အလင်း
Vol. 27 Ch. 416
အမှတ်ခြောက်သခင်ကြီးသည် သနားစရာကောင်းသောလူတစ်ယောက် ဖြစ်သည်။
ယခင်က အမှတ်ခုနစ်သခင်ကြီးကဲ့သို့ ကောင်းကင်လက်ရွေးစင်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ အစက ယွမ်ယင်အဆင့်မှာ သူ၏ကျင့်ကြံခြင်းအဆင့် ရပ်နေစရာ အကြောင်းမရှိပေ။ သို့သော်လည်း သူ့ဘဝ၏ အရေးကြီးသော အခိုက်အတန့်တွင် သူ၏တာအိုလက်တွဲဖော်ဖြစ်သော ဆရာတူညီမလေး သေဆုံးသွားခဲ့သည်။
ဆရာတူညီမသည် သူ့အသက်ကိုကယ်ရန် အသက်စွန့်သွားရခြင်း ဖြစ်သည်။
ယင်းကြောင့် အမှတ်ခြောက်သခင်ကြီး၏ ရင်ထဲတွင် အတောမသတ်နိုင်သော ဝမ်းနည်းပူဆွေးခြင်းများ၊ နောင်တများဖြင့် ပြည့်နှက်နေခဲ့ပြီး ရူးသွပ်လုမတတ် ဖြစ်သွားခဲ့ရသည်။ ထိုအတောအတွင်း သူ့အတွက် ဘဝကို ဖြတ်သန်းရသည်မှာ မလွယ်ကူခဲ့ပေ။ ထို့နောက် သူ့ကိုယ်သူ ပြန်လည်အားတင်းကာ သူ့ဇနီး ချန်ထားရစ်ခဲ့သော သူ၏ကလေးအပေါ်တွင် မျှော်လင့်ချက်အားလုံး ပုံအပ်ထားခဲ့သည်။
သူ့သားက သူ့ကို စိတ်မပျက်စေခဲ့ပေ။ သူ့သားက ဇွဲနပဲကြီးစွာဖြင့် ကျင့်ကြံပြီး သူ့ထက်ပင် ပို၍ ပါရမီရှိတယ်။ ယင်းကြောင့် သူ့ရင်ထဲမှ ဝမ်းနည်းပူဆွေးစိတ်များ တဖြည်းဖြည်း အနည်ထိုင်လာပြီး မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာသည်။
သို့သော်လည်း ကံကြမ္မာဆိုသည်မှာ တစ်ခါတရံ ရက်စက်တတ်ပေသည်။ လေ့ကျင့်ရေးခရီးစဉ်တစ်ခုတွင် သူ၏အချစ်ဆုံးသောသားလေး ပျောက်သွားသည်။
အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသော သက်စောင့်ပေလွှာကလေးက သူ့အချစ်ဆုံးသား သေဆုံးသွားပြီ ဖြစ်ကြောင်း အသိပေးလိုက်သည်။
သူ့အတွက် သူ့တာအိုလက်တွဲဖော် သေဆုံးသွားရသည်ထက် မလျော့သောထိုးနှက်ချက်ကို ခံစားခဲ့ရသည်။ သူ ပို၍ စိတ်ဓာတ်ကျသွားရသည်မှာ နှစ်ပေါင်းများစွာ ရှာဖွေသည့်တိုင်အောင် သဲလွန်စတစ်ခုတစ်လေကိုမျှ ရှာမတွေ့ရခြင်း ဖြစ်သည်။
ထိုသို့ဖြင့် အမှတ်ခြောက်သခင်ကြီးသည် ရူးပင်မရူးနိုင်ဘဲ စိတ်ဓာတ်ကျလာသည်။ နေ့စဉ်နေ့တိုင်း သေရည်သောက်ကာ အချိန်တိုင်း ငိုကြွေးနေတတ်သည်။
ထိုစဉ်က ချီရွှဲ့ထုံဂိုဏ်းရှိ လူအားလုံး ထိုဖြစ်ရပ်ကို မြင်တွေ့ခဲ့ကြရသည်။ သို့သော်လည်း အမှတ်ခြောက်သခင်ကြီးကို စိတ်သက်သာရာရစေမည့်နည်းလမ်း မရှိ၍ သက်ပြင်းသာ ချနိုင်ကြသည်။
နောက်ပိုင်းတွင် ရွှီချင်းသည် မမျှော်လင့်ဘဲ ထိုသဲလွန်စကို ရှာတွေ့သွားခဲ့သည်။ ထို့ကြောင့်လည်း ရွှယ်လျန့်ကျစ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် စစ်ပွဲထဲမှာပင် အမှတ်ခြောက်သခင်ကြီးကို ဖြေရှင်းခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း အမှတ်ခြောက်သခင်ကြီးက ရွှီချင်းကို အများနှင့်မတူဘဲ ကောင်းမွန်စွာ ဆက်ဆံနေခြင်း ဖြစ်သည်။
ထိုကိစ္စပြီးနောက် အရာအားလုံးက အကောင်းဘက်သို့ ဦးတည်သွားခဲ့သည်။ ချီရွှဲ့ထုံဂိုဏ်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လာပြီး နန်းဟွမ်ကျွန်းကြီးမှ ယင်ဟွမ်ပြည်နယ်သို့ ပြောင်းရွှေ့လာသည်။
ယင်ဟွမ်ပြည်နယ်တွင် အမှတ်ခြေက်သခင်ကြီးမှာ များစွာ စိတ်သက်သာရာရလာသည်။ သူ၏အင်အားများကို ချီရွှဲ့ထုံဂိုဏ်းအပေါ်တွင် နစ်မြှုပ်ထားခဲ့သည်။ တချိန်တည်းမှာပင် ရွှီချင်းကိုလည်း တိတ်တဆိတ် ဂရုစိုက်နေရင်း ကျေးဇူးကြွေးပြန်ဆပ်ရမည့်အချိန်ကို စောင့်နေခဲ့သည်။
ထိုအချိန်အတွက် သူ ပြင်ပင်ပြင်ဆင်ထားခဲ့သည်။
သို့သော် ယခုအခါတွင်မူ … အရာအားလုံး မီးခိုးငွေ့များပမာ ဖြစ်သွားခဲ့လေပြီ။
အမှတ်ခြောက်သခင်ကြီး ကြွေလွင့်သွားလေပြီ။
သူ၏သေဆုံးခြင်းသည် ချီရွှဲ့ထုံဂိုဏ်းကို အဆုံးစွန်ထိ တုန်လှုပ်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ( ၂ ) နှစ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် တိုက်ပွဲတွင် ချီရွှဲ့ထုံဂိုဏ်း၌ အပျက်အစီးများစွာ ကြုံခဲ့ပါသော်လည်း ယွမ်ယင်အဆင့်တောင်သခင်တစ်ယောက်မျှ မကျဆုံးခဲ့ပေ။
လွန်ခဲ့သော နှစ် ( ၂၀၀ ) အတွင်း ရွှယ်လျန့်ကျစ်၏ ဦးဆောင်မှုနှင့် အမှတ်ခုနစ်သခင်ကြီး၏ အစီအမံများအောက်တွင် ချီရွှဲ့ထုံဂိုဏ်းသည် သိသိသာသာ ထိုးတက်လာခဲ့ပြီး ထိုအတောအတွင်း ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်မျှ မသေဆုံးခဲ့ပေ။
ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် သေဆုံးသွားရသည့် နောက်ဆုံးတစ်ကြိမ်မှာ လွန်ခဲ့သော နှစ် ( ၂၀၀ ) ကျော်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် ပြင်းထန်သော တိုက်ပွဲမှာ ဖြစ်ပေသည်။
ထိုတိုက်ပွဲက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သည် ချီရွှဲ့ထုံဂိုဏ်း၏ ပိုင်နက်အနီးသို့ပင် ရောက်လာခဲ့သည်။ ယခင်ဂိုဏ်းစောင့်ဘိုးဘိုးမှာ အပြင်းအထန် ဒဏ်ရာရသွားပြီး တောင်သခင်အများစု သေဆုံးသွားသောအချိန်တွင် နှစ်ပေါင်းများစွာ နယ်လှည့်ခရီးသွားနေပြီး လူအများစု မေ့သွားကြပြီဖြစ်သော ရွှယ်လျန့်ကျစ် ပြန်ရောက်လာသည်။
သူသည် ဝိညာဉ်သိုက်အဆင့် အထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်ပြသခဲ့ပြီး ချီရွှဲ့ထုံဂိုဏ်း၏ အခက်အခဲကို ပြေလည်စေခဲ့သည်။
ထိုအချိန်မှစ၍ ချီရွှဲ့ထုံဂိုဏ်းကို သူ ထိန်းချုပ်ခဲ့သည်။
ထို့နောက် ချီရွှဲ့ထုံဂိုဏ်းမှာ တဖြည်းဖြည်း တိုးတက်လာပြီး ယွမ်ယင်အဆင့်ကျင့်ကြံသူများ တစတစ ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ကျင့်ကြံသူအများစုအတွက် ယွမ်ယင်အဆင့်ကို ရောက်ရန် အလွန် ခက်ခဲသည်။
ထို့ကြောင့် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ယွမ်ယင်အဆင့်ကျင့်ကြံသူ အနည်းအကျဉ်းသာ ရှိသည်။ လက်ရှိယွမ်ယင်အဆင့်ကျင့်ကြံသူများအနက် ပထမတောင်ထိပ်နှင့် စတုတ္ထမြောက်တောင်ထိပ်တို့မှ တောင်သခင်ကြီးများသည် ယခင်မျိုးဆက်မှ ဖြစ်ကြပြီး ကျန်ငါးယောက်မှာ ပြီးခဲ့သည့် နှစ် ( ၂၀၀ ) အတွင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
အမှတ်ခုနစ်သခင်ကြီးနှင့် အမှတ်ခြောက်သခင်ကြီးတို့သည် ဂိုဏ်းသို့ တစ်သုတ်တည်း ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အမြဲ ယှဉ်ပြိုင်နေကြသော ပါရမီရှင်များလည်း ဖြစ်ကြသည်။
ယခုအခါတွင် အမှတ်ခြောက်သခင်ကြီး၏ ခေါင်းပြတ်ခန္ဓာကြီး လေထဲမှ ကျဆင်းလာကာ တစ်ခုချင်း ပျက်စီးသွားပြီး သွေးမိုးများအဖြစ် ပြောင်းလဲ၍ ချီရွှဲ့ထုံဂိုဏ်းပေါ်သို့ ရွာကျသွားသည်ကိုသာ အမှတ်ခုနစ်သခင်ကြီး ရပ်ကြည့်နေနိုင်သည်။ အမှတ်ခုနစ်သခင်ကြီး၏ မျက်လုံးများ ရှားရှားပါးပါး နီမြန်းလာသည်။
သူသည် နတ်ဘုရားတစ်ပါး မဟုတ်ပေ။ အရာအားလုံးကို သူ မတွက်ချက်နိုင်ပေ။
ရွှယ်လျန့်ကျစ်သည်လည်း ထိုနည်းတူပင်။
တိမ်လွှာဓားဂိုဏ်းက ငုပ်လျှိုးနေသော အန္တရာယ်ဖြစ်နိုင်သည်ကို သူတို့ တွက်ဆမိခဲ့ကြသည်။ မဟာမိတ်ခေါင်းဆောင်က မပြတ်မသားဆောင်ရွက်မည်ကို သူတို့ ခန့်မှန်းခဲ့ကြသည်။ ဂိုဏ်းထဲမှာ ပြဿနာတစ်ခု ပေါ်ပေါက်လာမည်ကိုပင် သူတို့ မှန်းဆနိုင်ခဲ့ကြသည်။ သစ္စာဖောက်နိုင်ချေရှိသည်ကိုလည်း သူတို့ တွက်ဆခဲ့ကြသည်။
သစ္စာဖောက်ခြင်းနှင့်ပတ်သက်၍ အလင်းတမန်အဖွဲ့အစည်း ပါဝင်လာနိုင်ချေ ရှိခဲ့သည်။
အမှတ်ခုနစ်သခင်ကြီးသည် ထိုအခြင်းအရာအားလုံးကို တွက်ချက်ကြည့်ခဲ့ပြီး ကြိုတင်၍ပင် စီစဉ်ထားခဲ့သည်။ ချီရွှဲ့ထုံဂိုဏ်းထဲသို့ တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာကြီး ကျရောက်လာသည့်ကိစ္စသည်လည်း ရွှယ်လျန့်ကျစ်နှင့် အမှတ်ခုနစ်သခင်ကြီးတို့၏ ခန့်မှန်းချက်များအတွင်း ရှိပေသည်။
သို့ဖြစ်၍ သူတို့၏ အစီအစဉ်အတိုင်း ထိုအခွင့်အရေးကို အသုံးချ၍ တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို ဖိနှိပ်ခဲ့သည်။ သူတို့ရည်ရွယ်ချက်က ထိုဓမ္မရတနာကို လုယူကာ သူတို့ဂိုဏ်း၏ အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။
သို့သော်လည်း အလင်းတမန်အဖွဲ့အစည်း၏ အင်အားကို သူတို့ လွဲမှားစွာ တွက်ချက်မိခဲ့သည်။
ယင်းသည် အမှတ်ခုနစ်သခင်ကြီးနှင့် ရွှယ်လျန့်ကျစ်တို့၏ အမှား မဟုတ်ပေ။ သူတို့သာမဟုတ်၊ ယင်ဟွမ်ပြည်နယ်ရှိ အင်အားစုများအားလုံး အလင်းတမန်အဖွဲ့ကို မှားယွင်းတွက်ချက်ထားခဲ့ကြသည်။ ယခင်က နားလည်မှုထဲတွင် သူတို့ ပိတ်မိနေခဲ့ကြသည်။
လူတစ်ယောက် ရောက်ရှိလာခြင်းနှင့်အတူ အလင်းတမန်အဖွဲ့အစည်း ပြောင်းလဲသွားပြီဖြစ်သည်ကို သူတို့ မသိကြပေ။
အမှတ်ခြောက်သခင်ကြီးအား သတ်ဖြတ်သွားသောလူရိပ်သည် ဗလာနတ္ထိအဆင့်စွမ်းအားကို ပြသခဲ့သည်။ ယင်းကို အင်အားစုအသီးသီး၏ အသိဉာဏ်ဌာနများတွင် မှတ်တမ်းတင်မထားပေ။
ထို့အပြင် ယခုဖြစ်ရပ်သည် ကြိုတင်ကြံစည်ထားသော ပစ်မှတ်ထားတိုက်ခိုက်ခြင်းတစ်ခု ဖြစ်သည်မှာ သိသာသည်။ ထိုလူရိပ်သည် အမှတ်ခြောက်သခင်ကြီးကို သတ်ဖြတ်ရန် ဤနေရာသို့ ရောက်လာဟန်တူသည်။ သူသည် အမှတ်ခြောက်သခင်ကြီး၏ အကာအကွယ်များနှင့် သက်စောင့်ရတနာများကို အားနည်းသွားစေနိုင်သည့် လျှို့ဝှက်နည်းလမ်းတချို့ကိုပင် အသုံးပြုသွားခဲ့သည်။ သူ၏ရည်ရွယ်ချက်က အမှတ်ခြောက်သခင်ကြီးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ဖြစ်သည်။
အမှန်တွင်လည်း ထိုသို့သာ ဖြစ်ပေသည်။ ဤနေရာသို့ ရောက်လာရသည့် ထိုလူ၏ တာဝန်က အမှတ်ခြောက်သခင်ကြီး ဖြစ်သည်။
ရွှီချင်းကို မြင်သောအခါ လက်ကိုသာ ဝှေ့ယမ်းခဲ့ပြီး များစွာ အာရုံစိုက်မနေခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ရွှီချင်းက သူ့တာဝန် မဟုတ်သောကြောင့်ပင်။
ကြက်ပေါက်တစ်ကောင်ကို သတ်ဖြတ်ရန် ဓားမော့သုံးနေစရာ မလိုပေ။ ကြက်ပေါက်လေးကို ခြောက်လှန့်လိုက်လျှင် လုံလောက်ပြီ ဖြစ်သည်။ ရွှီချင်းကို သတ်ဖြတ်ခြင်းမှ ရရှိမည့်အကျိုးအမြတ်များထက် သူ့သခင်၏ တာဝန်အား ပြီးမြောက်စေရန်သာ သူ ပို၍ အာရုံစိုက်သည်။ ထို့ကြောင့် အမှတ်ခြောက်သခင်ကြီးကို သူ အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။
အမှတ်ခြောက်သခင်ကြီးကို သတ်ဖြတ်ပြီးနောက် သူသည် ခေါင်းကို ယူ၍ လှစ်ခနဲ ထွက်ခွာသွားသည်။ တခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။
အမှတ်ခုနစ်သခင်ကြီးသည် ထွက်ခွာသွားသောလူရိပ်ကို ကြည့်ရင်း တုန်ရီနေသည်။ သူ့မျက်လုံးများထဲမှ သွေးရောင်အလင်းကြောင့် သူ့ပတ်လည်ရှိအရာအားလုံး တွန့်လိမ်သွားသည်။ ချီရွှဲ့ထုံဂိုဏ်းသည်ပင် တုန်ခါနေသည်။ သို့သော် သူ၏အမျက်ဒေါသများကို ဖိနှိပ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
ယခုတွင် သူ ထွက်သွား၍ မရပေ။ ဘိုးဘေးနှင့်အတူ တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို သူ ဖိနှိပ်ရဦးမည် ဖြစ်သည်။ သူတို့ ထွက်သွားခဲ့လျှင် အစီအစဉ် မအောင်မြင်သွားမှာက နောက်မှဖြစ်ပြီး တားမြစ်ဓမ္မရတနာပေါက်ကွဲခြင်းကြောင့် ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးသွားမည် ဖြစ်သည်။
ရွှယ်လျန့်ကျစ်သည်လည်း ဝမ်းနည်းနာကျင်သောအကြည့်ဖြင့် ကြုံးဝါးလိုက်ပြီး တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို ဖိနှိပ်ရန် အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ တခြားတောင်သခင်များသည်လည်း သွေးမိုးများအဖြစ် ပြောင်းလဲသွားသော အမှတ်ခြောက်သခင်ကြီး၏ အလောင်းကို ကြည့်ရင်း မယုံကြည်နိုင်ခြင်းများဖြင့် တုန်ရီနေကြသည်။
ဂိုဏ်းထဲရှိ တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားများနှင့် ရွှေအမြုတေအဆင့်တာအိုအစောင့်အရှောက်များအားလုံး ဝမ်းနည်းနေကြပြီး အထူးသဖြင့် ဆဋ္ဌမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများပင်။ သူတို့သည် တုန်ရီစွာဖြင့် စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်ကြသည်။
သို့သော်လည်း ယင်းသည် အသုံးမဝင်ပေ။
တခြားဂိုဏ်းများမှ ဂိုဏ်းစောင့်ဘိုးဘိုးများသည် ထိုအဖြစ်အပျက်ကို မြင်သောအခါ စိုးရိမ်ပူပန်သွားသည်။
အများစုက မန္တန်လက်ကွက်များ တစ်ပြိုင်နက်တည်း ဖော်လိုက်ကြပြီး မဟာမိတ်၏ မဟာအစီအရင်ကြီးကို ချုပ်နှောင်အစီအရင်ကြီးအဖြစ် ပြောင်းလဲလိုက်သည်။ ကောင်းကင်ယံရှိ မဟာမိတ်ခေါင်းဆောင်သည်ပင် မကြုံစဖူး မည်းမှောင်သွားသည်။ ချီရွှဲ့ထုံဂိုဏ်းကို ကြည့်လိုက်ပြီးနောက် တိမ်လွှာဓားဂိုဏ်း၏ မြို့ကြီးကို ကြည့်လိုက်သည်။
သူတို့အကြည့်များက စံအိမ်တစ်လုံး၏ ခေါင်မိုးပေါ် ကျရောက်သွားသည်။
ကောင်းကင်ကြီး ပုံပျက်ရှုံ့တွသွားပြီး ရွှယ်လျန့်ကျစ်မှလွဲ၍ မဟာမိတ်မှ ဂိုဏ်းစောင့်ဘိုးဘေးများအားလုံး ပေါ်ထွက်လာသည်။ သူတို့၏ ကြောက်ခမန်းလိလိ ဖိအားများ ခေါင်မိုးပေါ်သို့ စုပြုံသွားသည်။
ဖိအားက ပြင်းထန်လွန်း၍ စံအိမ်ပတ်လည်တွင် အက်ကြောင်းများ ပေါ်လာသည်။ ထိုနေရာတစ်ခုလုံး ပြိုကွဲသွားတော့မည့်အလားပင်။
ထိုခေါင်မိုးပေါ်တွင် နတ်ဘုရား၏ မျက်နှာပျက်ကြီးမျက်နှာဖုံးကို တပ်ဆင်ထားသော ဝတ်ရုံနက်လူတစ်ယောက် ရှိသည်။ သူသည် လက်နှစ်ဖက်ကို ခေါင်းပေါ်တင်၍ ခေါင်မိုးပေါ်တွင် လှဲနေပြီး ကောင်းကင်ယံရှိ သူတော်စင်ကြယ်တို့သားအဖကို ကြည့်နေသည်။
ထိုအချိန်၌ သူ့ဘေးရှိ လေထုကြီး တွန့်လိမ်သွားပြီး ညဉ့်ငှက်ပေါ်လာသည်။ သူသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်လိုက်ပြီး သူ့ညာလက်ထဲတွင် သွေးတစ်စက်စက်စီးကျနေသော ခေါင်းပြတ်ကြီးတစ်ခု ရှိသည်။
အမှတ်ခြောက်သခင်ကြီးသည် သေသွားသည့်တိုင်အောင် မျက်လုံးများ ပွင့်နေသည်။
“ သခင်လေး၊ ချီရွှဲ့ထုံဂိုဏ်းကို နှုတ်ဆက်လက်ဆောင် ပို့ပေးလိုက်ပါပြီ ”
ညဉ့်ငှက်က လေးစားစွာဖြင့် ပြောလိုက်သည်။ မဟာမိတ်၏ ဘိုးဘေးများအားလုံးက သူ့ကို ဖိနှိပ်နေပါသော်လည်း သူ၏လေသံက ပြောင်းလဲမသွားပေ။ အပြင်ဘက်ရှိ လောကကြီးကို သူ ဂရုမစိုက်ချေ။
သူ့မျက်လုံးများထဲတွင် သူ့သခင်တစ်ယောက်သာ ရှိသည်။
“ ဒီယဇ်ပူဇော်ပွဲက နည်းနည်း သာမန်ဖြစ်နေတယ် ”
လူငယ်၏အသံက ပုံမှန်လေသံဖြင့် ထွက်ပေါ်လာသည်။
“ ဟုတ်ကဲ့ပါ သခင်လေး၊ မျက်နှာဖုံးကို ကျုပ် ပြန်သွားယူလိုက်ရမလား ”
ညဉ့်ငှက်က ခပ်တိုးတိုးလေသံဖြင့် မေးမြန်းလိုက်သည်။
“ မလိုဘူး။ ယဇ်ပူဇော်ပွဲက သာမန်ပဲဆိုပေမဲ့ ယဇ်ပူဇော်ပွဲ ဖြစ်နေသေးတာပဲလေ ”
လူငယ်သည် ထထိုင်လိုက်ပြီး ချီရွှဲ့ထုံဂိုဏ်းရှိရာအရပ်သို့ ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
“ ယဇ်ပူဇော်ပွဲ ပြီးသွားပြီ။ သွားကြစို့ ”
လူငယ်က ပြောလိုက်ရင်း ခေါင်မိုးပေါ်မှဆင်းကာ လမ်းပေါ်သို့ လျှောက်သွားသည်။
ကောင်းကင်ယံမှ ဘိုးဘေးများ၏ အကြည့်မှ ဖိအားကြောင့် သူတို့ပတ်လည်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ မြေပြင်မှာလည်း အက်ကွဲကြောင်းများ ပေါ်လာသည်။ တစ်နေရာလုံး အတွင်းသို့ ချိုင့်ဝင်သွားပြီး တဝုန်းဝုန်း ပြိုကျသံများ ထွက်ပေါ်လာသည်။
အရပ်မျက်နှာအနှံ့မှ အသတ်အဖြတ် စိတ်ဆန္ဒများ စုပြုံနေပြီး ရာသီဥတုပြောင်းလဲကာ လေထဲတွင် နှင်းခဲများ ပေါ်လာပြီး မြေပြင်သို့ ကျဆင်းသွားသည်။
တချိန်တည်းမှာပင် တစ်နေရာလုံးတွင် ပြည့်နှက်နေသော ဖိအားများက အားကောင်းသည်ထက် အားကောင်းလာသည်။ ထိုဖိအားက အရာအားလုံးကို ရပ်တန့်သွားစေကာ လူများကို ရှေ့ဆက်မသွားနိုင်အောင် လုပ်နေဟန်တူသည်။
သို့သော်လည်း မျက်နှာဖုံးနှင့်လူငယ်၏ ခြေလှမ်းများက ပုံမှန်ပင်။ မဟာမိတ်၏ ထိပ်သီးကျင့်ကြံသူများက စူးစိုက်ကြည့်နေပြီး ကောင်းကင်ယံတွင် မဟာမိတ်ခေါင်းဆောင်ကဲ့သို့ ဗလာနတ္ထိဒုတိယအဆင့် အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက် ရှိနေသည့်တိုင်အောင် သူ့ပုံစံက အေးဆေးနေသည်။
ထိုအခြင်းအရာအားလုံးက သူ့အတွက် ဘာမှမဟုတ်သည့်အလားပင်။ တစ်ယောက်မှ သူ သွားချင်နေသည့်နေရာသို့ မသွားနိုင်ရန် မဟန့်တားနိုင်ကြပေ။ သူ ထွက်သွားချင်သည့်အခါမှာလည်း မဟန့်တားနိုင်ပေ။
ညဉ့်ငှက်သည် သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားသည်။ သူ့လက်ထဲရှိ ခေါင်းမှာ သွေးများ ကုန်ခမ်းသွားပြီး တစ်စက်နှစ်စက်သာ မြေပြင်သို့ ကျနေသည်။ ထိုတစ်စက်နှစ်စက်သော သွေးစက်များက မြေပြင်ကို နီစွေးသွားစေသည်။
ထိုသို့တင်းမာသောအခြေအနေတွင် ရှေ့မှ ဝတ်ရုံနက်လူငယ်သည် ပီးထျန်ဟူလုဆိုင်တစ်ဆိုင်ကို ဖြတ်သွားသည်။
ဤနေရာရှိ သာမန်လူများ ထွက်သွားသည်မှာ ကြာနေပြီဖြစ်သည်။ တိမ်လွှာဓားဂိုဏ်း၏ ပင်မမြို့ထဲရှိ တစ်ဝက်မှာ ပြောင်ရှင်းနေပြီး အလျင်စလို သွားခဲ့ကြသည်ဖြစ်၍ ဘေးပတ်လည်တွင် ပစ္စည်းများစွာ ပြန့်ကျဲနေသည်။
လူငယ်သည် ပီးထျန်ဟူလုကို မြင်သောအခါ သူ၏မျက်လုံးများထဲတွင် အတိတ်ကို သတိရသွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူသည် လျှောက်သွားပြီး ပီးထျန်ဟူလုတစ်ချောင်းကို ကောက်ယူလိုက်သည်။
“ ညီလေးက ဒါကို ကြိုက်တယ် ”
ပီးထျန်ဟူလုသည် နီစွေးပြီး အမှတ်ခြောက်သခင်ကြီး၏ ခေါင်းမှ တစက်စက်ကျနေသော သွေးများနှင့် တူညီသောအရောင်ရှိပေသည်။
ထိုလူငယ်၏ အပြုအမူကို မြင်သောအခါ ကောင်းကင်ယံရှိ ဘိုးဘေးများအားလုံး ပို၍ လေးနက်သွားကြသည်။
ထိုလူနှစ်ယောက် ပေါ်လာသည့်အချိန်မှစ၍ ထိုကိစ္စက အရေးကြီးသော အဆင့်သို့ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ထိုအချိန်၌ ချီရွှဲ့ထုံဂိုဏ်းသည် တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို အောင်မြင်စွာ ဖိနှိပ်နိုင်သွားသည်။ ထို့နောက် အမှတ်ခုနစ်သခင်ကြီးနှင့် ရွှယ်လျန့်ကျစ်တို့သည် ချီရွှဲ့ထုံဂိုဏ်းမှနေ၍ တဟုန်ထိုး ပျံသန်းလာကြသည်။
ကောင်းကင်ယံရှိ မဟာမိတ်ခေါင်းဆောင်က အေးစက်စက်အကြည့်ဖြင့် ပြောလိုက်သည်။
“ အလင်းတမန်အဖွဲ့၊ မင်းတို့က ငါတို့မဟာမိတ်နဲ့ စစ်ဖြစ်ချင်နေတာလား ”
ထိုစကားကို လူငယ်ကြားသောအခါ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး မခိုးမခန့် ရယ်လိုက်သည်။
“ ညဉ့်ငှက်ရေ ”
“ အမိန့်အတိုင်းပါ သခင်လေး ”
ညဉ့်ငှက်သည် ပြောရင်း ရိုးရှင်းသော သစ်သားသေတ္တာလေးကို ထုတ်၍ ညင်သာစွာ ဖွင့်လိုက်သည်။
သစ်သားသေတ္တာထဲမှ စူးရှတောက်ပသော အလင်းတန်းတစ်တန်း တိုးထွက်လာသည်။
ထိုအလင်းသည် အရောင်အဆင်းမဲ့ပြီး ပုံသဏ္ဍာန်မရှိပေ။ ထိုအလင်းကို မမြင်နိုင်ဘဲ အာရုံသာ ခံနိုင်သည်။ ထိုအလင်း ပေါ်လာသည်နှင့် ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားပြီး မြေပြင်မှာ တုန်ခါသွားသည်။ တားမြစ်ပင်လယ်ကြီး တဝေါဝေါ မြည်ဟည်းလာပြီး နေမင်းနှင့် လမင်းမှာ အရောင်အဆင်းလျော့သွားသည်။
သာမန်လူများဖြစ်စေ၊ ဂိုဏ်းသားများဖြစ်စေ၊ ဘိုးဘေးများဖြစ်စေ လူအားလုံး သိသိသာသာ မျက်နှာပျက်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုအလင်းသည် နတ်ဘုရား၏ မျက်နှာပျက်ကြီးက မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ပေါ်လာသော အကြည့် ဖြစ်နေသောကြောင့်ပင်။