ပဏာမ သွေးယဇ်ပူဇော်ပွဲ
Vol. 27 Ch. 413
အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းအတွက် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးခဲ့ပြီး သူ့စိတ်ထဲတွင် ဘုရားတည်ရန် ပြောခဲ့သည်။ ရွှီချင်းသည် မျက်နှာမပါသည်မှလွဲ၍ ဘုရားတည်နိုင်ခဲ့သည်။
ထို့ကြောင့် ရွှီချင်းသည်လည်း လူအလေးအတွက် လမ်းကြောင်းလေးတစ်ခု ညွှန်ပြပေးခဲ့ပြီး မိစ္ဆာမီးဝိညာဉ်အတတ်ကို သင်ယူစေကာ သတ်ဖြတ်သူလမ်းစဉ်ကို လျှောက်လှမ်းစေခဲ့သည်။
ထိုလမ်းစဉ်သည် လူအလေးနှင့် အလွန် သင့်တော်မည်ဟု သူ ခံစားရသည်။ လူအလေးသည် ရက်စက်ကြမ်းကြုတ်ခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့် ရှင်သန်ကြီးထွားလာခဲ့သည်ကို သူ မြင်ခဲ့ပြီးပြီ ဖြစ်သည်။ လူအလေးကို ကာကွယ်ပေးနေသည့်အတောအတွင်း အတိတ်က သူ့ကိုယ်သူ ပြန်မြင်ခဲ့ရသည်။
လောကကြီးသည် အမြဲပြောင်းလဲနေသည်။ ကျင့်ကြံခြင်းသည်သာ တည်ငြိမ်ခြင်းကို ရရှိစေနိုင်မည် ဖြစ်သည်။ ယင်းအပြင် လူအလေး၏ သတ်ဖြတ်လိုစိတ်က အလွန် အားကောင်းသည်။ ထိုကဲ့သို့ လူတစ်ယောက်က သူကဲ့သို့ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို ကျင့်ကြံရန် သင့်တော်သည်ဟု ခံစားမိသည်။
လူအလေးသည် ထိုစကားကို မြဲမြံစွာ မှတ်သားထားသည်။ သူသည် ရွှီချင်း၏စကားများကို အမြဲ မြေဝယ်မကျ နားထောင်သည်။ ယင်းသည် သူ၏ဗီဇဖြစ်ပြီး သူ၏ဗီဇက အားကြီးသူကို ယုံကြည်ကိုးကွယ်ခြင်း ဖြစ်သည်။
လူအလေးကို လိုက်ပို့ပြီးနောက် ရွှီချင်းသည် အချိန်ဖြုန်းမနေဘဲ သယ်ယူပို့ဆောင်ရေးဌာနသို့ ချက်ချင်း သွားလိုက်သည်။ သို့သော်လည်း သူ ရောက်သောအခါ နေဝင်ချိန်ရောက်နေပြီ ဖြစ်သည်။ ကျန်းစန်းသည် အူမြူးနေသောအမူအရာဖြင့် ဆေးတံကြီးကို သောက်နေပြီး ဂိုဏ်းသူတစ်ယောက်က ရှက်သွေးဖြာနေသောမျက်နှာနှင့် ထွက်သွားသည်ကို သူ မြင်လိုက်ရသည်။
ထိုဂိုဏ်းသူအား ယခင်က မြင်ခဲ့ဖူးသည်ကို ရွှီချင်း ခပ်ရေးရေး မှတ်မိလိုက်သည်။ ထိုဂိုဏ်းသူသည် ဒုတိယမြောက်တောင်ထိပ်မှ နတ်ဆေးကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ယခင်က ကျန်းစန်းအား ကာကွယ်စောင့်ရှောက်ပေးရန် ကူးမုချင်း လာရောက် တောင်းဆိုစဉ်က အတူ ပါလာခဲ့ဖူးသည်။
ထိုဂိုဏ်းသူ၏ရုပ်ရည်က သာမန်ဖြစ်ပါသော်လည်း လုံးကြီးပေါက်လှ ဖြစ်သည်။ ရွှီချင်းကို မြင်သောအခါ ထိုဂိုဏ်းသူသည် ရှက်သွေးဖြာသွားပြီး အရိုအသေပေးကာ ခပ်သွက်သွက် ထွက်သွားသည်။
ကျန်းစန်း၏ကိုယ်ရေးကိုယ်တာကိစ္စများကို ရွှီချင်း မသိချင်ပေ။ သူသည် ရောက်လာပြီးနောက် စကားပြောမည်ပြုစဉ် ကျန်းစန်းက ဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်သည်။
“ ဘယ်လိုလဲ။ ငါက စော်ကြည်သေးတယ်မလား ”
“ အထင်ကြီးစရာပါပဲဗျာ ”
ရွှီချင်းသည် ခေါင်းညိတ်၍ အလေးအနက် ပြောလိုက်သည်။
ထိုအမူအရာကို သူ လုပ်လိုက်သည့်အခါတိုင်း သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။ ဆရာဖြစ်စေ၊ ခေါင်းဆောင်ဖြစ်စေ ထိုအမူအရာကို အလွန် သဘောကျကြသည်။
ကျန်းစန်းသည် ရွှီချင်း၏အမူအရာကို မြင်သောအခါ ပို၍ပင် သဘောခွေ့သွားသည်။ သူသည် ညာလက်ကို မြှောက်၍ ရွှီချင်းထံသို့ ဆန့်တန်းလိုက်သည်။
“ ထုတ်လိုက်။ မင်းမှော်သင်္ဘော ပျက်စီးသွားပြန်ပြီဆိုတာ ငါ ကျိန်ပြောရဲတယ်။ ဒီတစ်ခေါက် အန္တရာယ်သတိပေးချက်ကော မင်း မြင်လိုက်လား ”
ရွှီချင်း ပြန်တွေးကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ ယင်းနောက် မှော်သင်္ဘောကို သူ ထုတ်လိုက်သည်။
“ မင်း မမြင်သေးဘူးလား။ ဒါ မဖြစ်နိုင်ဘူး ”
ကျန်းစန်းမှာ အနည်းငယ် စိုးရိမ်ကြောင့်ကြသွားသည်။ သူသည် ရွှီချင်း ထုတ်လိုက်သည့် မှော်သင်္ဘောကို ကြည့်ကာ နားလည်သွားသည်။
“ ဒီတော့ မှော်သင်္ဘောက အလိုလိုပျက်စီးတဲ့အစွမ်း မကုန်သေးဘူးပဲ။ အံ့သြစရာမရှိဘူး။ ဒါပေမဲ့ မှော်သင်္ဘောကို အကောင်းပကတိ ပြန်ယူလာတာ ဒါ ပထမဆုံးအကြိမ်ပဲ။ အတော်လေး မဆိုးတော့ဘူး။ ဆက်လုပ်ထား ”
ကျန်းစန်းသည် တဟားဟား ရယ်မောကာ ရွှီချင်း၏မှော်သင်္ဘောကို ယူသွားသည်။
“ သုံးရက်အတွင်း မင်းရဲ့မှော်သင်္ဘောကို ငါ ပြန်ပြင်ပေးမယ်။ ဒါပေမဲ့ ရွှီချင်း၊ မင်းရဲ့ဓမ္မတံခါးတွေအားလုံးမှာ အရှိန်တင်ပြီး ဝိညာဉ်တွေ ချုပ်နှောင်ထားတော့နော်။ ဒါဆိုရင် အစောင့်အရှောက်ဝိညာဉ်ဖြစ်လာပြီး မင်းရဲ့မှော်သင်္ဘောလည်း အဆင့်မြင့်သွားမှာပဲ ”
“ ကျနော် ဖြည့်ပြီးသွားပြီ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ အမ် ”
ကျန်းစန်း မှင်သက်သွားသည်။ သူသည်လည်း မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို ကျင့်ကြံထားသည်။ နောက်ဆုံးချုပ်နှောင်ခြင်းအတွက် ဝိညာဉ်တစ်ရာ့နှစ်ဆယ် လိုအပ်သည်ကို သူ သိသည်။ ထိုဖြစ်စဉ်သည် အချိန်များစွာနှင့် လူပေါင်းများစွာ သတ်ဖြတ်ရန် လိုအပ်သည်။ ဝိညာဉ်လိုအပ်ချပ်မှာ အလွန် မြင့်မားသည် မဟုတ်ပါလား။
သူ မှတ်မိရသရွေ့ ရွှီချင်းက စတုတ္ထမြောက်သက်စောင့်မီးလုံး ပေါ်လာသေးသည်မှာ ကြာသေးပုံမရပေ။
“ မြန်လှချည်လားဟ ”
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ သူ့ကိုယ်ထဲရှိ မီးတောက်များ လွင့်ပျယ်သွားပြီး ဓမ္မတံခါးတစ်ရာ့နှစ်ဆယ် ရုတ်တရက် ပေါ်လာသည်။ သူ၏ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ထဲမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ယင်းသည် သူ ဖိနှိပ်ထားသည့် ဝိညာဉ်များအားလုံး၏ အော်ဟစ်မြည်တမ်းသံများ ဖြစ်သည်။
နာကြည်းဝမ်းနည်းခြင်းများ ပတ်ဝန်းကျင်တစ်ခွင် ကူးစက်သွားသည်ဖြစ်ရာ ကျန်းစန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ ဒါဆို သုံးရက်နဲ့ မလုံလောက်ဘူး။ ခုနစ်ရက် လိုတယ်။ ခုနစ်ရက်ပြီးရင် ငါ့ဆီလာပြီး ဝိညာဉ်တွေကို ပေါင်းစည်းလိုက်။ စစ်သင်္ဘောရဲ့ဖွဲ့စည်းပုံကို ငါကိုယ်တိုင် မြင်ချင်လို့ ”
ကျန်းစန်းသည် စိတ်လှုပ်ရှားခြင်းများဖြင့် မျက်လုံးများ ဝင်းလက်နေပြီး ပြောလိုက်သည်။ ရွှီချင်းကို သူ မေ့သွားပြီး မှော်သင်္ဘောအား ထုဆစ်ရန်အတွေးဖြင့် မှော်သင်္ဘောနှင့်အတူ ထွက်သွားသည်။
ရွှီချင်းသည် ကျန်းစန်း၏နောက်ကျောကို ကြည့်၍ လက်နှစ်ဖက်ကို ဆုပ်ကာ အလေးအနက် အရိုအသေပေးလိုက်သည်။ ထို့နောက် အထူးလုံခြုံရေးဌာနသို့ သူ ထွက်သွားသည်။ ထိုဌာနမှာလည်း သူ၏နေအိမ်ရှိပြီး ထိုနေအိမ်တွင် ခုနစ်ရက်နေရန် သူ စီစဉ်ထားသည်။
ထိုအတောအတွင်း ချီရွှဲ့ထုံဂိုဏ်း၏ အထူးလုံခြုံရေးဌာနမှာ အလွန် အလုပ်ရှုပ်နေခဲ့သည်။ သူတို့သည် တခြားဂိုဏ်းများ၏ အထူးလုံခြုံရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပတ်ဝန်းကျင်ရှိ မဟာမိတ်၏ တာဝန်တချို့ကို ဆောင်ရွက်ကြသည်။
ယင်းသည် ချီရွှဲ့ထုံဂိုဏ်းအနေဖြင့်လည်း မဟာမိတ်နှင့် လုံးလုံးလျားလျား ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ပြသလိုက်ပေသည်။ ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများနှင့် ဆောင်ရွက်ခွင့်ပြုထားသော ပူးပေါင်းတာဝန်များစွာ ရှိသည်။ ရွှီချင်းသည် ထိုအချက်ကို ရှင်းရှင်းလင်းလင်း မြင်သည်။ ဥပမာအနေဖြင့် ပင်မမြို့ကြီးထဲတွင် တခြားဂိုဏ်းများမှ ဂိုဏ်းသားများ ပိုများလာပေသည်။
ချီရွှဲ့ထုံဂိုဏ်းသားများမှာ ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးထဲတွင် မနေကြတော့ဘဲ အများစုက ပင်မမြို့ကြီးထဲတွင် အလွယ်တကူ မရနိုင်သော ပစ္စည်းများကို တခြားမြို့ကြီးများတွင် သွားရောက်ဝယ်ယူတတ်ကြသည်။ စီးပွားရေးလုပ်ငန်းရှင်တချို့က တခြားဂိုဏ်းများ၏ မြို့ကြီးများတွင် ဆိုင်များပင် ဖွင့်ထားကြသည်။
ခြုံကြည့်လျှင် ချီရွှဲ့ထုံဂိုဏ်း ပူးပေါင်းလာခြင်းနှင့်အတူ မဟာမိတ်သည် ယခင်ထက် ပို၍ စည်ကားလာပြီး အဆပေါင်းများစွာ အင်အားကြီးမားလာခဲ့သည်။
မကြာသေးခင်က တာဝန်များသည် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင် တည်ရှိရာအရပ်ကို အဓိက ဦးတည်နေခဲ့သည်။
ရွှီချင်းသည် ဖိုင်တွဲကို စစ်ဆေးကြည့်လိုက်ပြီး ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်သည် ယခင်ထက် အဆပေါင်းများစွာ လှုပ်လှုပ်ရှားရှားရှိလာသည်ကို တွေ့လိုက်ရသည်။ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်၏ ပိုင်နက်ထဲရှိ ( ၁၃၇ ) တိုင်းပြည်မှ လူဦးရေက သိသိသာသာ လျော့ကျသွားဟန်တူသည်။ ထို့ကြောင့် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်မှ ကျင့်ကြံသူများသည် လူဦးရေဖြည့်တင်းရန် တခြားတိုင်းပြည်လေးများကို ကျူးကျော်ဝင်ရောက်ကြသည်။
သူတို့ပိုင်နက်အပြင်ဘက်သို့ အမဲလိုက်ခြင်းဖြစ်စဉ်သည် မကြာခဏ ဖြစ်တတ်သည်။ မဟာမိတ်သည် ထိုကိစ္စကို အာရုံစိုက်နေတတ်ပြီး ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်ပွားတတ်သည်။
ခေါင်းဆောင်က မည်သည့်အရာကို အလုပ်ရှုပ်နေသည် မသိရပါသော်လည်း ဝူကျန်းဝူနှင့်အတူ ပျောက်နေသည်။ ထိုနှစ်ယောက်သည် ကိစ္စကြီးတစ်ခုကို လုပ်နေကြဟန်တူသည်။
ရွှီချင်းသည် ရွှမ်ယုံဂိုဏ်းတည်ရှိရာအရပ်သို့ ကြည့်လိုက်သည်။ သူ အတန်ငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် အကြည့်လွှဲလိုက်သည်။
မြစ်ကင်းလှည့်သွားကြသော အထူးလုံခြုံရေးဌာနဂိုဏ်းသားများ ရှိသည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့က မလိုက်တော့ပေ။ ထိုအုပ်စုကို ပဉ္စမြောက်တောင်ထိပ်မှ ဝါရင့်သက်စောင့်မီးလုံးနှစ်လုံး အခြေတည်အဆင့်ကျင့်ကြံသူများက ဦးဆောင်သွားသည်။
ထို့ကြောင့် ချီရွှဲ့ထုံဂိုဏ်း၏ လူအရေအတွက်သည် ပုံမှန်ထက် ပို၍ နည်းပါးကာ မရှိသလောက်ပင်။
ရွှီချင်းသည် ထိုသို့ တိတ်ဆိတ်နေခြင်းမျိုးကို သဘောကျသည်။ ပြောင်ရှင်းနေသော အထူးလုံခြုံရေးဌာနကို ကြည့်၍ မဆိုးလှဟု ခံစားရသည်။ သူသည် သူ၏စံအိမ်ထဲတွင် တရားထိုင်နေရင်း တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးအကြောင်းကိုလည်း တွေးတောလိုက်သည်။
“ သေလုမျောပါးအခြေအနေမှ အဲဒီဓမ္မတံခါးကို ရှာတွေ့နိုင်တာ … ”
ရွှီချင်း တွေးတောလိုက်သည်။ သူ့စိတ်ထဲမှာ တစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးကို ရှာဖွေရန် အစီအစဉ်တစ်ခု ရှိသည်။ ထိုအစီအစဉ်ကို အပြန်လမ်းတွင် သူ တွေးထားခြင်း ဖြစ်သည်။
ယခုလောလောဆယ်တွင် ထိုအစီအစဉ်က တွေးထားဆဲအဆင့်သာ ရှိသေးသည်။ ထိုအစီအစဉ်၏ ဖြစ်နိုင်ချေကို သူ ဂရုတစိုက် ချိန်ဆကြည့်ရဦးမည် ဖြစ်သည်။
“ ချီရွှဲ့ထုံဂိုဏ်းရဲ့ တားမြစ်ဓမ္မရတနာအကူအညီ ငါ လိုလောက်တယ် …”
ရွှီချင်း တွေးတောလိုက်သည်။ အပြန်လမ်းတွင် ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာက ဓမ္မတံခါးများကို လင်းလက်သွားစေသော အစွမ်းရှိကြောင်း အမှတ်ခုနစ်သခင်ကြီး ပြောပြခဲ့သည်။ ရွှီချင်းသည် တားမြစ်ဓမ္မရတနာကြီးရှိရာအရပ်သို့ သွားကာ ခုနစ်ရက်ကြာ ကြိုးစားရန် စီစဉ်ထားသည်။
သို့သော်လည်း တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ဖွင့်မည့် သူ၏အစီအစဉ်သည် အတိုင်းအတာတစ်ခုအထိ အန္တရာယ်ရှိသည်။
ရွှီချင်းသည် ထိုအစီအစဉ်အား အကောင်ထည်ဖော်သင့်၊ မဖော်သင့် တွေးကာ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
“ တားမြစ်ဓမ္မရတနာကို ကြည့်ပြီးမှပဲ ငါ ဆုံးဖြတ်တော့မယ် ”
ရွှီချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ တစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးကို ဖွင့်ရေးနှင့် ပတ်သက်၍ သူ ဖွင့်နိုင်လျှင် အကောင်းဆုံးဖြစ်သည်ဟု ခံစားရသည်။ အကယ်၍ မဖွင့်နိုင်ခဲ့လျှင်လည်း သူ လက်ခံနိုင်သည်။
ထို့ကြောင့် နောက်ရက်အနည်းငယ်အတွင်း ကျင့်ကြံခြင်းအပြင် တစ်ရာနှစ်ဆယ့်တစ်ခုမြောက် တံခါးကို ဖွင့်ရေးနှင့် ပတ်သက်သည့်အစီအစဉ်အား လက်စသတ်လိုက်ပြီး အဆင့်တိုင်းကို သေချာစစ်ဆေးကြည့်လိုက်သည်။
ခုနစ်ရက်မြောက်နေ့ နေဝင်ရီတရောအချိန်တွင် ရွှီချင်းသည် ကျန်းစန်းထံမှ မှော်သင်္ဘောကို ပြင်ဆင်ပြီးပြီဖြစ်ကြောင်း အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။
ရွှီချင်းသည် အသံလွှင့်ကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်ပြီး အထူးလုံခြုံရေးဌာနအပြင်ဘက်သို့ လျှောက်သွားသည်။
“ မနက်ဖန်၊ ဂိုဏ်းရဲ့တားမြစ်ဓမ္မရတနာရှိတဲ့ဆီ သွားမယ် ”
ရွှီချင်းက ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ထွက်သွားပြီးနောက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
ထိုနေဝင်ရီတရောအချိန်သည် အတိတ်က နေ့ရက်တစ်ရက်နှင့် အလွန် ဆင်တူနေသည်။ ကောင်းကင်တစ်ခွင် နီစွေးနေသော တိမ်စိုင်များက နေရာယူထားပေရာ ကောင်းကင်ကြီး နီမြန်းနေတော့သည်။ နတ်ဘုရား၏ မျက်နှာပျက်ကြီးကိုလည်း အနီရောင်အလင်းများ ရောင်ပြန်ဟပ်နေသည်။
ယင်းသည် သွေးနီရောင်အလင်းနှင့် ဆင်တူသည်။
ရွှီချင်းသည် အကြည့်လွှဲလိုက်သည်။
မည်သည့်အတွက်ကြောင့်မသိ ထိတ်လန့်ကြောက်ရွံ့လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခံစားချက်မျိုး ယခင်က တစ်ခါမှ ပေါ်မလာခဲ့ဖူးဘဲ ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်လာခဲ့ပေရာ ဖော်ပြ၍မရနိုင်လောက်အောင် စိတ်မသက်မသာ ဖြစ်နေရသည်။
သို့သော်လည်း ထိုသို့ စိတ်မသက်မသာဖြစ်နေရသည့်အကြောင်းရင်းကို သူ ရှာမတွေ့ပေ။
ရွှီချင်းသည် သယ်ယူပို့ဆောင်ရေးဌာနသို့ တိတ်ဆိတ်စွာ သွားလိုက်သည်။ မကြာခင် မျက်နှာမဲ့မှော်သင်္ဘောကြီးကို သူ မြင်လိုက်ရသည်။
မှော်သင်္ဘောကြီး၏ ပုံပန်းသွင်ပြင်သည် ယခင်နှင့် ကွာခြားသွားခြင်းမရှိပါသော်လည်း အနည်းငယ် ကွဲပြားမှုများ ရှိနေသေးသည်။ နတ်အစွမ်းများ သိသိသာသာ ပို၍ သိပ်သည်းလာပြီး မှော်သင်္ဘောထဲတွင် ထူးခြားသော အစီအရင်ကမ္ပည်းစာများစွာကို ရေးထွင်းထားသည်။
“ မှော်စစ်သင်္ဘောကို ပိုကောင်းလာအောင်လို့ မင်းရဲ့အစောင့်အရှောက်ဝိညာဉ်အတွက် ဒါတွေ ငါ ပြင်ထားတာပဲ။ ငါ အသေးစိတ်မသွားတော့ဘူး။ အခု မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်က နည်းလမ်းအတိုင်း မင်းကိုယ်ထဲက ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ကို ဒီသင်္ဘောထဲ ပေါင်းစပ်လိုက် ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ကိုယ်ထဲရှိ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်က မီးတောက်တစ်ရာ့နှစ်ဆယ် ပေါက်ကွဲလာသည့်အလား ချက်ချင်း ပွင့်လာသည်။
ဓမ္မစွမ်းအားများ မြင့်တက်လာပြီး ကောင်းကင်ယံသို့ မီးတောက်များ လွင့်ပျံတက်လာရာ ပတ်ဝန်းကျင်အပူချိန်မှာ ချက်ချင်းပင် အလွန်မြင့်မားသွားသည်။
မြေပြင် အက်ကွဲလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရှုံ့တွလာသည်။ ကျန်းစန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အလျင်အမြန် နောက်ဆုတ်လိုက်ပါသော်လည်း ကြောက်စိတ်မပျယ်သေးပေ။
ထိုအချိန်၌ ရွှီချင်းထံမှ ဖိအားကြောင့် သူ၏စိတ် မငြိမ်မသက်ဖြစ်နေရသည်။ သူ၏အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများ နာကျင်လာသည်။
“ အားကောင်းလှချည်လားဟ ”
ကျန်းစန်း၏အတွေးများ ယောက်ယက်ခတ်နေစဉ် ရွှီချင်းသည် ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်ကာ တံဆိပ်တော်များ မြန်ဆန်သည်ထက် မြန်ဆန်စွာ ဖြစ်လာသည်။
တံဆိပ်တော်များ၏ အကူအညီဖြင့် သူသည် မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်မှ နည်းလမ်းအတိုင်း သူ့ကိုယ်ထဲရှိ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ထဲတွင် ချုပ်နှောင်ထားသော ဝိညာဉ်တစ်ဝက်ကို ဆွဲနှုတ်ကာ ခန္ဓာအပြင်ဘက်တွင် ဖြန့်ကျဲလိုက်ရာ ဧရာမဝိညာဉ်အရိပ်ကြီး ဖြစ်လာသည်။
ထိုဝိညာဉ်အရိပ်သည် သွေးဆာနေသောအမူအရာရှိပြီး ၎င်း၏ကိုယ်ပေါ်တွင် မျက်နှာများ မရေမတွက်နိုင်လောက်အောင် ပေါ်လာသည်။ ၎င်းထံမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဝမ်းနည်းပူဆွေးခြင်းများ ပြည့်နှက်သွားသည်။
ရွှီချင်း၏ လက်ဟန်က ရုတ်တရက် ပြောင်းလဲသွားပြီး အမှောင်ဝိညာဉ်မီးတောက် ဖြာထွက်လာကာ ထိုဝိညာဉ်အရိပ်ကို ချပ်ဝတ်တန်ဆာတစ်ခုသဖွယ် လွှမ်းခြုံသွားသည်။
ထိုချပ်ဝတ်တန်ဆာအောက်တွင် ဝိညာဉ်အရိပ်၏ ဝမ်းနည်းပူဆွေးသောအငွေ့အသက်များ ချက်ချင်း ချုပ်နှောင်ခံလိုက်ရသည်။ ထို့နောက် ရွှီချင်းသည် မှော်သင်္ဘောကို လက်ညှိုးညွှန်လိုက်သည်။ ရုတ်တရက် လေထဲသို့ သွေးဆာနေသော ဝိညာဉ်အရိပ် ပျံတက်လာပြီး မှော်သင်္ဘောကြီးဆီသို့ ဦးတည်သွားသည်။
ကျန်းစန်းက ဘေးမှ အလျင်အမြန် အကူအညီပေးလိုက်ပြီး မှော်သင်္ဘော၏ စွမ်းအားများကို နှိုးဆွလိုက်သည်။ တခဏလေးအတွင်း မှော်သင်္ဘော တဝီဝီမြည်လာသည်။ ဝိညာဉ်အရိပ်က မှော်သင်္ဘောနှင့် ထိတွေ့သွားသည့်အချိန်တွင် မှော်သင်္ဘောမှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်လာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သံတုတ်နက်ထဲမှနေ၍ အာရုံစိုက်နေသည်။
ယင်းသည် မိစ္ဆာရွှီ၏ ဒုတိယမြောက်အစောင့်အရှောက်ဝိညာဉ်ဖြစ်လာမည်ဖြစ်သည်။ သူ ရွေးချယ်ခွင့်မရှိပါသော်လည်း ထိုအရိပ်က သူ့အတွက် ကြီးမားသောအန္တရာယ်ဖြစ်လာမည် ဖြစ်သည်။
အရိပ်ကြီးသည် မှော်သင်္ဘောနှင့် လုံးလုံးလျားလျား ပေါင်းစည်းသွားပြီ ဖြစ်သည်။ မှော်သင်္ဘောကြီး တုန်ခါသွားပြီး သင်္ဘောထိပ်ပိုင်းရှိ မျက်နှာမဲ့ကြီး တဖြည်းဖြည်း ဝေဝါးသွားပြီး သွေးဆာနေသော မျက်နှာကြီး ပေါ်လာသည်။
ယင်းသည် ဝိညာဉ်အရိပ်၏ မျက်နှာကြီး ဖြစ်သည်။
ရွှီချင်း၏ စိတ်ထဲတွင် တစ်ခါမှမရှိခဲ့ဖူးသော မှော်သင်္ဘောကြီးနှင့် အချိတ်အဆက် ပေါ်လာသည်။ သူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး မှော်သင်္ဘောက သူ့ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်လာသည့်ပမာ ခံစားနေရသည်။
ထိုအချိန်၌ မှော်သင်္ဘောကို သူ လုံးလုံးလျားလျား နားလည်လာခဲ့ပြီ ဖြစ်သည်။ ထိုအချက်ဖြင့်ပင် မှော်သင်္ဘော၏ စွမ်းအင်များစွာကို သူ အသုံးပြုနိုင်သွားပြီ ဖြစ်သည်။
ဝိညာဉ်အရိပ်ကြီး ပေါင်းစည်းသွားပြီးနောက် မှော်သင်္ဘော၏ အတွင်းရှိ မန္တန်အစီအရင်ကြီး အသက်ဝင်လာပြီး အခြေတည်အဆင့်ထက် သာလွန်ပြီး ရွှေအမြုတေအဆင့်ရှိသော ဖိအားတစ်ခု မှော်သင်္ဘောကြီးဆီမှ ထွက်ပေါ်လာသည်။
ထိုအချိန်၌ ယင်းသည် မှော်သင်္ဘောမဟုတ်တော့ မှော်စစ်သင်္ဘောကြီး ဖြစ်သွားပြီ ဖြစ်သည်။
ရွှီချင်း၏ မျက်လုံးများ တဖိတ်ဖိတ်လက်သွားသည်။ ဘေးရှိကျန်းစန်းသည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။
“ အောင်မြင်တယ် ”
တချိန်တည်းမှာပင် ကောင်းကင်ယံမှ နီစွေးသောရောင်ခြည်တန်းများ ဖြာကျနေစဉ် ရှစ်ဂိုဏ်းမဟာမိတ်၏ ပင်မြို့ကြီးထဲတွင် လူနှစ်ယောက်သည် လမ်းများပေါ် လျှောက်သွားနေ၏။
အစေခံနှင့် သခင်အလား တစ်ယောက်က ရှေ့မှာ သွားနေပြီး တစ်ယောက်က နောက်မှ လိုက်နေသည်။ သူတို့နှစ်ယောက်လုံး ဝတ်ရုံနက်များကို ဝတ်ဆင်ထားကြပြီး ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသော နတ်ဘုရား၏ မျက်နှာပျက်မျက်နှာဖုံးကို တပ်ဆင်ထားကြသည်။
“ သိပ်စည်ကားပြီး ထည်ဝါတဲ့မြို့ကြီးပဲ။ ညဉ့်ငှက်ရေ သွေးယဇ်ပူဇော်ပွဲ စတော့မှာလား ”
ရှေ့မှလူက ပြောလိုက်သည်။
“သခင်လေး၊ သွေးယဇ်ပူဇော်ပွဲစတော့မယ်လို့ အဲဒီလူက ပြောပါတယ် ”
နောက်မှ ဝတ်ရုံနက်က လေးစားစွာဖြင့် ဖြေလိုက်သည်။
ညဉ့်ငှက်ပြော၍ မဆုံးသေးခင်မှာပင် ရှစ်ဂိုဏ်းမဟာမိတ်အပြင်ဘက်တွင် မူလက ကြည်လင်နေခဲ့သော အင်မော်တယ်အားတိုးမြစ်ရေမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
မြစ်ရေတစ်စိတ်တစ်ပိုင်းက မည်းနက်လာ၏။