ရိုးရှင်း၍ ပျင်းစရာကောင်းသော
Vol. 29 Ch. 422
နေ့လယ်စာက ငါးဟင်း သုံးမျိုးတည်း မဟုတ်ချေ။ ဟွမ်လေ့တွင်လည်း သူ၏ ကိုယ်ပိုင် စိတ်ကူးများ ရှိသည်။ သူသည် ပြောင်းဖူးပိုင်မုန့်၊ အားလူးပြုတ်ထောင်းနှင့် အခြား အရံဟင်းများကို ပြင်ဆင်ထားသည်။
ထိုဟင်းလျာများသည် ရဲ့လင်းချန်၏ ဟင်းလျာများနှင့် မယှဉ်နိုင်သဖြင့် အားလုံးက ငါးဟင်းလျာ သုံးမျိုးကိုသာ အာရုံစိုက် နေကြသည်။ သို့သော် သူတို့သည် စဉ်းစားဆင်ခြင်စိတ် ရှိသူများ ဖြစ်သဖြင့် ဟွမ်လေ့၏ ဟင်းအချို့ ကိုလည်း ယူစားကြသည်။
သူတို့ စားပြီးသည်နှင့် ကျောက်လျန့်ရင်က ငါးသုံးကောင် ဖမ်းမိသည့် သူမ၏ အောင်မြင်နှုနှင့် ပတ်သက်၍ ပျော်ရွှင်စွာ ကြွားဝါနေသည်။ အချိန်အများစု၌ ငါးကို ဖမ်းရာ၌ သူမ၏ အတွေ့အကြုံကို အသေးစိတ် ပြောနေခြင်း ဖြစ်လေသည်။
“လင်းချန် ညနေကျရင် ငါးတွေ ပိုဖမ်းဖို့ ငါ ဆုံးဖြတ်ထားတယ်၊ အဲ့ရေကန်မှာ ငါးတွေ အများကြီး ရှိသေးတယ်၊ ငါတို့ရဲ့ အရည်အချင်းနဲ့ဆိုရင် ငါတို့ ငါးဆယ်ကောင်ထက် ပိုပြီးတော့ အသာလေး ဖမ်းနိုင်တယ်လေ”
ကျောက်လျန့်ရင်က ကြွားဝါးသည်။
“ငါ သဘောတူတယ်၊ ငါတို့ ဒီမနက်က ငါးတွေ ပိုဖမ်းနိုင်တဲ့ အခွင့်အရေး ရှိခဲ့ပင်မယ့် လွတ်သွားတယ်လေ၊ ငါတို့ နည်းနည်းလောက် ပိုဖမ်းပြီး နောက်နေ့တွေအတွက် ချန်ထားရအောင်”
ဟူယွဲ့အာက ချက်ချင်း ဝင်ပြောသည်။ ရဲ့လင်းချန်က စိတ်ပျက်သလို အကြည့်လွှဲလိုက်သည်။
“မင်းတို့ နေ့တိုင်း ငါးစားရင် မငြီးငွေ့ဘူးလား”
သူ အစားအသောက်နှင့် ပတ်သက်၍ ဂျေးမများပါ။ သို့သော် သူ၏ အရသာရှိသော အချက်အပြုတ်က အခြားသူများ ချက်သော ဟင်းအား မစားနိုင်အောင် ဖြစ်သွားစေလောက်သည်။ ရဲ့လင်းချန်က သူ ပျော်သလိုသာ ပြုမူနေရုံဖြစ်ပြီး ဘဝအား ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခြင်းပင်။
“ဒီလောက် အရသာရှိတဲ့ ဟင်းကို စားရတာကို ငါ ဘယ်လိုလုပ် ငြီးငွေ့မှာလဲ၊ ငါ တစ်သက်လုံး စားနိုင်တယ်”
ကျောက်လျန့်ရင်က တုံ့ဆိုင်းခြင်းမရှိ ပြောလာသည်။
ဟူယွဲ့အာက တစ်ခဏမျှ စဉ်းစားပြီးမှ ခေါင်းညိတ်သည်။
“ငါရောပဲ”
တစ်ခဏကြာသော် သူတို့အဖြေ၏ သွယ်ဝိုက်သော အဓိပ္ပာယ်ကို သတိထားမိပြီး ရှက်သွေးဖြာသွားကြသည်။ သူတို့သည် ရဲ့လင်းချန်အား တိတ်တဆိတ် ခိုးကြည့်ပြီး ခေါင်းငုံ့ကာ ဆက်စားနေကြသည်။
ဟွမ်လေ့နှင့် ကျန်နှစ်ယောက်သည် စားသောက်ခြင်း၌သာ အာရုံစိုက်နေကြလေသည်။ သူတို့၏ ဝင်ငွေ အဆင့်အတန်းအရ အစားကောင်းများကို စားသောက်ဖူးပါသည်။ သို့သော် ရဲ့လင်းချန်၏ ဟင်းလျာကို စားမိသည့် အခိုက်မှာတင် သူတို့ကိုယ်သူတို့ မည်မျှ အချည်းနှီး နေခဲ့သလဲ သိလာကြသည်။
သူတို့ စားသောက်နေချိန်တွင် အံ့ဩနေကြသည်။
ရဲ့လင်းချန်က သူတို့ကို အံ့ဩစရာများကို ယူဆောင်ပေးလာလွန်းသည်။ သူသည် ဘတ်စကက်ဘော ကစားခြင်း နှင့်အတူ ကျော်ကြားလာပြီး အားကစား ကြယ်ပွင့်တစ်ယောက် ဖြစ်လာသည်။ သို့သော် ဤကြယ်ပွင့်ကပင် အရာအားလုံးကို ကောင်းကောင်း လုပ်နိုင်စွမ်း ရှိပြီး အထူးသဖြင့် အချက်အပြုတ်ပင်။ သူ၏ အဆင့်အတန်း နှင့်ဆိုလျင် ဆယ်နှစ် အပတ်တကုတ် ကြိုးစားရန် မပြောနှင့် နှစ်တစ်ရာမျှ လေ့ကျင့်လျင်တောင်မှ သူ့အဆင့်ကို မရောက်နိုင်ပါ။
သူတို့ အခြေအနေကို နားလည်အောင် လုပ်သော်လည်း စဉ်းစားခြင်းကို လက်လျှော့လိုက်သည်။ သူက ပါရမီရှင် တစ်ယောက် ဖြစ်ကောင်း ဖြစ်နေလောက်သည်။ ပါရမီရှင်တစ်ယောက်၏ တိုးတက်မှုက သူတို့ သာမန်လူများ၏ အတွေးထက် ကျော်လွန်နေ၏။
အခြားသူများက သူတို့၏ ဟင်းကို အသည်းအသန် စားနေခြင်းနှင့် ယှဉ်လိုက်သောအခါ ရဲ့လင်းချန်က အချိန်ယူ၍ ဖြည်းဖြည်းချင်း စားနေသည်။ သူသည် သူတို့၏ ပြောင်းလဲနေသော အမူအရာများကို လေ့လာပြီး ရုတ်တရက် သဘောပေါက်သွားသည်။ သူ၏ အကျင့်စရိုက်က အဘယ်ကြောင့် ပေါ့ပါးလွတ်လပ်နေရသလဲ ဆိုသည်ကို သူ နားလည်သွားရသည်။
သူ သတိမထားမိခင်မှာပင် သူသည် လူတော်တော်များများ စိတ်ကူးယဉ်နေသည့် အမြင့်၌ ရပ်နေလေပြီ။ သူသည် ဘယ်နယ်ပယ်ထဲဝင်ဝင် ကျွမ်းကျင်ပညာရှင်အဖြစ် သတ်မှတ်နိုင်နေသည်။
သူ၏ အရည်အချင်းများကြောင့်ပင် သူ့ဘဝကို သူ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေထိုင်နိုင်ခြင်း ဖြစ်သည်။
ဤသည်မှာ လူအများ ပြောကြသည့် အခြေခံသို့ ပြန်ရောက်သွားခြင်း ဖြစ်လောက်သည်။ အခြားသူများ မစွမ်းဆောင်နိုင်သည်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီးနောက် ဤကမ္ဘာထဲတွင် သူ့နှလုံးသားကို သက်ရောက်နိုင်သည့် အရာ သိပ်မရှိတော့ပေ။
သူ့အတွက် ဘဝ အတွေ့အကြုံ ပိုရလာခြင်းသာ ရှိသည်။ ထိုသို့ ပြုလုပ်ရင်းနှင့် ရေပန်းစားမှုအမှတ်များ ပိုစုဆောင်းနိုင်ရန် သူ စဉ်းစားနေဆဲပင်။
*ဟူး … ပါရမီရှင်တစ်ယောက်ရဲ့ ပျော်ရွှင်မှုက ရိုးရှင်းပြီး ပျင်းစရာကောင်းလိုက်တာ*
ငါးသုံးကောင်သည် အရိုးသာ ကျန်တော့ပြီး စွပ်ပြုတ်က အရည် တစ်စက်ပင် မကျန်တော့ပါ။ အရိုးသာ မမာလျင် သူတို့ အရိုးကိုပါ ဝါးစားလောက်သည်။
စားသောက်ပြီးနောက် ဟွမ်လေ့သည် ခုံ၌ သက်တောင့်သက်သာ လှဲ၍ သူ၏ ဗိုက်ကို ပုတ်နေသည်။ သူ့မျက်နှာတွင် ကျေနပ်သော အရိပ်အယောင်များ ပြည့်နေပြီး စကားစလိုက်သည်။
“ရဲ့နတ်ဘုရား၊ မင်းရဲ့ ဟင်းချက်စွမ်းရည်က သိပ်အံ့ဩဖို့ ကောင်းလွန်းတယ်၊ မင်းမိန်းမကတော့ သေချာပေါက် အပျော်ဆုံးလူ ဖြစ်မှာပဲ”
“အိုး … ဆရာ ဟွမ်လေ့၊ ပညာရှိလိုက်တဲ့ စကားဗျာ၊ အဲ့ဒါ အဓိကပဲဗျ”
ဝေ့တရွှင်း၏ မျက်လုံးများက တောက်ပလာပြီး စိတ်လှုပ်ရှားလာသည်။
ဟွမ်လေ့၏ အပြောအရဆိုလျင် ရဲ့လင်းချန် ချက်သော ဟင်းလျာများက တန်ဖိုးဖြတ်မရပေ။ သို့သော် တစ်ယောက်ယောက်က သူ့ဇနီး ဖြစ်လာလျင် ဤသို့ တန်ဖိုးဖြတ်မရသော ဟင်းများကို နေ့တိုင်း စားနိုင်လောက်သည်။ ယင်းက တကယ်ကို ကံကောင်းခြင်းပင်။
“မင်းလို ယောက်ျားကြီးတစ်ယောက်က ရဲ့နတ်ဘုရားရဲ့ မိန်းမ ဖြစ်လာမယ့်သူ ကိစ္စကို ဘာလို့ စိတ်လှုပ်ရှား နေတာလဲ”
ဟယ်ကျားက မနေနိုင်ဘဲ သူ့ကို ခနဲ့လိုက်သည်။
“မဟုတ်မှလွဲရော မင်းမှာ အခွင့်အရေး ရှိသေးတယ်လို့ တွေးနေတာလား”
“ကျုပ် မလုပ်နိုင်ဘူး၊ ဒါပေမဲ့ ကျုပ်ကလေးတွေမှာ အခွင့်အရေး မရှိဘူးလို့ မဆိုလိုဘူးလေ”
ဝေ့တရွှင်းက ပြန်ပြောသည်။
“အကယ်၍ နောင်အနာဂတ်မှာ ရဲ့နတ်ဘုရားမှာ သား ရှိလာရင် ကျုပ်သမီးကို သူ့သားနဲ့ ပေးစားမှာ”
သူ့စကားက ဟယ်ကျားနှင့် ဟွမ်လေ့၏ မျက်လုံးများကို ဝင်းပသွားစေသည်။ ဟယ်ကျားက ချက်ချင်း ရဲ့လင်းချန်ကို လောဆော်သည်။
“ရဲ့နတ်ဘုရား၊ မင်းက အရမ်းကြီးလည်း မငယ်တော့ဘူးလေ၊ မင်း လက်ထပ်ပြီး ကလေးယူသင့်ပြီ”
“ဟုတ်တယ်၊ အဲ့ဒါ အရေးကြီးတယ်၊ ငါ့သမီးက မင်းရဲ့သားကို စောင့်နေတာ”
ဟွမ်လေ့က ဝင်ပြောသည်။
“စကားမစပ် ရဲ့နတ်ဘုရား၊ မင်း ရှင်းရှင်းလင်းလင်း ပြောရင် ပိုကောင်းမယ်၊ မင်းမှာ ချစ်သူ ရှိလား”
လူတိုင်း၏ မျက်လုံးများက အတင်းတုပ်ရန်အတွက် စိတ်အားထက်သန်စိတ်နှင့်အတူ စူးရှဝင်းပလျက် ရှိသည်။ ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့၏ လှပသော မျက်လုံးများက စိတ်အားထက်သန်စွာဖြင့် ရဲ့လင်းချန်ကို ပြိုင်တူ ကြည့်ကာ စိုးရိမ်ပူပန်သလို ခံစားနေရသည်။
“ရှိတယ်”
မမျှော်လင့်ဘဲ ရဲ့လင်းချန်က ခေါင်းညိတ်၍ ဝန်ခံလာသည်။ သူ့တွင် ဖုံးကွယ်စရာ အကြောင်း မရှိပါ။
ဝိုင်အလှကုန် ပစ္စည်းဆိုင်အတွင်း၌ ကျန်းယွင်ရှီ၏ လက်ကလေးများ တုန်ယင်သွားသည်။ သူမ၏ နှုတ်ခမ်းက အလိုလို အပေါ်သို့ တွန့်ကွေးတက်လာပြီး ချိုသာ၍ ချစ်ခင်သော အပြုံးတစ်ခု ပေါ်လာသည်။ ရဲ့လင်းချန်ကို လှမ်းကြည့်သော သူမအကြည့်က နူးညံ့၍ ခံစားချက်တို့နှင့် ပြည့်နှက်နေ၏။
အမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာ၏ အတွေးက သူမမျက်လုံးမှ ပြေးမလွတ်နိုင်ပါ။ တစ်ချိန်တည်းမှာပင် သူမစိတ်ထဲ၌ မလုံခြုံသော ခံစားချက် ဖြစ်လာရသည်။ ရဲ့လင်းချန်က သူမ ထင်ထားသလို ဖြစ်နေလေသည်။ သူ ဘယ်နေရာသွားသွား လူအများ၏ အာရုံကို အလိုလို ဆွဲဆောင်နိုင်နေသည်။
ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ နှစ်ဦးလုံးက နတ်ဘုရားမလေးများ ဖြစ်သည်က ငြင်းမရပေ။ သူတို့ အရှေ့တွင် ယောက်ျားသားများသည် မခုခံနိုင်ကြချေ။
ထိုအခိုက်တွင် ကျန်းယွင်ရှီ၌ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်လာ၏။ သူမ၏ အသိစိတ်ကြောင့် ရဲ့လင်းချန် အိမ်မှထွက်မသွားခင် သူမ အမှတ်အသား ချန်နိုင်ခဲ့၍ တော်ပါသေးသည်။ အနည်းဆုံးတော့ သူမ မတုန်မလှုပ် မဖြစ်တော့ပါ။
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ရိုက်ကွင်း၌ ရှောင်ဖေးဖေးသည် ရုပ်ရှင်ကို ရိုက်ကူးညွှန်ကြားရင်း ဘဝ၏ ရုန်းကန်ခြင်းကို ကြည့်နေသည်။ ရဲ့လင်းချန်၏ စကားကို ကြားသောအခါ သူမခန္ဓာကိုယ်လေးက အေးစက် တောင့်တင်းသွားပြီး သူမမျက်ဝန်းထောင့်၌ မျက်ရည်များ ဝေ့တက်လာသည်။
*သူ့မှာ ချစ်သူ ရှိတာလား၊ ဘယ်တုန်းက အဲ့လို ဖြစ်သွားတာလဲ*
နေရာ၌ ရှိနေသော ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့မှာမူ သူမတို့၏ မျက်ဝန်းများ ချက်ချင်း ထိုင်းမှိုင်းသွားသည်။ သူမတို့သည် စိတ်ဝိညာဉ်များ ခမ်းခြောက်သွားသကဲ့သို့ နေရာ၌ ထိုင်နေကြလေသည်။
“ရဲ့နတ်ဘုရား တကယ် ပြောတာလား”
ဟွမ်လေ့က ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေသည်။
“သူက ဒီလောကထဲကလား”
ဒီလောကဆိုသည်မှာ အနုပညာလောကကို ဆိုလိုခြင်း ဖြစ်လေသည်။
ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြုံး၍ ပြောလိုက်သည်။
“ဒီလိုကိစ္စမျိုးကို ခင်ဗျားတို့ကို လိမ်ဖို့ လိုလို့လား၊ သူက ဒီလောကနဲ့ တစ်ဝက်လောက် ဆက်စပ်တယ်လို့ ပြောရမယ် ထင်တယ်”
“တစ်ဝက်လောက် သက်ဆိုင်တယ် ဟုတ်လား”
ဟယ်ကျား၏ မျက်ခုံးများ တွန့်ကွေးသွားသည်။
“ဧကန္တ အင်တာနက် အနုပညာရှင် တစ်ယောက်များလား”
“အင်း”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ကျန်းယွင်ရှီက အနုပညာလောကတွင်းက မဟုတ်သော်လည်း သူမသည် TikTok ၌ အလွန် နာမည်ကြီးပြီး ဖော်လိုဝါ တော်တော်လေး ရှိသည်။ အချို့သော ဇာတ်လမ်းတိုများကပင် သူမကို ဧည့်သည် သရုပ်ဆောင်အဖြစ် ဖိတ်ကြားချင်ကြသည့်အထိပင်။ ထို့ကြောင့် သူမက အင်တာနက် အနုပညာရှင် တစ်ယောက်ဟု ဆိုရပေမည်။
ဟူယွဲ့အာက သူမ၏ အတွင်းစိတ်ကို ချိုးနှိမ်၍ ဘာမှမဖြစ်သကဲ့သို့ ပြောလိုက်သည်။
“ဝိုး … အဲ့ဒီ ကံကောင်းတဲ့ မိန်းကလေးက ဘယ်သူလဲ သိချင်လိုက်တာနော်”
ထိုအခိုက်တွင် သူမမျက်လုံးတွင်း၌ မတူညီသော ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။
*သူက တွဲနေရုံလေးပဲကို၊ ငါ့မှာ အခွင့်အရေး လုံးဝ မရှိတော့တာမှ မဟုတ်တာ၊ ပြီးတော့ တစ်ဖက်လူက အင်တာနက် အနုပညာရှင်တစ်ယောက်လေ၊ အဲ့ဒါက ရဲ့လင်းချန်က အနုပညာရှင်တစ်ယောက်နဲ့ တွဲဖို့ ဝန်မလေးဘူးလို့ ပြနေတာပဲ၊ ငါက အင်တာနက် အနုပညာရှင်တစ်ယောက်ထက် သေချာပေါက် ပိုမဆိုးနိုင်ပါဘူး*
“ကျုပ် သူ့နာမည်ကို ထုတ်ပြောမှာ မဟုတ်ဘူး”
ရဲ့လင်းချန်က ပခုံးတွန့်၍ အေးအေးလူလူ ပြုံးနေသည်။
ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို ရောထွေးနေသော ခံစားချက်တို့ဖြင့် ကြည့်နေသည်။ သူမ၏ အတွေးကိုမူ မသိနိုင်ပါ။
…