိစ္စသည် သူ စဉ်းစားရမည့် ကိစ္စမဟုတ်ပေ။
ထိုမကောင်းဆိုးဝါးက အနည်းငယ် ကွဲပြားနေသည်ဟူ၍သာ သူ ခံစားခဲ့ရသည်။
ထိုအချိန်၌ ရွှီချင်းသည် မိုးထဲလေထဲတွင် လွင့်မျောနေသော မှော်သင်္ဘောကြီးဆီသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။ သူ အထဲဝင်လိုက်သည့်အခိုက် အမှတ်ခုနစ်သခင်ကြီးသည် ဘာမှမဆိုပေ။ အမှတ်ခုနစ်သခင်ကြီးက အင်္ကျီလက်ကို ခါယမ်းလိုက်ရာ မှော်သင်္ဘောမှာ တဝီဝီမြည်သွားပြီး ချက်ချင်း ထွက်သွားသည်။
အပြန်လမ်းတွင် အမှတ်ခုနစ်သခင်ကြီးသည် အလျဉ်မလိုဘဲ လှည့်ပတ်သွားလာခဲ့သည်။
ရံဖန်ရံခါ ရွှီချင်းနှင့် တင်းရွှယ်တို့ကို မြို့ကြီးတစ်မြို့သို့ ခေါ်ဆောင်ကာ လူကုံထံမိသားစုစံအိမ်ရှေ့ရှိ သစ်ပင်ပေါ်တွင် ထိုင်၍ စံအိမ်ထဲရှိ လူငယ်လေးတစ်ယောက်ကို စောင့်ကြည့်တတ်သည်။
တစ်ခါတရံ တိုင်းပြည်လေးတစ်ခုသို့ သူတို့ကို ခေါ်သွားပြီး ဒုက္ခဝေဒနာ ခံစားနေရသော လူများကို ကြည့်တတ်သည်။ သူ မည်သည့်အရာတွေးနေသည်ကို မှန်းဆ၍ မရပေ။
ရတနာမုဆိုးစခန်းသို့ သွားကာ စိတ်ဝင်စားစရာကောင်းသူတစ်ယောက်ကို မတွေ့မချင်း လူအားလုံးကို စောင့်ကြည့်နေတတ်သောအခါများလည်း ရှိသည်။ သူသည် စိတ်ဝင်စားသောလူကို ကြည့်ကာ တင်းရွှယ်နှင့် ရွှီချင်းအား မည်သို့ သဘောရကြောင်း ပြုံး၍ မေးမြန်းတတ်သည်။
သင့်တော်သောလူတစ်ယောက် တွေ့ခဲ့လျှင် အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းအား အဖြူရောင်ဂိုဏ်းတံဆိပ်ပြား သွားပေးခိုင်းတတ်သည်။
အမှတ်ခုနစ်သခင်ကြီး၏ ဂိုဏ်းတံဆိပ်ပြား ရရှိသွားခဲ့ကြသည့်လူများအားလုံး လူငယ်လေးများနှင့် မိန်းကလေးများ ဖြစ်ကြသည်။
ထိုသူများအနက် လူချမ်းသာ ကလေးများ၊ ဆင်းရဲနွမ်းပါးသော စာပေသမားများ၊ သူဖုန်းစားများ သို့မဟုတ် ပိန်ချုံးနေသော ကလေးများ ပါဝင်သည်။
ရွှီချင်းသည် ဂိုဏ်းတံဆိပ်ပြားများကို ပေးရင်း သူ့စိတ်ထဲ ရတနာမုဆိုးစခန်းထဲရှိ ဖြစ်ရပ် ပေါ်လာသည်။ ထိုအချိန်က အမှတ်ခုနစ်သခင်ကြီးနောက်မှ လိုက်ပါလာသူမှာ သူ၏အစေခံ ဖြစ်သည်။
ဤခရီးစဉ်မှာ အစေခံလိုက်ပါရန် မလွယ်ကူသည်ဖြစ်၍ ရွှီချင်းက ထိုအလုပ်ကို တာဝန်ယူခဲ့ရသည်။
တဖြည်းဖြည်းနှင့် သဲလွန်စများကိုလည်း ရွှီချင်း မြင်လာရသည်။ အမှတ်ခုနစ်သခင်ကြီး၏ ဂိုဏ်းတံဆိပ်ပြား ရရှိသွားခဲ့ကြသည့်ကလေးများသည် ထူးခြားသော စရိုက်များ ရှိကြသည့်ကလေးများ ဖြစ်ကြသည်။
ဥပမာအနေဖြင့် ထိုလူချမ်းသာသခင်လေး၏ ဝိညာဉ်နှင့် ခန္ဓာက သတ်မှတ်ချက်နှင့် ကိုက်ညီခြင်း မရှိပေ။ အပြင်လူများအနေဖြင့် ပြောနိုင်ချင်မှ ပြောနိုင်မည် ဖြစ်သော်လည်း ရွှီချင်းသည် မျက်လုံးအိမ်ထဲတွင် တစ္ဆေဧကရာဇ်တောင်ကို ရုပ်လုံးဖော်လိုက်ပြီးနောက် တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။
ထိုလူချမ်းသာကလေးမှာ ခန္ဓာဝင်စီးခံထားရခြင်း ဖြစ်သည်။
ထိုတိုင်းပြည်လေးမှ ဆင်းရဲသော မိန်းကလေးတစ်ယောက်လည်း ရှိသည်။ ထိုမိန်းကလေးသည် အမြဲပြုံးနေတတ်ပြီး အစားအစာအတွက် ခြေသလုံးဖက် တောင်းဆိုတတ်သော သနားစရာ မိန်းကလေး ဖြစ်သည်။ သူမ၏ခန္ဓာကိုယ်က ပုပ်ပွနေပါသော်လည်း နေ့ခင်းဘက်တွင် သူမကို အနိုင်ကျင့်ကြံသူများမှာ ညဘက်တွင် အိပ်မက်ဆိုးနှင့် ကြုံတွေ့သွားရတတ်သည်။
အကြောင်းမှာ ထိုမိန်းကလေးသည် ညဘက်တွင် ခန္ဓာကိုယ်မှ ပုပ်ပွနေသော နေရာများကို ဆွဲထုတ်ကာ ကျိန်စာတိုက်တတ်သည်။
ထိုကျိန်စာသည် ဂါထာမန္တန်မျိုး မဟုတ်ဘဲ မွေးရာပါ ပါရမီနှင့် ပို၍ ဆင်သည်။
သို့သော်လည်း ထိုမိန်းကလေးက ကောင်းစွာ ကွယ်ဝှက်နေတတ်သည်ဖြစ်၍ အပြင်လူများမှာ ထိုအကြောင်းကို မပြောနိုင်ကြပေ။ အိပ်မက်ဆိုးများ ကြုံတွေ့သွားကြရသည့် လူများမှာ ချက်ချင်း သေသွားခြင်းမဟုတ်ဘဲ အပြင်ထွက်သည့်အခါ မတော်တဆဖြစ်ရပ်တစ်ခုနှင့်သာ သေသွားတတ်ကြသည်။
နောက်ထပ်ဥပမာတစ်ခုမှာ ရတနာမုဆိုးစခန်းရှိ ဆေးဆိုင်မှ ကလေး ဖြစ်သည်။ ညစဉ်ညတိုင်း ထိုကလေးကို ဆိုင်ရှင်က မြေကြီးအား အတင်းအကြပ် စားခိုင်းတတ်သည်။ ထိုကလေး စားပြီးသွားသည့်အခါ သူ့ကိုယ်မှ သွေးများ ပန်းထွက်လာသည်။
ဆိုင်ရှင်က ထိုသွေးများကို ဂရုတစိုက် သိမ်းဆည်း၍ ပုလင်းလေးများတွင် ထည့်ထားတတ်သည်။ နောက်တစ်နေ့တွင် ထိုသွေးများကို ဆေးရည်အဖြစ် ရောင်းချတတ်သည်။
ထိုကဲ့သို့ ကိစ္စများက အလွန် သိုသိပ်စွာ တည်ရှိနေတတ်သည်။ သို့သော် အမှတ်ခုနစ်သခင်ကြီးသည် ရှာဖွေရာတွင် အလွန် ထူးချွန်ဟန်တူသည်။ ထို့ကြောင့် ထိုအတောအတွင်း ရွှီချင်းမှာ များစွာ ကြုံတွေ့ခဲ့ရသည်။ ကလေးတစ်ယောက်စီတိုင်းက အလွန် ထူးခြားပြီး မြင့်မားသော အလားအလာ ရှိကြသည်ဟု သူ ခံစားရသည်။
ဂိုဏ်းတံဆိပ်ပြားနှစ်ဆယ်ကျော် ပေးပြီးနောက် အမှတ်ခုနစ်သခင်ကြီးသည် ရှာဖွေခြင်းကို ရပ်တန့်လိုက်ပြီး ရွှီချင်းရှေ့တွင် ခံစားချက်များဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။
“ တွေးထားသလို ခေတ်သစ်ကြီးတစ်ခု ရောက်လာတော့မှာပဲ။ အရင်က ယင်ဟွမ်ပြည်နယ်ကို လာပြီး ရှာကြည့်ခဲ့သေးတယ်။ မျိုးစေ့ကောင်းတွေ အများကြီး မရှိခဲ့ဘူး။ နောက်ဆုံးမှာ မင်းရဲ့အမှတ်သုံးဆရာတူအစ်ကိုတစ်ယောက်ပဲ ကျန်ခဲ့တယ် ”
“ ဒါပေမဲ့ အခု နောက်တစ်ခေါက် ပြန်ရောက်လာတော့ ဒီနေရာမှာ မျိုးစေ့ကောင်းတွေ အရင်ကထက်တောင် ပိုများနေတယ် ”
“ ဒီတစ်ခေါက် ဂိုဏ်းတံဆိပ်ပြားငါးဆယ်ကနေ တစ်ယောက်ကို ရွေးချယ်ဖို့ စီစဉ်ထားတယ်။ ဘယ်သူက မင်းရဲ့ ဆရာတူညီလေး ဒါမှမဟုတ် ဆရာတူညီမလေး ဖြစ်လာမလဲ ကြည့်ကြတာပေါ့ ”
အမှတ်ခုနစ်သခင်ကြီးသည် ယခုတစ်ခေါက် အကျိုးအမြတ်အတွက် အလွန် ကျေနပ်နေသည်မှာ သိသာသည်။
“ ရွှီချင်း၊ ရွှယ်အာ … ဒီတစ်ခေါက် ဂိုဏ်းတံဆိပ်ပြားရသွားခဲ့တဲ့ မျိုးစိတ်တွေထဲက ဘယ်သူက ငါ့ရှေ့ကို ရောက်လာမလဲ ”
တင်းရွှယ်သည် တွေးတောလိုက်ပြီး ချက်ချင်း ပြောလိုက်သည်။
“ ဦးလေး၊ တခြားလူတွေကို ကျိန်စာတိုက်နိုင်တဲ့ အဲဒီသနားစရာကလေးမလေး လုပ်နိုင်မယ်လို့ သမီး ထင်တာပဲ ”
အမှတ်ခုနစ်သခင်ကြီးသည် ပြုံး၍ ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်း ငြိမ်သက်နေပြီး သူ မြင်ခဲ့သည့်ကလေးများကို စဉ်းစားကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့စိတ်ထဲ ပေါ်လာသည်မှာ ထိုလူချမ်းသာကလေး ဖြစ်သည်။
“ ခန္ဓာဝင်စီးခံထားရတဲ့ကလေးက ဖြစ်နိုင်ချေအရှိဆုံးလို့ ကျနော် ထင်တယ် ”
အမှတ်ခုနစ်သခင်ကြီး အနည်းငယ် အံ့အားသင့်သွားသည်။
“ ဘာလို့ အဲဒီလို ပြောတာလဲ။ ဂိုဏ်းတံဆိပ်ပြားကို ပထမဆုံး ရသွားတဲ့ကလေးကို မင်း ပြောမယ်လို့ ငါ ထင်ထားတာ ”
ရွှီချင်း ခေါင်းယမ်းလိုက်သည်။
“ သူက လုံလောက်အောင် သတိမရှိဘူး။ အဲဒီလူတွေထဲမှာ အဲဒီလူချမ်းသာကလေးက သတိအကြီးဆုံးပါ ”
“ စိတ်ဝင်စားစရာပဲ ”
အမှတ်ခုနစ်သခင်ကြီး ရယ်မောလိုက်သည်။ သူသည် မှော်သင်္ဘောကို ထိန်းချုပ်၍ ခရီးစဉ်ကို အဆုံးသတ်ရန် ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်သွားသည်။
ရွှီချင်း အားလပ်သည်မှာ ရှားသည်။ သူသည် တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါး ဖွင့်ရန် ကိစ္စကို ဆက်တွေးနေခဲ့ပြီး အစီအစဉ်တစ်ခု ရှိနေခဲ့သည်။ ထိုအစီအစဉ်ကို သူ ဆက်မတွေးခင် အမှတ်ခုနစ်သခင်ကြီးကို မေးကြည့်လိုက်သည်။
ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကြီးက တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ရှာဖွေရာတွင် အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်၍ ကြိုးစားကြည့်သင့်ကြောင်း အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို ပြောပြလိုက်သည်။
ရွှီချင်း အတွေးနက်သွားပြီး ဤခရီးတွင် သူ ရခဲ့သည့် ကြေးမုံပြင်အကြောင်းကို စဉ်းစားလိုက်သည်။ သူသည် ကြေးမုံပြင်ကို ထုတ်ကြည့်လိုက်ပြီး လေ့လာလိုက်သည်။
အမှတ်ခုနစ်သခင်ကြီးက လှမ်းကြည့်လိုက်ပါသော်လည်း ဘာမှမပြောပေ။
ရွှီချင်းသည် ထပ်မမေးတော့ပေ။ သူသည် ရက်အနည်းငယ်ကြာ စဉ်းစားနေခဲ့ပြီး တဖြည်းဖြည်းနှင့် ဖော်ထုတ်နိုင်သွားသည်။
ထိုပစ္စည်းသည် တားမြစ်ဓမ္မရတနာအကျိုးအပဲ့တစ်ခု ဖြစ်သည်။ အကောင်းပကတိဓမ္မရတနာသည်လည်း ပုံစံတူပြီး အစွမ်းများ ကွဲပြားသော ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကဲ့သို့ ကြေးမုံပြင်တစ်ချပ် ဖြစ်ကောင်းဖြစ်ပေမည်။ ထိုတားမြစ်ဓမ္မရတနာအကျိုးအပဲ့က ဝိညာဉ်များကို လှုံ့ဆော်နိုင်သည်။
ထိုကြေးမုံပြင်ကို ကြည့်မိလိုက်သည့်လူတိုင်း ဝိညာဉ်များ ရပ်သွားကာ မျက်လုံးများမှ စူးရှသောနာကျင်မှုကို ခံစားကြရမည် ဖြစ်သည်။ ထိုကြေးမုံပြင်ဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရပါက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာမည် ဖြစ်သည်။
တန်ခိုးအစွမ်းအရာတွင် ထိုကြေးမုံပြင်က အဆင်ပြေသည်။ သို့သော် ထိုကြေးမုံပြင်ကို စတေးခံသန့်စင်ထားခြင်း မရှိပေ။ သာမန်လူများအတွက် ထိုကြေးမုံပြင်၏အစွမ်းက နတ်ရတနာတစ်ပါးသဖွယ် ဖြစ်နေမည်ဖြစ်ပြီး တစ်စုံတစ်ခုသော ကျင့်ကြံခြင်းအဆင့် မြင့်မားနေသည့် ကျင့်ကြံသူများအတွက်မူ သာမန်သာဖြစ်ပြီး သေစေနိုင်လောက်သည် မဟုတ်ပေ။
“ ဒါပေမဲ့ တစ်ယောက်ယောက်ကို ချောင်ပိတ်သွားအောင် လုပ်ချင်ရင် ဒါကို သုံးလို့ရတယ် ”
ရွှီချင်းသည် ထိုကြေးမုံပြင်ကို ရရှိခဲ့စဉ်အခါက မြင်ကွင်းကို ပြန်တွေးမိလိုက်သည်။ ထိုအချိန်က သူ့မျက်လုံးများ စူးရှသွားပြီး အတန်ငယ် အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။
ထိုကြေးမုံပြင်ကိုသာ ကောင်းကောင်း အသုံးချနိုင်ပါက ထိုအနှောင့်အယှက်ဖြစ်သွားရသည့်အချိန်လေးက သေခြင်းနှင့်ရှင်ခြင်းကို အဆုံးအဖြတ် ပေးနိုင်သည်။
ရွှီချင်းသည် ငြိမ်သက်နေပြီးနောက် သိမ်းထားလိုက်သည်။ နောက်ပိုင်းတွင် သူ တဖြည်းဖြည်း စစ်ဆေးကြည့်ရန် စီစဉ်ထားပြီး ထိုကြေးမုံပြင်၏ ကန့်သတ်ချက်ကို မြင်ချင်သည်။
ထိုသို့ဖြင့် နောက်ထပ်ရက်အနည်းငယ် ကုန်လွန်သွားပြီး မြင်ကွင်းထဲ ရှစ်ဂိုဏ်းမဟာမိတ် ပေါ်လာသည်။
ပြန်ရောက်သွားသောအခါတွင် တင်းရွှယ်၏ မခွဲချင်ဖြစ်နေသောအကြည့်အောက်တွင် ရွှီချင်းသည် အမှတ်ခုနစ်သခင်ကြီး၏ မှော်သင်္ဘောပေါ်မှ ထွက်ခွာကာ ကျန်းစန်းရှိနေသည့် သယ်ယူပို့ဆောင်ရေးဌာနသို့ ပျံသန်းသွားသည်။
ဤခရီးသည် အနည်းငယ် ရှည်ပြီး မှော်သင်္ဘောက အလိုလိုပျက်စီးခြင်းနှစ်ကြိမ် ကြုံခဲ့ရသည်။ မှော်သင်္ဘောကို အသုံးပြုနိုင်သေးပါသော်လည်း ပြန်လည်ပြင်ဆင်သည်က ပိုကောင်းသည်ဟု သူ ခံစားရသည်။
မွန်းတည့််ချိန်သို့ ရောက်နေပြီဖြစ်၍ နေမင်းကြီးက အရှိန်တညီးညီး တောက်ပနေသည်။ ရွှီချင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးကို ဖြတ်၍ သွားနေစဉ် ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မြေပြင်ကို ငုံ့ကြည့်လိုက်သည်။
ထိုအခါ လမ်းတစ်လမ်းပေါ်တွင် လူအလေးကို ရွှီချင်း မြင်လိုက်ရသည်။
ပထမဆုံးအကြိမ်အဖြစ် လူအလေးသည် ခွေးသားရေအနွေးထည်ကို ဝတ်ဆင်မထားဘဲ တာအိုဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။
သူ လမ်းလျှောက်သည့်ပုံစံက ပုံမှန်နှင့် အနည်းငယ် ကွဲပြားနေသည်။ သူသည် ချောင်ကြိုချောင်ကြားမှ သွားနေခြင်းမရှိဘဲ လမ်းလယ်ခေါင်မှ သွားနေခြင်း ဖြစ်သည်။
သူက သတိထား၍ သွားလာနေသေးသော်လည်း ရွှီချင်း မှတ်မိသည့်ပုံစံနှင့် အနည်းငယ် ကွဲပြားနေသေးသည်။
ယခု သူ၏သတိထားနေသည့်အမူအရာတွင် အပြင်လောကကြီးနှင့်ပတ်သက်၍ စိတ်လှုပ်ရှားခြင်းများနှင့် သိချင်စိတ်ပြင်းပြနေသော အရိပ်အယောင်များ ရှိနေသည်။ ယခင်က သူစိမ်းများအား စားချင်ဝါးချင်နေသည့်အလား ဖြစ်နေ၍ သူစိမ်းများက သူ့ကို ဝေးဝေးမှ ရှောင်သွားကြသည်။
အရေးအကြီးဆုံးမှာ လူအလေးမှာ အလွန် အားနည်းနေခြင်း ဖြစ်သည်။ ထိုအားနည်းနေသည်မှာ ခန္ဓာကိုယ်ထဲတွင် မဟုတ်ဘဲ သူ၏ဝိညာဉ်ထဲတွင် ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်ရပ်မျိုး ယခင်က ရွှီချင်း မြင်ခဲ့ဖူးသည်။ ခန္ဓာဝင်စီးခံထားရသော လူချမ်းသာကလေးကို တွေ့ရစဉ်အခါက သူ မြင်ခဲ့ဖူးခြင်း ဖြစ်သည်။
လူအလေးကို ကြည့်နေရင်း ရွှီချင်း၏မျက်လုံးများထဲ တစ္ဆေဧကရာဇ်တောင်၏အရိပ် ထင်ဟပ်လာသည်။ လူအလေးကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးနောက် ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။
သူသည် ခြေတစ်လှမ်း လှမ်းသွားပြီး လူအလေးရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။
ရွှီချင်းသည် ဗြုန်းခနဲ ရောက်ရှိသွားခဲ့သည်ဖြစ်၍ လူအလေးမှာ မျက်နှာပျက်သွားပြီး အလိုလို နောက်ဆုတ်သွားသည်။ ရွှီချင်း၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် အလျင်အမြန် ခေါင်းငုံ့ကာ ချက်ချင်း ဒူးထောက်လိုက်သည်။
ထိုအခိုက် ရွှီချင်းက လူအလေး၏ လည်ပင်းကို ဖမ်းဆွဲလိုက်ရာ လူအလေး၏ မျက်နှာ နီမြန်းသွားကာ မျက်လုံးများထဲတွင် ကြောက်ရွံ့စိတ်များဖြင့် ပြည့်နှက်သွားသည်။
ရွှီချင်း၏အကြည့်က အေးစက်နေသည်။ သူသည် လူအလေး၏ မျက်လုံးများထဲသို့ စိုက်ကြည့်၍ မေးမြန်းလိုက်သည်။
“ မင်း ဘယ်သူတုံး ”