အကောင်းဆုံး ဟင်းလျာ
Vol. 29 Ch. 421
ရဲ့လင်းချန်က ငါးစွပ်ပြုတ်ကို ကြွေပန်းကန်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
နို့နှစ်ရောင်သန်းနေသော ငါးစွပ်ပြုတ်က မသန့်စင်ခြင်းများ မပါဝင်သလို အထဲမှ ငါးအသားသည် နူးညံ့နေသည်။ ပြင်းရှသော ရနံ့က စွပ်ပြုတ်အပေါ်၌ ပျံ့လွင့်နေပြီး တောက်ပသည်။
မကြာခင်မှာပင် ငါးပေါင်းလည်း ရလာ၏။ ငါးစွပ်ပြုတ်ကဲ့သို့ပင် ၎င်းသည် ငါး၏ မူလအသွင်အပြင်ကို ထိန်းသိမ်း ထားနိုင်ပြီး ငါး၏ သဘာဝရနံ့မျိုး ထွက်ပေါ်နေသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် ငါးအသားက မည်မျှ နူးညံ့ပြီး လတ်ဆတ်ကြောင်း သိနိုင်ပေသည်။
မှိုအိမ်ထဲမှ လူတိုင်း၏ အာရုံက ၎င်းတို့အပေါ် ကျရောက်လာသည်။ သူတို့ စိတ်ထင်နေခြင်း ဖြစ်လောက်သော်လည်း ငါးဟင်းလျာများ၏ အပေါ်ယံ မျက်နှာပြင်က တောက်ပနေသလိုပင်။
“အ…အနံ့က သိပ်မွှေးတာပဲ”
ဟယ်ကျားက အနားသို့ တိုးလာပြီး အသက်ကို တစ်ချက် ရှိုက်ရှူလိုက်ကာ ငါး၏ လန်းဆန်းစေသော အနံ့ကို ရရှိသွားသည်။ အနံ့က ပုံသဏ္ဌာန် ရှိသည်ဟု သူ ခံစားလိုက်ရပြီး သူ့လည်ချောင်းမှ လျောဆင်းသွားပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်ဟု ထင်မှတ်ရသည်။
ငါးစွပ်ပြုတ်နှင့် ငါးပေါင်းက ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားပုံ ပေါက်သော်လည်း ၎င်းတို့သည် ပြင်ရခက်သော ဟင်းလျာများ ဖြစ်သည်။ ၎င်းက လူတစ်ယောက်၏ အပူထိန်းချုပ်နိုင်သည့် အရည်အချင်းကို စမ်းသပ်သည်။ သို့သော် ရဲ့လင်းချန်၏ ဟင်းချက်စွမ်းရည်ကြောင့် အသာလေး သက်သေပြနိုင်ပေသည်။
ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ကလည်း ပြေးလာပြီး ငါးစွပ်ပြုတ်ကို မြင်သောအခါ အံ့ဩသော အာမေဋိတ်သံများ ထွက်လာကြသည်။
“ဝိုး … ဒီစွပ်ပြုတ်က နွားနို့လိုပဲ၊ တို့ဟူးကို ကြည့်ပါဦး၊ ဘာလို့ အလင်းရောင် ပြန်နေတဲ့ သလင်းကျောက်နဲ့ တူနေတာပါလိမ့်”
“လင်းချန် ဒီငါးစွပ်ပြုတ်က တအား အရသာရှိမှာပဲ ဟုတ်တယ်မလား”
သူတို့၏ အံ့ဩနေသော မျက်နှာကို မြင်သောအခါ ရဲ့လင်းချန် အသာ ပြုံးလိုက်မိသည်။ သူက နောက်ထပ် နှစ်ပန်းကန်ကို ကောက်ကိုင်လိုက်သည်။
“အိုးထဲမှာ နည်းနည်း ကျန်နေသေးတယ်၊ ငါ မင်းတို့ကို တစ်ပန်းကန်ဆီ ပေးမယ်၊ ချထားတဲ့ ပန်းကန်တွေကို မထိနဲ့တော့၊ ပြီးမှ ငါတို့ အားလုံးနဲ့ အတူတူ စားကြမယ်”
သူသည် ပန်းကန်ထဲသို့ အရည် တစ်ဝက်မျှ ထည့်ပြီးနောက် အရည်ရွှမ်း၍ နူးညံ့သော အသားတစ်တုံးစီ ထည့်လိုက်သည်။ ထို့နောက် နူးညံ့သော တို့ဟူးတစ်တုံးစီကို ထည့်ပြီးမှ မိန်းကလေး နှစ်ယောက်ကို ပေးလိုက်သည်။
“ကျေးဇူးပါ”
ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် ခေါင်းလေးယိမ်းထိုး၍ ပန်းကန်ကို ပျော်ရွှင်စွာ လှမ်းယူလေသည်။ သူတို့က နှာခေါင်းလေးဖြင့် တစ်ခဏမျှ အနံ့ခံကြည့်လိုက်သည်။ နွေးထွေးသော မွှေးရနံ့က သူမတို့ကို အနည်းငယ် နီမြန်းသွားစေသည်။
ငါးဟင်းနှပ်ကို စားပြီးခါစ ဖြစ်သဖြင့် မိန်းကလေး နှစ်ယောက်လုံးသည် ထိတ်လန့်ခဲ့ရာမှ သူမတို့၏ မိန်းကလေး ပုံရိပ်ကို ပို၍ ဂရုစိုက်လာကြသည်။ ငါးစွပ်ပြုတ်၏ အရသာကြောင့် သူမတို့ စိတ်မလွတ်ထွက်သွားချေ။
သူမတို့က ငါးအသားကို စမစားဘဲ ငါးစွပ်ပြုတ်ကို ဇွန်းအပြည့် ခပ်၍ သောက်လိုက်သည်။
အရသာရှိသော ငါးစွပ်ပြုတ်က သူမတို့၏ နူးညံ့သော နှုတ်ခမ်းသားမှတဆင့် ပါးစပ်ထဲသို့ လျှောဆင်းသွားသည်။ စွပ်ပြုတ်၏ ခပ်စေးစေး အရသာကြောင့် သူမတို့ မျက်လုံးများ ဝင်းပသွားသည်။ ထိုခပ်စေးစေး ခံစားချက်က သူမတို့ ပါးစပ်အတွင်းသားကို ပွတ်တိုက်သွားပြီး ရနံ့က ပျံ့နှံ့သွားပြီး အကောင်းဆုံး အရသာကို ဖြစ်လာစေသည်။ အရသာရှိလှသည့် အရသာက သူမတို့ ပါးစပ်တွင်း၌ လှည့်ပတ်နေပြီးနောက် လည်ချောင်းတစ်လျှောက် စီးကျသွားပြီး ဆဲလ်များတွင်းသို့ စီးဆင်းကာ ခန္ဓာကိုယ်အား တည်ငြိမ်သွားစေသည်။
“အံ့…အံ့…အံ့ဩဖို့ ကောင်းလိုက်တာ”
မိန်းကလေး နှစ်ယောက်လုံး မှင်တက်သွားကြသည်။ သူမတို့သည် အရာအားလုံးကို မေ့လျော့သွားပြီး ဇွန်းနှင့် စွပ်ပြုတ်၏ အရသာကို နည်းနည်းချင်း အရသာခံရန်သာ အာရုံစိုက်ထားကြသည်။
ကျောက်လျန့်ရင်၏ မျက်လုံးများ ကွေးတက်သွားပြီး မသိလျင် သူမမျက်နှာ၌ လခြမ်းကွေးနှစ်ခု ပေါ်လာသလိုပင်။ သူမမျက်နှာက ကြည်နူးသော အမူအရာမျိုး ဖြစ်လာပြီး တစ်သက်လုံး ထိုငါးစွပ်ပြုတ်၏ အရသာကို ခံစားနိုင်သည်ဟု ထင်မှတ်ရသည်။
တစ်ဖက်တွင်မူ ဟူယွဲ့အာသည် ရဲ့လင်းချန်ကို ခိုးကြည့်လေသည်။ သူမ၏ နှုတ်ခမ်းက ကော့ညွတ်လာပြီး ချိုသာသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူမ စွပ်ပြုတ်ကို သောက်လိုက်သည်နှင့် ပင်ပန်းနွမ်းလျနေသော သူမခန္ဓာကိုယ်က အားပြည့်လာသလို ခံစားလိုက်ရသည်။ အစာကို ချင့်ချိန်၍ လျှော့စားသော နည်းလမ်း၏ အကျိုးဆက်က ကောင်းမွန်လှသည်။
“စွပ်ပြုတ်ကိုပဲ သောက်မနေနဲ့၊ အသားလည်း စားဦး၊ မင်းတို့ အံ့ဩသွားလိမ့်မယ်”
ရဲ့လင်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“ဝိုး … နူးညံ့လိုက်တာ”
ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ ပြိုင်တူ မျက်လုံးပြူးသွားကြသည်။ သူမတို့၏ မျက်လုံးတွင် မယုံနိုင်ဟန်နှင့် ပျော်ရွှင်ဟန်တို့ ပြည့်နှက်နေ၏။
အသားက ပါးစပ်ထဲ ရောက်သည်နှင့် အရည်ပျော်သွားသကဲ့သို့ အိသွားသည်။ လျှာကို အသာလေး လှုပ်လိုက်သည်နှင့် အသားက ကြေပျက်သွားပြီး ပို၍ ကောင်းသော ရနံ့တစ်ခု ပေါ်လာသည်။
တစ်ဖက်တွင်မူ တို့ဟူးသည် မယုံနိုင်လောက်အောင် နူးညံ့ပြီး ပါးစပ်ထဲ၌ ပျော်ဝင်သွားသည်။ နူးညံ့သော တို့ဟူးကို ငါး၏ ကပ်ညိနေသော အရသာတို့နှင့် ပေါင်းစပ်လိုက်သောအခါ ဘာနှင့်မှ လဲမရပေ။
“လင်းချန် ကျေးဇူးတင်ပါတယ်၊ ဒါက ငါ့ဘဝတစ်လျှောက်လုံး စားဖူးသမျှထဲမှာ အကောင်းဆုံး ငါးစွပ်ပြုတ်ပဲ၊ ပြီးတော့ … ငါ့ခန္ဓာကိုယ်က တော်တော်လေး ပိုကောင်းလာသလို ခံစားရတယ်”
ဟူယွဲ့အာက စွပ်ပြုတ်၏ နောက်ဆုံးတစ်ဇွန်းကို သောက်ပြီးသည်နှင့် သူ့အား ကျေးဇူးတင်စကား ပြောလေသည်။ စွပ်ပြုတ်က အရသာ ကောင်းရုံသာမက အစာအိမ်ထဲ ရောက်သည်နှင့် သူမခန္ဓာကိုယ်ကိုပါ နွေးထွေးသွားစေသလို ခံစားရပြီး သူမအား ပို၍ နေရသက်သာအောင် ပြုလုပ်ပေးလေသည်။
ရဲ့လင်းချန်က ခေါင်းညိတ်လိုက်ပြီးနောက် စားချင်စိတ်ကို မနည်းထိန်းနေရပုံပေါ်သည့် လူများကို လှမ်းခေါ် လိုက်သည်။
“ထမင်းက ရတော့မယ်၊ အားလုံး မအေးခင် အရင် စားလိုက်ကြမလား”
“ဟုတ်တယ် ငါ သဘောတူတယ်”
ဝေ့တရွှင်း စိတ်မရှည်တော့ဘဲ စားပွဲ၌ ခပ်မြန်မြန် ပြေးထိုင်သည်။
ဟွမ်လေ့နှင့် ဟယ်ကျားက ဘာမှမပြောသော်လည်း ဝေ့တရွှင်းထက် မနှေးချေ။ တစ်ယောက်ပြီး တစ်ယောက် ခုံ၌ နေရာယူပြီး ငါးဟင်းပွဲ သုံးမျိုးအား စိတ်အားထက်သန်စွာ ကြည့်လေသည်။
သူတို့ ထပ်၍ မစောင့်နိုင်တော့ချေ။ အစောပိုင်းက ဟူယွဲ့အာနှင် ကျောက်လျန့်ရင်တို့ စားနေသည်ကို ကြည့်ပြီး သူတို့လည်း စားချင်စိတ် ပြင်းပြလာရသည်။
“အဟမ်း အဟမ်း ငါ စားတော့မယ်နော်”
သုံးယောက်သား ပြိုင်တူ ပြောလာပြီးနောက် တူကို ချက်ချင်း ကောက်ကိုင်၍ စားသောက်တော့သည်။
ချက်ချင်းဆိုသလိုပင် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့၏ အမူအရာက အဘယ်ကြောင့် အသက်ဝင်နေရသလဲ ဆိုသည်ကို သူတို့ နားလည်သွားကြသည်။
*ဒါက တော်တော် မိုက်တာပဲ*
“ရဲ့နတ်ဘုရား၊ မင်း ဘယ်မှာနေလဲ ငါ့ကို ပြောလို့ရမလား၊ ငါ ပြောင်းနေဖို့ စိတ်ကူးထားတယ်၊ မင်း နောက်ဆို အိမ်မှာ ထမင်းစားတဲ့ အချိန်တိုင်း ငါ့ကို သတိရမှ ဖြစ်မယ်”
သူတို့ထဲက အတည်ငြိမ်ဆုံး ဟယ်ကျားတောင်မှ မနေနိုင်ဘဲ ထိုသို့ ပြောလာ၏။ ဟင်းလျာ၏ အရသာရှိမှုက သက်သေပင်။
“ရဲ့နတ်ဘုရား၊ ငါရောပဲ၊ မင်းရဲ့ အစားအသောက်ကို စားခွင့်ရတာ ကံကောင်းတာပဲ”
ဝေ့တရွှင်းက ချက်ချင်း ဝင်ပြောသည်။
“မင်းတို့နှစ်ယောက်လုံး ဆုတောင်းလေ၊ ရဲ့နတ်ဘုရားက ဘယ်အဆင့်လဲဆိုတာ မင်း သိလား”
ဟွမ်လေ့က ငါးစွပ်ပြုတ်ကို တစ်ဇွန်းသောက်ပြီးနောက် ပြောလိုက်သည်။
“ရဲ့နတ်ဘုရားရဲ့ အချက်အပြုတ် စွမ်းရည်က အထွတ်အထိပ်ထက် ကျော်လွန်သွားပြီ၊ ငါ အရင်က ကြယ်ပွင့်ရ စားဖိုမှူးတွေရဲ့ ဟင်းကို စားဖူးတယ်၊ သူတို့ရဲ့ ဟင်းတွေတောင်မှ ရဲ့နတ်ဘုရားကို မယှဉ်နိုင်ဘူး”
“အဲ့ဒီကြယ်ပွင့် စားဖိုမှူးတွေက သူတို့ ကိုယ်တိုင် ချက်ထားတဲ့ ဟင်းတွေကို ဘယ်လောက် ကောက်လဲ သိလား”
လူတိုင်းက ခေါင်းခါ၍ ဟွမ်လေ့ကို ကြည့်နေကြသည်။
“အနည်းဆုံး ယွမ်ငါးသောင်းပဲ”
ဟွမ်လေ့က လေးနက်စွာ ပြောသည်။
“ပြီးတော့ အဲ့ဒါက အခြေခံအကျဆုံး ဟင်းပွဲနော်၊ မင်း ပိုကောင်းတဲ့ ဟင်းလျာတွေ စားချင်ရင် အနည်းဆုံး တစ်သိန်း ကုန်တယ်”
“ဟာ”
လူတိုင်း ပင့်သက်ရှိုက်သွားသည်။ ဟင်းပွဲတစ်ပွဲကို ယွမ်ငါးသောင်း။ သူတို့တောင်မှ ယင်းကို အကုန်အကျ များသည်ဟု ခံစားရသည်။
“ဒါဆို ကျုပ်တို့ ဒီဟင်းကို အလကား စားလိုက်ရတာပေါ့ ဟုတ်လား”
ဝေ့တရွှင်းက မေးလိုက်သည်။ ဟွမ်လေ့က ခေါင်းညိတ်လေသည်။
“ရဲ့နတ်ဘုရားရဲ့ ဟင်းလျာတွေက ငါ စားဖူးသမျှထဲမှာ တကယ်ကို အကောင်းဆုံးပဲ၊ ပြီးတော့ သူ့ဟင်းလျာတွေမှာ အခြားဟင်းလျာတွေမှာ မပါတဲ့ အရာတစ်ခု ပါတယ် … အဲ့ဒါက ခံစားချက်ပဲ”
“အဲ့ဒီ စားဖိုမှုးတစ်ယောက်က ငါ့ကို ပြောခဲ့ဖူးတယ်၊ သူ အမြဲတမ်း အဲ့အဆင့်ကို လှမ်းနေခဲ့တာတဲ့၊ ဂီတက ခံစားချက်တွေကို ဖော်ပြသလိုပဲ၊ ဟင်းလျာကလည်း အဲ့လို လုပ်နိုင်စွမ်း ရှိတယ်တဲ့လေ”
“အမှန်ပဲ၊ အခု ငါ့ခံစားချက်တွေက တော်တော်လေး ကောင်းနေတာ၊ ငါ့စိုးရိမ်စရာတွေ အားလုံးကို မေ့သွားသလိုပဲ၊ ဒါ ငါ စားဖူးသမျှထဲမှာ ဈေးအကြီးဆုံး ဟင်းပဲ”
ဝေ့တရွှင်းက ပြောလေသည်။ ထိုစကားတိုင်းသာဆိုလျင် ရဲ့လင်းချန် ချက်သော ဤဟင်းလျာ သုံးမျိုးသည် သူတို့အတွက် အနည်းဆုံး ယွမ်နှစ်သိန်း ကျပေမည်။
“အဲ့ဒါကြောင့် ဒါကို တစ်ခါလောက် စားရတာကို မင်းတို့ ကံကောင်းတယ်လို့ ပြောတာပေါ့ကွ၊ ဒါတောင် မင်းတို့က သူ့ဟင်းကို နေ့တိုင်း စားဖို့ တွေးနေသေးတယ်”
ဟွမ်လေ့က နှုတ်ခမ်းကို စေ့ထားသည်။
“မင်းတို့ရဲ့ အရှက်ကင်းမဲ့တဲ့ လုပ်ရပ်အတွက် ငါ့မှာ ပြောစရာ တစ်ခုပဲ ရှိတယ် … ကျေးဇူးပြုပြီး ငါ့ကိုပါ ခေါ်သွားပေးပါ”
“ခွီး … ဟားဟားဟား …”
ဟွမ်လေ့၏ ရုတ်တရက် ပြောင်းလဲသွားသော အပြုအမူက သူတို့ကို သတိလက်လွတ် ဖြစ်သွားစေပြီးနောက် အားပါးတရ ရယ်မောသွားစေသည်။ တိုက်ရိုက် ထုတ်လွှင့်မှုတွင်လည်း တက်ကြွပျော်ရွှင်လျက် ရှိသည်။
[ဆရာဟွမ်လေ့၊ ခင်ဗျား ပြောင်းလဲသွားပြီပဲ၊ ခင်ဗျားတောင်မှ အမူအကျင့်တွေကို ချိုးဖောက်နေပြီ]
[အဲ့ဒီ ငါးဟင်းတွေက ဘယ်လောက် ကောင်းနေတာလဲ၊ အဲ့ဒါက တည်ကြည်တဲ့ ဆရာဟွမ်လေ့ကို အရှက်မရှိခြင်းကို စိတ်ပါလက်ပါ ဖက်တွယ်နိုင်တဲ့ လူပြက်ဖြစ်အောင် လုပ်နိုင်တာပါလား]
[ရွှတ် ရွှတ် ရွှတ် … ဒါ လုံးဝ မရယ်ရဘူး၊ ငါ အခု ငါးဟင်း စားချင်နေပြီ …]