လရောင်အောက်တွင် တွေ့ဆုံခြင်း
Vol. 28 Ch. 417
လောကကြီးထဲရှိ ဓမ္မရတနာများအားလုံး အထူးသဖြင့် တားမြစ်ဓမ္မရတနာများသည်ပင် မည်မျှ အစွမ်းကြီးမားသည်ဖြစ်စေ နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့်စွမ်းအားကို မယှဉ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရား၏အကြည့် ဖြစ်နေသည် မဟုတ်ပါလား။
မည်သည့်ကျင့်ကြံခြင်းအဆင့်ရှိသော ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်စေ နတ်အစွမ်းများနှင့် တာအိုပညာရပ်များဖြင့် လောကကြီးကို ပြောင်းလဲနိုင်သည့်တိုင်အောင် ကောင်းကင်ဝေဟင်ထက်ရှိ နတ်ဘုရားမျက်နှာပျက်ကြီးကို မယှဉ်နိုင်သေးပေ။
ယင်းသည် ဘဝအချုပ်အနှောင်တစ်ခု ဖြစ်သည်။ ယင်းသည် ဝမ်ကူးဒေသကြီးထဲရှိ မျိုးနွယ်အသီးသီး၏ ခေါင်းများအထက်တွင် တွဲလောင်းကျနေသော သေခြင်းရှင်ခြင်း အမှတ်အသားတစ်ခု ဖြစ်သည်။
ထိုအချိန်၌ သစ်သားသေတ္တာလေး ပွင့်သွားပြီး ပုံသဏ္ဍာန်မဲ့ကာ အရောင်းအဆင်းမရှိသော အလင်းတစ်ခု ထွက်ပေါ်လာစဉ် ကောင်းကင်ကြီး သိသိသာသာ ပြောင်းလဲသွားသည်။ မုန်ယိုနေသော ပင်လယ်ကြီးတစ်စင်းဖြစ်သွားသည့်အလား မိုးသားတိမ်စိုင်များနှင့် မြူခိုးများ တလိပ်လိပ်တက်လာသည်။
လူတစ်ယောက်၏ ဝိညာဉ်နှင့်ခန္ဓာကိုယ် တုန်ခါသွားစေနိုင်သည့် ခပ်တိုးတိုးရေရွတ်သံတစ်သံ ပေါ်လာဟန်တူသည်။ ထိုအသံသည် လောကကြီးထဲ ရိုက်ခတ်သွားပြီး နာကျင်မှု၊ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေသော အော်ဟစ်သံကြီး ဖြစ်သွားသည်။
ထိုအသံက လောကကြီးအား ဝေဝါးသွားအောင် စွမ်းဆောင်နိုင်သည်လော၊ သို့တည်းမဟုတ် အလင်းကြောင့် လောကကြီး ရှုံ့တွသွားသည်လော ရှစ်ဂိုဏ်းမဟာမိတ်တစ်ခုလုံး အလွန် ဝေဝါးလာကာ ပုံပျက်ရှုံ့တွလာသည်။
ထိုပုံပျက်ရှုံ့တွနေသော အခြေအနေတွင် အရာအားလုံး ယိမ်းခါနေဟန်တူသည်။
တားမြစ်နယ်မြေများထဲတွင် တွေ့ရသော သိပ်သည်းထူထပ်သည့် ဓာတ်နှောလှိုင်းများ လေထဲတွင် ပေါ်လာသည်။
မြေပြင်၊ မြစ်ချောင်း၊ ကျောက်စရစ်ခဲ …
အုတ်ခဲများနှင့် ကျောက်ပြားများ၊ ပစ္စည်းများအားလုံး၊ သက်ရှိများအားလုံး လေထဲသို့ မြောက်တက်လာပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေနိုင်သည့် မြူခိုးငွေ့များ ဖြစ်လာနေသည်။
ကောင်းကင်ယံရှိ မိုးသားတိမ်စိုင်များသည် မြူခိုးများနှင့် ပေါင်းစည်းကာ အရောင်ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်း ကြည်လင်သော မိုးသားတိမ်စိုင်များမှသည် တိမ်မည်းများဖြစ်လာသည်။
ကောင်းကင်ယံမှ သွေးမိုးများ တဖွဲဖွဲရွာကျလာပြီး ကြက်သွေးရောင်လျှပ်စီးများ တဖျပ်ဖျပ်ဝင်းလက်နေသည်။
ထိုအချိန်၌ နတ်ဘုရားသည် မျက်လုံးများကို ဖွင့်၍ ရှစ်ဂိုဏ်းမဟာမိတ်အား ကြည့်နေသည့်ပမာပင်။
တွန်းလှန် ဖယ်ရှားခြင်းမပြုနိုင်ဘဲ စိတ်ကူးဖြင့် မှန်းဆမရသော ကပ်ဘေးကြီးတစ်ခု သက်ဆင်းလာသည်။
ရှစ်ဂိုဏ်းမဟာမိတ်မြို့ကြီးသည် ယခင်က နန်းဟွမ်ကျွန်းကြီးရှိ မြို့လေးတစ်မြို့ ဖြစ်သွားသည့်ပမာ သွေးမိုးရေအောက်တွင် ငြိမ်သက်တိတ်ဆိတ်သွားသည်။
နတ်ဘုရား၏စွမ်းအားသည် သက်ရှိများ၏ဘဝကို ပြောင်းလဲသွားစေနိုင်သော ကပ်ဘေးကြီးတစ်ခုပမာပင်။
ရှစ်ဂိုဏ်းမဟာမိတ်ကြီးတစ်ခုလုံး တားမြစ်နယ်မြေကြီးတစ်ခုအဖြစ် အလျင်အမြန် ပြောင်းလဲနေသည်။
ယင်ဟွမ်ပြည်နယ်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ ထိုစွမ်းအင်အငွေ့အသက်များကို အာရုံခံမိလိုက်ကြသည့် အင်အားစုအသီးသီးနှင့် ဂိုဏ်းများမှ လူတိုင်း လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။
သာမန်လူများနှင့် ဘိုးဘေးများမှာ မဟာမိတ်၏ နယ်နိမိတ်ထဲမှ လွတ်မြောက်ရန် ခက်ခဲသည်ကို တွေ့လိုက်ရပြီး စိတ်ဓာတ်ကျသွားကြသည်။
မဟာမိတ်ထဲရှိ အဆောက်အအုံများ တိုက်စားခံရကာ ပျက်စီးနေသည်။
သက်ရှိများအားလုံး အဆိပ်ဓာတ်စွန်းထင်းခြင်းခံလိုက်ရပြီး သန္ဓေပြောင်းအမှတ်အသားများ အရူးအမူး တိုးပွားလာသည်။
တစ်စုံတစ်ခုသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေပြီး သန္ဓေပြောင်းအမှတ်အသားကို ခန္ဓာကိုယ်ထဲ ကွယ်ဝှက်ကာ ဖျောက်ထားနိုင်သည့်တိုင်အောင် ဓာတ်နှောများစွာ ထူထပ်သိပ်သည်းလာသောအခြေအနေတွင် မည်သို့မျှ မတတ်နိုင်တော့ပေ။
သာမန်လူများမှာ ပို၍ပင် မျှော်လင့်ချက်ကင်းမဲ့နေသည်။
ကျင့်ကြံသူများမှာ သူတို့၏ ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြချေ။
ကောင်းကင်နှင့်မြေပြင်သည်လည်း အပါအဝင် ဖြစ်သည်။
ထိုအချိန်၌ အရာခပ်သိမ်း ကံစီမံရာအတိုင်း ဖြစ်ပျက်လာသည်။
မြို့ကြီးတစ်မြို့လုံး မည်းနက်သွားပြီး လေထဲတွင် စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံများဖြင့် ပြည့်နှက်နေသည်။
ထိုအသံများကို ကြားမိလိုက်သည့်လူတိုင်း ဆံပင်မွေးများ အလိုလို ထောင်သွားသကဲ့သို့ ခံစားလိုက်ကြရမည် ဖြစ်သည်။ သူတို့မျက်လုံးများထဲရှိ အလင်းနှင့် သူတို့ခန္ဓာကိုယ်များထဲရှိ ဝိညာဉ်များ မှိန်ဖျော့လာသည်။
သူတို့အားလုံး ပျောက်ကွယ်လာနေသည်။
ခန္ဓာကိုယ်ထဲတွင် ဓာတ်နှောအနည်းအကျဉ်းသာ ရှိပြီး ဓာတ်နှောများကို ယာယီချုပ်နှောင်ထားသော ဂိုဏ်းသားတချို့ ရှိသည်။ ယခုအခါ သူတို့ခန္ဓာကိုယ်များ ချက်ချင်း ပုပ်ပွကာ ခရမ်းနက်ရောင်အလောင်းများ ဖြစ်လာသည်။
သန္ဓေပြောင်းခြင်းသည်လည်း ဆက်လက်ဖြစ်ပွားနေ၏။
ကျင့်ကြံသူများသည် သားရဲများအဖြစ် ပြောင်းလဲလာနေသည်။ လူမဆန်သော အော်ဟစ်မြည်တမ်းသံများကြားတွင် သူတို့ မြေပြင်မှ မြောက်တက်နေကြသည်။ သူတို့အရေပြားများ စုတ်ပြဲကာ အသားများ ရုပ်ပျက်ဆင်းပျက်ဖြစ်လာသည်။ တချိန်တည်းမှာပင် လေဟာနယ်ထဲမှ မကောင်းဆိုးဝါးများ မွေးဖွားလာသည်။
သေတ္တာလေးကို ဖွင့်လိုက်ခြင်းသည် မြေပြင်ကို ငရဲအဖြစ် ပြောင်းလဲလိုက်သည့်အလား ရှစ်ဂိုဏ်းမဟာမိတ်ကို ကမ္ဘာပျက်သွားစေခဲ့သည်။
ကောင်းကင်ယံရှိ ရွှယ်လျန့်ကျစ်၊ အမှတ်ခုနစ်သခင်ကြီးနှင့် ရှစ်ဂိုဏ်းမဟာမိတ်၏ ဘိုးဘေးများအားလုံး၏ မျက်နှာများတွင် အရိပ်အယောင်အမျိုးမျိုး ဖြတ်ပြေးနေသည်။
မယုံကြည်နိုင်ခြင်းနှင့် အံ့အားသင့်ခြင်းများကို သူတို့မျက်နှာများပေါ် မြင်နိုင်သည်။ ထိုမြင်ကွင်းသည် သူတို့ စိတ်ကူးနိုင်သည်ထက် လုံးလုံးလျားလျား ကျော်လွန်နေသည်။
ဘိုးဘေးများသည် ပုံမှန်အားဖြင့် ကြောက်ခမန်းလိလိ အစွမ်းထက်ကြပါသော်လည်း ယခုအခါတွင်မူ သူတို့အားလုံး အဆုံးအစမဲ့ ဓာတ်နှောများကို တွန်းလှနေကြပြီး သူတို့ပါးစပ်များထဲမှ သွေးများ ပန်းထွက်လာနေသည်။
သူတို့ တိုက်ခိုက်ချင်ပါသော်လည်း နတ်ဘုရား၏အကြည့်အောက်တွင် သူတို့ခန္ဓာကိုယ်များ ချုပ်နှောင်ခံထားရပြီး သူတို့ကိုယ်ထဲမှ ဓာတ်နှောများ တရိပ်ရိပ် မြင့်တက်လာနေသည်။ ထိုဓာတ်နှောများကို အစွမ်းကုန် ဖိနှိပ်လိုက်ကြပါသော်လည်း မရပေ။
မဟာမိတ်ခေါင်းဆောင်သည်သာ ခက်ခက်ခဲခဲဖြင့် ရုန်းကန်နိုင်သည်။ သို့သော်လည်း သူ့မျက်နှာ ရှုံ့တွနေပြီး သူ၏ပုံသဏ္ဍာန်အစစ်အမှန်ကို ထုတ်ဖော်ပြသရန် အတင်းအကြပ် ဖိအားပေးခံနေရသည်။ အနက်ရောင်မြူခိုးများက သူ့ကို ဝန်းရံထားပြီး သူသည် သွေးရူးသွေးတန်းဖြင့် မြေပြင်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏မျက်လုံးများထဲတွင် နှစ်ပေါင်းများစွာ တစ်လျှောက် ပေါ်မလာခဲ့ဖူးသော ကြောက်ရွံ့ခြင်းအရိပ်အငွေ့များ တွဲခိုလာသည်။ သူက အော်ဟစ်မေးမြန်းလိုက်သည်။
“ နတ်ဘုရားရဲ့အကြည့်၊ မင်း … မင်းက ဘယ်သူတုံး ”
ဂိုဏ်းကြီးရှစ်ဂိုဏ်းသို့ ကပ်ဘေးကျရောက်နေသည်။ ကောင်းကင်ယံတွင် ရောင်စုံဝင်းလက်နေပြီး သွေးမိုးများ တဖွဲဖွဲကျဆင်းနေသည်။ အနီရောင်မိုးရေစက်များက လူငယ်၏ နတ်ဘုရားမျက်နှာဖုံးပေါ်သို့ ကျဆင်းသွားပြီးနောက် မြေပြင်သို့ ဆက်လက်စီးဆင်းသွားသည်။
သူ၏မျက်လုံးများထဲတွင် ခံစားချက်လှိုင်းများအပြင် အတိတ်ကို လွမ်းဆွတ်သည့်အရိပ်အယောင်များ ရှိနေသည်။ သူသည် မိုးရေစက်များကို အောက်သို့ ကျဆင်းစေရင်း ရှေ့ဆက်လျှောက်သွားသည်။
အနီးကပ်ကြည့်ပါက ဘေးပတ်ဝန်းကျင်ရှိ သွေးမိုးများတွင် ကြောက်ခမန်းလိလိ ဓာတ်နှောများ ပါဝင်နေသည့်တိုင်အောင် လူငယ်၏လက်ထဲရှိ ပီးထျန်ဟူလုအား စွန်းထင်းသွားခြင်းမရှိသည်ကို မြင်ရပေမည်။
သူသည် ပီးထျန်ဟူလုကို ကောင်းစွာ ကာကွယ်ထားသည်။
ညဉ့်ငှက်သည် နတ်ဘုရားတစ်ပါးကို ကြည့်နေသည့်အလား လူငယ်ကို လေးစားကြည်ညိုသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူသည် လက်တစ်ဖက်က သေတ္တာကို ကိုင်ပြီး တစ်ဖက်က ခေါင်းပြတ်ကြီးကို ကိုင်၍ နောက်မှ လိုက်သွားသည်။
သူတို့နှစ်ယောက်သည် ရုန့်ရင်းဆန်ခတ်ဖြစ်နေသော လောကကြီး၏ လမ်းများပေါ် လျှောက်နေကြသည်။ အဝေးသို့ ရောက်သောအခါ လူငယ်သည် ကောင်းကင်ယံမှနေ၍ ရှစ်ဂိုဏ်းမဟာမိတ်၏ ဘိုးဘေးများကို ကြည့်လိုက်သည်။
သူသည် ဘိုးဘေးတစ်ယောက်ချင်းကို ကြည့်လိုက်ပြီးနောက် ရုန်းကန်နေရသော ရွှယ်လျန့်ကျစ်နှင့် အမှတ်ခုနစ်သခင်ကြီးထံသို့ အကြည့်ရောက်သွားသည်။
“ မင်းလူတွေက ပိုင်လီကို သတ်ခဲ့တယ်။ ဒါ တရားမျှတပါတယ် ”
“ လူသတ်သမားရဲ့ခေါင်းကို ယူဖို့နဲ့ ယဇ်ပူဇော်ပွဲကို ကြည့်ဖို့ ငါ လာခဲ့တာ။ ဒါလည်း တရားမျှတပါတယ် ”
ယင်းသည် ရှစ်ဂိုဏ်းမဟာမိတ်ကို ပြောသည့် သူ၏ပထမဆုံးစကား ဖြစ်သည်။
ထိုသို့ပြောပြီးနောက် သူသည် ညဉ့်ငှက်ကို ဦးဆောင်ကာ အဝေးသို့ လျှောက်သွားသည်။
သူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ သူတော်စင်ကြယ်တို့သားအဖ တုန်ရီသွားသည်။ သူတို့မျက်လုံးများထဲ လေးစားကြောက်ရွံ့ခြင်းများ ပေါ်လာပြီး လူငယ်နောက်သို့ ချဉ်းကပ်သွားကြသည်။
ရှစ်ဂိုဏ်းမဟာမိတ်မှလူများသည် ထိုလူငယ် ထွက်သွားသည်ကို မည်သို့မျှ မတတ်နိုင်ဘဲ ကြည့်နေရသည်။ ထိုလူငယ်ကို သူတို့ မရပ်တန့်နိုင်ပေ။ အစမှအဆုံးတိုင်အောင် ထိုလူငယ်သည် အလွန် တည်ငြိမ်သည်။ သူ လာချင်သော ဆန္ဒရှိလျှင် တစ်ယောက်မှ သူ့ကို မဟန့်တားနိုင်ပေ။ သူ ထွက်သွားချင်သော ဆန္ဒရှိလျှင် တစ်ယောက်မှ သူ့ကို မရပ်တန့်နိုင်ပေ။
မိုးကုတ်စက်ဝိုင်းဆီသို့ ရောက်သောအခါ လူငယ်၏အသံက ရှစ်ဂိုဏ်းမဟာမိတ်ထဲ လွင့်ပျံသွားပြီး သူ့ကို စူးစိုက်ကြည့်နေသည့် ရှစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင်၏ နားများထဲ ပဲ့တင်ထပ်သွားသည်။
“ မင်းက သူ့ကို နတ်ဘုရားလို့ ခေါ်တယ်။ ငါက နတ်မင်းလို့ ခေါ်တယ် ”
လူငယ်သည် သူတော်စင်ကြယ်တို့သားအဖကို တစ်ပါတည်း ခေါ်ဆောင်ကာ ထွက်သွားသည်။
နတ်ဘုရား၏အကြည့် မသက်ရောက်တော့သည်ဖြစ်၍ ရှစ်ဂိုဏ်းမဟာမိတ်၏ သန္ဓေပြောင်းခြင်းမှာ ရင်းမြစ်မရှိတော့သည်ဖြစ်ရာ တားမြစ်နယ်မြေအဖြစ်ပြောင်းလဲခြင်း ရပ်တန့်သွားသည်။
ယင်းသည် ရှစ်ဂိုဏ်းမဟာမိတ်အတွက် အကောင်းဆုံးရလဒ်တစ်ခု ဖြစ်နေသေးသည်။ မဟာမိတ်တစ်ခုလုံး တားမြစ်နယ်မြေဖြစ်သွားပါက ထာဝရပျက်စီးသွားမည် ဖြစ်သည်။
မဟာမိတ်တစ်ခုလုံး တားမြစ်နယ်မြေမဖြစ်သွားသေးလျှင် ပြန်လည်၍ ပြောင်းလဲနိုင်သေးသည်။
ကောင်းကင်ယံရှိ သွေးတိမ်စိုင်များ ပျောက်ကွယ်သွားသည်နှင့် ဘိုးဘေးများအားလုံး ခေတ္တမျှ ငြိမ်သက်နေကြပြီးနောက် ရှုပ်ထွေးသောအမူအရာများဖြင့် လူစုခွဲသွားကြသည်။
ယခုသည် ထိုကိစ္စအကြောင်းကို ဆွေးနွေးနေရမည့်အချိန် မဟုတ်ပေ။ အရေးအကြီးဆုံးမှာ သူတို့၏ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်ရန် ဖြစ်သည်ကို သူတို့ ကောင်းစွာ သိကြသည်။
သို့ဖြစ်၍ သူတို့သည် တွေဝေတွန့်ဆုတ်မနေဘဲ သူတို့၏ဂိုဏ်းအသီးသီးသို့ ချက်ချင်း ပြန်သွားကြပြီး သူတို့မြို့များထဲရှိ ဓာတ်နှောများကို စတင်ရှင်းလင်းလိုက်သည်။
ယခုတစ်ခေါက်တွင် ရှစ်ဂိုဏ်းမဟာမိတ်သည် ကြီးမားသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရပြီး အကြီးမားဆုံး ဆုံးရှုံးမှုဒဏ်ကို ခံခဲ့ရသည်မှာ ချီရွှဲ့ထုံဂိုဏ်းဖြစ်သည်။
တချိန်တည်းမှာပင် ထိုဖြစ်ရပ်ကြောင့် အလင်းတမန်အဖွဲ့၏နာမည်က ယင်ဟွမ်ပြည်နယ်တစ်ခုလုံး ထင်ရှားသွားသည်။ အင်အားစုအသီးသီး၏ မှတ်ဉာဏ်များနှင့် မှတ်တမ်းများထဲတွင် ထိုဖြစ်ရပ်ကို မြဲမြံစွာ ရေးထွင်းထားလိုက်ကြပြီး အလင်းတမန်အဖွဲ့အား အလွန် ကြောက်လန့်လာကြသည်။
ထိုအခြင်းအရာအားလုံးသည် ထိုသေတ္တာကြောင့် ဖြစ်သည်။
ယင်ဟွမ်ပြည်နယ်ထဲတွင် ဖြစ်ပျက်သွားခဲ့သော သတင်းသည် တခြားပြည်နယ်များသို့ ကူးစက်သွားမည်ဖြစ်ကာ မြို့ကြီးတစ်မြို့လုံးပင် သိသွားမည်ဖြစ်ကြောင်း မှန်းဆရန် လွယ်ကူပေသည်။ ထိုသေတ္တာထဲရှိ အလင်းက ထိုမျှ ကြောက်စရာကောင်းပေသည်။
မျိုးနွယ်များအားလုံးနှင့် အင်အားစုများအားလုံးက အလင်းတမန်အဖွဲ့ကို အသွင်သစ်တစ်မျိုးဖြင့် နားလည်လာကြတော့မည် ဖြစ်သည်။
သူတို့သည် နတ်ဘုရားများ၏အစွမ်းအား အလင်းတမန်အဖွဲ့ဝင်များ မည်သို့ ကျွမ်းကျင်နေရသနည်းဆိုသော အခြင်းအရာများကဲ့သို့ အလင်းတမန်အဖွဲ့နှင့်ပတ်သက်သော ကောလာဟလများကို သုံးသပ်ကြတော့မည် ဖြစ်သည်။
‘ အလင်းတမန် ’ ဆိုသော ဝေါဟာရကို အင်အားစုအသီးသီးက ဝေဖန်သုံးသပ်ခဲ့ကြသည်။ အလင်းတမန်ဆိုသည့်အယူအဆသည် မျက်လုံးနှင့် ကိုက်ညီသည်ထက် ပို၍ နက်ရှိုင်းသည်။ ထိုဝေါဟာရမှာပင် အဓိပ္ပာယ်အလွှာများစွာ ရှိသည်။
မီးရှူးတိုင် … မီးရှူးတိုင်သည် အခြေအနေပေါ် မူတည်၍ မတူကွဲပြားသော အမည်များ ဖြစ်သွားနိုင်သည်။ ဥပမာအားဖြင့် မီးမထွန်းထားသော မီးရှူးတိုင်၊ အရှိန်တညီးညီးတောက်လောင်နေသော မီးရှူးတိုင်။
အလင်းတမန်ဆိုသည့်စကားသည် ‘ အလင်း ’ ကို သွယ်ဝိုက်သောအားဖြင့် အဓိပ္ပာယ်ဖော်ဆောင်နေသည်။ သို့သော် ထို့ထက်ပို၍ နက်ရှိုင်းသော အဓိပ္ပာယ်ရှိပြီး ကျွနု်ပ်တို့ပတ်လည်ရှိ လျှို့ဝှက်ဆန်းကြယ်မှုများကို ကြည်လင်ရှင်းလင်းသွားစေသည်ဟူ၍ ပြောနိုင်သည်။ သို့ဖြစ်၍ အလင်း၏သင်္ကေတဖြစ်သော ‘ အလင်းတမန် ’ ဟူ၍ ပေးခဲ့သည်။
အလင်းတမန်ကို ကိုယ်စားပြုသော လူငယ်သည် ညဉ့်ငှက်၊ သူတော်စင်ကြယ်တို့သားအဖနှင့်အတူ ထွက်သွားစဉ် ရှစ်ဂိုဏ်းမဟာမိတ်သည် ဆုံးရှုံးမှုများကို ပြန်လည်ဖာထေးရင်း အလုပ်များနေသည်။ လတ်တလောတွင် ရွှီချင်းသည် ရှစ်ဂိုဏ်းမဟာမိတ်နှင့် အတန်ငယ် ဝေးကွာသော ဖုန်ဆိုးမြေတစ်လျှောက် ပြေးလွှားနေသည်။
မဟာမိတ်ထဲတွင် မည်သို့ ဖြစ်ပျက်သွားခဲ့သည်ကို သူ မသိပေ။ မဟာမိတ်နှင့် ပတ်သက်၍ သူ နောက်ဆုံး မှတ်မိလိုက်သည်မှာ ကောင်းကင်သရဖူပျက်စီးသွားပြီး သက်ပွားတစ္ဆေကလေးသည်လည်း အသက်အားလုံး ဆုံးရှုံးသွားကာ သူ အဝေးသို့ တည်နေရာရွှေ့ပြောင်းသွားခြင်းသာ ဖြစ်သည်။
အပြင်ဘက် ဖုန်ဆိုးမြေသို့ သူ တည်နေရာရွှေ့ပြောင်းခံလိုက်ရပြီးနောက် ပြန်ပေါ်လာသည်နှင့် သူ၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်ကာ ရင်ထဲတွင် ကြောက်ရွံ့စိတ်များ ရိုက်ခတ်နေသည်။ ထိုအခိုက်အတန့်ကို သူ ပြန်တွေးမိလိုက်ပြီး သေဘေးနှင့် နီးကပ်သွားခဲ့သည်ကို သတိထားမိလိုက်သည်။
ရန်သူကို သူ မမြင်နိုင်ပါသော်လည်း ကြောက်ခမန်းလိလိ အစွမ်းထက်သော လူတစ်ယောက်က သူ့ကို တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း သူသိသည်။
သူ တုန်လှုပ်နေစဉ် ချီရွှဲ့ထုံဂိုဏ်း၏ အခြေအနေကို စိုးရိမ်သွားသည်။ သို့သော်လည်း တွန်းလှန်မရနိုင်သော အင်အားစုတစ်စုနှင့် အမှန်တကယ် ရင်ဆိုင်လိုက်ရပါက လက်ရှိသူ့ကျင့်ကြံခြင်းအဆင့်နှင့် သွားရောက်ကူညီလျှင်လည်း မည်သို့မျှ အရာရောက်မည်မဟုတ်သည်ကို သူ သိသည်။
ထို့ကြောင့် သူသည် အလျင်စလို မပြန်သွားသေးဘဲ သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ပြီး ရုပ်ပြောင်းရုပ်လွဲလုပ်ကာ မဟာမိတ်ဆီသို့ ပြေးသွားသည်။
သူ သွားနေစဉ် အကြောင်းအရင်းကို စဉ်းစားကြည့်လိုက်သည်။ မည်သည့်အတွက်ကြောင့်မသိ အသံလွှင့်ကျောက်စိမ်းပေလွှာမှာ သုံးမရပေ။
ယင်းကြောင့် ရွှီချင်းမှာ ပို၍ စိုးရိမ်ကြောင့်ကြလာသည်။ ရက်ပေါင်းများစွာ ကြာပြီးနောက် မဟာမိတ်သို့ရောက်ရန် ခုနစ်ရက်အလို ညအမှောင်ထုထဲတွင် ရွှီချင်းသည် တောအုပ်တစ်လျှောက် ပြေးလွှားနေရာမှ ဆတ်ခနဲ ရပ်သွားသည်။
လရောင်အောက်တွင် လူတစ်စုကို သူ တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ လျှောက်နေသည်မှာ နတ်ဘုရားမျက်နှာပျက်ကြီးနှင့် ဆင်တူသော မျက်နှာဖုံးကို တပ်ထားသည့် ဝတ်ရုံနက်လူတစ်ယောက် ဖြစ်သည်။ သူ၏ခြေလှမ်းများက ပေါ့ပါးသွက်လက်ပြီး ကြော့ကြော့မော့မော့ လျှောက်နေသည်။ သူသည် လက်ထဲတွင် ဖုန်မှုန့်များ တစ်စက်မျှ ပေကပ်မနေသော ပီးထျန်ဟူလုတစ်ချောင်းကို ကိုင်ထားသည်။
နီစွေးသော ပီးထျန်ဟူလုသည် ညအမှောင်ထုထဲတွင် အလွန် ပေါ်လွင်ထင်ရှားနေသည်။
သူ့နောက်တွင် လူသုံးယောက်ရှိသည်။ နှစ်ယောက်မှာ သူတော်စင်ကြယ်နှင့် သူ၏အဖေ ဖြစ်သည်။
သို့သော်လည်း ရွှီချင်း၏အကြည့်က ဝတ်ရုံနက်လူအပေါ်သို့ အလိုလို ရောက်သွားသည်။
ထို့နောက် ဆံပင်မှနေ၍ ဆွဲထားသော ထိုလူ၏ ညာလက်ရှိ ခေါင်းပြတ်ကြီးထံ အကြည့်ရောက်သွားသည်။
ခေါင်းပြတ်ကြီးသည် ယိမ်းခါနေရင်း တဖြည်းဖြည်း လှည့်လာသည့်အခါ ရွှီချင်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
ရွှီချင်းသည် ခေါင်းပြတ်ကြီး၏ မျက်နှာကို မြင်လိုက်ရပြီး ယခုတိုင်အောင် ပွင့်နေသေးသော မျက်လုံးများကိုလည်း မြင်လိုက်ရသည်။
ရွှီချင်း၏ ခြေလှမ်းများ ရပ်တန့်သွားပြီး သူ ငေးကြောင်သွားသည်။
ဘေးပတ်ဝန်းကျင်ရှိ အသံများအားလုံး ထိုအချိန်၌ ရပ်တန့်သွားဟန်တူသည်။ အရာအားလုံး ဝေဝါးကာ ဤလောကကြီးထဲတွင် ကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ထိုရင်းနှီးသော မျက်နှာသာ ဖြစ်ပေသည်။
ရိုးတွင်းခြင်ဆီကိုက်လုမတတ် အအေးဓာတ်ကို ရုတ်တရက် ရွှီချင်း ခံစားလိုက်ရသည်။
ငယ်ဘဝက ဆင်းရဲသားရပ်ကွက်များထဲရှိ ဆောင်းရာသီသို့ သူ ပြန်ရောက်သွားသည့်ပမာပင်။ သူ၏အဖော်များ အေးခဲ၍ သေသွားသည်ကို ကြည့်ရင်း သူ ခံစားရသည့်အအေးဓာတ်က သူ၏နှလုံးသားနှင့် ဝိညာဉ်သို့တိုင်အောင် ပျံ့နှံ့သွားခဲ့သည်။
တဖြည်းဖြည်းနှင့် သူ တုန်ရီလာသည်။
အေးစက်ခြင်းနှင့် တုန်ရီခြင်းကြားတွင် တစ်ခါက ခေါင်းဆောင်လဲ့ပြောခဲ့သည့်စကားကို သူ အမှတ်ရလိုက်သည်။
မည်မျှပင် ညတာရှည်ပါစေ နေ့အခါသို့ အမြဲတစေ ရောက်လာတတ်သည်သာ။
သို့သော်ငြား ယနေ့တွင်မူ ညတာသည် ထူးထူးခြားခြား ရှည်လျားနေဟန်တူသည်။