စင်မြင့်ထက်သို့ တက်လှမ်းလာသော ယဇ်ပူဇော်သူ
Vol. 27 Ch. 414
ရှစ်ဂိုဏ်းမဟာမိတ်၏တားမြစ်ရတနာကြောင့် စီအနိမ့်ဂိုဏ်း ပျက်စီးကာ ဆည်ကြီး ကျိုးသွားစဉ် အင်မော်တယ်အားတိုးမြစ်လက်တက်က ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးဘေးမှ ဖြတ်သန်းစီးဆင်းကာ ရှစ်ဂိုဏ်းမဟာမိတ်၏ ပိုင်နက်ထဲသို့ ဝင်ရောက်သွားသည်။
ထိုမြစ်လက်တက်သည် လမ်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော တိုင်းပြည်လေးများကို အားဖြည့်ပေးခဲ့ပြီး သာမန်လူအမြောက်အမြားကို အကျိုးကျေးဇူး ရစေခဲ့သည်။
ရှစ်ဂိုဏ်းမဟာမိတ်က ထိုမြစ်လက်တက် လုံခြုံရေးအတွက် အကြားအလပ်မရှိ ကင်းလှည့်ခဲ့သည်။
သို့သော် ယနေ့တွင် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထိုပြဿနာပေါ်ပေါက်လာသော မြစ်လက်တက်အပိုင်းက ရှစ်ဂိုဏ်းမဟာမိတ်နှင့် မဝေးပေ။
အမှန်စင်စစ် ထိုနေရာက ရှစ်ဂိုဏ်းမဟာမိတ်၏ ပိုင်နက်ထဲတွင် ရှိသည်ဟု ဆိုနိုင်သည်။ မည်သည့်အတွက်ကြောင့်မသိ မြစ်ရေက ရုတ်တရက် သာမန်အရောင်အဆင်းမှ မည်းနက်သွားသည်။
အဝေးမှကြည့်ပါက မြစ်လက်တက်အထက်ပိုင်းရှိ မြစ်ရေက အင်မော်တယ်ချီများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း မြစ်လက်တက်၏ ထိုအပိုင်းကို စီးဆင်းသွားပြီးနောက် မြစ်ရေမှ ငါးညှီနံ့များ ထွက်ပေါ်လာသည်။
မြစ်ရေထဲတွင် ဓာတ်နှောများ ထူထပ်သိပ်သည်းလာသည်။ ပင်မအင်မော်တယ်မြစ်ကြီးက ယင်ဟွမ်ပြည်နယ်၏ တားမြစ်ဒေသထဲသို့ စီးဆင်းသွားပြီးနောက် ပြန်ထွက်လာသောအခါ ဖြစ်ပျက်သွားပုံနှင့်ပင် ဆင်တူသည်။
မြစ်ထဲမှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ ကြောက်ခမန်းလိလိဓာတ်နှောများ ပျံ့နှံ့သွားသည်။ ဓာတ်နှောများ ဖုံးလွှမ်းခံလိုက်ရသည့်နေရာတိုင်း မြေပြင်မှာ တိုက်စားခံလိုက်ရပြီး အပင်များအားလုံး မည်းနက်သွားသည်။ သက်ရှိများသည်လည်း ဓာတ်နှောများထဲ မရှင်နိုင်ကြပေ။
ပို၍ ကြောက်စရာကောင်းသည်မှာ ထိုဓာတ်နှောမြူခိုးများက ယန်ဝိညာဉ်စွမ်းအားများကို ဝါးမျိုနိုင်ခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ယန်ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ နည်းပါးသွားသည်။
မြစ်ရေ၏ ထိုအပိုင်းမှာ သန္ဓေပြောင်းသည့်ဇစ်မြစ်တစ်ခု ဖြစ်လာသည်။
ထိုမြစ်ရေတစ်စက်မှာပင် ကြောက်ခမန်းလိလိ သိပ်သည်းထူထပ်သော ဓာတ်နောများ ကိန်းအောင်းနေသည်။ ထိုမြစ်ရေထဲတွင် မရေမတွက်နိုင်သော အနက်ရောင်အစက်များပင် ရှိနေသည်ကို ပကတိမျက်စိဖြင့် မြင်နိုင်ပြီး ထိုအနက်ရောင်အစက်များက သေမင်းတမန်များပမာပင်။
ထိုမြူခိုးများသည် ကောင်းကင်ကြီးကိုပင် သက်ရောက်သွားသည်။ ကောင်းကင်ယံတွင် တိမ်မည်းများဖြင့် ပြည့်နှက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အရိပ်မည်းကြီး ကျရောက်လာသည်။
မြစ်ထဲမှ မမြင်နိုင်သော အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။
ထိုအငွေ့အသက်များ ဖြတ်သန်းသွားသည့်နေရာတိုင်း နေထိုင်မှုပုံစံကို ပြောင်းလဲသွားစေဟန်တူပြီး အသက်ဝိညာဉ်ကို ဖျက်ဆီးကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေသည်။
ထိုမျှသာ မကသေး၊ ပြောင်းလဲသွားသော မြစ်ရေက အလွန် အဆိပ်ရှိသည်။ အဆိပ်များ ပြန့်လာသည်နှင့်အမျှ မြစ်ရေက လုံးဝ ညစ်ညမ်းသွားပြီး ပြင်းထန်သော တိုက်စားခြင်းများဖြင့် ပြည့်နှက်လာသည်။
မြစ်ထဲရှိ မရေမတွက်နိုင်သော ဝိညာဉ်ငါးများ သေဆုံးသွားပြီး မသေဘဲ ကျန်ရစ်သည့် ငါးများသည်လည်း သန္ဓေပြောင်းကာ စူးစူးဝါးဝါး အော်ဟစ်နေကြသည့် သားရဲများ ဖြစ်သွားသည်။
မြစ်ပြင်ပေါ် ပျံသန်းနေသော သတ္တဝါများသည်ပင် သန္ဓေပြောင်းသွားသည်။
နောက်ဆုံးတွင် မြစ်အောက်ကြမ်းပြင်မှ အငြိုးဝိညာဉ်များ ပေါ်လာသည်။ ထိုဝိညာဉ်များသည် မြစ်ကြောတစ်လျှောက် စုံချည်ဆန်ချည် ရွေ့လျားနေပေရာ ထိုမြစ်လက်တက်အပိုင်းအလွန်ရှိ မြစ်ရေက တစ္ဆေလောကကြီးတစ်ခုအဖြစ် သက်ဆင်းသွားသည့်အလားပင်။
ထိုအငြိုးဝိညာဉ်များသည် သာမန်ဝိညာဉ်များနှင့် ကွဲပြားသည်။ ၎င်းတို့ အေးစက်မည်းမှောင်သော အငွေ့အသက်များအစား ပြင်းထန်သော အပူဓာတ်ကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့ ပျံတက်ပြီး ပြန်ကျသွားသည့်အခါတိုင်း မြစ်ရေက ပွက်ပွက်ဆူသွားသည်။
တန်ခိုးရှင်တစ်ဦးသာ ရှိနေမည်ဆိုပါက ထိုအခြင်းအရာအားလုံး၏ ဇစ်မြစ်ကို မြင်နိုင်စွမ်း ရှိပေမည်။ ထိုဇစ်မြစ်သည်ကား မြစ်ကြမ်းပြင်တွင် တည်ဆောက်ထားသော ယဇ်ပလ္လင်ကြီး ဖြစ်ပေသည်။
ယဇ်ပလ္လင်ပေါ်တွင် ကိုယ်ယောင်ဖျောက်မန္တန်တစ်ခု သုံးထားသည်ဖြစ်၍ သာမန်အားဖြင့် မသိနိုင်ပေ။ ယဇ်ပလ္လင်ပေါ်တွင် အနက်ရောင်ပုလင်းလေးတစ်လုံးရှိပြီး ထိုပုလင်းမှ မည်းနက်သောအရည်များက မြစ်ရေနှင့် လျင်မြန်စွာ ပေါင်းစည်းနေသည်။
ထိုသို့ဖြင့် အင်မော်တယ်အားတိုးမြစ်လက်တက်ခွဲက ကြောက်ခမန်းလိလိ ဖျက်ဆီးခြင်းစွမ်းအားများကို သယ်ဆောင်၍ ရှစ်ဂိုဏ်းမဟာမိတ်ဆီသို့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းသွားသည်။
ထိုမြစ်လက်တက်အပိုင်းက နီးကပ်သည်ဖြစ်၍ ကြောက်မက်ဖွယ်မြစ်ရေက မဟာမိတ်မြို့ကြီး၏ ဆိပ်ကမ်းသို့ ချက်ချင်း ရောက်သွားသည်။
ရှစ်ဂိုဏ်းမဟာမိတ်က ထိုကဲ့သို့ အခြေအနေအတွက် စီစဉ်ထားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ထိုအစီအမံများအားလုံးကို ရည်ရွယ်ထားဟန်တူပြီး ထိရောက်မှုမရှိပေ။
အစီအရင်များ ပျက်စီးသွားပြီး ဆည်ကြီး တိုက်စားခံရကာ မန္တန်များမှ ဖြစ်ပေါ်လာသော အကာအကွယ်များ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။
မြစ်ရေကို ချုပ်နှောင်ရန် ရေခဲစွမ်းအားများကို အသက်သွင်းလိုက်ပါသော်လည်း တဟုန်းဟုန်း တောက်လောင်နေသော ဝိညာဉ်များကို ရေခဲများက ကြာရှည်အောင် မချုပ်နှောင်နိုင်ပေ။
တခဏလေးအတွင်း ရှစ်ဂိုဏ်းမဟာမိတ်တစ်ခုလုံး တုန်ခါသွားသည်။ အချက်ပေးခေါင်းလောင်းသံများ ဂိုဏ်းတိုင်းမှ ပျံ့လွင့်လာပြီး ဂိုဏ်းသားအမြောက်အမြား ပြေးထွက်လာကြသည်။
သူတို့သည် အံ့သြတုန်လှုပ်နေသည့်အမူအရာများဖြင့် အင်မော်တယ်အားတိုးမြစ်ရှိရာသို့ ဦးတည်သွားကြသည်။
ထိုညစ်ညမ်းမြစ်ရေအား ပင်မမြို့ကြီးထဲသို့ စီးဆင်းစေ၍ မဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိကြသည်။ အကယ်၍ စီးဆင်းသွားခဲ့လျှင် ရှစ်ဂိုဏ်းမဟာမိတ်မှာ အကြီးအကျယ် ပျက်စီးသွားရမည် ဖြစ်သည်။
သို့သော် ရှစ်ဂိုဏ်းမဟာမိတ်သည် ယင်ဟွမ်ပြည်နယ်ရှိ အင်အားကြီးအုပ်စုခြောက်စုအနက် တစ်စု မဟုတ်ပါလား။ သူတို့မှာ ခိုင်မာသော အုတ်မြစ်ရှိသည်။ သူတို့ ကြိုတင်ပြင်ဆင်ထားသည့် အစီအမံများ ပျက်စီးသွားခဲ့ပါသော်လည်း ဂိုဏ်းသားများ မသိသော အစီအမံများစွာ ရှိသေးသည်။ ဂိုဏ်းစောင့်ဘိုးဘိုးများနှင့် ဂိုဏ်းချုပ်များသာ ထိုအကြောင်းကို သိကြသည်။
မကြာခင် ဂိုဏ်းချုပ်များနှင့် ဂိုဏ်းစောင့်ဘိုးဘိုးများ ပေါ်လာပြီး မဟာမိတ်မြို့ကြီးအပြင်ဘက်ရှိ မြေပြင်မှ မြေသားနံရံများ ပေါ်လာကာ တဝေါဝေါစီးဆင်းနေသော မြစ်ရေကို တားဆီးလိုက်သည်။
မြစ်ထဲမှ စူးရှသော ဓားချီများလည်း ပေါ်လာကာ မြစ်ထဲရှိ အရာအားလုံးကို လျင်မြန်စွာ သတ်ဖြတ်ချေမှုန်းလိုက်လေသည်။
မြစ်ထဲရှိ ဓာတ်နှောများနှင့် အဆိပ်များ ဓာတ်ပျယ်စေရန် ဆေးလုံးအမြောက်အမြား ပစ်လွှင့်လိုက်သည်။
ဘိုးဘေးများသည်လည်း လှုပ်ရှားလိုက်ကြပြီး ပြန့်နှံ့နေသော မြူခိုးများကို တားဆီးလိုက်သည်။ မြေပြင်မှာ တဝုန်းဝုန်းမြည်ဟည်းသွားပြီး မြစ်ရေစီးကြောင်းအသစ်တစ်ခု ပေါ်လာသည်။ ထိုမြစ်ရေစီးကြောင်းသည် မဟာမိတ်၏ ပင်မမြို့ကြီးကို ကွေ့ပတ်သွားကာ တားမြစ်ပင်လယ်ထဲသို့ စီးဆင်းသွားသည်။
ထိုနည်းလမ်းများအားလုံးသည် အဆိပ်မြစ်ရေ၏ ညစ်ညမ်းဓာတ်အများစုကို ချက်ချင်း လျော့ပါးသွားစေသည်။
ရှစ်ဂိုဏ်းမဟာမိတ်၏ အလိုက်သင့်အလျားသင့် ဆောင်ရွက်နိုင်မှုသည် အင်အားကြီးအုပ်စုခြောက်စုအနက် တစ်စုဆိုသော ဂုဏ်ပုဒ်နှင့် လိုက်ဖက်ညီပေသည်။
သို့သော်လည်း ဓာတ်နှောများနှင့် အဆိပ်များက ပျံ့နှံ့နေဆဲဖြစ်ပြီး မဟာမိတ်ဂိုဏ်းသားများစွာက ဖယ်ရှားရန် ဆောင်ရွက်လိုက်ကြသည်။
မြစ်ရေ ရောက်ရှိလာခြင်းသည် တစ်ကဏ္ဍသာ ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဇစ်မြစ်ကို ရှာဖွေရန် ဖြစ်သည်။
ဂိုဏ်းအသီးသီးမှ ထိပ်သီးကျင့်ကြံသူများနှင့် ဂိုဏ်းစောင့်ဘိုးဘိုးများက ပြဿနာ၏ဇစ်မြစ်ဆီသို့ တဟုန်ထိုး သွားကြလေသည်။
ရှစ်ဂိုဏ်းမဟာမိတ်၏ ဂိုဏ်းအသီးသီးရှိ ဂိုဏ်းသားများမှာ အလွန် အလုပ်ရှုပ်နေပါသော်လည်း အရာအားလုံး စနစ်တကျ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
ထိုအချိန်၌ ရွှီချင်းသည် သယ်ယူပို့ဆောင်ရေးဌာနထဲတွင် သူ၏မှော်စစ်သင်္ဘောနှင့်အတူ ရှိနေသည်။ ထိုဖြစ်ရပ်ကို မြင်သောအခါ အသံလွှင့်ကျောက်စိမ်းပေလွှာဖြင့် ဂိုဏ်း၏ လွှဲပြောင်းအမိန့်များနှင့် အစီအမံများကို ချက်ချင်း ပို့လွှတ်လိုက်သည်။
ကျန်းစန်းမှာ အလန့်တကြား ဖြစ်သွားသည်။ သူ တုန်ရီနေစဉ် သူသည်လည်း တာဝန်များ လက်ခံရရှိလိုက်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး မျက်လုံးများထဲမှ လေးနက်တည်ကြည်သောအကြည့်ကို သတိထားမိလိုက်ကြသည်။ သူတို့သည် နောက်ထပ်အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်း လူစုခွဲလိုက်သည်။
“ တစ်ခုခု ဖြစ်နေပြီ ”
ရွှီချင်းသည် မြူခိုးများ ခပ်ရေးရေး ဖုံးလွှမ်းထားသော တိမ်နီများကို ကြည့်လိုက်သည်။ အနီရောင်နှင့် အနက်ရောင် မိုးသားတိမ်စိုင်များကြားတွင် ခရမ်းရောင်အလင်းတစ်စ ပေါ်လာသည်။
ထိုခရမ်းရောင်အလင်းကြောင့် မကြာသေးခင်က သူ ခံစားခဲ့ရသည် ကြောက်ရွံ့ထိတ်လန့်ခြင်းများကို ပြန်တွေးမိလိုက်သည်။
ထိုခံစားချက်က ရှိနေဆဲပင်။
သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်း၏ ဂိတ်တံခါးသို့ သူ တန်းတန်းမတ်မတ် သွားလိုက်သည်။ သူ လက်ခံရရှိခဲ့သည့် တာဝန်မှာ ဂိုဏ်းဂိတ်တံခါးကို စောင့်ကြပ်ရန် ဖြစ်သည်။
စူးရှသောအမြင်ရှိသည့် မည်သူမဆို မြစ်ရေညစ်ညမ်းသွားခြင်းသည် အပေါ်ယံသာ ဖြစ်နိုင်ချေရှိကြောင်း ပြောနိုင်ပေသည်။
သို့သော်လည်း ထိုကိစ္စကို ကိုင်တွယ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ဓာတ်နှောများနှင့် အဆိပ်ကို ဖယ်ရှားရန်ဖြစ်စေ သို့မဟုတ် ပြဿနာဇစ်မြစ်ကို မြစ်လက်တက်ခွဲ၏ ထိုအပိုင်းသို့ သွားရန်ဖြစ်စေ အရာအားလုံးက လိုအပ်သည်။
ထိုအခြင်းအရာများသာ ဆိုပါက ရှစ်ဂိုဏ်းမဟာမိတ်အတွက် ရေးကြီးခွင်ကျယ်မဟုတ်ပေ။ ထိုပြဿနာများကို တခဏလေးအတွင်း ဖြေရှင်းနိုင်မည် ဖြစ်သည်။
အရာအားလုံးက နောက်ဆက်တွဲ ရှိ၊ မရှိအပေါ်တွင် မူတည်နေပေသည်။
သူပင် တွေးမိလျှင် မဟာမိတ်မှ ထိပ်သီးပုဂ္ဂိုလ်များ မတွေးမိနိုင်စရာ အကြောင်းမရှိကြောင်း ရွှီချင်း သိသည်။ ထို့ကြောင့် သူ အရှိန်တင်လိုက်သည်။
ဂိုဏ်းဂိတ်တံခါးသို့ သွားရာလမ်းတွင် ပင်မမြို့ကြီးကို ရွှီချင်း ဝေ့ကြည့်လိုက်သည်။ မရေမတွက်နိုင်သော သာမန်လူများ၏ အထိတ်တလန့်ဖြစ်နေပုံများနှင့် ဂိုစ်းသားများ၏ မျက်နှာများပေါ်က စိုးရိမ်ပူပန်နေသည့်အမူအရာများကို သူ မြင်လိုက်ရသည်။
လူအားလုံး အလုပ်ရှုပ်နေကြပါသော်လည်း ဘာမှန်းမသိသည့်အရာကြောင့် စိတ်မသက်မသာ ဖြစ်နေကြသည်။
ဂိုဏ်းအသီးသီး၏ တားမြစ်ဓမ္မရတနာများကိုပင် တစ်ခုပြီးတစ်ခု အသက်သွင်းလိုက်ကြရာ အမည်မသိ ရန်သူတော်ကို ရင်ဆိုင်ရန် အလင်းတန်းများ ထွက်ပေါ်လာသည်။
ဂိုဏ်းအသီးသီးမှ တားမြစ်ဓမ္မရတနာများ၏ အလင်းများ ဖြာထွက်လာစဉ် တိမ်လွှာဓားဂိုဏ်းမှ အနီရောင်အလင်းတန်းတစ်တန်းက ပြိုးပြိုးပြက်ပြက်ဝင်းလက်စွာဖြင့် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအနီရောင်ပေါ်ပေါက်လာခြင်းသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေပြီး မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်သွားသည်။
တခဏလေးအတွင်း ထိုအနီရောင်အလင်းတန်းကို လူအားလုံး အကြည့်ရောက်သွားသည်။
ဂိုဏ်းသားများသည် အကြောင်းအရင်းကို မသိရသေးပါသော်လည်း ထိုအလင်းတန်းကို မြင်၍ ခန့်မှန်းချက်မျိုးစုံ ပေါ်လာသည်။
တချိန်တည်းမှာပင် တခြားဘိုးဘေးသုံးယောက်နှင့်အတူ ပြဿနာရင်းမြစ်ဖြစ်သော မြစ်လက်တက်နေရာသို့သွားကာ ဖြေရှင်းနေသည့် တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည် ထိုဖြစ်ရပ်ကို မြင်သောအခါ မျက်နှာပျက်သွားသည်။
အဘယ်ကြောင့်ဆိုသော် တားမြစ်ဓမ္မရတနာကို အသက်သွင်းလိုက်သည်မှာ သူ မဟုတ်သောကြောင့် ဖြစ်သည်။
ကောင်းကင်ယံတွင် တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာက သွေးကဲ့သို့ နီစွေးသောအရောင်များ ဖြာထွက်နေသည်။ ယင်းသည် ဧရာမသွေးသစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားသည်။
ထိုထည်ဝါသော သစ်ပင်ကြီးသည် ကောင်းကင်ယံတွင် မားမားမတ်မတ် ရပ်လိုက်သည်။ သစ်ပင်ကြီး၏ ပင်စည်က ထူထပ်ကာ နီမြန်းသည်။ သစ်ပင်ကြီးပေါ်တွင် မရေမတွက်နိုင်သော မျက်နှာများ ပေါ်လာပြီး ထိုမျက်နှာများအားလုံး စူးစူးဝါးဝါး အော်မြည်လိုက်ကြသည်။
သစ်ပင်ကြီး၏ အသင်္ချေသော သစ်ရွက်များက ရပ်တန့်မရနိုင်သော ဓားချီများကို ထုတ်လွှတ်လိုက်ရာ ကောင်းကင်ကြီး တဂျိမ်းဂျိမ်းမြည်ဟည်းကာ မရေမတွက်နိုင်သော ဓားအရှိန်အဝါများ ထွက်ပေါ်နေသည့် ဧရာမလေပွေကြီးတစ်ခု ပေါ်လာသည်။
ထိုလေပွေကြီးသည် ရှစ်ဂိုဏ်းမဟာမိတ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး လေပွေကြီး၏ အရှိန်အဝါက ကောင်းကင်ကြီးကို တုန်ခါသွားစေသည်။
ယခုလောလောဆယ်တွင် ရွှီချင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ တောင်ဂိတ်တံခါးအနီးသို့ ရောက်နေပြီ ဖြစ်သည်။ သူ ခေါင်းမော့လိုက်ပြီး ထိုမြင်ကွင်းကို မြင်သည့်အခါ မျက်နှာအမူအရာပြောင်းလဲသွားသည်။ ထိုလေပွေကြီးမှ လာနေသော ကြောက်ခမန်းလိလိ ဖိအားကို အာရုံခံမိလိုက်သည်။ ကောင်းကင်ကြီးက သွေးရောင်ဓားပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ ထိုပင်လယ်ကြီးသည် လောကကြီးကို တုန်ခါနိုင်သောအစွမ်းများ ရှီနေပေသည်။
ဧရာမသစ်ပင်ကြီးပေါ်တွင် လူရိပ်တစ်ရိပ် ပေါ်လာသည်။
ထိုလူရိပ်သည် ခေါင်းတွင် အပြာရောင်သရဖူကို ဆောင်းထားပြီး ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် တိမ်လွှာရုပ်ပုံများ စီးဆင်းနေသည့် သုံးရောင်ခြည်ကြေးဓားကြီးအပေါ်တွင် ရပ်လိုက်သည်။ သူ့မျက်နှာ ဖြူဖျော့နေပါသော်လည်း ချောမောသော သူ၏ရုပ်ရည်ကို ကွယ်ဝှက်ရန် မတတ်နိုင်ပေ။ သို့သော်လည်း ညာဘက်မျက်လုံး ဟောက်ပက်ဖြစ်နေခြင်းနှင့် ဘယ်မျက်လုံးရှိ ရက်စက်ကြမ်းကြုတ်ခြင်းတို့ကြောင့် သူ့ပုံစံက မိစ္ဆာဆန်နေတော့သည်။
သူ့ကို ကြည့်၍ လူအားလုံး အံ့အားသင့်သွားကြသည်။
သူက သူတော်စင်ကြယ် ဖြစ်ပေသည်။
သူတော်စင်ကြယ်သည် မြေပြင်ကို ငုံ့ကြည့်ကာ ပြုံးလိုက်သည်။
သူ၏အပြုံးက ခံစားချက်များ၊ ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ ဒါ ကျုပ်ရဲ့ သွေးယဇ်ပူဇော်ပွဲပဲ ”
သူ့ပါးစပ်မှ ထိုစကားများ ထွက်လာသည်နှင့် သူ့အောက်ရှိ သွေးသစ်ပင်ကြီး ပေါက်ကွဲကာ အနီရောင်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခွင် ပြည့်နှက်သွားသည်။ ထို့နောက် ထိုအနီရောင်ပင်လယ်ကြီးက ချီရွှဲ့ထုံဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ပြေးဝင်သွားသည်။
အလွန် နီးကပ်နေပြီး သွေးပင်လယ်ကြီးက မြန်ဆန်သည်ဖြစ်၍ မျက်တောင်တစ်ခတ်အတွင်း ချီရွှဲ့ထုံဂိုဏ်းကို အနီရောင်အလင်းများ သက်ဆင်းသွားသည်။
ချီရွှဲ့ထုံဂိုဏ်း၏ ဂိတ်တံခါးဆီမှ ချောက်ချားဖွယ် သွေးသစ်ပင်ကြီး မြင့်တက်လာသည်။
လောကကြီး တုန်ခါနေစဉ် သူတော်စင်ကြယ်သည် လက်နှစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ကာ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။
“ အလင်းတမန်၊ ကြည့်ပါလော့ ”
ရှစ်ဂိုဏ်းမဟာမိတ်တစ်ခုလုံး ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ တိမ်လွှာဓားဂိုဏ်း၏ ပင်မမြို့ကြီးထဲရှိ စံအိမ်တစ်အိမ်၏ ခေါင်မိုးပေါ်တွင် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ကာ နတ်ဘုရား၏ မျက်နှာပျက်ကြီး မျက်နှာဖုံးများကို တပ်ဆင်ထားသော လူနှစ်ယောက် ရှိသည်။ တစ်ယောက်က ထိုင်နေပြီး တခြားတစ်ယောက်က မတ်တတ်ရပ်နေသည်။
ထိုင်နေသော ဝတ်ရုံနက်လူသည် လက်ထဲရှိ ရှေးဟောင်းသစ်သားသေတ္တာလေးနှင့် ကစားနေသည်။ သူသည် သစ်သားသေတ္တာလေးကို ပိတ်ချည်၊ဖွင့်ချည်လုပ်နေရင်း ကောင်းကင်ယံရှိ သူတော်စင်ကြယ်ကို ကြည့်လိုက်သည်။ သူသည် မြေပြင်မှာ ရှိပြီး သူတော်စင်ကြယ်က ကောင်းကင်ယံတွင် ရှိပါသော်လည်း သူတော်စင်ကြယ်ကို ပုရွက်ဆိတ်တစ်ကောင်ပမာ ကြည့်နေသည်။ သူသည် ပြုံး၍ လူငယ်တစ်ယောက်၏လေသံဖြင့် ပြောလိုက်သည်။
“ ညဉ့်ငှက်၊ အဲဒါ သူ့ သွေးယဇ်ပူဇော်ပွဲလား ”
“ သခင်လေး၊ သူ မဟုတ်ပါဘူး ”
ညဉ့်ငှက်က လေးစားစွာဖြင့် ပြောလိုက်သည်။ ထို့နောက် ချီရွှဲ့ထုံဂိုဏ်းတည်ရှိရာအရပ်သို့ ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲ ကြယ်အလင်းတန်းများ ဖြတ်ပြေးသွားပြီး သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ သခင်လေး၊ ခံစားကြည့်ပါဦး။ ချီရွှဲ့ထုံဂိုဏ်းကို ကျုပ် နှုတ်ဆက်လက်ဆောင်သွားပေးပါတော့မယ်။ ဒါပြီးရင် ယင်ဟွမ်ပြည်နယ်တစ်ခုလုံး သခင်လေးကို သိသွားပြီး အလင်းတမန်ကိုလည်း အသွင်တစ်မျိုးနဲ့ နားလည်လာမယ်လို့ ထင်ပါတယ်။ အရင်တုန်းက အလင်းတမန်ဆိုတာ သာမန်အဖွဲ့အစည်းလေးတစ်ခုလို့ပဲ သူတို့ ထင်နေကြတာပါ။ ဒါပေမဲ့ သခင်လေး ရောက်လာတာနဲ့အတူ အလင်းတမန်က လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ ”
“ သွား ”
ဝတ်ရုံနက်လူငယ်က ပြုံးလိုက်သည်။ သူသည် လက်ထဲရှိ သစ်သားသေတ္တာလေးနှင့် ဆော့ကစားနေရင်း ချီရွှဲ့ထုံဂိုဏ်းတည်ရှိရာအရပ်သို့ လှည့်ကြည့်လိုက်သည်။
“ ညီလေးတော့ ထပ်ငိုရဦးမှာပဲ ”