ခေါင်းစားခြင်း
Vol. 29 Ch. 424
“ဒီနည်းလမ်းက ပိုယုံကြည်ရတယ်လို့ ထင်တယ်”
ဟွမ်လေ့ ခေါင်းညိတ်သည်။
သူတို့သည် အချိန်တစ်ခုအထိ ဆွေးနွေးပါသော်လည်း ပိုကောင်းသော အတွေး ထွက်မလာချေ။ သို့နှင့် သူတို့က ရဲ့လင်းချန်ကို လှမ်းကြည့်၍ ပြောလိုက်သည်။
“ငါတို့ တစ်ယောက်ပခုံးကို နင်းပြီး အပေါ်ကို တက်မယ်ဆိုတဲ့ အဖြေကို ရွေးဖို့ ဆုံးဖြတ်လိုက်ပြီ”
“ခင်ဗျားတို့ သေချာပြီလား”
ရဲ့လင်းချန် မေးလိုက်သည်။ အဖွဲ့က ခေါင်းညိတ်ပြလေသည်။
“ဂုဏ်ယူပါတယ်၊ ခင်ဗျားတို့အဖြေ မှားသွားပါပြီ”
“ဟင် ဘာလို့လဲ”
ကျောက်လျန့်ရင် စိတ်ရှုပ်ထွေးသွားသည်။
“ငါတို့ ဘာလို့ ပြန်မတက်နိုင်တာလဲ”
“ဟုတ်တယ်၊ ငါတို့ ဒီမေးခွန်းအတွက် ပန်းပေးတယ်၊ ငါတို့ကို အဖြေပြော”
ဟယ်ကျားက ပြောသည်။ ရဲ့လင်းချန်က ခပ်ယဲ့ယဲ့ ပြုံးနေသည်။
“ကျွန်တော်တို့ ခင်ဗျားတို့ ခေါင်းထဲက ရေတွေကို လောင်းချပြီး ရေကူးတက်လာရုံပဲလေ”
“သေစမ်း မင်း အခု ငါတို့ကို စော်ကားလိုက်တာလား၊ ဘာလို့ ငါတို့ခေါင်းထဲမှာ အဲ့လောက် ရေတွေ အများကြီး ရှိမှာလဲ”
ဟွမ်လေ့က မျက်နှာ ရှုံ့မဲ့နေ၏။
“ရေတွေနဲ့ ပြည့်မနေရင် ခင်ဗျားတို့ ဘာလို့ ခုန်ချမှာလဲ”
ရဲ့လင်းချန်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်၍ သူ့ကို ပြန်မေးခွန်းထုတ်လိုက်သည်။
“ဒါက…”
တစ်ဖွဲ့လုံး မှင်တက်သွားသည်။
*ဟုတ်သားပဲ၊ ငါတို့က ဘာလို့ ခုန်ချရမှာလဲ*
[ခွီး … ဟားဟားဟား အဲ့အဖြေမှာ လုံးဝ အမှားမရှိဘူးဟေ့]
[အမှန်ပဲ၊ ဦးနှောက်ထဲ ရေတွေပြည့်နေတဲ့သူပဲ အဲ့ဒီထဲကို ခုန်ချမှာ၊ ရဲ့နတ်ဘုရားက တော်တော် ဆိုးတာပဲ]
[ဒီဉာဏ်စမ်း ပဟေဠိက အံ့ဩစရာပဲ၊ ပြီးတော့ အခြားသူတွေကို စနောက်ဖို့အတွက် မရှိမဖြစ်ပဲ]
[ထူးဆန်းလိုက်တဲ့မေးခွန်း၊ ရဲ့နတ်ဘုရား အဲ့ဒါကို ဘယ်လိုများ တွေးမိတာလဲ]
…
“သေရော၊ ဆိုတော့ အဲ့ဒါက အဖြေကိုး”
ဟွမ်လေ့က သတိထားမိသွားပြီး မကျေမနပ်နှင့် သူ့ခေါင်းကို သူပြန်ရိုက်လေသည်။
“ငါ အစောကြီးကတည်းက တွေးခဲ့မိရမှာ၊ ဉာဏ်စမ်း ပဟေဠိတွေက တကယ် လှည့်စားတာပဲ”
“ငါတို့ကို ဒုတိယမေးခွန်း မြန်မြန်ပေးပါ၊ ငါတို့ နောက်တစ်ခုကို နိုင်ကိုနိုင်မှ ဖြစ်မယ်”
ဟယ်ကျားက အဖွဲ့ကို အားပေးသည်။
“မေးခွန်းနှစ်၊ နားထောင်နော်”
ရဲ့လင်းချန်က ဘေး၌ ထိုင်နေသော ဒါရိုက်တာကို တစ်ချက်ကြည့်ပြီးမှ ဆက်ပြောသည်။
“ဒါရိုက်တာကြီးက သူ့မိန်းမ ဈေးဝယ်ထွက်တာကို အဖော်လိုက်ပေးတယ်လို့ ငါ ကြားခဲ့တယ်၊ လမ်းတစ်လျှောက်မှာ ချောမောတဲ့ ယောက်ျားလေးတွေ အများကြီးပဲတဲ့၊ ဘာလို့ သူ့မိန်းမက ဝမ်းနည်းနေ ရတာလဲ”
“မြတ်စွာဘုရား၊ ရဲ့နတ်ဘုရား … မင်း တော်တော်ဆိုးတာပဲကွ”
ဝေ့တရွှင်းက ရဲ့လင်းချန်ကို လက်မနှစ်ဖက်လုံး ထောင်ပြပြီး လေးစားစိတ်တို့နှင့် ပြည့်သွားလေသည်။
“ဟားဟားဟား … ငါ ဒီမေးခွန်းကို သဘောကျတယ်”
ဟယ်ကျားနှင့် အခြားသူများလည်း ထရယ်ကြလေသည်။
ဒါရိုက်တာက သူတို့၌ ရှိသော ပိုက်ဆံအနည်းငယ်လေးကို သိမ်းသွားခဲ့သဖြင့် သူတို့ဘာသာသူတို့ကို အစားအသောက်အတွက် အဖြေရှာခဲ့ရသည်။ ဤသည်က သူတို့အတွက် ပြန်အသာစီးရနိုင်မည့် အခွင့်အရေးပင်။
ရိုက်ကူးရေး ဝန်ထမ်းများမှာမူ သူတို့၏ ရယ်ချင်စိတ်ကို အောင့်ထားရပြီး ဒါရိုက်တာမှာမူ ခေါင်းခါ၍ မချိပြုံး ပြုံးနေသည်။
“တော်လောက်ပြီ၊ မေးခွန်းကို မြန်မြန်ဖြေပေးပါ”
ရဲ့လင်းချန်က ဆော်ဩလိုက်သည်။ ကျောက်လျန့်ရင်က မသိမသာ မျက်မှောင်ကြုတ်နေ၏။
“အဲ့လို မဖြစ်သင့်ဘူးလေ၊ အဲ့ခပ်ချောချော ယောက်ျားလေးတွေကို မြင်ရင် သူက ပျော်နေရမှာလေ၊ ဘာလို့ ဝမ်းနည်းနေတာလဲ”
“ဒီမေးခွန်းမှာ သေချာပေါက် ထောင်ချောက် ရှိတယ်၊ ငါတို့ ဒါကို ဖြေဖို့ ပုံမှန် တွေးခေါ်နည်းတွေ သုံးလို့ မဖြစ်ဘူး၊ ငါတို့ အမြင်တွေကို ဖလှယ်ပြီး စဉ်းစားကြတာပေါ့”
ဟယ်ကျားက အဖွဲ့ကို သတိပေးသည်။
“ဒါရိုက်တာက မနာလိုဖြစ်ပြီးတော့ သူ့ကို အဲ့လူချောလေးတွေကို မကြည့်ဖို့ တားတယ်လို့ ကျွန်မ ထင်တယ်၊ အဲ့ဒါကြောင့် သူ ဝမ်းနည်းတာ”
ဟူယွဲ့အာက ခန့်မှန်းသည်။
“ဒီအတွေးက ခိုင်မာတယ်လို့ ထင်တယ်၊ ဒါပေမဲ့ ဒါက စံအဖြေ မဖြစ်နိုင်သေးဘူး”
ဟွမ်လေ့က ခေါင်းခါသည်။ အဖြေက ထိုမျှ မရိုးရှင်းနိုင်ပါ။
“မဟုတ်မှလွဲရော လမ်းမှာ မိန်းမလှလေးတွေပါ အများကြီး ရှိနေလို့လား၊ ဒါရိုက်တာက မိန်းမလှလေးတွေကို ငေးနေလို့ သူ့မိန်းမက ဝမ်းနည်းတာလေ”
ဝေ့တရွှင်းက ပြောသည်။
“ဒီအဖြေက အဓိပ္ပာယ်ရှိတယ်၊ ဖြစ်နိုင်တယ်”
ဟွမ်လေ့ ခေါင်းညိတ်သည်။
“ရဲ့နတ်ဘုရား ငါတို့ အဲ့အဖြေနဲ့ သွားမယ်”
“ဂုဏ်ယူပါတယ်၊ ခင်ဗျားတို့အဖြေက မမှန်ပါဘူး”
“အဲ့ဒါလည်း မှားတာပဲလား၊ ဒါဆို အဖြေက ဘာလဲ”
ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို မေးလိုက်သည်။
“ဒါရိုက်တာရဲ့ မိန်းမက ချောမောတဲ့ ယောက်ျားလေးတွေ အများကြီးကို မြင်တယ်လေ၊ ပြီးတော့ ဒါရိုက်တာရဲ့ မျက်နှာကို တစ်ချက် ကြည့်လိုက်တယ်၊ သူ ဘယ်လိုလုပ် ဝမ်းမနည်းဘဲ နေမှာလဲ”
ရဲ့လင်းချန် ပခုံးတွန့်ပြလိုက်သည်။
“ခွီး …. ဟားဟားဟား”
တစ်ဖွဲ့လုံး ဝါးလုံးကွဲမတတ် ရယ်မောကြသည်။ ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့သည် ရယ်ရလွန်း၍ နာနေသော သူမတို့ဗိုက်ကို အုပ်ထားကြလေသည်။
ယခုတစ်ခေါက်တွင် ရိုက်ကူးရေး ဝန်ထမ်းများတောင်မှ မအောင့်ထားနိုင်တော့ဘဲ လိုက်ရယ်ကြသည်။ ဒါရိုက်တာမှာမူ ကသိကအောက်ဖြင့် ရပ်နေပြီး ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။
“ဒီအဖြေက ရက်စက်လွန်းတယ်ကွာ၊ ငါတို့ အရှုံးပေးတယ်”
ဟွမ်လေ့က အချိန်တစ်ခုအထိ ရယ်နေပြီးနောက် တလေးတစား ဖြေလိုက်သည်။
“အာ … ရဲ့နတ်ဘုရားက အံ့ဩဖို့ကောင်းမှန်း ငါ သိနေတယ်”
ဝေ့တရွှင်းက ပြောလိုက်သည်။
“တရွှင်း မင်းကိုယ်မင်း စပြီး မသိမ်ငယ်နဲ့ဦး၊ အခုမှ ဒုတိယ မေးခွန်းပဲ ရှိသေးတယ်၊ ငါတို့မှာ အခွင့်အရေးတွေ အများကြီး ရှိသေးတယ်”
ဟယ်ကျားက အားပေးစကား ပြောသည်။
“ဒါဆို တတိယမေးခွန်းကို သွားလိုက်တာပေါ့၊ ကျွန်မ ရှင့်တွေးပုံတွေးနည်းကို သိပြီလို့ ခံစားရတယ်”
ကျောက်လျန့်ရင်က ယုံကြည်ချက် ရှိနေသည်။
“ကျွန်မ သေချာပေါက် နောက်မေးခွန်းကို မှန်မှာ”
အခြားသူများကလည်း လိုက်ပါ ခေါင်းညိတ်ကြသည်။ တိုးတက်မှုသည် အမှားတစ်ခုချင်းစီတိုင်းနှင့် ယှဉ်တွဲ နေတတ်၏။ ဉာဏ်စမ်း ပဟေဠိများက သူတို့၏ တွေးပုံတွေးနည်းကို ပြောင်းလဲရန် လိုအပ်ပြီး အဖြေကို ရရန် အနည်းငယ်မျှ ဝှေ့ဝိုက်၍ တွေးရပေသည်။
ဉာဏ်စမ်း ပဟေဠိ၏ ဆွဲဆောင်မှုမှာ မေးခွန်းသည် ခက်သည်ဟု ထင်ရသော်လည်း အဖြေကို သိလိုက်ရသည်နှင့် ရုတ်တရက် နားလည်သွားစေသည်။ အဖြေသည် မကြာခဏ မထင်မှတ်ထားသော အရာဖြစ်တတ်သော်လည်း နည်းလမ်းကျသဖြင့် သူတို့အား ကူကယ်ရာမဲ့သလို ဖြစ်စေသည်။
လူတို့သည် အကျင့်ပါတတ်ပြီး သူတို့၏ ပြဿနာများကို ပုံသေစိတ်ထားတစ်ခုနှင့် တွေးတောလေ့ ရှိသည်။ သူတို့ကိုယ်သူတို့ ပြောင်းလဲတတ်သော အတွေးအခေါ် ရှိရန် လိုသည်ဟု သတိပေးတတ်လျင်တောင်မှ သူတို့၏ တွေးခေါ်ပုံ အကန့်အသတ်ပုံစံထဲမှ တိုးထွက်လာရန် ခက်ခဲနေဆဲပင်။
“အခု တတိယမြောက် မေးခွန်းဆီ သွားမယ်၊ နားထောင်ထားနော်”
“မေးခွန်းက လူလေးယောက်က အိမ်တစ်အိမ်ထဲမှာ မာကျောက်နဲ့ ရန်ဖြစ်နေတယ်၊ ဒါပေမဲ့ ရဲရောက်လာတော့ ငါးယောက်ကို ဖမ်းခေါ်သွားတယ်၊ ဘာလို့လဲ”
တစ်ဖွဲ့လုံး ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ထိုမေးခွန်း၏ ချဉ်းကပ်ပုံက ထပ်မံ၍ ပြောင်းလဲသွားပုံ ရသည်။ နားလည်ရန် ပိုလွယ်ကူသည်ဟု ထင်ရသော်လည်း ထိုသို့ နားလည်သွားခြင်းက သူတို့ကို ပို၍ စိတ်ရှုပ်ထွေးသလို ခံစားရစေသည်။
လူလေးယောက်က မာကျောက်နှင့် ရန်ဖြစ်နေပြီး မေးခွန်းကလည်း လူလေးယောက်နှင့် စထားသည်။ ဘယ်လိုလုပ် လူငါးယောက်နှင့် ပြန်ထွက်သွားရသနည်း။
“ငါးယောက်မြောက်လူက ရဲလား၊ ဒါမှမဟုတ် ဘေးလူလား”
“ငါ့အထင်တော့ အဲ့ဒါ ဒိုင်ဖြစ်မယ် ထင်တယ်”
တစ်ဖွဲ့လုံး အချိန်ကြာကြာနှင့် အသည်းအသန် စဉ်းစားသော်လည်း မဟုတ်သေးသလို ခံစားနေရသည်။
“ငါ သိပြီ”
ဝေ့တရွှင်းက ပြောလာသည်။
“နောက်ဆုံးတစ်ယောက်က အိမ်ရှင်ပဲ”
တစ်ဖွဲ့လုံး ခေါင်းညိတ်လိုက်သည်။ ထိုအဖြေက ယခု သူတို့ စဉ်းစားမိသမျှထဲ၌ ဖြစ်နိုင်ချေ အရှိဆုံး ဖြစ်ပုံရသည်။
“အဲ့ဒါ မြေရှင်လား”
“အားလုံးအတွက် ဂုဏ်ယူပါတယ်၊ ခင်ဗျားတို့ ထပ်ပြီး မှားပြန်ပါပြီ၊ ခင်ဗျားတို့ကို နလပိန်းတုံးဆိုတဲ့ ဘွဲ့ထူးကို ချီးမြှင့်ပါတယ်”
ရဲ့လင်းချန် ရယ်လိုက်သည်။
“အာ … ဆိုးလိုက်တာ”
ကျောက်လျန့်ရင်သည် သူမဦးနှောက် ပေါက်ထွက်တော့မလို့ ခံစားလိုက်ရသည်။
“ဒါဆို အဲ့မေးခွန်းအတွက် အဖြေက ဘာလဲ”
“ရဲက မာကျောက်ကို ဖမ်းသွားတာလေ၊ သူတို့ ရန်ဖြစ်နေတဲ့လူက မာကျောက်လို့ ခေါ်တာ”
“အား … အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သေရောကွာ၊ ငါ ဘာလို့ အဲ့ဒါကို မစဉ်းစားမိတာလဲ”
“ဒီမေးခွန်းက ရူးချင်စရာပဲ၊ ရဲ့နတ်ဘုရား မင်း ဘယ်လိုလုပ် အဲ့လို ရူးချင်စရာ မေးခွန်းတွေ တွေးမိတာလဲ”
“နောက်မေးခွန်း မေး၊ ငါ ဒါကို လက်ခံဖို့ ငြင်းတယ်ကွာ”
မေးခွန်းများက လွယ်သော်လည်း သူတို့ မဖြေနိုင်သေးပေ။ ထိုခံစားချက်က သူတို့ကို ရူးမတတ် ဖြစ်စေပြီး ဆက်စိန်ခေါ်ရန် သူတို့၏ ယုံကြည်ချက်ကို အသစ်တစ်ဖန် ပြန်ဖြစ်စေသည်။
“ဒီတစ်ခေါက် ရှင့်လှည့်ကွက်တွေကို တကယ် ဖော်နိုင်ပြီ၊ ဒီတစ်ခေါက် ပွဲကတော့ လက်ထဲမှာပဲ”
ရဲ့လင်းချန် ပြုံးနေသည်။
“လေးခုမြောက်မေးခွန်း၊ ဘယ်လိုအခြေအနေမျိုးမှာ ကျားနှစ်ကောင်ကို တောင်တစ်လုံးထဲမှာ တွေ့ရတာလဲ”
ဟူယွဲ့အာ မျက်တောင် ပုတ်ခတ် ပုတ်ခတ် ဖြစ်သွားသည်။
“မိတ်ဆွေကောင်းတွေမို့လို့လား”
“မှားတယ်”
“လင်မယားမို့လို့လား”
“မှားတယ်”
“ညီအစ်ကိုတွေလား”
“မှားပါတယ်”
“ဒါဆို ဘာလို့လဲဆိုတာ ရှင်ပဲ ကျွန်မတို့ကို ပြောပြတော့”
ဟူယွဲ့အာ စိတ်မရှည်တော့ဘဲ ခြေဆောင့်လေသည်။
“အထီးနဲ့အမမို့လို့လေ”
“အား … ငါတို့ ဒီလောက် နီးစပ်နေတာကိုကွာ”
တစ်ဖွဲ့လုံး ခြေဆောင့်၍ ရူးမတတ် ဖြစ်နေကြသည်။ သူတို့ စိတ်ပျက်သလို ခံစားနေရသည်။ သူတို့ ခေါင်းစားခံခဲ့ သော်လည်း မှားယွင်းသော အဖြေကိုသာ ရခဲ့ကြလေသည်။ ယင်းက တကယ်ကို ညှဉ်းပန်းနှိပ်စက်မှုပင်။
“ဆက်စကားမယ်၊ ငါတို့ အဖြေနဲ့ ပိုနီးလာပြီလေ၊ ဒီတစ်ခေါက်တော့ ငါတို့ အရင်က လှောင်ပြောင်ခံရတာကို ရှင်းနိုင်မှ ဖြစ်မယ်”
“ငါးခုမြောက် မေးခွန်း၊ ကွန်ဖြူးရှပ်နဲ့ မုန့်ကျစ့်ကြားက ခြားနားမှုက ဘာလဲ”
“မေးခွန်းခြောက် …”
ထို့နောက်တွင်မူ တစ်ဖွဲ့လုံး လုံးတ ရှုံးသွားလေသည်။ ထိုသို့သောအချိန်၌ သူတို့၏ ခေါင်းများ ပွင့်ထွက်သွားသလို ခံစားလိုက်ရပြီး သူတို့ကိုယ်သူတို့ စ၍ သံသယ ဝင်လာကြသည်။
…