← Chapters

ညီလေး၊ မတွေ့တာကြာပြီနော်

Vol. 28 Ch. 418

ညီလေး၊ မတွေ့တာကြာပြီနော်

Vol. 28 Ch. 418

မြောက်လေပြေက တဟူးဟူး တိုက်ခတ်နေပြီး သက်ရှိခပ်သိမ်းအား အအေးဓာတ်များ ပို့ဆောင်လျက် လောကကြီးကို ဖြန့်ကျက်နေသည်။

ဆောင်းရာသီ ရောက်လာပြီ ဖြစ်သည်။

ဆောင်းရာသီပြီးနောက် ယင်ဟွမ်ပြည်နယ်ရှိ သာမန်လူ့လောကတွင် အေးခဲနေသောအလောင်းများနှင့် အရိုးများ မရေမတွက်နိုင်လောက်အောင် ပေါ်ထွက်လာကောင်း ပေါ်ထွက်လာပေမည်။

အသက်များက တန်ဖိုးမရှိသည့်အလား ပျက်စီးလွယ်သည်။

နောင်တစ်နေ့နေ့တွင် ဤလောကကြီးထဲရှိ သက်ရှိများအားလုံး တဖြည်းဖြည်း ခြောက်ကပ်ကာ မြေမြှုပ်ခံလိုက်ပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲကောင်း ပြောင်းလဲသွားပေမည်။

ထိုဖုန်မှုန့်များသည်သာ လေ၏ မှတ်ဉာဏ်များထဲတွင် ထာဝရ တည်ရှိကောင်း တည်ရှိပေမည်။

ထိုအချိန်၌ တဟူးဟူး တိုက်ခတ်နေသော လေအေးဓာတ်သည် သေမင်း၏အငွေ့အသက်များကို ဆောင်ကြဉ်း၍ တောအုပ်အစွန်အဖျားဆီသို့ သယ်သွားသည်။

လေအဝှေ့တွင် သစ်ပင်ကြီးများဆီမှ သစ်ရွက်များ ကြွေကျနေသည်။ နောက်ဆုံးတွင် သစ်ရွက်များသည် စိုစွတ်ခြောက်ကပ်သွားသည်။ သစ်ရွက်များသည် ကိုယ်ပိုင်သင်္ချိုင်းကိုရှာတွေ့သွားကြပြီး ရွှံ့နွံများထဲ နစ်မြှုပ်သွားကြပေရာ ရွံ့နွံက မာကြောသည်ထက် မာကြောလာသည်။

ညအချိန်အခါဖြစ်၍ အအေးဓာတ်က ပို၍ ပြင်းထန်သည်။

ရာသီအပြောင်းအလဲကြောင့် သစ်ပင်ကြီးများသည် လေထဲတွင် ယိမ်းခါနေသည်။

သစ်ပင်အောက်တွင် ရပ်နေသော လူတစ်ယောက်သည် လရောင်အောက်တွင် ခေါင်းပြတ်ကြီး၏ မျက်နှာကို မြင်လိုက်ရပြီး တုန်ရီနေသည်။

အမှတ်ခြောက်သခင်ကြီး …

အမှတ်ခြောက်သခင်ကြီး၏ခေါင်းမှ သွေးများ စီးကျမနေတော့ပေ။ သူ့မုတ်ဆိတ်ပေါ်ရှိ သွေးများသည်ပင် နီစွေးမနေတော့ဘဲ ခြောက်ကပ်ကာ ခရမ်းပုပ်ရောင် ဖြစ်သွားပြီ ဖြစ်သည်။

သို့သော်လည်း မျက်လုံးများက ပွင့်နေဆဲပင်။ သူ၏မျက်ဝန်းအိမ်များက ငြိမ်သက်ကာ အသက်မဲ့သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုမျက်ဝန်းများထဲတွင် လေပြေမှ ဆောင်ကြဉ်းမသွားနိုင်သော တွေဝေငေးကြောင်သောအရိပ်အယောင်၊ စိတ်ရှုပ်ထွေးပြီး စိတ်သက်သာရာရသွားသည့် အရိပ်အယောင်များလည်း ရှိပေသည်။ လေပြေက သူ့မုတ်ဆိတ်များကိုသာ အနည်းငယ် လှုပ်ခါသွားအောင် စွမ်းဆောင်နိုင်သည်။

ရွှီချင်း ငြိမ်သက်နေသည်။

အမှတ်ခြောက်သခင်ကြီးနှင့် သူ များစွာ အဆက်အဆံမရှိခဲ့ဖူးပေ။ ပိုင်လီ၏ ကိစ္စကြောင့်သာ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ကြသည်။ ထိုကိစ္စပြီးနောက် အမှတ်ခြောက်သခင်ကြီးက သူ့ကို များစွာ ဂရုစိုက်ခဲ့သည်။

ပိုင်လီ၏ ကိစ္စတွင် အကာအကွယ်ကျောက်စိမ်းလည်ဆွဲဖြစ်စေ၊ ညဉ့်ငှက်အဖွဲ့အစည်းကို ချေမှုန်းသုတ်သင်ရာတွင် နောက်ကွယ်မှထောက်ခံခြင်းဖြစ်စေ ရွှီချင်းမှာ အန္တရာယ်များစွာနှင့် အခက်အခဲများကို မကြုံတွေ့ခဲ့ရပေ။

အကာအကွယ်ကျောက်စိမ်းလည်ဆွဲသည် ဖီးနစ်တားမြစ်ဒေသကြီးထဲရှိ သူတော်စင်ကြယ်နှင့် ပထမဆုံးတိုက်ပွဲမှာ သူ၏အရေးပါသော အထောက်အကူ ပစ္စည်းများအနက် တစ်ခု ဖြစ်ခဲ့သည်။ အမှတ်ခြောက်သခင်ကြီး ပေးခဲ့သော အကာအကွယ်ကျောက်စိမ်းလည်ဆွဲသာ မရှိခဲ့လျှင် ထိုတိုက်ပွဲက ပို၍ ခက်ခဲသွားမည် ဖြစ်သည်။

နောက်ကွယ်မှ ထောက်ခံခြင်းနှင့်ပတ်သက်၍ အမှတ်ခြောက်သခင်ကြီး၏ အပြည့်အဝ ထောက်ခံခြင်းကြောင့် ရွှီချင်းမှာ ပို၍ လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်သာမက ဂိုဏ်းထဲရှိ ညဉ့်ငှက်အဖွဲ့အစည်းနှင့် ဆက်စပ်နေသူများကိုပါ ခြိမ်းခြောက်နိုင်ခဲ့ပြီး သူ ပို၍ ဘေးကင်းလုံခြုံခဲ့သည်။

အမှတ်ခြောက်သခင်ကြီး၏ အကာအကွယ်ပေးခြင်းသည် အမှတ်ခုနစ်သခင်ကြီးနှင့် မတူပေ။

အမှတ်ခုနစ်သခင်ကြီးသည် တက်ကြွဖျတ်လတ်ပြီး တပည့်များအား ခြိမ်းခြောက်လာသူကို ရင်ဆိုင်မည့်သူမျိုးနှင့် ဆင်တူသည်။ သူသည် တိမ်စိုင်များကို ထိုးဖောက်မည့် လှံတစ်ချောင်းပမာပင်။

အမှတ်ခြောက်သခင်ကြီး၏ အကျင့်စရိုက်နှင့် အတိတ်မှ အတွေ့အကြုံများကြောင့် သူ့အကာအကွယ်က ပို၍ တိတ်ဆိတ်ငြိမ်သက်သည်။ ရွှီချင်းကို တိတ်ဆိတ်စွာ ကာရံပေးထားသည့် ဒိုင်းကာတစ်ခုနှင့် ဆင်တူသည်။

ရက်စက်ကြမ်းတမ်းသော ဤလောကကြီးထဲတွင် ထိုတိတ်ဆိတ်စွာ ဂရုစိုက်ပေးခြင်းကို ရွှီချင်း အလွန် တန်ဖိုးထားသည်။

သူသည် မေတ္တာတရားကို တန်ဖိုးထားသော လူတစ်ယောက်ဖြစ်သည်။ ရန်သူများကို တိကျပြတ်သားစွာ သတ်ဖြတ်တတ်ပြီး အချိန်အများစုတွင် အလွန်ပင် ရက်စက်ကြမ်းကြုတ်စွာ ပြုမူလေ့ရှိသည်။ အပြင်လောကနှင့် ပတ်သက်လာလျှင် သူ့စိတ်အနက်ရှိုင်းဆုံးတစ်နေရာတွင် သတိတရားနှင့်ပြည့်နှက်နေသော နံရံမြင့်ကြီးတစ်စင်း ထောင်မတ်ထားသည်။

သူ့ကိုယ်သူ အန္တရာယ်မရောက်အောင် ကာကွယ်ရန် သူ့နှလုံးသားကို အလုံပိတ်ထားပြီး အချိန်ပြည့် သတိထားနေသည်။

ယင်းသည် ငယ်ငယ်လေးကတည်းက အတွေ့အကြုံများကြောင့် ပြောင်းလဲလာခဲ့သော သူ၏အကျင့်စရိုက် ဖြစ်သည်။ သို့သော်လည်း ထိုအကျင့်စရိုက်အောက်၊ နံရံအထပ်ထပ်ဖုံးကွယ်ထားသည့်အောက်၊ ထိုရေခဲတောင်ကြီး၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် သူ့ထံမှ အလွန့်အလွန်နည်းပါးသော လူနည်းစုသာ ရရှိနိုင်သည့် အနွေးဓာတ်ကလေး ရှိနေသည်။

ရန်သူများအတွက် ရွှီချင်းသည် တစ်ဖက်ရန်သူ မသေမချင်း အနားမယူဘဲ လိုက်လံသတ်ဖြတ်နေမည့်လူတစ်ယောက် ဖြစ်သည်။

မိတ်ဆွေများကိုမူ ရွှီချင်းသည် ဘယ်သောအခါမှ မေ့သွားမည် မဟုတ်ပေ။

ယင်းသည် ရွှီချင်း ဖြစ်သည်။

ဤအေးစက်စက်လောကကြီးထဲတွင် သူ့ကို ဂရုစိုက်ခြင်းနှင့် အနွေးဓာတ်များ ပေးခဲ့သည့်လူများမှာ အလွန့်အလွန် နည်းပါးသည်။ ထိုလူတစ်ယောက်စီတိုင်းကို သူ အလွန် တန်ဖိုးထားသည်။

ထိုလူများအနက် ခေါင်းဆောင်လဲ့ ထွက်သွားပြီ ဖြစ်သည်။ သမားတော်ကြီးပိုင် ထွက်သွားပြီ ဖြစ်သည်။ ယခု အမှတ်ခြောက်သခင်ကြီးသည်လည်း ထွက်သွားပြီ ဖြစ်သည်။

သူ့နှလုံးသားတစ်ခုလုံး တဆစ်ဆစ် နာကျင်နေရသည်။

သူ့ခန္ဓာကိုယ် တုန်ရီနေသည်။

သူ၏မျက်လုံးများ တဖြည်းဖြည်း နီမြန်းလာသည်။

နောက်ဆုံးတွင် အားတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ့ခေါင်းက တဖြည်းဖြည်း မော့လာသည်။

သူ၏ခေါင်းကို မော့ရန် အလွန် ခက်ခဲသည်။

ထိုလူစု ပေါ်လာသည့်အခိုက် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားဟန်တူပြီး လှုပ်ရှား၍ မရတော့ပေ။

ယင်းသည် သဘာဝနိယာမများ စုစည်းရာမှ ဖြစ်ပေါ်လာသော ဖိအားကြောင့် ဖြစ်ပေသည်။

သို့သော်လည်း သူ သေသွားသည့်တိုင်အောင် သူ့ရန်သူများကို ဦးမညွှတ်ချင်သည်ဖြစ်၍ အတင်းအကြပ် ခေါင်းမော့လိုက်သည်။

သူ့ရှေ့မှ လူစုကို သူ စူးစိုက်ကြည့်လိုက်သည်။ ရှေ့ဆုံးမှလူကို သူ ကြည့်လိုက်ပြီး ထိုလူသည် မျက်နှာဖုံးတပ်ထားသော ဝတ်ရုံနက်လူတစ်ယောက်ဖြစ်ပြီး အမှတ်ခြောက်သခင်ကြီး၏ သွေးများကဲ့သို့ နီစွေးသောအရောင်အဆင်းရှိသည့် ပီးထျန်ဟူလုကို ကိုင်ထားသည်။

ဝတ်ရုံနက်လူငယ်သည် ခြေလှမ်းများကို ရပ်လိုက်သည်။ သူ၏မျက်လုံးများထဲ အတိတ်ကို လွမ်းဆွတ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာပြီး ရွှီချင်းကို နွေးထွေးကြင်နာသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုကြင်နာသောအကြည့်ကြောင့် ရွှီချင်းမှာ အံ့အားသင့်သွားပြီး ရင်တဒိန်းဒိန်းခုန်သွားသည်။

ထိုရင်းနှီးသော နွေးထွေးသည့်အကြည့်ကြောင့် သူ့မှတ်ဉာဏ်များ တိုးထွက်လာသည်။

လူငယ် ရပ်လိုက်စဉ် သူ့နောက်မှ လူသုံးယောက်သည်လည်း ရပ်လိုက်ကြသည်။

မျက်နှာဖုံးအောက်ရှိ ညဉ့်ငှက်၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ ရွှီချင်းကို ပိုင်လီ သေသွားသည့်ကိစ္စတွင် ပါဝင်ခဲ့ပြီး သူ့လက်မှ လွတ်မြောက်သွားခဲ့သော ကောင်လေးတစ်ယောက်အဖြစ် သိထားသည်။

သူ့ရှေ့ရှိ မြင်ကွင်းကြောင့် ကိစ္စများက ထင်သလောက် မရိုးရှင်းကြောင်း သူ ခံစားလိုက်ရပြီး တစ်ခွန်းမျှ မပြောတော့ပေ။

သူတော်စင်ကြယ်၏အဖေမှာမူ ထူးဆန်းသောအလင်းများဖြင့် မျက်လုံးများ ဝင်းလက်သွားပြီး သူ အတွေးနက်သွားဟန်တူသည်။ ကြိတ်မှိတ်သည်းခံရာတွင် သိပ်တော်သော သူသည်လည်း မည်သည့်စကားကိုမျှ မပြောပေ။

သို့သော် သူတော်စင်ကြယ်သည် ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ရွှီချင်းကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် သွေးအေးသော အပြုံးတစ်စ ပေါ်လာသည်။ သူ သိရသရွေ့ ယခုအချိန်တွင် ရွှီချင်း သေချာပေါက် သေရတော့မည် ဖြစ်သည်။

“ အရှင်၊ ကျုပ် … ”

သူတော်စင်ကြယ်သည် ပါးစပ်ကို ပါးစပ်ကို ဖွင့်လိုက်ပါသော်လည်း သူ့အဖေက သူ့ကို ငေါက်ငမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်ရာ သူတော်စင်ကြယ်၏စကားများ ရပ်သွားသည်။

သူ့အဖေ၏ မျက်လုံးများထဲရှိ စိုးရိမ်ထိတ်လန့်ခြင်းနှင့် ရှုပ်ထွေးခြင်းများကို သူ အထင်သား မြင်လိုက်ရသည်။

သူတော်စင်ကြယ်သည် အလွန် ထူးချွန်ကောင်းထူးချွန်မည်ဖြစ်ပါသော်လည်း အဆုံးသတ်တွင် သူ၏စိတ်ဓာတ်သည် သူ့အဖေ၏အကြည့်အောက်တွင် ငုပ်လျှိုးသွားသည်။

ထိုအချိန်၌ သူ့အဖေသည် ယခင်ကကဲ့သို့ စိုးရိမ်ထိတ်လန့်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများ မရှိတော့ပေ။ သူ၏အတွင်းစိတ်ထဲ၌ တစ်ခုခုလွဲမှားနေသည်ကို ခံစားမိလိုက်ရပြီး အံ့သြတုန်လှုပ်ခြင်းသာ ရှိနေသည်။

နတ်ဘုရားအကြည့်ကို ထုတ်လွှတ်နိုင်လောက်အောင် ထူးဆန်းပြီး ကြောက်စရာကောင်းသော သခင်လေးသည် အဝေးသို့ တည်နေရာရွှေ့ပြောင်းနိုင်ပါသော်ငြား လမ်းလျှောက်နေသည်။

ယင်းအပြင် ဤအရပ်သို့ ဦးတည်ကာ သူ သွားနေခဲ့ခြင်း ဖြစ်သည်။

သူတော်စင်ကြယ်၏ အဖေက ရွှီချင်းကို မြင်သောအခါတွင် အလင်းတမန်အဖွဲ့အစည်း၏ သခင်လေးက ရွှီချင်းကို တွေ့ချင်သောကြောင့်သာ ဤလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သေချာစွာ ခန့်မှန်းမိလိုက်သည်။

ထိုခန့်မှန်းချက်ကြောင့် သူ တဖိမ့်ဖိမ့်တုန်သွားသည်။

တရွှီတိုက်ခတ်နေသော လေအေးများကြားတွင် နတ်ဘုရားမျက်နှာဖုံးကို တပ်ဆင်ထားသည့် ဝတ်ရုံနက်လူငယ်သည် ညဉ့်ငှက်၏လက်ထဲရှိ ခေါင်းပေါ်သို့ ရွှီချင်း အကြည့်ရောက်နေသည်ကို သတိထားမိလိုက်သည်။

“ မင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးကို ငါ သိတယ်။ ဒါပေမဲ့ ပိုင်လီကို သူ သတ်ခဲ့လို့ သူ့ခေါင်းကို ငါ ယူခဲ့တာ။ ဒီကိစ္စက တရားမျှတတယ်။ မင်းကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူး ”

ဝတ်ရုံနက်လူငယ်သည် စကားပြောရင်း ရွှီချင်းထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူ၏ခြေလှမ်းများသည် မမြန်ဆန်သလို သူ၏အကြည့်က ညင်သာနူးညံ့နေသည်။ ဟန်ဆောင်လိမ်ညာခြင်းစိုးစဉ်းမျှ မပါဝင်သော နူးညံ့ညင်သာသည့် အကြည့်ဖြစ်ပေသည်။

ရွှီချင်းသည် ကျောက်စိုင်ကျောက်သားပမာ မလှုပ်ရှားနိုင်အောင် ဖြစ်နေပါသော်လည်း ထိုအချိန်တွင် ပို၍ ပြင်းထန်စွာ တုန်ရီလာသည်။

သူ့ထံသို့ လျှောက်လာနေသော ဝတ်ရုံနက်လူငယ်၏ မျက်နှာဖုံးအောက်ရှိ မျက်လုံးများကို မယုံကြည်နိုင်ခြင်းများဖြင့် သူ စူးစိုက်ကြည့်လိုက်သည်။ သူ့နားများထဲ ပဲ့တင်ထပ်သွားသည့်အသံက သူ့မှတ်ဉာဏ်များ၏ အနက်ရှိုင်းဆုံးနေရာသို့ နစ်ဝင်သွားပြီး သူ့ကိုယ်ထဲမှ ရင်းနှီးသောခံစားချက်တစ်ခု မြင့်တက်လာသည်။

ထိုခံစားချက်ကြောင့် သူ့အသက်ရှူသံများ မြန်ဆန်လာသည်။ မျက်လုံးများ မှေးသွားပြီး သူ့ပါးစပ်မှ အံ့အားသင့်စွာ ရေရွတ်သံသဲ့သဲ့ပင် အလိုလို ထွက်ပေါ်လာသည်။

ယင်းသည် ကြောက်ရွံ့ခြင်းမဟုတ်ဘဲ မယုံကြည်နိုင်ခြင်းများဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုသည်ကို သူ မယုံကြည်ချင်ပေ။ ယင်းက မဖြစ်နိုင်ကြောင်း သူ အကြောက်အကန် ငြင်းနေမိသည်။

ဝတ်ရုံနက်လူငယ်သည် ရွှီချင်းအနားသို့ ရောက်သည့်တိုင်အောင် လျှောက်လာသည်။ သူသည် အချိန်အတော်ကြာပြီးနောက် သူ့နီးပါး အရပ်ရှည်လာသော ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။

နောက်ဆုံးတွင် တဆတ်ဆတ်တုန်ရီနေသော ရွှီချင်း၏အရိုးများမှ တဖျစ်ဖျစ်မြည်သံများအောက်တွင် လူငယ်သည် လက်ကိုမြှောက်၍ မျက်နှာဖုံးပေါ်သို့ တင်လိုက်သည်။

ထို့နောက် မျက်နှာဖုံးက ညင်သာစွာ ဖယ်ရှားသွားသည်။

ရွှီချင်း၏မျက်နှာနှင့် ခုနစ်ဆယ်ရာခိုင်နှုန်း တူညီသော မျက်နှာတစ်ခု ပေါ်လာသည်။

ကြယ်ရောင်အောက်တွင် ထိုမျက်နှာသည် ဖြူဖျော့နေပါသော်ငြား မျက်လုံးများက ကြည်လင်ကာ အောက်ခြေကို မမြင်ရပေ။

ထိုလူငယ်တွင် ထူထပ်သော မျက်ခုံးမွေးများ ရှိပြီး ပိရိသောနှုတ်ခမ်းနှင့် သေသပ်ကျနသော မျက်နှာသွင်ပြင်များ ရှိပေသည်။ ထိုအခြင်းအရာအားလုံးကြောင့် ထိုလူငယ်သည် ညအမှောင်ထုအောက်ရှိ လင်းယုန်ကြီးတစ်ကောင်ကဲ့သို့ အေးစက်ပြီး မာနကြီးသည့်ပုံစံ ပေါက်နေသည်။

ရွှီချင်းနှင့်ယှဉ်ပါက သူသည် ပို၍ အေးစက်ပြီး ပို၍ မိစ္ဆာဆန်သည့်ပုံပေါ်သည်။

ထိုလင်းယုန်၏ မျက်လုံးများထဲတွင် ရှားရှားပါးပါး ကြင်နာနွေးထွေးသော အရိပ်အယောင်တစ်ခု ပေါ်လွင်နေပြီး သူက ညင်သာစွာ ပြောလိုက်သည်။

“ ညီလေး၊ မတွေ့တာ ကြာပြီနော် ”

ရွှီချင်းသည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် မိုးကြိုးများ မရေမတွက်နိုင်လောက်အောင် ပစ်ခတ်နေပြီး ကောင်းကင်နှင့်မြေပြင် နှစ်ခြမ်းကွဲသွားသည့်ပမာပင်။ သူ၏စိတ်နှင့်ခန္ဓာမှာ ပြင်းထန်စွာ တုန်ခါသွားသည်။

သူ့ရှေ့ရှိ အရာအားလုံး ပျောက်ကွယ်သွားဟန်တူသည်။ ကျန်ရှိနေသည်မှာ သူ၏အိပ်မက်ထဲတွင် အလွန် ရင်းနှီးနေခဲ့သော မျက်နှာနှင့် သူ၏နှလုံးသားထဲရှိ အဖိုးတန်သောနေရာ၊ ရေခဲတောင်ကြီး၏ အောက်ခြေ၊ မြင့်မားသော နံရံကြီး၏ နောက်ကွယ်ရှိ မှတ်ဉာဏ်များနှင့်အတူ ပဲ့တင်ထပ်နေခဲ့သော အသံသာ ဖြစ်သည်။

ရင်းနှီးသော ခံစားချက်တစ်ခု ရလိုက်စဉ်က သူ မယုံမကြည်ဖြစ်သွားရသည့်ပမာ သူ့နှလုံးသားထဲမှာ မဖြစ်နိုင်ကြောင်း တွေးနေခဲ့သည့် ခံစားချက်ခြေရာလေးတစ်ခု ရှိနေခဲ့သည်။

သို့သော်လည်း မျက်နှာဖုံး ကျွတ်သွားခြင်းနှင့်အတူ ‘ ညီလေး ’ ဆိုသည့်စကားက သူ့နှလုံးသားထဲတွင် ငြင်းဆိုနေသည့် နောက်ဆုံး မျှော်လင့်ချက်လေးကို အညှာအတာမဲ့စွာ ရိုက်ချိုးပစ်လိုက်သည်။

ထိုဖျက်ဆီးခံလိုက်ရသည့်နေရာလေးသည် သူ့နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးနေရာတွင် ရှိသည်။ အပြင်လူများ မရောက်နိုင်သော နေရာဖြစ်ပြီး သူ အကာအကွယ်ပေးချင်ဆုံးနေရာလည်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ …

ထိုနေရာ ပျက်စီးသွားခဲ့သည်။

သူ၏ယုံကြည်မှုက ဤလောကပျက်ကြီးထဲတွင် ရှင်သန်နိုင်ရန် ဖြစ်သည်။ ကောင်းမွန်သော ဘဝကိုရလျှင် ပိုကောင်းလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင် သူ၏မိသားစုကို တွေ့ခဲ့လျှင် သူ လုံးဝ ကျေနပ်ပြီ ဖြစ်သည်။

သူ ကလေးဘဝကတည်းက တစ်နေ့တွင် သူ့မိသားစုနှင့် ပြန်တွေ့ရသည့်မြင်ကွင်းအား အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် တွေးခဲ့ဖူးသည်။ ထိုမြင်ကွင်းများအားလုံး လှပပြီး နွေးထွေးနေသည်။

ယင်းကြောင့် အေးစက်စက်ဆောင်းရာသီ၌ အေးခဲ၍ သေသွားခြင်းကို သူ ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ …

ရွှီချင်း၏ပါးစပ်မှ ရှိုက်သံသဲ့သဲ့ ထွက်လာသည်။ သူ၏နဖူးကြောကြီးများ ထောင်ထလာပြီး သူ၏မျက်လုံးများထဲတွင် ခါးသီးခြင်းများ၊ စိတ်ရှုပ်ထွေးခြင်းများနှင့် နာကျင်ခြင်းများဖြင့် ပြည့်နှက်လာသည်။ သူ့နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးနေရာတွင် ဆုပ်ကိုင်ထားခဲ့သော နှောင်ကြိုးလေးတစ်ခု တဖြည်းဖြည်း ပျောက်ကွယ်လာသည်။

သူ့နှလုံးသား၏ အနူးညံ့ဆုံးနေရာမှ ဖော်ပြ၍ မရနိုင်သော နာကျင်မှု ပေါက်ဖွားလာသည်။

သူ အလွန့် အလွန် အေးစက်သော အအေးဓာတ်ကို ခံစားလိုက်ရသည်။ သူ့ဝိညာဉ်သည်ပင် တုန်ရီနေဟန်တူသည်။

“ ညီလေး၊ တကယ်က ငါ သတိရဆုံးက ငါတို့ငယ်ငယ်တုန်းက အချိန်တွေပဲ ”

ရွှီချင်း၏အစ်ကိုသည် ခေါင်းမော့၍ ညကောင်းကင်ယံရှိ အေးစက်စက်လမင်းကြီးကို ငေးကြည့်ရင်း ခပ်ဖျော့ဖျော့ ရေရွတ်လိုက်သည်။

ရွှီချင်း၏ ရင်ဘတ်မှာ ဖောင်းချည်၊ ပိတ်ချည်ဖြစ်လာပြီး သူ အတင်းအကြပ် အကြည့်လွှဲလိုက်သည်။ ထို့နောက် မနီးမဝေးရှိ ဝတ်ရုံနက်လူ၏ လက်ထဲမှ ခေါင်းကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲမှ ဝမ်းနည်းကြေကွဲခြင်းများသည် မျက်ရည်စများအသွင် ပြောင်းလဲ၍ အောက်သို့ တဖြည်းဖြည်း ကျဆင်းလာသည်။

အမှတ်ခြောက်သခင်ကြီးအတွက် ငိုကြွေးနေသည်လော၊ သူ့အစ်ကိုအတွက် ငိုကြွေးနေသည်လော၊ သို့မဟုတ် သူ့ကိုယ်သူအတွက် ငိုကြွေးနေသည်လော မသိရပေ။

ထိုအချိန်၌ လေအေးက တဖြူးဖြူး တိုက်ခတ်လာပြန်သည်။ လေအေးက သူ့မျက်ရည်စများကို မခြောက်ခမ်းစေနိုင်ပါသော်လည်း သူတော်စင်ကြယ်တို့သားအဖနှင့် ညဉ့်ငှက်တို့၏ စိတ်နှလုံးကို ယောက်ယက်ခတ်သွားစေခဲ့သည်။

သူတို့သုံးဦးသည် ထိုမြင်ကွင်းကို မြင်သောအခါ သူတို့စိတ်ထဲ တစ်ခါမှမကြုံဖူးသော အံ့သြခြင်းလှိုင်းများ ရိုက်ခတ်လာသည်။

သူတော်စင်ကြယ်သည် ကြောက်ရွံ့ခြင်းများဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

သူ၏အဖေသည် ခေါင်းတစ်ခုလုံး ချာချာလည်ကာ ခဲယဉ်းပင်ပန်းစွာ အသက်ရှူနေသည်။

ညဉ့်ငှက်မှာမူ သူ့လက်ထဲရှိ ခေါင်းကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် မျက်ရည်များဖြင့် ပြည့်နေသော ရွှီချင်း၏ မျက်လုံးများထဲရှိ ရုန်းကန်နေရခြင်းများ၊ ရူးသွပ်ခြင်းများကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့သခင်ထံသို့ အကြည့်ရောက်သွားပြီး ပို၍ပင် ယုံကြည်သက်ဝင်လာသည်။

All Chapters