← Chapters

မုန်တိုင်းတစ်ခု အစပျိုးလာသော

Vol. 27 Ch. 412

မုန်တိုင်းတစ်ခု အစပျိုးလာသော

Vol. 27 Ch. 412

လူအလေး၏ မျက်လုံးများထဲ ထိတ်လန့်ကြောက်ရွံ့ခြင်းများ ထင်ဟပ်လာပြီး တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ ရုန်းကန်ချင်ပါသော်လည်း ရွှီချင်း၏ညာလက်က သံပြုတ်တူကြီးပမာ လည်ပင်းကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်ဖြစ်၍ ရုန်းကန်ခြင်းများက အသုံးမဝင်တော့ပေ။

ကြီးမားသော ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကြောင့်လည်း သူ ခုခံရန် မဖြစ်နိုင်ပေ။

သို့တိုင်အောင် သူသည် အခြေတည်အဆင့်သို့ နီးကပ်နေပြီ ဖြစ်သည်။

အခြေတည်အဆင့်သို့ နီးကပ်နေသည်ဟု ဆိုရခြင်းမှာ လူအလေး၏ ကျင့်ကြံခြင်းက အလွန် ထူးဆန်းနေသောကြောင့် ဖြစ်သည်။ သူ၏အခြေတည်အဆင့်က ဆုံးခန်းမတိုင်သေးသည့်အလား အခြေတည်အဆင့်နှင့် ချီစုစည်းခြင်းအဆင့်ကြားတွင် ရှိနေသည်။

ဤနေရာသည် မြို့၏ လူအရှုပ်ဆုံးနေရာဟု ဆိုနိုင်သည်။ ဘေးပတ်ဝန်းကျင်တွင် လမ်းသွားလမ်းလာများ၊ ချီရွှဲ့ထုံဂိုဏ်းသားများနှင့် တခြားဂိုဏ်းများမှ ဂိုဏ်းသားများ ရှိသည်။ သို့သော်လည်း ရွှီချင်းနှင့် လူအလေးကို မြင်သည့်လူတိုင်း ဆွံ့အသွားကြသည်။ သာမန်လူများသည် ရှောင်ကွင်းသွားကြပြီး ကျင့်ကြံသူများက ရွှီချင်းကို ခေါင်းငုံ့၍ နှုတ်ဆက်လိုက်ကြသည်။

ရှစ်ဂိုဏ်းမဟာမိတ်မှာ ရွှီချင်း၏လက်ရှိအဆင့်အတန်းအရ ဂိုဏ်းသားတစ်ယောက်၏ လည်ပင်းကို ဖမ်းဆုပ်ခြင်းပင် မဆိုထားဘိ လမ်းပေါ်မှာ လူတစ်ယောက်ကို သတ်သည့်တိုင်အောင် မည်သည့်ဒုက္ခမျှ ဖြစ်မည် မဟုတ်ပေ။

အလွန်ဆုံးအနေဖြင့် သတိပေးခံရခြင်းသာ ဖြစ်ပေမည်။ သူ့မှာ အကြောင်းပြချက်အနည်းငယ် ရှိနေလျှင် သတိပေးခံရမည်ပင် မဟုတ်ပေ။

သူက ရှစ်ဂိုဏ်းမဟာမိတ်၏ မျိုးဆက်သစ်ကို ကိုယ်စားပြုသော လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။

ရွှီချင်းသည် လူအလေးကို အေးတိအေးစက်ကြည့်လိုက်သည်။ မြစ်ကင်းလှည့်သည့်အချိန်ကို သူ ပြန်စဉ်းစားကြည့်လိုက်ပြီး လူအလေးက ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကာ အခြေတည်အဆင့်သို့ ရောက်တော့မည်ဖြစ်သည်ကို မှတ်မိလိုက်သည်။ တစ္ဆေဧကရာဇ်တောင်ကို ထုတ်ဖော်၍ မြင်ခဲ့ရသည်နှင့် ဆက်စပ်စဉ်းစားကြည့်လိုက်သောအခါ သူ့စိတ်ထဲ အဖြေတစ်ခု ပေါ်လာသည်။

သူ့ရှေ့ရှိ လူက အခွံတစ်ခုသာ ဖြစ်မည်မှာ သူ သေချာသည်။ အထဲရှိ ဝိညာဉ်က လူအလေး၏ဝိညာဉ် မဟုတ်တော့ပေ။

ထိုလူက တစ်ခွန်းမျှ မပြောသည်ကို မြင်၍ ရွှီချင်းသည် လူအလေးကို ခေါ်ကာ ဆိပ်ကမ်းသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

သူ ရောက်သောအခါ အလိုလိုပေါက်ကွဲနိုင်စွမ်းတစ်ကြိမ် ကျန်နေသေးသော မှော်သင်္ဘောကို ထုတ်လိုက်သည်။ အခန်းလေးထဲသို့ ဝင်သွားပြီး သူ့လက်က အမှောင်ဝိညာဉ်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာကာ လူအလေး၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။

ထို့နောက် လူအလေး၏ပါးစပ်မှ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှာ သိသိသာသာ အားနည်းလာပြီး သူ၏ဝိညာဉ်ကို ရွှီချင်း၏ အမှောင်ဝိညာဉ်မီးတောက်က ဆွဲနှုတ်ယူနေသည်ဖြစ်၍ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီလာသည်။

ထိုဝိညာဉ်သည် လူအလေး၏ပုံပန်းသွင်ပြင်နှင့် ကွဲပြားနေသည်။ ယင်းသည် အသွင်သဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနေသော အနက်ရောင်မြူခိုးလုံးတစ်လုံး ဖြစ်သည်။ ထိုမြူခိုးသည် ပတ်ဝန်းကျင်တစ်ခုလုံးကို စွန်းထင်းသွားစေချင်နေသည့်အလား မိစ္ဆာအရှိန်အဝါများနှင့် သိပ်သည်းထူထပ်သော ဓာတ်နှောများကို ထုတ်လွှတ်လိုက်သည်။

သို့သော်လည်း ရွှီချင်း၏ အမှောင်ဝိညာဉ်မီးတောက်အောက်တွင် ၎င်းမှာ တုန်ရီနေရသည်။ ရွှီချင်း၏အရိပ်က ပြန့်ကားသွားပြီး မျက်လုံးများဖွင့်လိုက်ရာ ဆာလောင်သည့်အရိပ်အယောင်များ ထင်ဟပ်နေသည်ဖြစ်၍ ၎င်းမှာ ပို၍ပင် တုန်ရီသွားသည်။

နောက်ဆုံးတွင် ရွှီချင်းသည် ထိုဝိညာဉ်ကို စုပ်ယူလိုက်ပြီး ခြောက်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးထဲတွင် ချုပ်နှောင်လိုက်သည်။ ဓမ္မစွမ်းအားမီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး ထိုဝိညာဉ်ကို ဆက်လက်သန့်စင်လိုက်စဉ် လူအလေးမှာ တုန်ရီလာပြီး သူ၏မျက်လုံးများထဲတွင် ရွှီချင်း ရင်းနှီးသောအမူအရာတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

ရွှီချင်းက လည်မျိုညှစ်ထားသည်ကို ဖြေလျော့ပေးလိုက်သည်။

မြေပြင်ပေါ်သို့ လူအလေး ကျသွားသည်။ သူ၏အသက်ရှူသံများ မြန်ဆန်နေပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ သို့သော်လည်း တစ်ခုခုကို သူ မှတ်မိသွားဟန်တူသည်။ သူ၏မျက်နှာ မည်းမှောင်သွားပြီး သူ၏မျက်လုံးများထဲ ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များ ပေါ်လာသည်။

ယင်းနောက် ရွှီချင်း၏ရှေ့တွင် ဒူးထောက်ကာ ဦးသုံးကြိမ် ကန်တော့လိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့လိုက်ပြီး ရွှီချင်းအား ကျေးဇူးတင်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ရွှီချင်းသည် လူအလေးကို စေ့စေ့စပ်စပ်ကြည့်ကာ ပြောလိုက်သည်။

“ ဘာဖြစ်သွားတာတုံး ”

လူအလေးသည် ကျောက်စိမ်းပေလွှာကို ချက်ချင်း ထုတ်၍ အလျင်အမြန် ရေးထွင်းလိုက်သည်။ ထို့နောက် ရွှီချင်းကို ရိုသေစွာဖြင့် ကျောက်စိမ်းပေလွှာ ပေးလိုက်သည်။ ကျောက်စိမ်းပေလွှာကို ရွှီချင်း ယူလိုက်ပြီးနောက် လူအလေးသည် သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီး သားရေအနွေးထည် ရှိမနေသည်ကို မြင်၍ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။

“ လဲလိုက် ”

ရွှီချင်း၏စကားနှင့်အတူ လူအလေးသည် သူ၏သိုလှောင်အိတ်ထဲမှ ခွေးသားရေအနွေးထည်ကို ချက်ချင်း ထုတ်ကာ ဝတ်ဆင်လိုက်သည်။ ထိုအခါမှသာ သူ စိတ်ငြိမ်သွားသည်။ သူသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရွှီချင်း၏ညွှန်ကြားချက်ကို တိတ်ဆိတ်စွာ စောင့်လိုက်သည်။

ရွှီချင်းသည် ကျောက်စိမ်းပေလွှာကို စစ်ဆေးကြည့်လိုက်ပြီး အကြောင်းအရင်းကို ချက်ချင်း နားလည်သွားသည်။

အရာအားလုံးက လူအလေး၏ အခြေတည်အဆင့်ကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အခြေတည်အဆင့်သို့ ကျင့်ကြံသူတစ်ယောက် တက်လှမ်းသည့်အခါ ကြီးမားသော အန္တရာယ်တစ်ခု ကျရောက်တတ်သည်။ ထို့ကြောင့် ဂိုဏ်းမှ အမိုးအကာ ငှားရမ်းကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အလင်းများ လိုအပ်သည်။

လူအလေးသည် ထိုသို့ လုပ်ဆောင်ခဲ့ပါသော်လည်း သူ၏အသိအာရုံက ထူးထူးခြားခြား စူးရှထက်မြက်သည်။ ထိုကြောက်မက်ဖွယ်အသိအာရုံက များသောအားဖြင့် သူ့ကို အကူအညီ များစွာ ပေးခဲ့သည်။ အရိပ်လေးကိုပင် သူ အာရုံခံနိုင်ခဲ့သည်။

သို့သော်လည်း အခြေတည်အဆင့်သို့ သူ တက်လှမ်းသည့်အခါ ကြီးမားသော အဟန့်အတား ဖြစ်လာခဲ့သည်။ သူ၏အသိအာရုံသည် အရှိန်တညီးညီး တောက်ပနေသော မီးတိုင်တစ်ချောင်းကဲ့သို့ ဖြစ်သွားပြီး အမျိုးအမည်ခွဲခြားရခက်သော သတ္တဝါများကို ဆွဲဆောင်ခဲ့ရုံသာမက သူ၏ခန္ဓာကိုယ် ဝင်စီးရန်လည်း လွယ်ကူသွားစေခဲ့သည်။

ထို့ကြောင့် ကြီးမားသော အန္တရာယ်နှင့် သူ ကြုံတွေ့ခဲ့ရသည်။ တခြားလောကတွင် တည်ရှိနေသော ထိုအရိပ်များ၏ ကျူးကျော်ခြင်း ခံခဲ့ရသည်။ အရိပ်တစ်ကောင်က သူ၏ဝိညာဉ်ကိုပင် ချုပ်နှောင်ကာ သူ့ခန္ဓာကိုယ်ကို ဝင်စီးရာတွင် အောင်မြင်လုနီးပါး ဖြစ်သွားခဲ့သည်။

ရွှီချင်းသာ မမြင်ခဲ့လျှင် လူအလေး၏ ဝိညာဉ်မှာ ပေါင်းစည်းခံလိုက်ရမည်ဖြစ်ပြီး အချိန်တစ်ခု ရောက်သောအခါတွင် ဝါးမျိုခံလိုက်ရမည် ဖြစ်သည်။ ထိုသို့ ဖြစ်သွားခဲ့လျှင် တခြားလူများအနေဖြင့် သူ၏အခြေအနေကို စစ်ဆေးကြည့်နိုင်ရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ရွှီချင်းသည် ဒူးထောက်နေသော လူအလေးကို ကြည့်လိုက်သည်။ ယခုအခါ လူအလေးသည် ခန္ဓာကိုယ် အားနည်းနေပါသော်လည်း တည်ငြိမ်နေသည်။ အတိတ်က လူအလေး၏ ဆောင်ရွက်မှုများကို သူ ပြန်တွေးကြည့်လိုက်သည်။ လူအလေးကို အတိုင်းအတာတစ်ခုအထိ သူ၏လက်ပါးစေတစ်ယောက်အဖြစ် ယူဆနိုင်သည်။

လူအလေးသည် အစကတည်းက သူ့နောက်လိုက်ဖြစ်ချင်သည့် ဆန္ဒများကို မကြာခဏ ထုတ်ပြခဲ့သည်။ နောက်ပိုင်းတွင် သူ၏ဌာနမှာလည်း အလွန် အလုပ်ကြိုးစားခဲ့သည်။

ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီးတည်ငြိမ်စွာ ပြောလိုက်သည်။

“ ဒီမှာ အခြေတည်အဆင့်ကို တက်လိုက် ”

လူအလေး၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူသည် တွေဝေတွန့်ဆုတ်မနေဘဲ ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်သည်။

သူ သိရသရွေ့ အခြေတည်အဆင့်မှာ ကြီးမားသော အန္တရာယ်များ ရှိပါသော်လည်း ဘေးတွင် ရွှီချင်း ရှိနေသမျှ ထိုအန္တရာယ်များကို သူ မကြောက်ပေ။

ထို့ကြောင့် သူ တင်ပျဉ်ခွေထိုင်လိုက်စဉ် အသက်ရှူသံများ ပို၍ပင် မြန်ဆန်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ တဖြည်းဖြည်း လည်ပတ်လာသည်။

ရွှီချင်းသည်လည်း တရားထိုင်နေသည်။ ညသန်းခေါင်ယံအချိန်တွင် သူသည် မျက်လုံးများကို ဖွင့်၍ လူအလေးကို ကြည့်လိုက်သည်။

ထိုအချိန်၌ လူအလေး၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်လှိုင်းများ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်မှ လေအေးတစ်ချက် တိုက်ခတ်လာသောအခါတွင် သူ၏ဓမ္မတံခါးများကို အာရုံခံကြည့်လိုက်သည်။

ရွှီချင်းသည် တည်ငြိမ်နေ၏။ သူ့ခေါင်းအထက်ရှိ ကွန်ခြာက ရုတ်တရက် ဝင်းလက်လာပြီး ထီးနက် ပေါ်လာသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ထီးနက်က လူအလေး၏ ခေါင်းအထက်သို့ ရွေ့လျားသွားပြီး အောက်သို့ ဖိချလိုက်သည်။ ရုတ်တရက် အလင်းကွန်ခြာတစ်ခုက လူအလေး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

အကာအကွယ်အားလှိုင်းများ ချက်ချင်း ဖြာထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။ နားဖြင့်မကြားနိုင်သော်လည်း စိတ်ဖြင့် အာရုံခံနိုင်သော စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ထိုအသံများသည် ထီးနက်၏ အလင်းရောင်အောက်တွင် အလျင်အမြန် ဆုတ်ခွာနေသော မရေမတွက်နိုင်သော အရိပ်များ၏ အသံများ ဖြစ်သည်။

သို့သော်လည်း ၎င်းတို့ လုံးလုံးလျားလျား မဆုတ်ခွာနိုင်ခင် ရွှီချင်း၏ အရိပ်လေးသည် အရပ်မျက်နှာအနှံ့ ပြန့်ကားသွားပြီး ဧရာမပါးစပ်ကြီးအသွင်ပြောင်းလဲသွားကာ အရူးအမူး ဝါးမျိုလိုက်သည်။ တဂျွမ်းဂျွမ်းမြည်သံများ ထွက်ပေါ်လာပြီး အရိပ်တစ်ဝက်ကျော်မှာ အရိပ်လေး၏ ဝါးမျိုခြင်း ခံလိုက်ရသည်။

ရွှီချင်း အတွေးနက်သွားသည်။ ရုတ်တရက် သူ၏လက်ကို မြှောက်၍ ကျန်ရှိနေသေးသော အရိပ်များကို ဖမ်းဆုပ်လိုက်သည်။ ထိုအရိပ်များသည် မလွတ်မြောက်နိုင်တော့ဘဲ ချက်ချင်းပင် ရွှီချင်း၏ ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။ ၎င်းတို့မှာ ရွှီချင်း၏ခန္ဓာကိုယ်ထဲ ပေါင်းစပ်သွားပြီး ခြောက်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးထဲတွင် ချုပ်နှောင်ခံလိုက်ရသည်။

တခဏလေးအတွင်း ခြောက်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးထဲတွင် ချုပ်နှောင်စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။

“ ဒါလည်း အလုပ်လုပ်တာပဲလား ”

ရွှီချင်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ ဘေးရှိအရိပ်လေးမှာ အနည်းငယ် နာကျင်သွားရသည်။ မိစ္ဆာရွှီက ၎င်း၏အစာအား အလစ်သုတ်သွားပြီဟု ခံစားနေရပါသော်လည်း ပေါ်ပေါ်ထင်ထင် မပြသဝံ့ဘဲ တိတ်ဆိတ်စွာဖြင့်သာ ပါးစပ်ကို ပိတ်လိုက်ရသည်။

ရွှီချင်း၏မျက်လုံးများထဲ ထူးဆန်းသော အလင်းများဖြင့် ဝင်းလက်သွားသည်။ သူ အတန်ငယ် စဉ်းစားပြီးနောက် သူ တစ်ချက်တွေးလိုက်ရာ ထီးနက်၏ အလင်းက ချက်ချင်း စုဆုံသွားသည်။ ထီးနက်၏ အကာအကွယ်စွမ်းအားများ ရှိနေသေးပါသော်လည်း မမြင်နိုင်တော့ပေ။

ယင်းကြောင့် ပတ်ဝန်းကျင်ရှိ အရိပ်များကို အန္တရာယ်ဖြစ်စေသော အလင်းမရှိတော့ပေ။ မကြာခင် အရိပ်များ ပေါ်လာပြန်သည်။ ထိုအရိပ်များသည် များစွာ အသိဉာဏ်ရှိပုံမရပေ။ အလိုလိုဖြစ်ပေါ်လာသော လောဘစိတ်ကြောင့် လူအလေးဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။

သို့သော်လည်း ၎င်းတို့ကို စောင့်ကြိုနေသည်မှာ ရွှီချင်း၏ အမှောင်ဝိညာဉ်မီးတောက် ဖြစ်သည်။

ထိုမီးတောက်က ချက်ချင်း ပြန့်ကားသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖြာကျသွားကာ ဘေးပတ်ဝန်းကျင်ရှိ အရိပ်အားလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် ထိုအရိပ်အားလုံး ရွှီချင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး ခြောက်ဆယ့်နှစ်ခုမြောက်ဓမ္မတံခါးပေါ်သို့ ကျရောက်သွားသည်။ မကြာခင် ခြောက်ဆယ့်နှစ်ခုမြောက်ဓမ္မတံခါးသည်လည်း ပြည့်သွားသည်။

ရွှီချင်းမှာ ပျော်ရွှင်သွားသည်။ ထိုနည်းလမ်းက ယခုကဲ့သို့ အံ့သြစရာကောင်းလောက်အောင် အကျိုးကျေးဇူးရှိနေမည်ဟု သူ မျှော်လင့်မထားပေ။ ထိုနည်းလမ်းသည် အပြင်သို့ ထွက်ကာ သတ်ဖြတ်ပြီး စုပ်ယူရသည်ထက် များစွာ လွယ်ကူကာ ပို၍ သက်သာသည်။ အခြေတည်အဆင့်သို့ တက်ရန် လူအလေး ကြိုးစားနေသမျှကာလပတ်လုံး ထိုအရိပ်များ အဆုံးအစမဲ့ လာရောက်ကြပေမည်။

ထိုသို့ဖြင့် အချိန်မာျး ကုန်လွန်သွားသည်။

တစ်ညကျော်လွန်ပြီးနောက် ရွှီချင်းမှာ အလွန် ဝမ်းသာပျော်ရွှင်သွားသည်။ တစ်ညတည်းဖြင့် ချုပ်နှောင်ခံထားရသောဝိညာဉ်များနှင့် ပြည့်နှက်နေသော ဓမ္မတံခါးအရေအတွက်မှာ ခြောက်ဆယ့်နှစ်ခုမှ ခုနစ်ဆယ့်သုံးခုသို့ ရောက်လာသည်။

ထိုကဲ့သို့ အမြန်နှုန်းကြောင့် လူအလေးကို ကြည့်လိုက်သည့်အခါ ရွှီချင်းမှာ အတော်လေး ကျေနပ်သွားရသည်။

ယင်းအပြင် လူအလေး၏ ဝိညာဉ်ပင်လယ်လှိုင်းများသည် သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ ဆက်လက် ပြန့်ကားနေသေးသည်။ ကြည့်ရသည်မှာ ရက်အနည်းငယ် ကြာသည်အထိ ဆက်လက်ပြန့်ကားနေမည့်ဟန်တူသည်။ ရွှီချင်းသည် ဖြစ်နိုင်ချေကို တွက်ဆကြည့်လိုက်ပြီး ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ခုလုံး ပြည့်သွားအောင် ဖြည့်နိုင်ကြောင်း ခံစားလိုက်ရသည်။

အခါအားလျော်စွာ ကြီးမားသော အန္တရာယ်တစ်ခုကို ရွှီချင်း မြင်ခဲ့ရသည်။ ထိုအခါ သူ၏မျက်လုံးများထဲ တစ္ဆေဧကရာဇ်တောင်ကို ပုံဖော်လိုက်သောအခါ ထိုအန္တရာယ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ယင်းသည် သူ ချုုပ်နှောင်ခဲ့သည့် အရိပ်ထက် အဆပေါင်းများစွာ ကြီးမားသော ဧရာမအရိပ်ကြီးတစ်ခု ဖြစ်သည်။

ထိုအရိပ်၏ပုံသဏ္ဍာန်က မြူခိုးမီးအိမ်ပုံစံလည်း မဟုတ်ပေ။ ၎င်းက ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနေသည်။ ဥပမာအနေဖြင့် ယခုအချိန်၌ ရွှီချင်း၏အာရုံထဲ ပေါ်နေသည်မှာ ဧရာမ ငါးနက်ကြီးတစ်ကောင် ဖြစ်သည်။

ထိုငါးကြီးသည် ပေတစ်ထောင်ရှည်လျားသည်။ ထိုငါးကြီးသည် ဆွဲဆောင်ခံလိုက်ရပြီးနောက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ၎င်းမှာ တောင့်ခံနိုင်ခြင်း မရှိတော့ဟန်တူပြီး ဆတ်ခနဲ ချဉ်းကပ်သွားသည်။ ၎င်း ချဉ်းကပ်သွားသည့်အချိန်မှာပင် ရွှီချင်းသည် ခြေတစ်လှမ်း တိုးသွားပြီး လူအလေး၏ ဘေးတွင် ပေါ်လာသည်။ ထို့နောက် ညာလက်ကို မြှောက်၍ အောက်သို့ ဖိချလိုက်သည်။

ငါးနက်ကြီး၏ခန္ဓာကိုယ် တုန်ခါသွားပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်ပါသော်လည်း နောက်ကျသွားသည်။ အမှောင်ဝိညာဉ်မီးတောက်သည် ဧရာမပိုက်ကွန်ကြီးတစ်ခုအလား ငါးကြီးကို လွှမ်းခြုံသွားသည်။ ၎င်းသည် ကျုံ့သွားပြီး ချက်ချင်းပင် ရွှီချင်း၏ကိုယ်ထဲသို့ အေးစက်စက်ဝိညာဉ်စွမ်းအားများ စီးဝင်သွားသည်။

ထိုဝိညာဉ်စွမ်းအားများကို ခုနစ်ဆယ့်လေးခုမြောက်ဓမ္မတံခါးထဲတွင် ဖိနှိပ်လိုက်ရာ ထိုဓမ္မတံခါးတစ်ခုလုံး ပြည့်သွားသည်။

ရွှီချင်းသည် ကျေနပ်သွားပြီး တင်ပျဉ်ခွေထိုင်ချကာ ဆက်စောင့်နေလိုက်သည်။

လူအလေး၏ အခြေတည်အဆင့်တက်လှမ်းခြင်းသည် တစ်ဝက်ပြီးသွားခဲ့ပြီ ဖြစ်၍ နောက်ထပ်ခုနစ်ရက်သာ ကြာတော့မည် ဖြစ်သည်။

သို့တိုင်အောင် ထိုခုနစ်ရက်သည် ရွှီချင်းအတွက် ငါးဖမ်းရန် လုံလောက်ပြီ ဖြစ်သည်။ ထိုအရိပ်များ၏ အာရုံထဲတွင် လူအလေးသည် ညအချိန် ထွန်းလင်းနေသော မီးအိမ်တစ်လုံးနှင့် ဆင်တူပြီး ဆွဲဆောင်မှုအပြည့် ရှိနေသည် မဟုတ်ပါလား။

မကြာခင် ရွှီချင်း၏ ဓမ္မတံခါးများ ဖြည့်ခြင်းသည် ရှစ်ဆယ်ရောက်သွားပြီး မကြာခင် ကိုးဆယ်သို့ ရောက်သွားသည်။ ခြောက်ရက်မြောက်နေ့တွင် ဝိညာဉ်များကို ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်တွင် အောင်မြင်စွာ ချုပ်နှောင်လိုက်နိုင်ပြီ ဖြစ်သည်။

သို့သော်လည်း ရွှီချင်းမှာ မပြီးသေးပေ။ အဘယ်ကြောင့်ဆိုသော် ဓမ္မတံခါးများထဲတွင် ချုပ်နှောင်ထားခဲ့သော ဝိညာဉ်များနေရာတွင် ပိုကောင်းသော ဝိညာဉ်များဖြင့် အစားထိုးနေသောကြောင့် ဖြစ်သည်။ ခုနစ်ရက်မြောက်နေ့တွင် ရွှီချင်းသည် အရိပ်တချို့နေရာတွင် အရိပ်ကြီးသုံးခုနှင့် အစားထိုးလိုက်သည်။

လူအလေး၏ ဓမ္မတံခါးများကို အာရုံခံခြင်းသည် အဆုံးသတ်သွားပြီး ဓမ္မတံခါးများကို စတင်ဖွင့်လိုက်ရင်း အခြေတည်အဆင့်သို့ ရောက်သွားသည်။ ထိုအရိပ်များသည်လည်း လုံးလုံးလျားလျား ထွက်မလာတော့ပေ။

ရွှီချင်းမှာ စိတ်ပျက်သွားရပါသော်လည်း အများအားဖြင့် ကျေနပ်နေသည်။

လူအလေးမှာမူ မိုးသည်းထန်စွာ ရွာသွန်းနေသော ကိုးရက်မြောက်ညတွင် မျက်လုံးများ ပွင့်လာသည်။ သူ့ကိုယ်ထဲရှိ ဓမ္မတံခါးတစ်ခု ပွင့်သွားပြီး ဓမ္မစွမ်းအားအငွေ့အသက်များ ထွက်ပေါ်လာသည်။ အခြေတည်အဆင့်သို့ သူ အောင်မြင်စွာ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

လူအလေးသည် သူ၏ကျင့်ကြံခြင်းစွမ်းအားများကို အာရုံခံကြည့်လိုက်ပြီးနောက် စိတ်လှုပ်တရှားဖြင့် ဒူးထောက်လိုက်ပြီး ရွှီချင်းကို ကန်တော့လိုက်ပြန်သည်။

ရွှီချင်းသည် လူအလေးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို မင်း သင်ယူလို့ရတယ်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မထုတ်ဖော်နိုင်တဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေက အားနည်းသူတွေပဲ ဖြစ်လို့ တတ်နိုင်သလောက် သက်စောင့်မီးလုံးတစ်လုံး ပေါ်လာအောင် မြန်မြန်လုပ် ”

“ သက်စောင့်မီးလုံးတစ်လုံး ပေါ်လာမှ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်လာနိုင်ပြီး စစ်မှန်တဲ့အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်လို့ ယူဆနိုင်မှာ ”

လူအလေးသည် အလေးအနက် အရိုအသေပေးလိုက်ပြီး သူ့မျက်လုံးများထဲ ခိုင်မာပြတ်သားသော စိတ်ဆန္ဒများ ပေါ်လာသည်။

တချိန်တည်းမှာပင် ရှစ်ဂိုဏ်းမဟာမိတ်အပြင်ဘက် မနီးမဝေးရှိ ထိုက်စီကြမ္မာဆိုးတောင်တန်းကြီး၏ တောအုပ်ထဲတွင် အုတ်ဂူတစ်ဂူ ရှိသည်။ မိုးသည်းထန်နေသော ညတွင် လူရိပ်နှစ်ရိပ်သည် အုတ်ဂူမှ အဝေးသို့ လျှောက်သွားနေကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ပကတိ ငြိမ်သက်နေ၏။ ထိုလူနှစ်ယောက်ကြောင့် အသံတစ်သံမျှ ထွက်ဝံ့သူ မရှိသည့်အလားပင်။ မိုးတဖြောက်ဖြောက်မြည်သံများသည်သာ တိုးတိတ်စွာ လွင့်ပျံနေသည်။

ထိုလူရိပ်နှစ်ရိပ်သည် ခေါင်းများကို လုံအောင် ခြုံနိုင်သော အနက်ရောင်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြပြီး နတ်ဘုရား၏ မျက်နှာပျက်ကြီးနှင့် ဆင်တူသော မျက်နှာဖုံးသာ ပေါ်လာသည်။

မျက်နှာဖုံးက မြင်သူတိုင်းကို စိတ်မသက်မသာဖြစ်ကာ ကြောက်လန့်တုန်ရီသွားစေသော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေပြီး ထိုလူရိပ်နှစ်ရိပ် ဖြတ်သွားသည့်နေရာတိုင်းရှိ ဟင်းလင်းပြင်မှာ ပုံပျက်ရှုံ့တွသွားသည်။

အဝေးမှကြည့်ပါက မိုးသည်းသောညတွင် လူသားလောကသို့ လျှောက်လှမ်းလာသော နတ်ဘုရားများနှင့် ဆင်တူသည်။

လမ်းတစ်လျှောက်တွင် သူတို့နှင့်ကြုံတွေ့ခဲ့ရသည့် သက်ရှိများမှာ မည်သည့်ကျင့်ကြံခြင်းအဆင့်တွင် ရှိပါစေ ဘဝချင်းကွာခြားချက်ကြောင့် သူတို့ကို အာရုံခံ၍ မရသလို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ထိုလူနှစ်ယောက်ကား ညဉ့်ငှက်နှင့် သူ၏သခင်လေး ဖြစ်ပေသည်။

“ ရှစ်ဂိုဏ်းမဟာမိတ်ကို ရောက်ခါနီးပြီ။ ငါတို့ကို သွေးယဇ်ပူဇော်ပွဲကြည့်ဖို့ ဖိတ်ခဲ့တဲ့လူက အဆင်သင့်ဖြစ်ပြီလား ”

ရှေ့ဆုံးမှလျှောက်နေသော ဝတ်ရုံနက်မျက်နှာဖုံးနှင့်လူရိပ်ထံမှ လူငယ်တစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

“ သခင်လေး၊ သူ အဆင်သင့်ဖြစ်ပါပြီ ”

All Chapters