တုန်လှုပ်ချောက်ချားစရာ အပြောင်းအလဲ
Vol. 27 Ch. 415
မြန်ဆန်လွန်းသော အဖြစ်အပျက်အလှည့်အပြောင်းများက လူတိုင်းကို အံ့သြတုန်လှုပ်သွားစေသည်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရှစ်ဂိုဏ်းမဟာမိတ်ဆီသို့ တဟုန်ထိုး ပျံသန်းသွားသည်။
သူ ရောက်သည်နှင့် ကောင်းကင်ယံတွင် ရပ်ကာ ဝေဟင်ရှိ နတ်ဘုရား၏ မျက်နှာပျက်ကြီးအား ကြည့်နေသော သူတော်စင်ကြယ်ကို ကြည့်လိုက်သည်။ ထို့နောက် ချီရွှဲ့ထုံဂိုဏ်းထဲရှိ မြေပြင်မှ မြင့်တက်လာနေသော သွေးရောင်သစ်ပင်ကိုကြည့်ကာ မျက်နှာအရုပ်ဆိုးသွားသည်။
တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို ထိန်းချုပ်နိုင်သော လူသုံးယောက်သာ ရှိသည်။ တစ်ယောက်က သူဖြစ်ပြီး တခြားတစ်ယောက်က တိမ်လွှာဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကာ နောက်ဆုံးတစ်ယောက်မှာ ဂိုဏ်းချုပ်နေရာကို ဆက်ခံမည့် သူ၏အကြီးဆုံးသား ဖြစ်သည်။
ထိုသူမှာ သူတော်စင်ကြယ်၏ အဖေပင်။
“ ချူထျန်ကျွင်း ”
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးက အော်ဟစ်လိုက်သည်။
“ အဖေ ”
တိမ်လွှာဓားဂိုဏ်းထဲမှ သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ပျံထွက်လာပြီး သူတော်စင်ကြယ်၏ ဘေးတွင် ရပ်လိုက်သည်။ သူသည် လက်နှစ်ဖက်ကို ဆုပ်၍ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးကို အရိုအသေပေးလိုက်သည်။
ထိုသူသည် နန်းဟွမ်ကျွန်းကြီးရှိ ချီရွှဲ့ထုံဂိုဏ်းထဲတွင် အမှတ်ခုနစ်သခင်ကြီး၏ လက်ချက်ဖြင့် ခန္ဓာပျက်စီးသွားခဲ့သော သူတော်စင်ကြယ်၏အဖေ ဖြစ်ပေသည်။
“ မင်း ဘာလို့ ဒါတွေ လုပ်နေတာတုံး ”
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးက အော်ငေါက်လိုက်သည်။
“ အဖေ၊ နားမလည်ဘူးလား ”
သူတော်စင်ကြယ်၏အဖေက ပြုံး၍ ပြောလိုက်သည်။ သို့သော် သူ့မျက်လုံးများထဲတွင် အမုန်းတရားများနှင့် ပြည့်နှက်နေပြီး တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးကို မကျေနပ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ ကျုပ်သားက သိပ်အပြစ်ကင်းပါတယ်။ သူ့အနေနဲ့ ရင်းချင်းဆင်အမြွှာ မွေးလာဖို့ မဖြစ်နိုင်ပါဘူး။ သာမန်ရင်ချင်းဆက်အမြွှာတွေပဲ ဖြစ်သင့်တာ။ သူတို့ကို ရန်သူကြီးတွေလို တစ်ယောက်နဲ့တစ်ယောက် ဝါးမျိုအောင် လျှို့ဝှက်လုပ်ဆောင်ခဲ့တာ အဖေပဲ ”
“ ကျုပ်သားရဲ့ခန္ဓာကို အပိုင်စီးပြီး ဘဝသစ်ယူချင်တာ အဖေ့ရှည်မှန်းချက်မလား။ အဲဒီသက်စောင့်မီးအိမ်ဆိုတာလဲ ကံကြမ္မာကောင်းဆိုပေမဲ့ အဲဒီသက်စောင့်မီးအိမ်မှာ အဖေ့ရဲ့ ဝိညာဉ်အမှတ်အသား ရှိနေတာပဲ။ ကျုပ်သားရဲ့သေခြင်းရှင်ခြင်းက အဖေ့အပေါ်ပဲ မူတည်နေခဲ့တာ ”
“ အစက သူ့သက်စောင့်မီးအိမ် အခိုးခံလိုက်ရလို့ ကျုပ် တကယ် ဝမ်းသာသွားခဲ့တာ။ ဒါပေမဲ့ ကျုပ်ဒေါသကို မပြရင် အဖေက တစ်မျိုး ထင်သွားမှာ။ အဲဒါကြောင့် အဖေနဲ့အတူ နန်းဟွမ်ကျွန်းကို လိုက်ခဲ့တာပဲ ”
“ အဲဒီကိစ္စပြီးရင် ကျုပ်သားအပေါ်က အဖေ့ရဲ့ဆန္ဒကို လက်လျော့လိုက်မယ်လို့ ကျုပ် ထင်ထားခဲ့တာ။ ဒါပေမဲ့ အဖေ၊ အဖေက တကယ့်ကို ဘိုးဘေးတစ်ယောက် ပီသပါပေတယ်။ ကျုပ်သားကို မဟာမိတ်ခေါင်းဆောင်နဲ့ အလဲအထပ်လုပ်ဖို့ အသုံးချခဲ့တယ်။ ကျုပ်သားခန္ဓာကို အပိုင်စီးလို့ မရနိုင်တော့ မဟာမိတ်ခေါင်းဆောင်ကို ကိုယ်ပွားကို မွေးဖြူဖို့ ကျုပ်သားကို ပေးခဲ့တယ် ”
“ ဒီလိုမဟာမိတ်မျိုးကြောင့် ကျုပ် စိတ်ပျက်နာကြည်းရတယ်။ ဒီလိုအဖေတစ်ယောက်ကို မုန်းတီးလွန်းလို့ အသွေးအသားကိုပါ ဝါးမျိုပစ်ချင်တယ်။ အဲဒါကြောင့်လည်း ကျုပ် ခင်ဗျားကို သစ္စာဖော်လိုက်တာ ”
“ ချီရွှဲ့ထုံဂိုဏ်းကို အစက ကျုပ် ကျေးဇူးတင်နေတာ။ ဒါပေမဲ့ ကျုပ်သားက ချီရွှဲ့ထုံဂိုဏ်းကို အရိုးစွဲအောင် မုန်းနေတာ။ တိမ်လွှာဓားဂိုဏ်းထဲမှာ ဒီသွေးယဇ်ပူဇော်ပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ ကျုပ်သားရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ချီရွှဲ့ထုံဂိုဏ်းကို ကျုပ် ပြောင်းလိုက်ပြီ ”
“ မင်း မလွတ်နိုင်ပါဘူးကွ ”
တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည် သူ၏အကြီးဆုံးသားကို စူးစိုက်ကြည့်လိုက်ပြီး အထူးသဖြင့် သူ၏မျက်နှာပင်။ တစ်ခုခု လွဲမှားနေသည်ကို သူ ပြောနိုင်ပြီး သူ၏မျက်နှာက ပို၍ပင် အရုပ်ဆိုးသွားသည်။
သူတော်စင်ကြယ်၏ အဖေက ပြုံးလိုက်သည်။ သူ့မျက်နှာ လူးလွန့်သွားပြီး မျက်နှာဖုံးတစ်ခု ပေါ်လာသည်။ မျက်နှာဖုံးပေါ်တွင် နတ်ဘုရား၏ မျက်နှာပျက်ကြီး ရှိနေသည်။ တချိန်တည်းမှာပင် သူ့ပတ်လည်မှ စွမ်းအင်အငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်လာသည်။
ယင်းသည် သူ၏ကိုယ်ပိုင်စွမ်းအားမဟုတ်ဘဲ မျက်နှာဖုံးထဲတွင် ရှိနေသော နတ်စွမ်းအား ဖြစ်သည်။ ယင်းသည် ဒိုင်းကာတစ်ခုအသွင်ဖြင့် သူ့ကို လွှမ်းခြုံသွားသည်။
ထိုအကာအကွယ်နှင့်အတူ သူသည် သူ့အဖေ၏ ပြိုင်ဘက်မဟုတ်ပါသော်လည်း သူနှင့်သူ့သားကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အထိ ကာကွယ်နိုင်သည်။
“ တစ်ယောက်ယောက်က ငါ့ကို ဝင်ကြိတ်တော့မယ်။ ငါ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်လိုတယ် ”
တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်းထဲတွင် သွေးသစ်ပင်ကြီး ပေါ်လာသည်။ ကြောက်ခမန်းလိလိအရှိန်အဝါများ ဖြာထွက်လာပြီး ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားသည်။ မိုးသားတိမ်စိုင်များ နောက်သို့ လွင့်သွားပြီး တောင်ကြီးခုနစ်လုံး အရှိန်ပြင်းစွာ တုန်ခါလာသည်။ ကျောက်စိုင်ကျောက်သားများ လွင့်ကျလာပြီး ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး တုန်ခါလာတော့သည်။
တားမြစ်ဓမ္မရတနာကြီးဆီမှ ဂိုဏ်းသုတ်သင်ရေးစွမ်းအားများ ပေါက်ကွဲထွက်လာရာ တောင်များ ပြိုလဲကျတော့မည့်အလား ဖြစ်လာသည်။ သွေးသစ်ပင်ကြီးဆီမှ သွေးတစ္ဆေအမြောက်အမြား ပျံထွက်လာပြီး အုံလိုက်ကျင်းလိုက်ဖြစ်လာသည်။
အဝေးမှကြည့်ပါက ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး ဝေဝါးနေသည်ဖြစ်ရာ ဂိုဏ်းသားများ၏ စိတ်ထဲ တုန်ရီသွားသည်။
သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်းသည် မဟာမိတ်ထဲသို့ ဝင်ရောက်ပြီးနောက် သတိလက်လွတ်နေခြင်းမျိုး မရှိပေ။ အထူးသဖြင့် အမှတ်ခုနစ်သခင်ကြီးနှင့် ရွှယ်လျန့်ကျစ်တို့ကဲ့သို့ လိမ္မာပါးနပ်သော ခေါင်းဆောင်များကို ပိုင်ဆိုင်ထားသောအခါတွင် ဖြစ်သည်။ သွေးသစ်ပင်ကြီး ပေါ်လာသောအခါ ရွှယ်လျန့်ကျစ် ချက်ချင်း ပေါ်လာသည်။ သူသည် မရေမတွက်နိုင်သော သွေးအမျှင်တန်းများအဖြစ် ပြောင်းလဲပြီး သွေးသစ်ပင်ကြီးဆီသို့ ပြေးဝင်သွားသည်။ သူ၏မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များပင် ရှိနေသည်။
အမှတ်ခုနစ်သခင်ကြီးသည်လည်း ပေါ်လာပြီး သွေးသစ်ပင်ကြီးဆီသို့ ပြေးဝင်သွားကာ ရွှယ်လျန့်ကျစ်နှင့်အတူ သစ်ပင်ကြီးကို ချုပ်နှောင်လိုက်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရှိ ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာသည်ပင် ပေါ်လာသည်။ မျက်လုံးကြီး ခုနစ်လုံး ပွင့်လာသောအခါ ရှေးဟောင်းဧရာမမှန်ကြီးက ချီရွှဲ့ထုံဂိုဏ်းကို ချက်ချင်း မျက်နှာမူလိုက်သည်။
ဖိနှိပ်ခြင်းအောက်တွင် သွေးသစ်ပင်ကြီး အရှိန်ပြင်းစွာ တုန်ခါလာသည်။ သစ်ပင်ကြီး၏ ကြောက်ခမန်းလိလိ အငွေ့အသက်များ ဖိနှိပ်ခံနေရစဉ် သစ်ပင်ကြီးပေါ်တွင် မျက်လုံးတစ်လုံး ပေါ်လာသည်။ ထို့နောက် ဒုတိယမြောက်မျက်လုံးနှင့် တတိယမြောက်မျက်လုံးတို့ တစ်လုံးပြီးတစ်လုံး ပေါ်လာသည်။
ထိုမျက်လုံးများသည် ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာမှ မျက်လုံးများမှလွဲ၍ တခြားမဟုတ်ပေ။
မျက်လုံးများ ပေါ်လာပြီးနောက် စုပ်အားများ ပေါ်လာသည်။
ချီရွှဲ့ထုံဂိုဏ်းသည် တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို အမှန်ပင် စုပ်ယူနေခြင်း ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေကို သူတို့ ကြိုမြင်ထားခဲ့သည်လား၊ မမြင်ခဲ့သည်လား ပြောရန် ခက်ပေသည်။
ထိုကိစ္စတွင် ပါဝင်ရန် မြင့်မားသောကျင့်ကြံခြင်းအဆင့်တစ်ခု ရှိနေရမည်ဖြစ်သည်။ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ဘိုးဘေးနှင့် အမှတ်ခုနစ်သခင်ကြီးသာ ပါဝင်နိုင်သည်။ ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာနှင့်အတူ သူတို့သည် သွေးသစ်ပင်ကြီးကို လုံးလုံးလျားလျား ဖိနှိပ်နိုင်သွားသည်။
တချိန်တည်းမှာပင် တခြားဂိုဏ်းသားများမှာ အလန့်တကြား ဖြစ်နေပါသော်လည်း သက်ဆိုင်ရာတောင်သခင်အသီးသီး၏ အမိန့်များအောက်တွင် သွေးသစ်ပင်ကြီးမှ ဖြစ်လာသော သွေးတစ္ဆေများကို ဖျက်ဆီးရန် ဆောင်ရွက်လိုက်ကြသည်။
ချီရွှဲ့ထုံဂိုဏ်းသည် ပရမ်းပတာဖြစ်နေပုံရပါသော်ငြား အမှန်စင်စစ် အရာအားလုံးက အကောင်းဘက်သို့ ဦးတည်နေသည်။
ယင်းအပြင် တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို သူတို့ ချုပ်နှောင်နိုင်သည်နှင့် တားမြစ်ဓမ္မရတနာနှစ်ခုကို ရရှိသွားမည်ဖြစ်ပြီး သူတို့၏အင်အား တဟုန်ထိုး မြင့်တက်လာပေမည်။
ထိုအခြင်းအရာအားလုံးကို တခြားဂိုဏ်းများမှ ဂိုဏ်းစောင့်ဘိုးဘိုးများ မြင်ကြသည်။ သို့သော် သူတို့သည် သူတော်စင်ကြယ်နှင့် သူ၏အဖေတို့ကဲ့သို့ ယုံကြည်မှုရှိကာ စိတ်လက်ပေါ့ပါးနေကြသည်။ ခန့်မှန်းထားကြသလို အလေးအနက်ဖြစ်နေခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက်ကိစ္စမှာ ရှင်းလင်းပေသည်။
တိမ်လွှာဓားဂိုဏ်းမှ သူတော်စင်ကြယ်နှင့် သူ၏အဖေတို့က ဂိုဏ်းကိုသစ္စာဖောက်ကာ သွေးယဇ်ပူဇော်ပွဲလုပ်ခဲ့ကြသည်။ ထို့အတွက် မဟာမိတ်ကို အာရုံလွှဲရန် မြစ်ရေအား ညစ်ညမ်းစေခဲ့သည်။
ပွဲကြည့်ပရိသတ်က အလင်းတမန်အဖွဲ့ ဖြစ်နေမည်မှာ ပြောနေစရာပင် မလိုပေ။ အလင်းတမန်အဖွဲ့၌သာ သွေးယဇ်ပူဇော်ပွဲစည်းမျဉ်း ရှိသည် မဟုတ်ပါလား။
ထို့နောက် သွေးယဇ်ပူဇော်ပွဲကို ကြည့်ရှုနေသည့် အလင်းတမန်အဖွဲ့က မဟာမိတ်ထဲမှာပင် ရှိနေပေမည်။
ချီရွှဲ့ထုံဂိုဏ်းမှာမူ သွေးယဇ်ပူဇော်ပွဲ လုပ်ဆောင်ရာနေရာ ဖြစ်သွားပါသော်လည်း ကြီးကြီးမားမား ဆုံးရှုံးသွားရခြင်း မရှိပေ။
အင်မော်တယ်အားတိုးမြစ်သည်လည်း အတူတူပင်။ ဇစ်မြစ်ကို ရှာတွေ့သွားခဲ့ပြီး နုှတ်ယူလိုက်ပြီ ဖြစ်သည်။ မြစ်ရေသည် ပြန်လည်သန့်စင်ကြည်လင်သွားပြီး မြူခိုးများလည်း လွင့်ပါးနေပြီ ဖြစ်သည်။
ရှစ်ဂိုဏ်းမဟာမိတ်အတွက် အရာအားလုံးက ထိန်းချုပ်မှုအောက်တွင် ရှိနေပေသည်။
ရွှီချင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ ဂိုဏ်းဂိတ်တံခါးသို့ တဟုန်ထိုး သွားနေစဉ် ဧရာမသွေးသစ်ပင်ကြီး၊ တုန်ခါနေသော ဂိုဏ်းနယ်မြေ၊ သွေးတစ္ဆေများဆီ လူခွဲ၍ သွားနေသော ဂိုဏ်းသားများ၊ အမှတ်ခုနစ်သခင်ကြီးနှင့်အတူ သွေးသစ်ပင်ကြီးကို ချုပ်နှောင်နေသော ဘိုးဘေးတို့ကို မြင်လိုက်ရသည်။
သူ မြင်ရသရွေ့ များစွာ ပရမ်းပတာ ဖြစ်နေပုံမရပေ။ သို့သော်လည်း မည်သည့်အတွက်ကြောင့်မသိ သူ့စိတ်ထဲ လေးလံနေသေးသည်။ အထူးသဖြင့် ကောင်းကင်ယံရှိ အနက်ရောင်မြူခိုးများမှ လာပေသည်။ သွေးရောင်ကောင်းကင်ကြီးအောက်တွင် မြူခိုးများက အတူတကွ ပေါင်းစည်းသွားပြီး ယခင်ကထက် ပို၍ စူးရှသော ခရမ်းရောင် ဖြစ်လာသည်။
ရွှီချင်းသည် သက်ပြင်းရှိုက်လိုက်ပြီး ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကို ထုတ်လိုက်သည်။ သူ၏စိတ်ထဲမှ လေးလံနေခြင်းကို သူ အတင်းအကြပ် ဖိနှိပ်လိုက်ပြီး ဂိုဏ်းဂိတ်တံခါးဆီသို့ ခြေချလိုက်သည်။ သွေးတစ္ဆေများကို ဖယ်ရှားနေကြသော ဂိုဏ်းသားများနှင့် သူ ချက်ချင်း ပူးပေါင်းလိုက်သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ကိုယ်ထဲရှိ သက်စောင့်မီးတောက်များ တောက်လောင်လာသည်။ သူ၏အထွတ်အထိပ် တိုက်ရည်ခိုက်ရည်ကို ထုတ်ဖော်လိုက်ရင်း ခုန်အုပ်လာသည့် သွေးတစ္ဆေတစ်ကောင်ကို ချုပ်နှောင်လိုက်သည်။
သွေးသစ်ပင်ကြီး ချုပ်နှောင်ခံထားရသည်ဖြစ်၍ သွေးတစ္ဆေများတွင် အမြစ်များ မရှိပေ။ အစက သွေးတစ္ဆေများ အုံလိုက်ကျင်းလိုက် ရှိနေပါသော်လည်း ချီရွှဲ့ထုံဂိုဏ်းသားများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းအောက်တွင် ဆက်လက်ဖျက်ဆီးခံနေရသည်။ သို့သော်လည်း သွေးတစ္ဆေများစွာ ကျန်နေသေးသည်။ ရွှီချင်းသည် ဂိုဏ်းဂိတ်တံခါးတစ်လျှောက် ပြေးသွားပြီး လေထဲတွင် တိုက်ခိုက်နေသော တခြားတောင်သခင်များနှင့် တာအိုအစောင့်အရှောက်များကို မြင်လိုက်သည်။
ထိုအခြင်းအရာအားလုံးကို မြင်၍ သူ့စိတ်ထဲရှိ လေးလံနေခြင်းများ အနည်းငယ် လျော့ပါးလာသည်။ ထိုအချိန်၌ သူ့ရှေ့တွင် သွေးရောင်ဝင်းလက်သွားသည်။သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး သွေးတစ္ဆေကို ဖမ်းဆုပ်ကာ အညှာအတာမဲ့စွာ ဖျက်ဆီးလိုက်သည်။ သူ ဆက်လက်လုပ်ဆောင်ရန် ပြင်လိုက်စဉ် …
သူ့စိတ်ထဲ ပြင်းထန်သောအန္တရာယ်အာရုံတစ်ခု ရလိုက်သည်။
ထိုအန္တရာယ်အာရုံသည် ဗြုန်းခနဲ ပေါ်လာခြင်းဖြစ်ပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ ရွှီချင်းမှာ တုန့်ပြန်ရန် အချိန်မရလိုက်ဘဲ မည်သည့်အရာကိုမျှ မမြင်ရပေ။ သူ့ခေါင်းအထက်မှ ဘုန်းခနဲ မြည်ဟည်းသံကိုသာ သူ ကြားလိုက်ရသည်။
ထို့နောက် သူ၏ခရမ်းရောင်ကောင်းကင်သရဖူ ပေါ်လာသည်။ အကာအကွယ်အလွှာ ဆန့်ထွက်လာပါသော်လည်း စက္ကူတစ်ရွက်အလား အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။
ရွှီချင်းသည် သူ၏အမြင်အာရုံများ ဝေဝါးလာသည်ကိုသာ ခံစားလိုက်ရပြီး ကလေးငိုသံအလား နာကျင်စွာ ငိုညည်းသံကို ကြားလိုက်ရသည်။
သူ့ရှေ့တွင် သက်ပွားတစ္ဆေကလေး ပေါ်လာပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သည်။ သက်ပွားတစ္ဆေကလေးမှာ ပျက်စီးသွားပြီး ခုနစ်ဆယ်ရာခိုင်နှုန်းသာ ကျန်တော့သည်။ အသက်တစ်သက်ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။
ယင်းသည် အဆုံးသတ်မဟုတ်သေးပေ။ သက်ပွားတစ္ဆေကလေးသည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီးနောက် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြန်သည်။ ၎င်း၏ပျက်စီးနေသော ခန္ဓာကိုယ်မှာ ပို၍ပင် ပျက်စီးလာပြီး သုံးဆယ်ရာခိုင်နှုန်း ပျက်စီးသွားဟန်တူသည်။ ဒုတိယအသက်ကို တစ္ဆေကလေး ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။
ထိုအခြင်းအရာအားလုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပြီး အလွန် မြန်ဆန်သည်။ သက်ပွားတစ္ဆေကလေး တုန်ခါနေပြီး ပျက်စီးတော့မည်ကို မြင်၍ ရွှီချင်းသည် လက်ထဲရှိ ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကို အလိုလို ဖျက်ဆီးလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ရွှီချင်း၏ခန္ဓာကိုယ် တွန့်ကွေးသွားသည်။ စူးစူးဝါးဝါး ကလေးငိုသံ ထွက်ပေါ်လာပြန်ပြီး ရွှီချင်းမှာ နေရာမှ ပျောက်ကွယ်သွားပြီး လုံးလုံးလျားလျား သေသွားပြီဖြစ်သော တစ္ဆေကလေးနှင့် တည်နေရာရွှေ့ပြောင်းခြင်းလှိုင်းတွန့်ကလေးများသာ ကျန်ရစ်ခဲ့သည်။
“ စိတ်ဝင်စားစရာပဲ။ ကောင်းပြီလေ ဒီတစ်ခေါက် မင်းကို ငါ သက်ညှာပေးလိုက်မယ် ”
ဟင်းလင်းပြင်ထဲမှ အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ရွှီချင်းပျောက်ကွယ်သွားသည့်နေရာမှ လူရိပ်တစ်ရိပ် ချက်ချင်း ပေါ်လာပြီး ကောင်းကင်ယံရှိ သွေးတစ္ဆေများကို ချုပ်နှောင်နေသော တောင်သခင်များထံ ဦးတည်သွားလေသည်။
ထိုဖြစ်ရပ်ကြောင့် ရွှယ်လျန့်ကျစ်နှင့် အမှတ်ခုနစ်သခင်ကြီး မျက်နှာပျက်သွားကြသည်။ အခြေအနေကို စောင့်ကြည့်နေကြသော ရှစ်ဂိုဏ်းမဟာမိတ်၏ ဂိုဏ်းစောင့်ဘိုးဘေးများသည်ပင် သတိထားမိလိုက်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
“ ဗလာနတ္ထိ ”
သို့သော်လည်း လူအားလုံး တုန်လှုပ်သွားကြစဉ် အမှတ်ခြောက်သခင်ကြီးဆီသို့ လူရိပ်က ချဉ်းကပ်သွားသည်။
ရွှီချင်းကို တိုက်ခိုက်စဉ်ကကဲ့သို့ သာမန်ကာလျှံကာ တိုက်ခိုက်ပုံမျိုး မဟုတ်တော့ပေ။ ယခုတွင် ကွာခြားသွားပြီ ဖြစ်သည်။ ထိုလူရိပ်သည် ဗလာနတ္ထိအဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများအားလုံးကို ထုတ်ဖော်လိုက်သည်။ သူသည် ကြောက်ခမန်းလိလိ မြန်ဆန်ပြီး နက်ရှိုင်းစွာ ဖုံးကွယ်နေခဲ့ကာ ဗြုန်းခနဲ ပေါ်လာသည်ဖြစ်၍ သွေးသစ်ပင်ကြီးကို ချုပ်နှောင်နေသော အမှတ်ခုနစ်သခင်ကြီးနှင့် ရွှယ်လျန့်ကျစ်တို့မှာ သူ့ကို ချက်ချင်း မဟန့်တားနိုင်အောင် ဖြစ်သွားရသည်။ ထို့နောက် …
အမှတ်ခြောက်သခင်ကြီး၏ လည်ပင်းဆီမှ သွေးရောင်ဝင်းလက်သွားသည်။
အမှတ်ခြောက်သခင်ကြီး တုန်ရီသွားပြီး မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးခြင်းများ၊ ရီဝေနောက်ကျိခြင်းများနှင့် စိတ်သက်သာရာရခြင်းများဖြင့် ပြည့်နှက်လာသည်။ နောက်ဆုံးတွင် သူ့မျက်လုံးများထဲရှိ အလင်းရောင်က ဖျော့တော့လာပြီး ကောင်းကင်နှင့် မြေပြင် ချာချာလည်နေသည့်အလား သူ ခံစားလိုက်ရသည်။
သူ၏ခေါင်း ပျံထွက်သွားသည်။
သူ၏ အခြေတည်ဝိညာဉ် ပျက်စီးသွားသည်။
အမြဲတစေ တည်ငြိမ်နေတတ်သော အမှတ်ခုနစ်သခင်ကြီးနှင့် ရွှယ်လျန့်ကျစ်တို့က စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်သည်။
ထိုအသံတွင် မယုံကြည်နိုင်ခြင်းများ၊ ဝမ်းနည်းကြေကွဲခြင်းများနှင့် ရူးသွပ်ခြင်းများ ရှိနေပေသည်။
မိုးသားတိမ်စိုင်များ အရောင်ပြောင်းလဲသွားသည်။
ချီရွှဲ့ထုံဂိုဏ်းကြီး ငိုကြွေးနေဟန်တူပေသည်။